← Chapters

မင်းဘယ်သူလဲ

Vol. 11 Ch. 28

မင်းဘယ်သူလဲ

Vol. 11 Ch. 28

ကောင်းကင်ပေါ်ကနေ ဆင်းလိုက်တာနဲ့ မက်ဒါနာမြင်ရတာက မျက်စိတစ်ဆုံးအပျက်အစီးတွေပါ။ ဆုဗာနာနိုင်ငံဟာ အခုဆိုရင် ပြန်အဖက်ဆယ်လို့မရလုနီးပါး ပျက်စီးသွားခဲ့ပါပြီ။ ငွေရောင်စစ်သည်က ရေကန်အလယ်မှာရှိနေတဲ့ တောင်ပေါ်ကိုဆင်းလိုက်တယ်။ ရေကန်ရဲ့တစ်ဖက်မှာ ကမ္ဘာပျက်လုနီးနီးတိုက်ပွဲကြီးဖြစ်နေပေမဲ့ မက်ဒါနာက သူတို့ကို လစ်လျူရှုထားလိုက်ပါတယ်။ အဲဒီအစား ​နန်းတော်အပြိုအပျက်ပုံထဲကိုသာ ဖြည်းဖြည်းချင်း ဝင်ရောက်သွားခဲ့တယ်။

“အမေ... အဖိုး... မောင်လေး...”

ဆုဗာနာမှာ သူ့အတွက်အရေးအကြီးဆုံးလူ သုံးယောက်ရှိတယ်။ တစ်ယောက်ကတော့ သူ့ကို တစ်ဘဝလုံးစောင့်ရှောက်ပေးလာခဲ့တဲ့ မေမေသီတာပါ။ နောက်တစ်ယောက်ကတော့ အရင်က တစ်ခါမှမတွေ့ဖူးတာတောင်မှ မိသားစုထဲကို နွေးနွေးထွေးထွေးဝင်ခွင့်ပေးခဲ့တဲ့ နယ်စားဖိုးဖိုး။ တတိယတစ်ယောက်ကတော့ သူ့ကိုကျိတ်အားကျနေပြီး အမြဲတမ်းတလွဲတချော်တွေလုပ်တတ်တဲ့ ကောင်လေးဒီပ။

မက်ဒါနာက အပျက်အစီးပုံတွေထဲမှာ လျှောက်ရှာနေရင်း နံရံအပျက်အစီးတစ်ခုမှာ မှီပြီး ငေးငိုင်နေတဲ့ အဖိုးအိုရဲ့ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရတယ်။

“အဖိုး....” မက်ဒါနာက နယ်စားကြီးရှေ့ကိုရောက်သွားတော့ နယ်စားကြီးက သူ့ကို ဖြည်းဖြည်းချင်းမော့ကြည့်တယ်။ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ဖြစ်နေပြီး သွေးအလိမ်းလိမ်းထွက်နေပေမဲ့ နယ်စားကြီးဟာ အသက်ရှိနေပါသေးတယ်။

“မင်းအမေအတွက်မပူနဲ့... သူနန်းတော်မှာရှိမနေဘူး။” နယ်စားကြီးက မက်ဒါနာစိတ်ချရအောင်လို့ အရင်ပြောလိုက်ပါတယ်။ ဒါပေမဲ့ မက်ဒါနာရဲ့စိုးရိမ်စိတ်တွေ ပျောက်မသွားခဲ့ပါဘူး။

“အဖိုးကို သမီးဆေးရုံခေါ်သွားပေးမယ်။ ဒီဒဏ်ရာတွေကို သူတို့တစ်ခုခုလုပ်ပေးနိုင်မှာပါ။”

ဒါပေမဲ့ နယ်စားကြီးက ခေါင်းခါလိုက်ပြီး ပြောပါတယ်။ “အယ်ဖာအဆင့်တစ်ယောက်တိုက်ခိုက်တာခံခဲ့ရတဲငြာက အသက်ရှင်ဖို့နည်းလမ်းမရှိတော့ဘူး။ ငါ့ရဲ့တော်ဝင်လက်စွပ်ကြောင့်သာ အခုထိအသက်ရှင်နေသေးတာ။ ဒါပေမဲ့ အဲဒါလည်း တစ်ခဏတာပါပဲ။”

နယ်စားကြီးက ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး မျက်ရည်တွေစီးကျလာတယ်။ “ငါကိုယ်တိုင်သေရမှာ အတွက်တော့ ဝမ်းမနည်းမိပါဘူး။ ဒါပေမဲ့ ကောင်လေးဒီပအတွက်ပဲ... သူက အပြစ်မရှိတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူတို့တွေက တိုင်းပြည်ရဲ့အမွေခံကို ခေါ်သွားပြီ။”

မက်ဒါနာကလည်း တိုက်ပွဲဖြစ်နေတဲ့နေရာကို ကြည့်လိုက်ပါတယ်။ ဒီပက တိုက်ပွဲထဲမှာရှိနေပြီး ပုံစံနည်းနည်းပြောင်းထားပေမဲ့ Archmegaမှန်းသိနိုင်တဲ့ ဝါးဖရိန်ကို ဝန်းရံတိုက်ခိုက်နေပါတယ်။ ဒါကြောင့် သူမြင်နေရတဲ့ ကောင်လေးဒီပက အရင်လို ရွှတ်နောက်နောက် ကောင်လေးမဟုတ်တော့ဘဲ ပိုးကောင်တွေထဲကတစ်ယောက် ဖြစ်နေပြီမှန်းသိနိုင်တယ်။

“ကယ်သင့်တဲ့သူကိုကယ်ဖို့ ဒီအဖိုးအိုကို ပစ်ထားခဲ့ပါတော့။”

နယ်စားကြီးက နောက်ဆုံးစကားကိုပြောခဲ့ပြီး ခေါင်းငိုက်စိုက်ကျသွားတယ်။ ငွေရောင်စစ်သည်တော်ကတော့ တောင်ပေါ်ကနေတစ်ဆင့် ဝါးဖရိန်တဖြည်းဖြည်းရှုံးနိမ့်လာတဲ့တိုက်ပွဲကို ကြည့်နေတယ်။ တစ်ခဏလောက်အကြာမှာတော့ ဆုဗာနာတောင်ထွပ်ကို ခြေနဲ့ဆောင့်ကန်ပြီး ကောင်းကင်ပေါ် ခုံတက်လိုက်တော့တယ်။

....

အီဆန်ရဲ့ဝိညာဥ်က ဖရာလီတာရဲ့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားတယ်။ ဖရာလီတာက သူ့ကိုယ်ကိုသူ ပြန်ထိန်းချုပ်ခွင့်ရသွားပေမဲ့ မျက်စိရှေ့မှာမြင်လိုက်ရတဲ့အရာကြောင့် မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားလိုက်ရပါတယ်။ ပုစဥ်းနဲ့ယင်ကောင်တို့က သူ့ဆီကိုချဥ်းကပ်လာနေပြီဖြစ်ပြီး နှစ်ယောက်လုံးက ခြေစုံကန်ချက်တွေနဲ့ သူ့ကိုဖျက်ဆီးပစ်ဖို့ အသင့်ဖြစ်နေပါပြီ။ ဖရာလီတာက နှုတ်ခမ်းကို ကိုက်ထားလိုက်တယ်။ ပုံမှန်ဆိုရင်တော့ ‘ဘာစက်ယန္တရားသခင်မကြီးလဲ၊ ပိုးကောင်လေးနှစ်ကောင်ကိုတောင် မနိုင်ဘူး'လို့ ကျိန်ဆဲမိမှာဆိုပေမဲ့ နဂိုကတည်းက စိတ်ဓာတ်ကျနေပြီးသားဖြစ်လို့ ကလေးတစ်ယောက်လိုမျိုး မျက်စိကိုမှိတ်ထားလိုက်ပြီး သေမယ့်အချိန်ကို ထိုင်စောင့်နေခဲ့မိတယ်။

“.......” ဒါပေမဲ့ အတော်ကြာတဲ့အထိ တိုက်ကွက်ရောက်မလာတဲ့အတွက် မျက်လုံးကို ပြန်ဖွင့်ကြည့်တော့ သူ့ရှေ့မှာ သန်မာတဲ့ပုံရိပ်တစ်ရိပ်က ရပ်နေပြီးပါပြီ။ ခမ်းနားတဲ့ငွေရောင်ဒီဇိုင်းနဲ့ နတ်သားတစ်ပါးလို ကြည့်ကောင်းနေတဲ့ ငွေရောင်စစ်သည်က ပိုးကောင်နှစ်ကောင်ရဲ့ခြေထောက်တစ်ဖက်ဆီကို လက်နဲ့ဖမ်းတားထားတယ်။

“ ငွေရောင်စစ်သည်လား... ခမ်းနားလိုက်တာ။”

အရင်က ပြိုင်ဖက်တွေဖြစ်ခဲ့ဖူးပြီး အခုထိလည်း ဖရာလီတာက မက်ဒါနာကို နည်းပညာအရာမှာ အနိုင်ရယူဖို့ ကြိုးစားနေဆဲပဲဆိုပေမဲ့ နန်းတော်ဝတ်စုံကို မြင်ရချိန်မှာတော့ မအံ့ဩဘဲမနေနိုင်တော့ဘူး။ ဟိုအရူးမ သူ့ကိုဝင်ပူးပြီးဆောက်ခဲ့တဲ့ ဝါးဖရိန်ထက်တောင် ပိုပြီးကြည့်ကောင်းနေသေးတယ်။

“နင့်ပြိုင်ဘက်က ဘယ်ဆိုးလို့လဲ။ ငါတို့နှစ်ယောက်မှာ တူညီတဲ့ပြိုင်ဘက်ရှိနေတာကြောင့် နင့်ကိုဝင်စီးရ လွယ်ခဲ့ပုံပဲ။”

ဖရာလီတာရဲ့မျက်လုံးတစ်ဖက်က ငွေရောင်ခဏပြောင်းသွားပြီး အီဆန်ရဲ့စကားသံက ဖရာလီတာရဲ့ခေါင်းထဲမှာ ပဲ့တင်သံထွက်နေပါတယ်။ ဖရာလီတာက ခေါင်းကိုခါယမ်းလိုက်ပြီး ‘ငါ့ကိုထိန်းချုပ်နေတာရပ်စမ်း။'လို့ ပြောလိုက်ပေမဲ့ ပါးစပ်ကနေ အသံထွက်မလာဘူး။ တစ်ဖက်မှာတော့ ငွေရောင်စစ်သည်နဲ့ပိုးကောင်နှစ်ကောင်ရဲ့တိုက်ပွဲက စတင်နေပါပြီ။

...

“ ငွေရောင်စစ်သည်ပါလား... အချိန်ကိုက်ရောက်လာတာပဲ။ မင်းလူတွေက ငါ့ရဲဘော်ရဲဘက်တွေအများကြီးကို သတ်ထားတာဆိုတော့ မင်းနဲ့ဟိုကောင်မလေးကို ဒီမှာတစ်ခါတည်း ကိစ္စဖြတ်ပေးရတာပေါ့။”

ယင်ကောင်နဲ့ပုစဥ်းက သူတို့ခြေထောက်တွေကို ပြန်ရုပ်လိုက်ပြီး ငွေရောင်စစ်သည်ကို အကဲခတ်နေတယ်။ နောက်ထပ်စစ်ကူတစ်ယောက် ရောက်လာခဲ့ပေမဲ့ ယင်ကောင်က စိုးရိမ်မနေပါဘူး။ သူတို့ဖရာလီတာရဲ့ဝါးဖရိန်ကို အလုံးစုံဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ပြီး ယင်ကောင်ရဲ့တွက်ကိန်းအရ လက်ရှိအဆင့်မြှင့်ထားတဲ့ မက်ဒါနာရဲ့ဝတ်စုံကလည်း ဖရာလီတာဝါးဖရိန်လောက်ပဲ အစွမ်းထက်မှာပါ။ ဒါကြောင့် သူတို့နှစ်ယောက်ပေါင်းတိုက်ရင် နိုင်နိုင်သေးတယ်။

“.....” တစ်ဖက်မှာတော့ ငွေရောင်စစ်သည်က အပိုစကားမပြောဘဲ ဓားကိုကျောကနေဖြုတ်လိုက်ပြီး ဝေ့ယမ်းလိုက်တယ်။ ဓားကိုယ်တိုင်က အသံမြန်နှုန်းကို ချိုးဖောက်သွားပြီး မြေဆွဲအားဆယ့်ခြောက်ဆ ပေါင်းထည့်ထားတာဖြစ်လို့ အနီးအနားမှာရှိနေတဲ့ လေထုက အကြီးအကျယ်ပျက်ယွင်းသွားပြီး ယင်ကောင်ရောပုစဥ်းပါ နောက်ကိုခုန်ဆုတ်လိုက်ရတယ်။

“ဝေးဝေး... ဒီစစ်သည်တော်ဝတ်စုံက ငါ့ကပ်ပါးလက်ခံကောင်ရဲ့မှတ်ဉာဏ်ထဲကထက် အများကြီးပိုအစွမ်းထက်နေပါလား။”

ဒီပက သူ့အစ်မငွေရောင်စစ်သည်ရဲ့ဖန်တစ်​ယောက်ပါ။ တိုက်ပွဲတိုင်းလိုလိုကို ဗီဒီယိုတွေကြည့်ဖူးပြီး တိုက်ကွက်တွေကို ရင်းနှီးနေပါတယ်။ ဒါပေမဲ့ သူ့ရှေ့မှာ ရှိနေတဲ့ ငွေရောင်စစ်သည်က အများကြီးစွမ်းနေလို့ မယုံနိုင်အောင် ဖြစ်နေပါတယ်။ ယင်ကောင်ကတော့ ပြုံးလိုက်လေရဲ့။

“ကြည့်ရတာ မတွေ့လိုက်ရတဲ့အချိန်အတွင်း တော်တော် အစွမ်းထက်လာတဲ့ပုံပဲ။ ဒါပေမဲ့ အလကားပဲ။”

ယင်ကောင်က ပိုးကောင်တစ်ဝက်ပုံစံနဲ့မြန်နှုန်းကို အသားကုန်မြှင့်ပြီး ငွေရောင်စစ်သည်ကို ဘက်ပေါင်းစုံကနေ ရှုထောင့်ပြောင်းတိုက်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်က နေရာမှာမားမားမတ်မတ်ရပ်နေပြီး ဓားကိုမြှောက်ကာ အသာအယာခုခံတယ်။ သူ့နောက်မှာ လွင့်မျောနေတဲ့ ရိုင်ဖယ်သေနတ်တွေကလည်း လှုပ်ရှားလာပြီး ယင်ကောင်ကိုအလင်းတန်းတွေနဲ့ စတင်ပစ်ခတ်ပါတယ်။

“တော်တော်အနှောင့်အယှက်ပေးတဲ့ လက်နက်အသစ်တွေပဲ။”

ယင်ကောင်က အံ့ကိုကြိတ်ရင်း အော်ဟစ်လိုက်တယ်။ ပုစဥ်းကလည်း ပိုးကောင်တစ်ဝက်ပုံစံကိုပြောင်းလိုက်ပါပြီ။ သူက ပါးစပ်ကိုဟလိုက်ပြီး ပါးစပ်ထဲက ထက်ရှတဲ့သွားတွေကို ဖော်ပြလိုက်တယ်။ နောက်တော့ အတောင်ကိုခတ်ပြီး အမြန်ဆုံးနှုန်းနဲ့ ငွေရောင်စစ်သည်ကို ကိုက်ဖြတ်ဖို့ စတင်ကြိုးစားတယ်။ ရန်သူက နှစ်ယောက်ဖြစ်လာတဲ့အတွက် ငွေရောင်စစ်သည်က မြေဆွဲအားဓားကို နှစ်ခြမ်းခွဲပစ်လိုက်တယ်။ အခု ငွေရောင်စစ်သည်က ဓားနှစ်လက်ကိုင်ထားပြီး ဓားတွေက မြေဆွဲအားဆတိုးထားခြင်းမရှိတော့ပေမဲ့ ပိုပြီးသွက်သွက်လက်လက် မြန်မြန်ဆန်ဆန် လှုပ်ရှားလို့ရနေတယ်။ ငွေရောင်စစ်သည်ဝတ်စုံကိုယ်တိုင်ကလည်း ပေါ့ပါးသွားပြီး လေထုထဲမှာမျောလွင့်နေကာ ရန်သူနှစ်ယောက်ကို တူညီတဲ့မြန်နှုန်းနဲ့တန်ပြန်တိုက်ခိုက်တယ်။

“ဒီတစ်ယောက်က မလွယ်ဘူး။ ငါတို့ဆက်တိုက်နေရင် နောက်ထပ်စစ်ကူတွေရောက်လာပြီး အားလုံးရှုပ်ကုန်လိမ့်မယ်။ နန်းတော်ကို ပြန်ကြစို့။”

ယင်ကောင်က ပုစဥ်းကိုအော်ဟစ်အသိပေးလိုက်ရင်း ပြန်ဆုတ်ဖို့ကြိုးစားတယ်။ သူတို့ရင်ဆိုင်မိတာ မိနစ်ပိုင်းပဲ ရှိသေးတယ်ဆိုပေမဲ့ တိုက်ပွဲက အချိန်တိုအတွင်းပြီးမည့်ပုံမပေါ်သလို အနိုင်အရှုံးလည်း မသေချာပါဘူး။ ပြီးတော့ တိုကျိုမှာရှိနေတဲ့ မဟာမိတ်အယ်ဖာတွေကလည်း ဆုဗာနာကိုအတင်းချီတက်လာနေပါပြီ။

ယင်ကောင်က ပထမဆုံးတိုက်ပွဲကနေ စထွက်တယ်။ ပုစဥ်းကလည်း နောက်ကနေကပ်ပါလာတယ်။ မက်ဒါနာကတော့ သူတို့နှစ်ယောက်ကို မော့ကြည့်လိုက်ပြီး လက်ကိုဝေ့ယမ်းလိုက်ပါတယ်။ နောက်တော့ ပျံသန်းနေတဲ့ရိုင်ဖယ်တွေက ပေါင်းစပ်ပြီး အမြောက်ကြီးအဖြစ်ပေါင်းစပ်သွားတယ်။

[Ultimate Skill: Seraphim's Wrath]

ကြီးမားတဲ့အလင်းဒြပ်စင်တန်းကြီးက ရိုင်ဖယ်တွေရဲ့ပြောင်းဝကနေ ပေါင်းစည်းပြီးထွက်လာတယ်။ ယင်ကောင်က သူ့အောက်ကနေလာနေတဲ့အလင်းရောင်ကို ခံစားမိပြီး ရှောင်လိုက်မိပေမဲ့ အတွေ့အကြုံနည်းသေးတဲ့ ပုစဥ်းကတော့ မရှောင်လိုက်နိုင်ပါဘူး။

ဘုန်း...

“အား.....” စက္ကန့်အနည်းငယ်အကြာမှာပဲ အလင်းတန်းက ပုစဥ်းရဲ့ပခုံးကိုထိမှန်ပြီး အတောင်ပံတွေ ပြုတ်ထွက်ကုန်တယ်။ မကြာခင်မှာပဲ ပိုးကောင်တစ်ဝက်ပုံစံပျောက်သွားပြီး ဒီပရဲ့ခန္ဓာကိုယ်က မြက်ခင်းပြင်တစ်နေရာမှာ ပြုတ်ကျသွားရော။ ယင်ကောင်က ပြန်ဆင်းလာပြီးကယ်တင်ဖို့လုပ်ပေမဲ့ ငွေရောင်စစ်သည်က သူ့ကိုနောက်အလင်းတန်းနဲ့ပစ်ခတ်လိုက်တာကြောင့် ရှောင်ထွက်လိုက်ရတယ်။

“လုံးဝအခြေအနေမပေးဘူးပဲ။ နောက်မှမင်းအတွက် လက်စားချေပေးတော့မယ်။”

ယင်ကောင်က ရဲဘော်ရဲဘက်တွေကို တန်ဖိုးထားပေမဲ့ လောလောဆယ် သေတွင်းထဲခုန်ဝင်လို့မဖြစ်သေးဘူးဆိုတာ သူသိပါတယ်။ သူသေတာနဲ့ ပိုးကောင်စစ်တပ်က လုံးဝပျက်စီးသွားတော့မှာပါ။ ဒါကြောင့် ရှေ့ရေးကို ရှေးရှုပြီး အတောင်ပံတွေကိုသုံးကာ တိုက်ပွဲမြေပြင်ကနေ အမြန်ဆုံးထွက်ခွာသွားတော့တယ်။

ငွေရောင်စစ်သည်ကတ ပုစဥ်းပြုတ်ကျသွားတဲ့နေရာကို ဖြည်းဖြည်းချင်းလျှောက်သွားပြီး ပုစဥ်းကိုကြည့်လိုက်တယ်။ အခုသူက လူပုံစံနဲ့ရှိနေပြီး ကောင်လေးဒီပရဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေပါတယ်။ မက်ဒါနာကို ဒေါသစိတ်နဲ့ဓားကို မြှောက်လိုက်ပေမဲ့ စိတ်ထဲမှာ ဝေခွဲမရဖြစ်နေပါတယ်။ သူတို့တွေက ပိုးကောင်ဖြစ်သွားခဲ့ပေမဲ့ အသိစိတ်ဆိုတာ ရှိနေသေးပြီး လူသားတွေလိုပဲ ခံစားချက်ရှိကြတယ်လေ။ မယ်လီဆိုရင် သူရဲကောင်းဆန်ဆန်အသက်ပေးခဲ့ပြီး ဥစာကီဆိုရင်လည်း သူ့ညီမလေးကိုချစ်နေဆဲပဲ။ ဒီပိုးကောင်ကို သူသတ်သင့်လား လွှတ်ပေးသင့်လား သူနားလည်ဘူး။

“မင်းဘာကြောင့် ငါ့ကိုမသတ်သေးတာလဲ။” ပုစဥ်းက မက်ဒါနာကို မော့ကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာ နားလည်ပုံမရဘူး။ မက်ဒါနာလည်းတွေဝေနေမိပြီး ဒီမေးခွန်းအတွက်အဖြေကို ပေးဖို့ခက်ခဲနေပြန်တယ်။

“ကြည့်ရတာ ခက်ခဲနေပုံပဲ။” အဝေးတစ်နေရာမှာရှိနေတဲ့ ဖရာလီတာကတော့ မြေပြင်ကနေ ထရပ်လိုက်ပြီး ဂါဝန်မှာ ပေကျံနေတဲ့ဖုန်တွေကို ခါထုတ်ပစ်လိုက်တယ်။ အခုသူ့မျက်လုံးနှစ်ဖက်လုံးက ငွေရောင်ဖြစ်နေပြီဖြစ်ပြီး ဖရာလီတာအစား အီဆန်က လူစားဝင်ထားမှန်းသိနိုင်တယ်။

“မက်ဒါနာ... နင့်လက်တွေကို ညစ်ပတ်မခံနဲ့။ ငါပဲ နင့်ကိုယ်စားကူညီပေးပါ့မယ်။”

ဖရာလီတာက ငွေရောင်စစ်သည်နဲ့ပုစဥ်းကြားထဲ လျှောက်သွားလိုက်ပြီး သူ့လက်မှာဝတ်ထားတဲ့ နည်းပညာလက်အိတ်ကို အသင့်ပြင်ကာ လက်သီးကို ဆုပ်လိုက်တယ်။ အဲဲဒီနောက် ပုစဥ်းရဲ့နှလုံးသားကို ထိုးနှက်ဖို့ ကြိုးစားလိုက်ပေမဲ့ မက်ဒါနာက ဖရာလီတာရဲ့လက်ကို ဖမ်းဆွဲလိုက်တယ်။

“မင်းဒါဘာလုပ်တာလဲ....” မက်ဒါနာက သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ မေးလိုက်ပါပြီ။

ဖရာလီတာက အနည်းငယ်အံ့ဩသွားတဲ့ပုံစံနဲ့ မက်ဒါနာကို မော့ကြည့်လိုက်ပြီး ရှင်းပြလိုက်တယ်။ “ဒီပက ဘာပဲပြောပြောနင့်မောင်လေးမဟုတ်လား။ ပိုးကောင်တွေက ရန်သူတွေဆိုပေမဲ့ နင်မကောင်းခံစားရမှာပဲလေ။ ဒါကြောင့် လက်တွေညစ်ပတ်ပြီးသားဖြစ်တဲ့ငါက....”

ဖရာလီတာက အကျိုးသင့်အကြောင်းသင့်ရှင်းပြဖို့ ကြိုးစားပေမဲ့ မက်ဒါနာက သူ့လက်ကို ပိုပြီးတင်းတင်း ဆုပ်ကိုင်ထားလိုက်တဲ့အတွက် ဖရာလီတာမျက်လုံးပြူးသွားတယ်။

“မက်ဒါနာ... နင်က ဝတ်စုံနည်းနဲ့လေ၊ နာတယ်ဟဲ့။”

“ငါ့ကို ဖရာလီတာလေသံနဲ့ပြောမနေနဲ့၊ နင်က ဘယ်သူလဲ။”

မက်ဒါနာက ထပ်ပြီးပြောလိုက်တယ်။ ဝတ်စုံရဲ့မျက်လုံး နေရာက ငွေရောင်တောက်ပနေပြီး မျက်နှာဖုံးအောက်က မျက်နှာကို သေချာမမြင်ရတဲ့အတွက် မက်ဒါနာရဲ့စိတ်ကို ခန့်မှန်းရခက်နေပါတယ်။ မက်ဒါနာရဲ့စကားကြောင့် ဖရာလီတာကို ထိန်းချုပ်နေတဲ့ အီဆန်လည်း အံ့ဩသွားတယ်။

“ငါက... ဖရာလီတာလေ...” လို့ပြောလိုက်ပေမဲ့ ငွေရောင်စစ်သည်က ခေါင်းကိုခါယမ်းလိုက်ပြီး

“မဟုတ်ဘူး... ဖရာလီတာသာဆိုရင် ငါက ဗစ်ကောင့် ဖရာလီတာ။ ပန်ဒရာဂွန်နဲ့ထရွိုင်ရွန် မိသားစုခေါင်းဆောင်လို့ ပြောလိမ့်မယ်။ ပြီးတော့....”

မက်ဒါနာက လက်ကိုဝေ့ယမ်းလိုက်ပြီး ပျံသန်းနေတဲ့ ရိုင်ဖယ်တွေနဲ့ ဖရာလီတာကို ချိန်လိုက်တယ်။

“ဖရာလီတာသာ တကယ်တမ်းကူညီပြီးတော့ ငါ့မောင်ကို သတ်ပေးချင်တယ်ဆိုရင် စကားတစ်ခွန်းမှမပြောဘဲ သတ်ပေးလိမ့်မယ်။ စာနာသလို အပိုစကားတွေလာပြောမှာမဟုတ်ဘူး။ ဘာလို့ဆိုရင် သူက တန်ဖိုးထားရတဲ့လူတစ်ယောက်ကို ဆုံးရှုံးရတာ ဘယ်လောက်နာကျင်လဲဆိုတာ သိနေတဲ့သူမလို့ပဲ။”

ဖရာလီတာက မက်ဒါနာရဲ့လက်ကနေ အတင်းရုန်းထွက်တယ်။ မက်ဒါနာကတော့ ရှေ့ကို ခြေတစ်လှမ်းထပ်လှမ်းလိုက်ပြီး တူညီတဲ့မေးခွန်းကိုပဲ မေးလိုက်ပါတယ်။

“ထပ်မေးမယ်၊ မင်းက ဘယ်သူလဲ။”

All Chapters