ဟင်းလင်းပြင်သားရဲတို့၏ ကျူးကျော်ဝင်ရောက်လာမှု
Vol. 89 Ch. 1164
ကောင်းကင်နယ်စားမင်းသည်လည်း ဘိုးဘေးနန်းတော်ထဲ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ဖူးသောကြောင့် အတော်များများ သိထားလေသည်။ ရှေးဟောင်းကမ္ဘာဦးခေတ်တွင် အနက်ရောင်တောင်များနှင့် ပတ်သက်၍ ထူးဆန်းသော ဒဏ်ရာအမြောက်အမြား ရှိခဲ့ဖူး၏။
တချို့က ထိုနေရာသည် ယခင်စကြဝဠာအဟောင်း ပျက်စီးသွားပြီးနောက် ကျန်ရစ်ခဲ့သော အကြွင်းအကျန်ပြာများဟု ပြောကြပြီး တချို့ကမူ စကြဝဠာတစ်ခုလုံးအား ဖျက်စီးပစ်နိုင်သည့် မိစ္ဆာနတ်ဆိုးဘုရင်တစ်ပါး စံမြန်းရာနေရာဟုလည်း ဆိုကြသည်။
ဖန်ဆင်းရှင်များက ထိုနေရာကို လေ့လာရန် ကြိုးစားခဲ့ကြသော်လည်း လူအင်အား မည်မျှလွှတ်လွှတ်၊ ဘယ်သူမှ ပြန်ရောက်မလာခဲ့ကြပေ။
အတိတ်တုန်းက ကောင်းကင်နယ်စားမင်းကိုယ်တိုင်လည်း ဘိုးဘေးနန်းတော်၏ အနက်ရောင်တောင်များကို စူးစမ်းလေ့လာရန် ကြိုးစားခဲ့ဖူးပြီး ကြက်သီးထဖွယ် အချက်တစ်ချက်အား သုံးသပ်နိုင်ခဲ့၏။ စကြဝဠာမှာ ဆယ့်ခြောက်ကြိမ်တိုင် ဖျက်စီးခံခဲ့ရပြီးချေပြီ။
အနက်ရောင်တောင်များက စကြဝဠာထဲရှိ အရာမှန်သမျှကို ထောက်ပံ့သယ်ဆောင်ပေးထားနိုင်သော သစ်ပင်ကြီးတစ်ပင် ဖြစ်သည်။ သို့သော် အကြောင်းတစ်စုံတရာကြောင့် ထိုနတ်သစ်ပင်မှာ သေဆုံးသွားခဲ့ကာ ငုတ်တိုတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ယခင်စကြဝဠာ၏ ပျက်စီးမှုအတွင်း သေဆုံးကာ နောင်မျိုးဆက်များအတွက် အဆုံးမရှိနိုင်သော ဒဏ္ဍာရီများ ချန်ခဲ့သွားဟန် တူသည်။
သို့သော် ကောင်းကင်နယ်စားမင်း အနက်ရောင်တောင်များကို စူးစမ်းခဲ့စဉ်က သူ့ကို ကြောက်လန့်တုန်လှုပ်မိစေသော အဆန်းတကြယ် မြင်ကွင်းအဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသောကြောငင့် ထိုစဉ်ကတည်းက မသွားတော့ခြင်း ဖြစ်သည်။
သူ သိထားသလောက်၊ မြေအောက်ဘုံအရှင်သခင်လည်း အနက်ရောင်တောင်များဆီသို့ ရောက်ဖူးသည်။ မြေအောက်ဘုံအရှင်သခင်အား မည်သည်တို့ မြင်တွေ့ခဲ့ရသည်လဲ မေးကြည့်ရာတွင်မူ မြေအောက်ဘုံအရှင်သခင်သည် လျှိုထားပြီး သူနှင့် မဆွေးနွေးချင်ခဲ့ပေ။
ဘိုးဘေးနန်းတော်ထဲသို့ ဝင်ရောက်လာသည့် ကောင်းကင်နတ်အရှင်များအနက် မည်သူက အနက်ရောင်တောင်များကို သိမ်းပိုက်ရဲလောက်သည်အထိ သတ္တိကောင်းလှမည်နည်း။
တွေးစရာပင် မလိုဘဲ ထိုလူ့ကို ကောင်းကင်နတ်အရှင်ဟုန် တန်းသိသည်။
“အဟက်၊ ဒီခွေးသူတောင်းစားလေး သေခါနီးကျရင် ဘယ်လိုမျက်နှာဖြစ်နေမလဲ သိချင်မိသား” ကောင်းကင်နတ်အရှင်ဟုန်မှာ ရယ်နေသော်လည်း မျက်နှာတွင် သွေးမရှိချေ။
အနက်ရောင်တောင်ထိပ်ကြီးအပေါ်တွင်မူ
ချင်မူသည် ထိုက်ကျိဥထဲရှိ ရှေးဟောင်းနတ်ဘုရားနှစ်ပါးအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေဆဲ ဖြစ်လေ၏။ သူတို့၏ကျောက်တုံးတွင်းကို မသိမ်းပိုက်ခဲ့သောကြောင့် ကျောက်တုံးတွင်းငါးတွင်းအောက် အနည်းငယ်သာ နိမ့်ကျသော ဤရတနာမြေသို့ သူ့အား လမ်းညွှန်ပေးခဲ့ခြင်းသည် ကောင်းမွန်သော ကံကြွေးတစ်ခု ဖွဲ့နှောင်တည်ဆောက်လိုက်ခြင်းဟု သူ ခံစားမိသည်။
သို့သော် ချင်မူမှာ ဖြစ်နိုင်ခြေနောက်တစ်ခုကို မတွေးမိပေ။ သူက ထိုက်ကျိကျောက်တုံးတွင်းထဲသို့ လက်ရဲဇက်ရဲ ဝင်သွားပြီး အတွင်းအကျဆုံးအပိုင်းထိ သတ်ဖြတ်ဝင်ရောက်သွားခဲ့၏။ သတ်ဖြတ်လိုစိတ်ဖြင့် သူ့ဓားအား ယဇ်ပလ္လင်ထဲ ထိုးစိုက်ခဲ့သည်သာမက ထိုက်ကျိနတ်ကျောက်တုံးတစ်ရာနှင့် ထိုက်ကျိမူလကျောက်တုံး၏ အစိတ်အပိုင်းတစ်ခုကုပင် တောင်းဆိုခဲ့သေးသည်။ တစ်ဖက်လူသည် သူလိုလူ ရတနာမြေ ရအောင် ရိုးရိုးသားသား လမ်းပြပေးပါ့မည်လော။
သူတို့မှာ ထိုက်ကျိနတ်ကျောက်တုံးများနှင့် မူလကျောက်တုံးကို ပြန်ယူနိုင်အောင် သူ့အား မြန်မြန်သေစေခြင်းသာ ဖြစ်သည်။
ပြီးခဲ့သည့် ဆယ်ရက်အတွင်း ချင်မူသည် ထိုက်ရှီသင်္ကေတလေးခုကို လေ့လာသိရှိသွား၍ လေ့လာနှုန်းက မြန်သထက် မြန်လာ၏။ သူက သူ့ဘာသာ တွေးနေသည်။ “နှစ်ဝက်အတွင်း ထိုက်ရှီဥပေါ်က သင်္ကေတအားလုံးကို ငါ ဖြေနိုင်လိမ့်မယ်... ပြီးရင် ထိုက်ရှီဥကို မျှားခေါ်ပြီး ဖန်သားကောင်းကင်စေတီထဲက ရှေးဟောင်းဥနှင့် ဆက်သွယ်ခိုင်းမယ်.... ဒါဆို အဲဒီရှေးဟောင်းဥရဲ့ သင်္ကေတအမှတ်အသားတွေကိုလည်း ငါ ရှင်းရှင်းလင်းလင်း နားလည်လာနိုင်မယ်”
ချင်မူမှာ ယုံကြည်ချက်အပြည့် ရှိနေပြီး ဆက်လက်လေ့လာရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုအား ခံစားလိုက်ရသည်။ သူက လက်ဝှေ့ယမ်းလိုက်ရင်း ဥကို သိမ်းကာ ထရပ်လိုက်သည်။
နဂါးချီလင်က ထိတ်လန့်နေသော အမူအရာဖြင့် သူဆီ ပြေးလာသည်။ “ဂိုဏ်းသခင်၊ ယန်အာနဲ့ ကျွန်တော် ထူးဆန်းတာ တွေ့ခဲ့ရတယ်”
ချင်မူက ခေါင်းမော့၍ ပြောလိုက်၏။ “ငါ သိပြီးသား.... ထပ်ပြောစရာမလိုတော့ဘူး... ဟင်းလင်းပြင်သားရဲတွေ လာနေပြီ”
သူက ဖန်သားကောင်းကင်စေတီ၏ ထီးတိုင် တည်ရှိသော အနက်ရောင်တောင်ထွတ်ကြီး၏ အလယ်သို့ အလျင်အမြန် သွားသည်။ ကျောက်စိမ်းထီးတိုင်မှာ တောင်တစ်လုံးပမာ မြဲမြဲမြံမြံ ရပ်တည်နေလေသည်။
နဂါးချီလင်မှာ ပါးစပ်ဟ၍ ဆက်ပြောရန် ပြင်လိုက်သည့်အချိန်မှာပဲ ကောင်းကင်နှင့်မြေပြင်အား ဖုံးလွှမ်းလျက် ရေလှိုင်းကြီးလို ပြေးလာနေသော ဟင်းလင်းပြင်သားရဲများကို မြင်လိုက်ရသည်။ သူ့မှာ လည်ချောင်းဝရှိ စကားလုံးများကို ချက်ချင်း မြိုချလိုက်ရသည်။
ယန်အာက မြေအောက်ဘုံအရှင်သခင်ပိစိလေးကို လှမ်းခေါ်၍ နဂါးချီလင်နှင့် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အား ပြောပြရန် ပြင်နေသည်။ သို့သော် ချင်မူ့ကို မနှောင့်ယှက်ရဲပေ။
“ငါတို့ပြောနေတဲ့ အဆန်းတကြယ် အဖြစ်အပျက်က ဟင်းလင်းပြင်သားရဲတွေ မဟုတ်ဘဲ ဒီသစ်ပင်နက်ကြီးနဲ့ ဆိုင်မှန်း သခင်လေး မသိလောက်ဘူး” ယန်အာ့တွင် စိုးရိမ်နေသောအမူအရာ ရှိသည်။
ချင်မူက တရှိန်ထိုး လာနေကြသော ဟင်းလင်းပြင်သားရဲများဆီ ကြည့်ကာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ချန်းကိုယ်တိုင် မလှုပ်ရှားသရွေ့ ဟင်းလင်းပြင်သားရဲတွေက ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ”
ဟင်းလင်းပြင်သားရဲ ပထမအသုတ်သည် ကောင်းကင်ဘုံ ၂၈ ဘုံ၏ အပြင်အကျဆုံး အလွှာအား ဝင်တိုက်သွားကြချေပြီ။ ထိုသို့ ထိတိုက်သွားသော တခဏတွင် ၎င်းတို့အားလုံး ဟင်းလင်းပြင်ထဲ နစ်မြုပ်ပျောက်ကွယ်သွားကြသည်။ သို့သော နောက်တခဏ၌ ပထမကောင်းကင်ဘုံအတွင်း ချိတ်ဆွဲထားသော ရတနာများအနား ပေါ်လာကြသည်။ သူတို့က သွေးသံရဲရဲ ပါးစပ်ကြီးများကို ဟကာ ရတနာများအား မြိုချဖို့ ပြင်နေကြ၏။
ဖန်သားကောင်းကင်စေတီ၏ စွမ်းအားက ဤရတနာများမှ လာသည်။ လိပ်နက်နတ်မင်းနှစ်ပါးမှာ ရတနာများစွာ သွန်းလုပ်ရမည့်အချက်နှင့် ထိုစဉ်အခါတုန်းက ပန်းပဲပညာလည်း မတိုးတက်သေးသည့်အချက်ကြောင့် ဤရတနာတစ်ပါးချင်းစီ၏ စွမ်းအားများက အမြင့်ဆုံးတွင် မဟုတ်ပေ။
ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံများမှ ရတနာအားလုံး စွမ်းအားထုတ်လွှတ်လျှင် ကောင်းကင်နှင့် မြေကြီးကို ဖျက်စီးပစ်နိုင်သည်။ သို့သော် ရတနာတစ်ပါးတည်း၏ စွမ်းအားမှာမူ ထိုမျှအထင်ကြီးစရာမကောင်းပေ။
ဟင်းလင်းပြင်သားရဲများကား ကောင်းကင်ကိုပင် ဝါးမြိုနိုင်သည်။ ဟင်းလင်းပြင်သားရဲရာချီ ကျူးကျော်လာလျှင် နေ, လနှင့် ကမ္ဘာမြေထုများကိုပင် စားသောက်မြိုချပစ်နိုင်၏။
သို့သော် ဟင်းလင်းပြင်သားရဲများသည် အသိဉာဏ်များစွာ မရှိကြသလို၊ ပင်ကိုယ်အသိစိတ်ကိုသာ အားကိုးရသည်။ သူတို့ကို မည်သူမျှ မထိန်းချုပ်လျှင် ဤသားရဲကြီးသည် သူ၏အသိစိတ်အဆင့်အရ တွေ့သမျှအား ဝင်တိုက်၊ ဖျက်စီးကာ မြိုချပစ်ကြလိမ့်မည်။
ကောင်းကင်နတ်အရှင်ချန်းက ဟင်းလင်းပြင်သားရဲမိခင်ကို တိတ်တဆိတ် ထိန်းချုပ်ထားသဖြင့် ဟင်းလင်းပြင်သားရဲမိခင်သည် ဟင်းလင်းပြင်သားရဲထောင်ပေါင်းများစွာကို စေလွှတ်နိုင်သည်။ ဤဟင်းလင်းပြင်သားရဲများက ကြောက်မက်ဖွယ်ရာစစ်တပ်တစ်တပ်နှင့် ညီမျှ၏။ သူတို့ မည်သည့်နေရာသို့ သွားသွား၊ မည်သည့်အရာမဆို ဖျက်စီးချေမှုန်းခံရလိမ့်မည်။
ချင်မူက သရော်တော်တော် ပြုံးလျက် စေတီအား အရိုအသေပေးလိုက်သည်။ ပထမကောင်းကင်ဘုံသည် တမုဟုတ်ချင်း ဒုတိယကောင်းကင်ဘုံ ဖြစ်သွားပြီး ဒုတိယကောင်းကင်ဘုံက ပထမကောင်းကင်ဘုံအသွင် ပြောင်းသွား၏။ ဟင်းလင်းပြင်သားရဲများစွာက ပြေးလာကြကာ ပထမကောင်းကင်ဘုံအသစ်ထဲ ဝင်သွားကြသည်။
ဤအခိုက်အတန့်တွင် ကျန်ကောင်းကင်ဘုံများရှိ ရတနာမျိုးစုံ လင်းလက်တောက်ပလာသည်။ ဟင်းလင်းပြင်သားရဲများ ဒုတိယကောင်းကင်ဘုံ၏ ရတနာများကို မဝါးမြိုနိုင်ခင် ချောက်ချားဖွယ် အလင်းတန်းများစွာ လှိုင်းထဖြာထွက်လာကာ ဝင်ရောက်လာသော ဟင်းလင်းပြင်သားရဲအားလုံးကို သိမ်းကျုံးရိုက်ခတ်လိုက်တော့သည်။
မရေမမတွက်နိုင်သော အလောင်းကြီးများသည် အောက်ရှိ မည်းနက်နေသည့် တောင်တန်းများထဲ တဘုန်းဘုန်း ပြုတ်ကျလာကြ၏။
“နတ်အရှင်မချန်း၊ ခင်ဗျားရဲ့ တိုက်ကွက်က ပိုပဲ အစွမ်းထက်မလား... ကျုပ်တိုက်ကွက်က ပိုပဲအစွမ်းထက်မလား ကြည့်သေးတာပေါ့”
ချင်မူသည် အာဇာနည်သူရဲကောင်းတစ်ဦးသဖွယ် တဟားဟား ရယ်နေ၏။ သူက ကောင်းကင်ဘုံများထိန်းချုပ်ရာတွင် အာရုံစိုက်ထားပြီး ရှေးဟောင်းနတ်ဘုရားဥ၏ လိုရာဆုတောင်းပြည့် အစွမ်းကို အသုံးချနေသည်။
ကောင်းကင်ဘုံ ၂၈ ဘုံ၏ အစီအစဉ်မှာ အဆက်မပြတ် ပြောင်းလဲနေပြီး အလင်းရောင်မျိုးစုံ တဖြတ်ဖြတ် လက်နေသည်။ ရတနာမျိုးစုံ၏ စွမ်းအားများ တလက်လက် ထွက်လာနေကာ တာအိုသိုင်းကွက်မျိုးစုံသည်လည်း ပကတိမျက်စိဖြင့်ပင် မြင်ရသော တာအိုအမှတ်အသားများအဖြစ် ပြောင်းလဲကုန်သည်။ ၎င်းတို့က အရပ်မျက်နှာသို့ ဖြာထွက်လျက် ဟင်းလင်းပြင်သားရဲများကို ပိုင်းဖြတ်နေကြသည်။ ဟင်းလင်းပြင်သားရဲများမှာ လေဓားဒလက်ဖြင့် ခုတ်ဖြတ်ခံနေရသကဲ့သို့ ခေါင်းပြတ်သူက ပြတ်၊ ခြေပြတ်သူက ပြတ်၊ လက်ပြတ်သူက ပြတ်ကာ အတုံးတုံးအတစ်တစ် ဖြစ်နေကြ၏။
ကောင်းကင်ဘုံများအတွင်းတွင် အလောင်းများသည် မိုးပေါက်များလို တဘုန်းဘုန်း ကျနေပြီး အနက်ရောင်သစ်ပင်ကြီး၏ အသက်ရစ်ကွင်းဆယ့်ငါးကွင်း၌ ပုံနေကြတော့သည်။ အနက်ရောင်တောင်ထွတ်ကြီးသာ ရှင်းလင်းနေခြင်း ဖြစ်သည်။
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝင်္ကပါလမ်းစဉ်ဖြင့် မဟာဧကရာဇ်လို ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုအား ရင်ဆိုင်နေချေသည်။ အသိပညာချင်း၊ အသိပညာချင်း ပြိုင်ဆိုင်မှုကား ခမ်းနားလှပေ၏။
စစ်ရေးဝင်္ကပါအခင်းအကျင်းအရ ချင်မူအနေဖြင့် ဖန်သားကောင်းကင်စေတီ၏ စွမ်းရည်အပြည့်အဝကို ထုတ်လွှတ်မရပေ။ တစ်လောကလုံးရှိ နံပါတ်ရတနာ၏ စွမ်းအားအား အပြည့်အဝ ထုတ်လွှတ်ချင်လျှင် ကောင်းကင်ဘုံအသီးသီးရှိ ရတနာများ၏ ဝင်္ကပါအခင်းအကျင်းများကို ထိန်းချုပ်ရန် စစ်အင်အား အသုံးပြုရလိမ့်မည်။
ယခု သူတစ်ယောက်တည်း ဖြစ်သလို၊ နတ်ဘုရားမိစ္ဆာထောင်သောင်းချီ အသွင်လည်း မပြောင်းနိုင်သောကြောင့် ဤရတနာ၏ အခြေခံစွမ်းအားဖြင့်သာ ဟင်းလင်းပြင်သားရဲများကို တိုက်ခိုက်နိုင်ချေသည်။
ဟင်းလင်းပြင်သားရဲအုပ်သည် ရေလှိုင်းသဖွယ် ကောင်းကင်ဘုံများဆီသို့ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်နေ၏။ မြင်ကွင်းက တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ခမ်းနားနေတော့သည်။
သို့သော် သူတို့အတွက် အနက်ရောင်တောင်ထိပ်ကြီးအထိ ထိုးဖောက်ဝင်ရန် မလွယ်ပေ။ မရေမတွက်နိုင်သော အလောင်းများသည် မြေကြီးပေါ်သို့ ပြုတ်ကျလာနေသဖြင့် အနက်ရောင်သစ်ပင်ကြီး၏ တောင်ကြားမှန်သမျှတွင် အလောင်းများ တစတစ ပြည့်လာတော့သည်။ အလောင်းပုံများကား မြင့်သထက် မြင့်လာကြ၏။
မည်သူမျှ သတိမထားမိသည့်အရာ ရှိသည်။ အလောင်းများ ပြုတ်ကျလာသည့်အခါ ဟင်းလင်းပြင်သားရဲတို့၏ သွေးများမှာ အနက်ရောင်တောင်များ၏ အငမ်းမရ စုပ်ယူခြင်း ခံရသည်။ သွေးစက်တစ်စက်မှ မကျန်ခဲ့ပေ။ မကြာမီ ဟင်းလင်းပြင်သားရဲအလောင်းများမှာ ခြောက်ကပ်နေသော အလောင်းများ ဖြစ်လာတော့သည်။
အဝေးတွင် ကောင်းကင်နတ်အရှင်ဟုန်၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ကုန်း၊ နတ်ဧကရာဇ်လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကျန်ရှိသူများ အပြေးအလွှား လာနေကြသည်။ သူတို့သည် အနက်ရောင်သစ်ပင်ကြီးကို တိုက်ခိုက်နေသည့် ဟင်းလင်းပြင်သားရဲအုပ်အား မြင်လျှင် အံ့အားသင့်သွားကြ၏။
အတန်ကြာသော် ကောင်းကင်နတ်အရှင်ရှောင်က ချီးကျူးသည်။ “တစ်လောကလုံးမှာ နံပါတ်တစ် ရတနာဆိုတဲ့အတိုင်းပါပဲ”
ထိုစဉ် ဟင်းလင်းပြင်သည် ပွင့်ထွက်သွားပြီး မဟားတရား ကြီးမားလှသော သားရဲကြီးတစ်ကောင်က အနက်ရောင်တောင်ထိပ်၏အပေါ်ရှိ ကောင်းကင်ထဲမှ ခေါင်းကြီးအား တိုးထွက်လာသည်။ ၎င်းက ပါးစပ်ဟကာ ကောင်းကင်ဘုံအလွှာများအား ကိုက်ချလိုက်လေသည်။
သူမက ကောင်းကင်ဘုံရှစ်ဘုံအား တစ်ဆက်တည်း ကိုက်လိုက်နိုင်ပြီး ထိုကောင်းကင်ဘုံများ၌ ချိတ်ဆွဲထားသော ရတနာများမှာ သူမပါးစပ်ထဲ ရောက်သွားတော့သည်။
ချင်မူ အံ့အားသင့်သွားသည်။ ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်စက်လုံးကား .... ပေါ်လွင်သွားချေပြီ။