← Chapters

သားရဲမိခင်ကြီးကို သတ်ခြင်း

Vol. 89 Ch. 1165

သားရဲမိခင်ကြီးကို သတ်ခြင်း

Vol. 89 Ch. 1165

“ကြမ်းလိုက်တဲ့ သားရဲပါလား”

ကောင်းကင်နတ်အရှင်များမှာ ဟင်းလင်းပြင်သားရဲမိခင်ကို မြင်သည်နှင့် ပြိုင်တူ အသံမြှင့်လျက် ရေရွတ်လိုက်ကြမိသည်။ ဟင်းလင်းပြင်သားရဲမိခင်ကား အမှန်တကယ် အင်အားကြီးပေသည်။ သူမက ကောင်းကင်ဘုံများစွာကို တစ်ကိုက်တည်း မြိုချခဲ့ပြီး သူမပါးစပ်ကြီးသည် ဂြိုဟ်များကိုပင် ဝါးမြိုနိုင်သည့်အလား ထင်ရ၏။

“သူ့မှာ နံပါတ်တစ်ရတနာ ရှိထားပေမယ့် ဝင်္ကပါအခင်းအကျင်းအတိုင်း လှုပ်ရှားပေးမယ့် စစ်သည်တွေ မရှိဘူး… အဲ့ဒီချင်မျိုးရိုးက ကံကြမ္မာက မျက်နှာသာပေးထားတဲ့ သာမန်လူတစ်ယောက်သာသာပဲ” ရှေးဟောင်းနတ်ဘုရားဘုရင်က နှာခေါင်းရှုံ့လိုက်သည်။

ဧရာမဟင်းလင်းပြင်သားရဲကြီး ကောင်းကင်ဘုံရှစ်ဘုံကို ကိုက်ချလိုက်ပြီးနောက်တွင် ဟင်းလင်ပြင်သားရဲဥကြီးများက မိုးပေါက်များအလား ဟင်းလင်းပြင်ရှိ အပေါက်များဆီမှ တဖွဲဖွဲ ကျဆင်းလာသည်။ ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံများအထက်သို့ ဥက္ကာခဲမိုးများ ရွာကျနေသကဲ့သို့ပင်။ အလင်းတန်းများသည် လင်းလက်ဖြတ်သန်းသွားပြီး ကောင်းကင်ဘုံများအထဲ တိုက်ချသွားကြ၏။

ဟင်းလင်းပြင်သားရဲဥများက မြေပေါ်ကျလာသည့်အခါ ချက်ချင်း ကွဲထွက်လာသည်။ ဟင်းလင်းပြင်သားရဲများက တစ်ကောင်ပြီးတစ်ကောင် ဥထဲမှ ထွက်လာကြပြီး ကောင်းကင်ဆီ မျက်နှာမူ၍ ဟိန်းဟောက်ကာ ကောင်းကင်ဘုံများအထဲရှိ ရတနာတို့ထံသို့ ခုန်အုပ်လိုက်ကြလေသည်။

“တကယ် လောကကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားပဲ” ကောင်းကင်နတ်အရှင်များက တစ်ပြိုင်တည်း ရေရွတ်လိုက်ကြသည်။

နတ်ဧကရာဇ်လန်ရွှမ်က ပြော၏။ “တစ်ချက်လေး လှုပ်ရှားလိုက်ရုံနဲ့ ကောင်းကင်ဘုံရှစ်ဘုံကို ကိုက်ချပစ်နိုင်တယ်.... ဧကရာဇ်ပလ္လင်အဆင့် အစွမ်းထက်ကျင့်ကြံသူတော်တော်များများမှာတောင် ဒီလို ခွန်အားမျိုး မရှိကြဘူး.. ဒီတစ်ကြိမ်မှာတော့ ကောင်းကင်နတ်အရှင်မူ သူ့ပိုင်နက်ကို မထိန်းသိမ်းနိုင်တော့ဘူး ထင်တယ်”

“ဒါပေမဲ့ သူ သေလို့မဖြစ်ဘူး”

ကောင်းကင်နတ်အရှင်အားလုံး ပြောကြသည်။ “ငါတို့ ပူးပေါင်းရင် ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်ကို ဖွင့်နိုင်လိမ့်မယ်… ဒါပေမဲ့ ဒီဟင်းလင်းပြင်သားရဲတွေက ခုခံဖို့ ခက်ခဲတယ်… သူတို့ထဲက တစ်ကောင်သာ လွတ်သွားခဲ့ရင် ပြဿနာအကြီးကြီး တက်မှာ….. ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်ကို မထိဘဲ ငါတို့ကို ခေါ်ထုတ်ပေးနိုင်တဲ့ ကောင်းကင်နတ်အရှင်မူကို လိုအပ်တယ်”

သူတို့ ထိုသို့ ပြောနေသည့်အချိန်တွင် ချင်မူသည် ကောင်းကင်စက်လုံးကို ကာကွယ်ရန် ကောင်းကင်ဘုံ ၂၈ ဘုံအား ပြောင်းပြန်လှန်လိုက်သည်ကို တွေ့လိုက်ရ၏။

ဤသည်က ဖိအားပေးခံရသော လှုပ်ရှားမှု ဖြစ်သည်။

ချင်မူသာ ထောင်ပေါင်းများစွာသော နတ်ဘုရားမိစ္ဆာများကိုသာ အသုံးချ၍ ဝင်္ကပါအား အသက်သွင်းလိုက်လျှင် ကောင်းကင်ဘုံအသီးသီး၏ မဟာရတနာတို့မှ စွမ်းအားများကို သုံးကာ ဖြစ်ပေါ်လာသည့် အပျက်အစီးကို ချက်ချင်း ပြင်ဆင်နိုင်ပေလိမ့်မည်။

သို့သော် သူ့မှာ တစ်ယောက်တည်းသာ ဖြစ်သဖြင့် ကောင်းကင်ဘုံများကို ပြောင်းပြန်လှန်၍ ထိခိုက်ပျက်စီး‌သွားသော ကောင်းကင်ဘုံကို ဖယ်၍သာ အပေါက်ကို ယာယီ ကာဆီးနိုင်ချေသည်။

ကောင်းကင်ဘုံ ၂၈ ဘုံထဲသို့ ၀င်ရောက်လာသည့် အသေးစားဟင်းလင်းပြင်သားရဲများကို ရှင်းလင်းနေရန် အချိန်မရှိချေ။ မရေအတွက်နိုင်သည့် ဟင်းလင်းပြင်သားရဲငယ်များက ရတနာများကို ခုန်အုပ်၍ ပါးစပ်များဟကာ ကိုက်ဖဲ့နေကြသည်။

ချင်မူက ဖန်သားကောင်းကင်စေတီ၏ ကျောက်စိမ်းထီးတိုင်ကို ဦးညွှတ်အရိုအ‌သေပေးလိုက်ရာ ရတနာများထံမှ အလင်းတို့က ထွန်းလင်းစွာ တောက်ပလာပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများကို အစိတ်အမွှာမွှာ ပိုင်းဖြတ်၍ အငွေ့များပင် ပျံသွားစေ၏။

သို့သော် ကောင်းကင်ဘုံများထဲ ၀င်ရောက်လာသည့် အရွယ်ရောက်ပြီးသော ဟင်းလင်းပြင်သားရဲများက ရတနာများကို တစ်ခုလုံး မြိုချနေကြသည်။

ဟင်းလင်းပြင်သားရဲမိခင်က နောက်တစ်ကြိမ် ဆင်းသက်လာပြီး သူမ၏ နှိုင်းယှဉ်မရလောက်အောင် ကြီးမားသည့် ခန္ဓာကိုယ်ကြီးအား ဆယ့်ကိုးထပ်မြောက် ဟင်းလင်းပြင်အလွှာထဲမှ တစ်ဝက်ထွက်လိုက်သည်။ သူမသည် ချွန်ထက်သော လက်သည်းစွယ်ကြီးများကို ဆန့်တန်း၍ ကောင်းကင်ဘုံများကို တစ်လွှာပြီးတစ်လွှာ ဆွဲဖြဲနေ၏။

ကောင်းကင်ဘုံများ ပြဲစုတ်သွားသည်နှင့် သူမ၏ခေါင်းကြီးက ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သူမ၏မျက်လုံးကြီးများက အပေါ်သို့ ပင့်တက်သွားကာ ဧရာမသူငယ်အိမ်ကြီးကို ဖုံးအုပ်သွား၏။ သူမက ပါးစပ်ကြီးဟ၍ ကောင်းကင်စက်လုံးအား ဝါးမြိုလိုက်ချေပြီ။

ဟင်းလင်းပြင်သားရဲမိခင်၏ အသိဉာဏ်မှာ ထိုမျှမမြင့်မားသလို၊ သူမသည် သာမန်ဟင်းလင်းပြင်သားရဲများထက် ထက်မြက်မနေချေ။ သို့သော် ဟင်းလင်းပြင်သားရဲမိခင်နှင့် ဟင်းလင်းပြင်သားရဲအုပ်ကြီးကို ထိန်းချုပ်နေသည့် မဟာဧကရာဇ်ကတော့ အင်မတန် ထက်မြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ချေသည်။ သူကား လေ့လာအကဲခတ်ပြီးနောက် ကောင်းကင်စက်လုံးသည် တစ်လောကလုံး၏ နံပါတ်တစ်ရတနာ ဖန်သားကောင်းကင်စေတီ၏ ဗဟိုချက်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ခြင်း ဖြစ်လိမ့်မည်။

ထို့ကြောင့် ဟင်းလင်းပြင်သားရဲမိခင်က ကောင်းကင်စက်လုံးကို ဦးစွာ ရှင်းလင်း၍ ဤအဖိုးတန်ရတနာ ပျက်စီးသွားအောင် ပစ်မှတ်ထားနေလေသည်။

ဟင်းလင်းပြင်သားရဲမိခင် ကောင်းကင်စက်လုံးကို ဝါးမြိုတော့မည့်အချိန်တွင် ချင်မူ့ခေါင်းထဲတွင် ရုတ်တရက် အတွေးတစ်ချက် ပေါ်လာ၏။ သူက ကောင်းကင်စက်လုံး၏ အရွယ်အစားကို ချုံ့လိုက်ပြီး အဋ္ဌမကောင်းကင်ဘုံမှ န၀မ‌ကောင်းကင်ဘုံသို့ နစ်မြုပ်သွားစေသည်။

ဟင်းလင်းပြင်သားရဲမိခင်က သူမ၏ နောက်ထပ် ခန္ဓာကိုယ်အစိတ်ပိုင်းများကို ဆန့်ထုတ်၍ န၀မကောင်းကင်ဘုံအထိ လိုက်ဖမ်းလေသည်။ သို့သော် ကောင်းကင်စက်လုံးသည် ဒသမကောင်းကင်ဘုံအထိ လျှောကျသွား၏။

ဟင်းလင်းပြင်သားရဲမိခင်မှာ ဒသမကောင်းကင်ဘုံအထိ လိုက်ဖမ်းပြီး ကောင်းကင်စက်လုံးက ဆယ့်တစ်ဘုံမြောက်သို့ နိမ့်ဆင်းကျသွားသည်။ ဟင်းလင်းပြင်သားရဲမိခင်သည် ၎င်းနောက်မှ ကွာကျန်မခဲ့လိုသဖြင့် ထပ်ကြပ်မကွာ လိုက်လာ၏။ မကြာမီ သူမကား ၁၈ ဘုံ‌မြောက် ကောင်းကင်ဘုံသို့ ရောက်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ၁၇ ခုမြောက် ဟင်းလင်းပြင်မှ ထွက်ပေါ်လုနီးပါးဖြစ်နေချေသည်။

ဤအခိုက်အတန့်တွင် ချင်မူက ကောင်းကင်ဘုံများ၏ ဝင်္ကပါအခင်းအကျင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။ ကောင်းကင်ဘုံ ၂၈ ဘုံသည် တဝေါဝေါ လည်ပတ်လာပြီး လှိုင်းထန်နေသော ချော်ရည်ပြင်လို ဖြစ်လာသည်။ ကောင်းကင်ဘုံများအတွင်း ပြုံတိုးဝင်ရောက်လာသည့် မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများမှာ မူးဝေကုန်ကြတော့၏။ သူတို့မှာ ခြေမြဲအောင် မရပ်နိုင်ကြတော့ဘဲ ရတနာများဘေးမှ ခါထုတ်ခံနေရသည်။

“ရပ်”

ချင်မူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ကောင်းကင်ဘုံ ၂၈ ဘုံသည် လည်နေခြင်း တုံ့ခနဲ ရပ်သွား၏။ ဟင်းလင်းပြင်သားရဲများမှာ ကောင်းကင်ဘုံ တစ်ဘုံချင်းစီ၏ အတားအဆီးနံရံများအား ဝင်တိုက်ကုန်သဖြင့် အတားအဆီးနံရံများ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်ကြသည်။

ချင်မူက ဦးညွှတ်အရိုအသေပေးကာ ဆုတောင်းလိုက်သည်။ “အို အရှင်ရတနာ၊ ဒီရန်သူတွေကို ကျေးဇူးပြုပြီး သတ်ပေးတော်မူပါ”

ကောင်းကင်ဘုံ ၂၈ ဘုံလုံး ပျက်စီးတော့မည် ဖြစ်ပြီး ရတနာများမှာလည်း ကောင်းကင်ဘုံများဆီမှ တစ်ခုပြီးတစ်ခု ကြွေကျပေတော့မည်။ ဤအချိန်တွင် ကောင်းကင်စက်လုံးက ရုတ်တရက် တုန်ခါလာပြီး အဆုံးမဲ့စွမ်းအားလှိုင်း ပေါ်ထွက်လာသည်။ ကောင်းကင်ဘုံအမျိုးမျိုး၏ ရတနာစွမ်းအားတို့ကား အရပ်လေးမျက်နှာမှ ထွက်ပေါ်လာ၍ ဟင်းလင်းပြင်သားရဲမိခင်အား တရစပ် ထိုးနှက်လိုက်၏။

ဘုန်း….

လောကကို တုန်လှုပ်သွားစေနိုင်သည့် ပေါက်ကွဲမှုကြီး ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများ ဖြာထွက်သွားသည်။ တာအိုသံများ ပဲ့တင်ထပ်သွားပြီး နှိုင်းယှဉ်မရလောက်အောင် ကြီးမားသည့် ဟင်းလင်းပြင်းသားရဲမိခင်၏ ခန္ဓာကိုယ်ကြီးမှာ အလင်းရောင်ထဲတွင် အစိတ်စိတ်အမွှာမွှာ ကွဲသွား၏။ ၎င်းက ပေါက်ကွဲထွက်၍ ဧရာမသားရဲကြီး၏ ခေါင်းမှာ လည်ပင်းပြတ်ထံမှ လိမ့်ဆင်းလာသည်။

ဘုန်း…. ဘုန်း… ဘုန်း…

မရေမတွက်နိုင်သော တဘုန်းဘုန်းမြည်သံများက ထပ်ဆင့်ကဲ ပေါက်ကွဲလျက် ဟင်းလင်းပြင်သားရဲမိခင်၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းပြတ်တောက်သွားစေသည်။ သွေးစက်များက အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် ရေတံခွန်ပမာ ကောင်းကင်ထက်မှ စီးကျလာသည်။

နောက်တခဏတွင် ၁၉ ခုမြောက် ဟင်းလင်းပြင်၌ ပုန်းကွယ်နေခဲ့သော ဟင်းလင်းပြင်သားရဲမိခင်၏ ခြေထောက်နှစ်ချောင်းမှာလည်း ကျဆင်းလာ၏။

ချင်မူမှာ ၎င်းကို မြင်သောအခါ ၀မ်းသာသွားသော်လည်း ရုတ်တရက် မူးဝေလာသည်။ သူ့အနေဖြင့် ဟင်းလင်းပြင်သားရဲအုပ်ကို တိုက်ခိုက်ရန် သူ၏ဦးနှောက်ကို ဖိအားပေးခဲ့ရသဖြင့် သူ့ဝိညာဉ်၌ ဒဏ်ရာရသွားချေပြီ။

သို့သော် ယခုတွင် သားရဲအုပ်၌ ခေါင်းဆောင်မရှိတော့သောကြောင့် တိုက်ခိုက်ရန် အကောင်းဆုံးဖြစ်လာသည်။

သူက စိတ်အားတင်းလျက် ဖန်သားကောင်းကင်စေတီကို အသက်သွင်းလိုက်သည်။ ထို့နောက် ကောင်းကင်စက်လုံး၏ စွမ်းအားနှင့် ရတနာတို့၏ စွမ်းအားကို စုစည်းကာ ကောင်းကင်ဘုံ ၂၈ ဘုံအတွင်းထဲ ၀င်ရောက်လာသည့် ဟင်းလင်းပြင်သားရဲများကို သတ်ဖြတ်တော့သည်။

သားရဲအုပ်မှာ တစ်ဖက်သတ် အတိုက်ခိုက်ခံရသည့်အခါ ဖရိုဖရဲဖြစ်ကုန်သည်။ မကြာမီ ထက်၀က်ကျော်မှာ သူ့လက်ချက်ဖြင့် သေသွားကြ၏။ သို့သော် ကောင်းကင်ဘုံ ၂၈ ဘုံမှာ ပျက်စီးထိခိုက်ထားသဖြင့် လွတ်မြောက်သွားသော ဟင်းလင်းပြင်သားရဲအတော်များများ ရှိသေး၏။

ချင်မူက အားတင်းထားရင်း သူ၏ အဖိုးတန်ရတနာများကို ထပ်ခါထပ်ခါ အသက်သွင်းနေသည်။ နောက်ဆုံးတွင် ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ဟင်းလင်းပြင်သားရဲမှန်သမျှအား ရှင်းလင်းပြီးသွားသည်။

သူ့မျက်လုံးများမှာ မှောင်မိုက်လာပြီး ပင်ပန်းနွမ်းနယ်မှုကို သူ ခံစားလာရသည်။ သို့သော် သူက အံကြိတ်လျက် ဖန်သားကောင်းကင်စေတီဆီသို့ ဦးညွှတ်လိုက်ကာ အက်ကွဲနေသော အသံဖြင့် တောင်းဆိုသည်။ “အလိုအလျောက် ပြန်လည်ပြုပြင်ပေးတော်မူပါ အရှင်ရတနာ”

ကောင်းကင်ဘုံ ၂၈ ဘုံ၏ ထိခိုက်ပျက်စီးမှုများမှာ ဖြည်းဖြည်းချင်း ပြုပြင်လာသည်။

ချင်မူ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်။ ဤနေရာ၏ ရုန်းရင်းဆန်ခတ်အခြေအနေအရ ကောင်းကင်နတ်အရှင်များအား ဖုံးကွယ်ထားနိုင်မည်မဟုတ်မှန်း သူ သိသည်။ သူ စကားပြောရန် ပါးစပ်ဟလိုက်စဉ် အော်ဂလီဆန်စရာ ခံစားချက်ကြီးကို ခံစားလိုက်ရ၍ အန်လိုက်ရသည်။

သူ့မှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ကပျာကယာ လှည့်ပတ်လျက် ဝိညာဉ်ကို ကုစားလိုက်ရသည်။ ထိုစဉ် သစ်နက်တောင်တန်းများဆီမှ အဝေးမှ ချဉ်းကပ်လာနေသော ရင်းနှီးနေသည့် လူရိပ်များကို တွေ့လိုက်ရသည်။

ဤသစ်နက်တောင်တန်းများမှာ ဟင်းလင်းပြင်သားရဲမိခင်၏ အလောင်းကြီး အုပ်မိုးထားသောကြောင့် မူလရှုခင်းကို ရှင်းလင်းစွာ မမြင်နိုင်တော့ချေ။ ချင်မူပင်လျှင် ဖန်သားကောင်းကင်‌စေတီ၏ စွမ်းအားကို အသက်သွင်း၍ ထိုကောင်းကင်နတ်အရှင်များ ကျူးကျော်မလာအောင် မတားဆီးနိုင်ချေ။

ဟောင်၊ ရှောင်၊ ကုန်း၊ ချန်း၊ ဟုန်၊ ယန်၊ လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်… ကောင်းကင်နတ်အရှင်ရှစ်ပါးက သစ်နက်တောင်တန်းများဆီသို့ လျှောက်လာနေကြပြီး သူတို့၏ခြေထောက်များက မြေကြီးနှင့် မထိချေ။ ချင်မူမှာ အန်ချင်စိတ်ကို ချုပ်တည်း၍ လူတိုင်းကို နှုတ်ဆက်လိုက်သည်။ “တွေ့ရတာ ၀မ်းသာပါတယ် တာအိုမိတ်ဆွေတို့”

နတ်အရှင်မချန်းက စိုးရိမ်စွာ မေးသည်။ “ကောင်ကင်းနတ်အရှင်မူ၊ နင့်မျက်နှာက ဖြူ‌ဖတ်နေတာပဲနော်…. စွမ်းအင်အများကြီး သုံးခဲ့တာ ဖြစ်ရမယ်… ကိုယ့်ကိုကိုယ် သိပ် ဖိအားမပေးပါနဲ့”

ချင်မူက နှာခေါင်းရှုံ့သည်။ “ကျွန်တော် ခံနိုင်ရည်ရှိပါတယ်… အားလုံး ပိုင်နက်တွေ သိမ်းပိုက်ပြီး ဘိုးဘေးနန်းတော်ကနေ ထွက်သွားဖို့ ပြင်ဆင်နေကြတာလားဗျ”

ကောင်းကင်နတ်အရှင်ရှောင်က ဟိုဟိုသည်သည် ကြည့်ရင်း ချီးမွမ်းလိုက်၏။ “ကောင်းလိုက်တဲ့ နေရာပါလား… ဒီလို ရတနာမျိုးကို သတိထားမိခဲ့တဲ့ ကောင်းကင်နတ်အရှင်မူရဲ့ အမြင်ကတော့ တကယ်ပဲ ပြိုင်ဘက်ကင်းပါပေတယ်…. ဒီနေရာက ရှုခင်းလည်း လှပြီးတော့ ဘိုးဘေးနန်းတော်ရဲ့ နံပါတ်တစ် ရတနာမြေ ဖြစ်ဖို့များတယ်”

နတ်ဧကရာဇ်လန်ရွှမ်၊ ကောင်းကင်နတ်အရှင်ယန်နှင့် ကျန်သူများကလည်း ခေါင်းညိတ်၍ ချီးကျူးနေကြသည်။ “နံပါတ်တစ် ရတနာမြေ… နံပါတ်တစ် ရတနာမြေ…ကောင်းကင်နတ်အရှင်မူကတော့ ပွပေါက်တိုးတာပဲ”

လူတိုင်း တဟားဟား ရယ်လိုက်ကြသည်။

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးလျက် ပြော၏။ “အခု ဒီကိစ္စလည်း ပြီးပြီဆိုတော့ ငါတို့ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး… ပိုင်နက်တွေကို ရတနာတွေနဲ့ စောင့်ကြပ်ထားခဲ့ပြီးပြီဆိုတော့ ထွက်ခွာဖို့ အချိန်ကျပြီး… တာအိုညီတော်မူ၊ ကျေးဇူးပြုပြီး မင်းရဲ့ကောင်းကင်နတ်သိုင်းနဲ့ ငါတို့ကို အပြင်ကို ပို့ပေးပါ”

ရှေးဟောင်းနတ်ဘုရားဘုရင်က ရန်စလိုက်သည်။ “အနားယူဖို့လိုသေးလား ကောင်းကင်နတ်အရှင်မူ”

“ဟုတ်ကဲ့”

ချင်မူက ဒဲ့ပင် သဘောတူကာ ထိုင်ချလိုက်သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်နှာကြီးမှာ မည်းမှောင်သွား၏။ ချင်မူသည် သူ့ကိုယ်သူ ဖိအားပေး၍ ချီစွမ်းအင်နှင့် သိုင်းအဆင့်ကို ထိခိုက်စေကာ သူတို့ကို အပြင်သို့ ပို့ဆောင်ပေးမည်ဟု သူ ထင်ခဲ့၏။ ဤသို့ အလွယ်တကူ သဘောတူမည်ဟု မထင်ခဲ့ချေ။

‘ဒီကောင်းကင်နတ်အရှင်မူက ငယ်ပေမယ့် ငါ့လိုပဲ အရှက်မဲ့တာပဲ… သူ့ကို အထင်သေးလို့ မဖြစ်ဘူး’ ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်၀န်းထဲတွင် လေးစားအားကျမှုများ ကိန်း၀ပ်နေတော့သည်။

All Chapters