ပါမလာခဲ့သော ယွမ်မု
Vol. 89 Ch. 1166
တခဏကြာသော် ချင်မူသည် အားပြန်ပြည့်လာပြီး လန်းလန်းဆန်းဆန်း ဖြစ်လာ၏။ ကောင်းကင်နတ်အရှင်အားလုံး တုန်လှုပ်သွားကြလေသည်။ ‘သူ သက်သာလာတဲ့နှုန်းက မြန်လိုက်တာ... ပုံမှန်နတ်ဘုရားမိစ္ဆာတွေနဲ့ ယှဉ်ရင် အဆပေါင်းများစွာ မြန်တယ်’
ချင်မူက တခဏ တွေးနေပြီးနောက် နဂါးချီလင်နှင့် ယန်အာကို ခေါ်သည်။ “ငါလည်း သစ်နက်တောင်ကြောကို လေ့လာဖို့အတွက် အပြင်ခဏလောက် ထွက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နတ်ဘုရားတွေ သွားခေါ်ရမယ်... မင်းတို့နှစ်ယောက်က အခုလောလောဆယ် ဒီမှာ နေခဲ့ကြ”
နဂါးချီလင်နှင့် ယန်အာမှာ အလန့်တကြား ထခုန်ကာ ခေါင်းတွင်တွင်ယမ်းကြသည်။
ချင်မူက ပြုံးနေသည်။ “ဟင်းလင်းပြင်သားရဲတွေကို ကြောက်စရာမလိုပါဘူး... ဖန်သားကောင်းကင်စေတီကိုလည်း ဒီမှာ ထားခဲ့ပေးမှာ.. ဒီရတနာနဲ့ဆို မင်းတို့တွေ အေးအေးဆေးဆေး နေလို့ရတယ်... ပိ၊ မင်းက ငါ့လို ဒီရတနာကို ထိန်းချုပ်နိုင်တာပဲဟာ... ဒါ့အပြင် ဟင်းလင်းပြင်သားရဲမိခင်လည်း သေသွားပြီဆိုတော့ ဟင်းလင်းပြင်သားရဲမိခင်အသစ် ပေါ်လာဖို့ နှစ်အနည်းငယ်လောက် ကြာလိမ့်မယ်... စိတ်ပူစရာမလိုဘူး”
နဂါးချီလင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောသည်။ “ဒီသစ်နက်တောင်ကြောက အင်မတန် ထူးဆန်းတယ်”
ချင်မူသည် အပြုံးဖြင့် ပြန်မေးနေ၏။ “ဘာက ထူးဆန်းလို့တုန်း... ဖန်သားကောင်းကင်စေတီ ပေးထားခဲ့တာတောင် ကြောက်နေရတယ်လို့... ကဲ ငါ အရင်သွားနှင့်မယ်”
နဂါးချီလင် တုန်ရီနေစဉ် ချင်မူ့အသံက သူ့စိတ်ထဲ ရောက်လာသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ဖို့ ငါ အချိန်နည်းနည်း ယူရလိမ့်မယ်... ကောင်းကင်နတ်အရှင်တွေက သူတို့တပည့်တွေကို ကောင်းကင်နတ်ဘုံကနေ ခေါ်ပြီး ပြန်ရောက်လာမှာပဲ... သူတို့တွေက တစ်စက်မှ ကောင်းတဲ့ လူတွေ မဟုတ်ဘူး.. မင်းလည်း သတိထား ... သူတို့ ဖန်သားကောင်းကင်စေတီကို သေချာပေါက် လာလုကြလိမ့်မယ်”
သူ့အသံတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်။ “ကောင်းကင်ဘုရင်တစ်ပါးရဲ့ အဖေ ရောက်လာရင်တောင် သတ်ပစ်လိုက်”
ချင်မူက အသိစိတ်အလျဉ်ကို ရုတ်သိမ်းကာ ကောင်းကင်နတ်အရှင်ရှစ်ယောက်အား ပြုံးပြုလိုက်၏။ သူက ရယ်ရယ်မောမောဖြင့် ပြောသည်။ “အားလုံးပဲ သွားကြတာပေါ့”
ကောင်းကင်နတ်အရှင်များကလည်း ယဉ်ကျေးစွာ တုံ့ပြန်ကြသည်။ “တာအိုညီတော်မူ၊ သွားကြတာပေါ့”
သူတို့ သစ်နက်တောင်ကြောအပြင်သို့ ရောက်လာသည့်အခါ ချင်မူက ယဇ်ပလ္လင်ကို ချက်ချင်း ထုတ်သည်။ အားလုံး ယဇ်ပလ္လင်ပေါ် တက်ရပ်လိုက်ကြပြီး ချင်မူက ဘိုးဘေးနန်းတော်၏ အဝင်ဝ၌ ထားရစ်ခဲ့သော ယဇ်ပလ္လင်၏ တည်နေရာအား အတည်ပြုနေ၏။
ရုတ်တရက် သူ ရင်ထဲ ထိတ်သွားသည်။
ထိုယဇ်ပလ္လင်ကား မရှိတော့ပေ။
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားလေသည်။ ‘ငါ ဝိညာဉ်စွမ်းအင် သုံးတာများသွားလို့ အာရုံခံနိုင်စွမ်း လျော့သွားတာလား’
ထပ်မံရှာကြည့်ပြန်သော်လည်း ယဇ်ပလ္လင်အား အာရုံမခံမိသေးပေ။
သူ့လည်ဂုတ်မှ ချွေးစက်တစ်စက် ကျလာသည်။ ယဇ်ပလ္လင်ကား အမှန်တကယ် မရှိတော့ခြင်း ဖြစ်၏။
‘ယဇ်ပလ္လင်က အရွှေ့ခံရတာ မဟုတ်ဘူး.. ဖျက်စီးခံလိုက်ရတာ... ယဇ်ပလ္လင်ကို ရွှေ့လိုက်ရင် ဘယ်နေရာ ရောက်နေလဲ ငါ အာရုံခံလို့ ရသေးတယ်... ယဇ်ပလ္လင်ကို ဖျက်စီးပြီး သင်္ကေတအမှတ်အသားတွေပါ ဖျက်ပစ်လိုက်မှ ငါ အာရုံခံမရမှာ’
သူ့လည်ဂုတ်တွင် ချွေးစက်များ ထွက်လာလေသည်။ သူ့မျက်နှာထက်ရှိ အပြုံးမှာလည်း တဖြည်းဖြည်း တောင့်တင်းလာ၏။
သူ ဘိုးဘေးနန်းတော်ထဲ၌ အသက်ရှင်ကျန်ခဲ့ခြင်းမှာ ကောင်းကင်နတ်အရှင်ရှစ်ယောက်ကို ဘိုးဘေးနန်းတော်အပြင် ခေါ်ထုတ်ပေးနိုင်သော အစွမ်းအစ ရှိ၍ပင်။ ယခု သူ့တွင် ထိုအစွမ်းအစ မရှိတော့ရာ အသက်ရှင်နိုင်ပါတော့မည်လော။
ကောင်းကင်နတ်အရှင်မချန်းက ချောင်းဟန့်ကာ မေးသည်။ “တာအိုမောင်တော်မူ၊ ငါတို့ ဘယ်အချိန် ထွက်သွားနိုင်မှာလဲ”
ကျန်ကောင်းကင်နတ်အရှင်များ၏ အကြည့်တို့သည်လည်း ချင်မူ့မျက်နှာအပေါ် ကျရောက်လာပြီး သူတို့တွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာများ ရှိနေကြ၏။ ချင်မူက တဟားဟား အော်ရယ်လိုက်သဖြင့် ကောင်းကင်နတ်အရှင်များလည်း လိုက်ရယ်ကြသည်။ ကောင်းကင်နတ်အရှင်ဟောင်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်သာ မည်သည့်အမူအရာမှ မရှိကြပေ။
ချင်မူ့ ရယ်သံမှာ တဖြည်းဖြည်း တိုးလာပြီး သူက အလေးအနက် ပြောလိုက်သည်။ “ကျွန်တော်တို့ ထွက်သွားလို့ မရတော့ဘူး.. အပြင်က ယဇ်ပလ္လင်ကို တစ်ယောက်ယောက် ဖျက်စီးသွားပြီ”
အားလုံး၏ အပြုံးများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ နတ်ဧကရာဇ်လန်ရွှမ်က မှင်သေသေ မေး၏။ “ကောင်းကင်နတ်အရှင်မူ နောက်နေတာမလား”
ချင်မူက တည်ကြည်လေးနက်စွာ ပြန်ဖြေသည်။ “ဒီကိစ္စက ကျွန်တော်က ဘယ်လိုလုပ် စနောက်ရဲမှာလဲဗျာ... ဘိုးဘေးနန်းတော်ထဲမှာ ကျွန်တော် ရှင်သန်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ခင်ဗျားတို့ကို အထဲခေါ်နိုင်၊ အပြင်ထုတ်နိုင်လို့မလား.. ခင်ဗျားတို့ကို အပြင်ထုတ်ပေးရင် ကျွန်တော့်အသက်နဲ့ ကစားနေသလို မဖြစ်ဘူးလား... ယဇ်ပလ္လင်ကို တစ်ယောက်ယောက် ဖျက်စီးသွားတာ သေချာတယ်... ကျွန်တော့်အထင် မမှားရင် ယဇ်ပလ္လင်ကို ဖျက်စီးသွားတဲ့သူက ကောင်းကင်နတ်ဘုံရဲ့ ဆယ့်တစ်ယောက်မြောက် ကောင်းကင်နတ်အရှင်ပဲ”
ကောင်းကင်နတ်အရှင်ဟောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ “မင်ဖန်းယွီလား”
ကောင်းကင်နတ်အရှင်ရှောင်က ပြော၏။ “မင်ဖန်းယွီက သေနေပြီ... သူ မဟုတ်နိုင်ဘူး... သူ့မူလဝိညာဉ်ကို ကောင်းကင်နတ်အရှင်လင် ယူသွားတယ်.... သူ့ရုပ်ခန္ဓာကို ချင်ယဲ့က ဖြတ်တောက်ပစ်ခဲ့တယ်”
ကောင်းကင်နတ်အရှင်ချန်း၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့က ချင်မူ့ကို လှမ်းကြည့်ကြသည်။ ကောင်းကင်နတ်အရှင်ကုန်းက ချောင်းဟန့်ပြီး မေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါတို့ကို တန်းလန်းကြီး မထားပါနဲ့... ဘယ်သူက ကောင်းကင်နတ်ဘုံရဲ့ ဆယ့်တစ်ယောက်မြောက် ကောင်းကင်နတ်အရှင်လဲ”
ချင်မူလည်း သက်ပြင်းချကာ ဖြေလိုက်သည်။ “အရှင်မယွမ်မုပေါ့”
ယဇ်ပလ္လင်အပေါ်ရှိ ကောင်းကင်နတ်အရှင်များ မသိမသာ တုန်လှုပ်သွားကြသည်။ သူတို့က ခြေတစ်လှမ်း နောက်ဆုတ်ပြီး တစ်ယောက်ကို တစ်ယောက် သတိအနေအထားဖြင့် ကြည့်လိုက်ကြ၏။
ရှေးဟောင်းနတ်ဘုရားများကို ရင်ဆိုင်ရန် ပူးပေါင်းခဲ့တုန်းက သူတို့သည် အပေးအယူမျှပြီး စည်းလုံးကြသယောင် ထင်ခဲ့ရ၏။ ကောင်းကင်နတ်ဘုံကိုလည်း အတူတကွ အုပ်ချုပ်ခဲ့ကြသည်။
သို့သော် သူတို့က မဟာမိတ်များ ဖြစ်သလို၊ ပြိုင်ဘက်များလည်း ဖြစ်ကြောင်း သူတို့ကိုယ်သူတို့ သိကြလေသည်။
မဟာဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ် သူတို့အကြား၌ ပုန်းနေကြောင်း သံသယဝင်နေကြသည်မှာ ကြာပြီဖြစ်သည်။ ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုပင် ပုန်းနေနိုင်၏။ ဤရှေးဟောင်းနတ်ဘုရားလေးပါးက ကောင်းကင်နတ်အရှင်ဆယ်ပါးပင် ဖြစ်နေနိုင်သည်။
ယွမ်မုသာ သူတို့ကြားတွင် ပုန်းနေလျှင် မည်သူ ဖြစ်မည်နည်း။
အားလုံး ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်အရှင်ယန်နှင့် ကောင်းကင်နတ်အရှင်ချန်းတို့ဆီ ကြည့်လိုက်ကြသည်။ သူတို့ကား အမျိုးသမီးကောင်းကင်နတ်အရှင်သုံးယောက်ကို သိသိသာသာ သံသယဝင်နေကြချေပြီ။
အထူးသဖြင့် ကောင်းကင်နတ်အရှင်ချန်းနှင့် ကောင်းကင်နတ်အရှင်ယန် ဖြစ်သည်။ ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုမှာ မိဖုရားဆောင်မှာ မိဖုရားများ ဖြစ်သလို၊ ကောင်းကင်နတ်အရှင်ချန်းနှင့် ကောင်းကင်နတ်အရှင်ယန်သည်လည်း မိဖုရားဆောင်မှ ဖြစ်ကြ၏။ ဤသည်ကား သံသယဝင်စရာမကောင်းဘူးလော။
“အရှင်မယွမ်မုက ငါတို့ကြားမှာ မဟုတ်ဘူး.. ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှာလည်း မပါဘူး.. ကောင်းကင်နတ်ဘုံမှာ သူ့အဆင့်အတန်းက ငါတို့အောက် နိမ့်ကျလောက်တယ်... သူက ဘိုးဘေးနန်းတော်ထဲ မဝင်ခဲ့ပေမယ့် အပြင်ကို ရောက်လာပြီး ငါတို့ကို ဘိုးဘေးနန်းတော်ထဲမှာ ပိတ်ထားဖို့ ယဇ်ပလ္လင်ကို ဖျက်စီးခဲ့တာပဲ နေမှာ”
ယဇ်ပလ္လင်ထက်ရှိ လူတိုင်း တိတ်ဆိတ်နေကြသည်။
အတန်ကြာသော် ကောင်းကင်နတ်အရှင်ယန်က ပြောသည်။ “အရှင်မယွမ်မုက ငါတို့ကို ဘိုးဘေးနန်းတော်ထဲမှာ ပိတ်ထားချင်ရင် ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို ရင်ဆိုင်နိုင်တယ်လို့ ဆိုလိုတယ်... သူတို့က သူ့သရုပ်မှန်ကိုလည်း မသိကြတော့ အသတ်ခံရနိုင်တယ်... အဲဒါဆိုရင် ရှေးဟောင်းနတ်ဘုရားတွေရဲ့ ခေတ်ဆီ ပြန်ရောက်သွားလိမ့်မယ်”
ကောင်းကင်နတ်အရှင်ရှောင်သည် သက်ပြင်းချ၏။ “အဲဒါဆို နဂါးဟန်ခေတ်ကနေ အခုအချိန်အထိ ကြိုးစားခဲ့ရသမျှ သဲထဲ ရေသွန် ဖြစ်သွားပြီ”
ကောင်းကင်နတ်အရှင်ချန်းက ပြောသည်။ “ငါတို့ ဘိုးဘေးနန်းတော်ကနေ ထွက်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ချိတ်တံဆိပ်ကို ဖွင့်ဖို့ပဲ ရှိတော့တယ်... ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် ဘိုးဘေးနန်းတော်ထဲက ဟင်းလင်းပြင်သားရဲတွေ သေချာပေါက် လွတ်ကုန်မှာပဲ... မဟာဧကရာဇ်က ပိုလို့တောင် ကြောက်စရာကောင်းလာလိမ့်မယ်”
သူမမျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး သူမသည် အေးစက်စက် ပြောနေ၏။ “မဟာဧကရာဇ်က ဒီအခွင့်အရေးကို စောင့်ပြီး ဟင်းလင်းပြင်သားရဲတွေကို ကမ္ဘာလောကထဲ စေလွှတ်လိမ့်မယ်.. ကမ္ဘာလောကကြီးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ငါတို့ ဘိုးဘေးနန်းတော်ကို ဖွင့်လို့ မဖြစ်ဘူး”
ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ကုန်းက သူမဆီသို့ လှမ်းကြည့်ကြသည်။ နတ်အရှင်မချန်းသည် ဖြောင့်မတ်တည်ကြည်မှုအပြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ “အားလုံး ငါပြောတာ သဘောတူတယ်မလား”
ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ကျန်ရှိသူများလည်း ချောင်းဟန့်လိုက်ကြသည်။ “အဲဒီလို ပြောနေလို့ မရဘူး... ဟင်းလင်းပြင်သားရဲတွေကို လွှတ်ပေးလိုက်တာက အန္တရာယ်များသလို၊ ရှေးဟောင်းနတ်ဘုရားတွေ အာဏာပြန်ရသွားမယ့်ကိစ္စကလည်း အရေးကြီးတယ်... ငါတို့ အသေအချာ ဆွေးနွေးသင့်ပြီ”
အားလုံး ကောင်းကင်နတ်အရှင်ဟောင်ဆီ ကြည့်ကာ မေးလိုက်ကြ၏။ “ကောင်းကင်နတ်အရှင်ဟောင်၊ မင်းက ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ခေါင်းဆောင်ဆိုတော့ မင်းအပြင် ပြောကြည့်ပါ.. ငါတို့နားထောင်မယ်”
ကောင်းကင်နတ်အရှင်ဟောင်သည် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် မှင်သေသေ ပြောသည်။ “မဟာဧကရာဇ်က ပုန်းနေပြီး လူလုံးထွက်မပြတာ ကြာပြီ.. ငါတို့ သူ့ကို မျှားမထုတ်နိုင်ရင် ရှင်းပစ်ရ ခက်လိမ့်မယ်... ဒါက သူ့ကို မျှားထုတ်ဖို့ အခွင့်အရေးတစ်ခုပဲ”
အားလုံး ရင်ထဲ လှုပ်ခတ်သွားကြကာ ခေါင်းညိတ်ကြသည်။
ကောင်းကင်နတ်အရှင်ဟောင်က ဆက်ပြောသည်။ “ရှေးဟောင်းနတ်ဘုရားတွေက ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ပဲ ကျန်တော့တာ... ငါတို့တတွေဟာ သာမန်ပြည်သူတွေရဲ့ ဘဝတွေအတွက် ထည့်တွက်ပြီး နှစ်တစ်သန်းကြာ တိုက်ခိုက်ခဲ့ကြတယ်.. အခုလို အောင်မြင်တော့မှ အချိန်မှ ဟင်းလင်းပြင်သားရဲတွေကြောင့်နဲ့ ဘာကြောင့် ရှေးဟောင်းနတ်ဘုရားတွေကို အသက်ပြန်သွင်းမှာလဲ”
ကောင်းကင်နတ်အရှင်များက ယဉ်ယဉ်ကျေးကျေး မေးကြသည်။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ရည်ရွယ်ချက်က ဘာများလဲ”
ကောင်းကင်နတ်အရှင်ဟောင်က ပြောသည်။ “အက်ကွဲကြောင်းရဲ့ နေရာက ဘိုးဘေးနန်းတော်ရဲ့ ချိတ်တံဆိပ်ကို ချိုးဖျက်မယ်... ပြီးရင် အသစ်ပြန်ခတ်နှိပ်မယ်... ငါတို့ကောင်းကင်နတ်အရှင်ရှစ်ယောက်ရဲ့ အစွမ်းအစနဲ့ဆို မခက်လောက်ပါဘူး ဟုတ်တယ်မလား”
အားလုံး ကောင်းကင်နတ်အရှင်ချန်းဆီ လှည့်ကြည့်ကြ၏။ “နတ်အရှင်မရော ဘယ်လိုထင်လဲ”
ကောင်းကင်နတ်အရှင်ချန်းတွင် ဆုံးဖြတ်ရခက်နေသော အမူအရာ ရှိသည်။ တခဏကြာသော် သူမက သက်ပြင်းချကာ ပြော၏။ “အခုတော့ အဲဒီလိုလုပ်ဖို့ပဲ ရှိတာပေါ့လေ... ချိတ်တံဆိပ်ကို ပြန်ခတ်နှိပ်ဖို့တော့ အတတ်နိုင်ဆုံး ကြိုးစားနိုင်ပါတယ်... အဲဒီခွေးသူတောင်းစား မဟာဧကရာဇ်ကို အခွင့်အရေး ပေးလိုက်ဖို့ မဖြစ်ဘူး”
အကုန်လုံး ပြိုင်တူချီးကျူးကြလေသည်။ “နတ်အရှင်မချန်းက ပြည်သူပြည်သားတွေကို ငဲ့ညာပြီး ကြင်နာတတ်တဲ့ နှလုံးသား တကယ် ရှိတာပဲ”