အခန်း (၂၉)
Vol. 11 Ch. 29
ဖရာလီတာက နောက်ကိုကြောက်ကြောက်လန့်လန့် ဆုတ်နေတဲ့ပုံစံကနေပြီး ရုတ်တရက်ပြုံးလိုက်တယ်။ အဲဒီနောက် လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ မြေပြင်ကနေ ငွေရောင်သတ္တုရည်တွေစိမ့်ထွက်လာပြီး နည်းပညာလက်အိတ်မှာ လာစုပါတယ်။ နောက်တော့ ဖရာလီတာက ငွေရောင်စစ်သည်ကို လက်သီးနဲ့ထိုးချလိုက်တယ်။
ဘုန်း...
ရုတ်တရက်ဖြစ်တာကြောင့် ငွေရောင်စစ်သည်လည်း ရှောင်ဖို့အချိန်မရလိုက်ဘဲ ဧရာမငွေရောင်သတ္တုရည်နဲ့ ဖွဲ့စည်းထားတဲ့ လက်သီးချက်ဒဏ်ခံလိုက်ရကာ နောက်ကို မီတာဆယ်နဲ့ချီလွှင့်ထွက်သွားတယ်။
“ကြည့်ရတာ တိုက်ပွဲဆက်ဖြစ်ဦးမယ့်ပုံပဲ။ ဒီကနေ အမြန်ဆုံးထွက်ရမယ်။”
ပုစဥ်းက ချက်ချင်းဆုံးဖြတ်ချက်ချလိုက်ပြီး အယ်ဖာအဆင့် ရန်သူနှစ်ယောက်ကို လစ်လျူရှုကာ ပိုးကောင်ပုံစံပြောင်းပြီး ကန်ရေပြင်ကို ဖြတ်ပြေးတယ်။ ကံမကောင်းစွာနဲ့ အတောင်တွေပြန်ပေါက်မလာသေးဘူးလေ။
“သတ္တုတွေကို အက်တမ်အဆင့်ထိထိန်းချုပ်ပြီးတော့ နည်းပညာပစ္စည်းအဖြစ်ဖွဲ့တည်နိုင်တဲ့ Nano အဆင့် technotelekinesisလား။ ဒီစွမ်းအားက....”
မက်ဒါနာက ဒီစွမ်းအားကို ရင်းရင်းနှီးနှီးသိပါတယ်။ သူကိုယ်တိုင်မှာရှိနေတဲ့စွမ်းအားနဲ့အမျိုးအစားတူမျိုးကွဲတစ်ခုဖြစ်ပြီး ပိုအားကောင်းတယ်လို့ပြောရမှာပါ။ မက်ဒါနာက နည်းပညာပစ္စည်းတွေကိုထိန်းချုပ်နိုင်ပေမဲ့ အခုလိုမျိုးဘာပစ္စည်းကိရိယာမှမလိုဘဲ ဖန်တီးတာမျိုးတော့ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီစွမ်းအားကို သူမမြင်ဖူးတာတော့မဟုတ်ဘူး။
“နားလည်ပြီ... နင်ကိုး...” မက်ဒါနာက မြွေမြွေချင်း ခြေမြင်လေဟန်နဲ့ ဖရာလီတာကိုကြည့်လိုက်တယ်။ အခုဖရာလီတာကို သတ္တုရည်တွေက ဝိုင်းရံထားပြီး ပျက်စီးသွားတဲ့ Archmega Prime X ဝါးဖရိန်က ပြန်လည်တည်ဆောက်ပြီးလုနီးနီးဖြစ်နေပါပြီ။
“ငါ့ရဲ့ပြိုင်ဖက်လို့မပြောရဘူး... ငါ့ကိုတကယ်မှတ်မိနေတာပဲ။ ဟုတ်တယ်၊ ဒီစွမ်းအားက ငါနင့်ကို ငှားပေးဖူးတဲ့စွမ်းအားလေ။”
ဝါးဖရိန်က သတ္တုရည်တွေကနေတစ်ဆင့် ဓားနဲ့ဒိုင်းကို ချက်ချင်းဖန်ဆင်းလိုက်တယ်။ အဲဒီနောက်တော့ ငွေရောင်စစ်သည်တော်ကို တိုက်ရိုက်ဝင်တိုက်တယ်။ ငွေရောင်စစ်သည်က ဓားကိုမြှောက်ပြီး ဝါးဖရိန်ရဲ့ဓားကို ပိတ်ဆို့လိုက်ပေမဲ့ ဝါးဖရိန်က ဒိုင်းနဲ့တစ်ဖက်ကနေ ရှုထောင့်ပြောင်းပြီးဝင်ရိုက်ဖို့လုပ်တာကြောင့် နောက်ကို ခုန်ဆုတ်လိုက်ရတယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်က ရန်သူအသာစီးရသွားမှာကို တားဆီးတဲ့အနေနဲ့ ပျံသန်းရိုင်ဖယ်တွေနဲ့ ဝါးဖရိန်ကိုပစ်ခတ်လိုက်တယ်။
ထန်း... ထန်း... ထန်း...
အနီးကပ်ဖြစ်တာကြောင့် ဖရာလီတာရဲ့ဝါးဖရိန်ပေါ်မှာ အက်ကြောင်းရာတချို့ထင်လာပေမဲ့ ချက်ချင်းပဲ သတ္တုရည်တွေက ပြန်လည်ကုစားပေးသွားတယ်။ လက်ရှိဖရာလီတာရဲ့ဝါးဖရိန်ကို အနိုင်ရဖို့ဆိုရင် ဝါးဖရိန်ထက် ငါးဆလောက်ပိုစွမ်းနေမှဖြစ်နိုင်မှာပါ။ အနည်းငယ်လောက်ပိုစွမ်းအားကြီးရုံနဲ့ ဝါးဖရိန်ကို ဖျက်ဆီးဖို့မဖြစ်နိုင်တာကြောင့် အနိုင်ရယူဖို့နည်းလမ်း မမြင်ဘူး။
“စိတ်ရှုပ်စရာကောင်းတဲ့ဝိညာဥ်မ... ဖရာလီတာရဲ့ ကိုယ်ထဲကိုဝင်ပြီး ဘာလုပ်နေတာလဲ။”
မက်ဒါနာက ဝါးဖရိန်ကိုအတင်းဝင်လုံးတယ်။ ဓားနဲ့ခုတ်ချပြီးပိုင်းဖြတ်ဖို့လုပ်ပေမဲ့ ဝါးဖရိန်က ဒိုင်းကိုမြှောက်ပြီး ဓားကိုတားလိုက်တာကြောင့် မက်ဒါနာက ဓားကိုထပ်ခြမ်းခြမ်းပြီး ဒိုင်းလွတ်နေတဲ့ နေရာကနေတစ်ဆင့် ချပ်ဝတ်ကိုဖျက်ဆီးဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဝါးဖရိန်က ဒိုင်းကိုအားစိုက်ထည့်ပြီး ငွေရောင်စစ်သည်ကို တွန်းထုတ်လိုက်တာကြောင့် အခွင့်အရေးမရလိုက်ဘူး။
“စစချင်းတုန်းကတော့ လက်စားချေဖို့ပေါ့...”
အီဆန်ဝင်ပူးထားတဲ့ ဖရာလီတာက နှုတ်ခမ်းပေါ်ကို လက်ညိုးတင်လိုက်ရင်း ပြောလိုက်တယ်။ သူထိန်းချုပ်ထားတဲ့ ဝါးဖရိန်ကတော့ ဒိုင်းနဲ့ဓားကိုဖျောက်ပြီး ဧရာမအမြောက်ကြီးအဖြစ် ပြောင်းလိုက်ကာ အလင်းဒြပ်စင်နဲ့မက်ဒါနာကိုပစ်တယ်။ ငွေရောင်စစ်သည်ကလည်း လက်ဖျောက်တီးလိုက်ပြီး Seraphim’s Wingsကိုအသုံးပြုကာ အမြောက်ပစ်အားချင်းယှဥ်တယ်။
ဘုန်း....
အလင်းဒြပ်စင်အလင်းတန်းနှစ်ခုက သူတို့နှစ်ယောက်ရဲ့အလယ်မှာ ဆုံမိသွားပြီး အလင်းတန်းတွေ လမ်းလွဲကာ မိုးကောင်းကင်ပေါ်ကိုထောင်တက်သွားပါတယ်။ အလင်းတန်းက မိုးကောင်းကင်ပေါ်ကတိမ်တိုက်တွေကို ခွဲချလိုက်ပြီး ဂြိုဟ်ပတ်လမ်းထဲမှာရှိနေတဲ့ ဂြိုဟ်တုတချို့ကိုပါ ဖျက်ဆီးမိသွားတာကြောင့် တစ်ကမ္ဘာလုံးက ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်ပါတယ်။
“ဒါပေမဲ့ တဖြည်းဖြည်းနဲ့ နင့်ကိုငါသဘောကျလာပြီး ငါ့ရဲ့အိမ်မွေးတိရိစ္ဆာန်လေးအဖြစ် ထားချင်စိတ်ပေါက်လာတယ်လေ။” ဖရာလီတာက ဝတ်စုံထဲမှာ မျက်လုံးကိုမှေးထားပြီး မက်ဒါနာကို အတည်ပေါက်နဲ့ပြောလိုက်တယ်။ ငွေရောင်စစ်သည်ကတော့ ဒေါသအလိမ်းလိုက်ထွက်ပြီး ဖရာလီတာရဲ့ဝါးဖရိန်အသစ်ကို လွှမ်းမိုးနိုင်ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးရဲ့စွမ်းအားတွေက အတူတူဖြစ်နေပြီး သူမနိုင်ကိုယ်မနိုင်ပါပဲ။
“ကြည့်ရတာ နည်းလမ်းက တစ်ခုပဲရှိတော့တယ်နဲ့တူတယ်။”
မက်ဒါနာရဲ့မျက်လုံးတွေကနေ ငွေရောင်အလင်းတန်းတချို့ ထွက်ပေါ်လာတယ်။ အရင်က ဖရာလီတာကိုအနိုင်ယူခဲ့တဲ့ နည်းလမ်းကိုသုံးပြီး အခုဖရာလီတာကိုယ်ထဲက အီဆန်ကိုရော နိုင်မလားသူတွေးမိတယ်။ ဒါကြောင့် သူက ဖရာလီတာရဲ့ဝါးဖရိန်ကိုထိန်းချုပ်ကာ မသိမသာ ပါဝါပိတ်ချဖို့လုပ်ပေမဲ့....
“အားဟားဟားဟား....” ဖရာလီတာဆီကနေပြီး ရယ်သံ ထွက်လာရုံကလွဲလို့ ဘာမှဖြစ်မသွားဘူး။
“အဲဒီလိုကလေးကစားစရာအကွက်နဲ့ ဒီဝတ်စုံကို အခန်းမီးပိတ်သလို ပိတ်ချလို့ရနေမယ်ထင်နေတာလား။ နင့်အစွမ်းတွေအကုန်လုံးက တစ်ချိန်က ငါပိုင်ခဲ့တာတွေဟဲ့။”
ဝါးဖရိန်က မက်ဒါနာကိုတိုက်ခိုက်နေရင်းကနေပြီး ငွေရောင်စစ်သည်ရဲ့ခံစစ်တွေကို ချိုးဖောက်နိုင်သွားတယ်။ အဲဲဒီနောက်တော့ အမြောက်ကိုသိမ်းပြီး ဧရာမလက်နှစ်ကိုင်ဓားကြီးအဖြစ်ပြောင်းကာ ငွေရောင်စစ်သည်ကို ခုတ်ချလိုက်တယ်။
“မကောင်းတော့ဘူး...” အခြေအနေမဟန်တော့တဲ့အတွက် မက်ဒါနာက ဝတ်စုံရဲ့မြေဆွဲအားကိုလျော့ချလိုက်ပြီး နောက်ကို လစ်ခနဲရှောင်ထွက်လိုက်တယ်။ ဒါပေမဲ့ ဝါးဖရိန်က ပါလာနေတုန်းပဲ။
[Ultimate Skill: Gravity Punch!]
ဒါကြောင့် မက်ဒါနာက လက်သီးကိုဆုပ်ပြီး မြေဆွဲအား အားကုန်နဲ့ ဝါးဖရိန်ကိုထိုးချလိုက်တယ်။ ဝါးဖရိန်က ဓားပြားကိုမြှောက်ပြီးခုခံပေမဲ့ လက်သီးချက်က ပြင်းလွန်းတာကြောင့် ဓားကျိုးသွားပြီး ဝတ်စုံသတ္တုအလွှာတွေပါ ကြက်သီနီလိုမျိုးလန်ထွက်ကုန်တယ်။ အထဲက ပိုင်းလော့ခုံမှာရှိနေတဲ့ ဖရာလီတာကိုတောင် မက်ဒါနာမြင်နေရပြီ။ ဖရာလီတာက မက်ဒါနာကို ငွေရောင်တောက်တောက်မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး လှောင်ရယ်ပြတယ်။
“သေသေချာချာ အားလေးဘာလေးထိန်းစမ်းပါ။ ဒီကောင်မလေးခေါင်း နင့်လက်သီးကြောင့်ပေါက်ကွဲသွားရင် နင်ပဲကြေကွဲရမှာနော်။”
အီဆန်က မက်ဒါနာကို ဆက်တိုက်စိတ်ဆွပေးနေတယ်။ နယ်စားကြီးကိုဆုံးရှုံးလိုက်ရတာရော ဒီပပိုးကောင်ဖြစ်သွားတာရောကြောင့် စိတ်ရှုပ်နေပြီဖြစ်တဲ့ မက်ဒါနာက ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ သည်းမခံနိုင်ဘူးဆိုတာထက် သည်းမခံချင်တော့ဘူးလို့ ပြောရမှာ။
“ဒီအရူးမကို ဖရာလီတာကိုယ်ထဲကနေ ဆွဲထုတ်ဖို့ နည်းလမ်းရှာရမယ်။”
မက်ဒါနာက တွေးလိုက်တယ်။ အီဆန်က ခန္ဓာကိုယ်မရှိတဲ့ ဝိညာဥ်ဖြစ်မှန်း မက်ဒါနာသိပါတယ်။ ပြဿနာက အဲဒီဝင်ပူးနေတဲ့ဝိညာဥ်ကို ဘယ်လိုဆွဲထုတ်ရမှန်း သူမသိတာပါ။
...
“ဟမ်... ဘယ်လိုတွေတောင်ဖြစ်နေတာလဲ။”
တိုကျိုတိုက်ပွဲကနေပြီးတော့ ဆုဗာနာကို ဆက်တိုက်ပျံသန်းလာတဲ့ ဆိုဖီယာတို့အုပ်စုက သူတို့ရှေ့မှာ မြင်နေရတဲ့မြင်ကွင်းကြောင့် နားမလည် နိုင်လောက်အောင်ဖြစ်နေပါတယ်။ သူတို့ကြားခဲ့ရတဲ့သတင်းက ဆုဗာနာကို ပိုးကောင်တွေ လာတိုက်နေတယ်လို့ပါ။ အခုတော့ ဆုဗာနာတစ်ခုလုံး ဖုန်းဆိုးမြေဖြစ်နေပြီး ပိုးကောင်တစ်ကောင်မှမတွေ့ရတော့ဘူး။ အဲဒီအစား ဧရာမနည်းပညာမြင့်စစ်ဝတ်စုံနှစ်ခုက လေထုထဲမှာ တိုက်ခိုက်နေတာကိုပဲ မြင်ရတော့တယ်။ ပြီးတော့ နှစ်ယောက်လုံးက မက်ဒါနဲ့ဖရာလီတာဆိုတဲ့ တအားပနံသင့်ကြတဲ့သူတွေလေ။
“သူတို့နှစ်ယောက် ငါတို့ကွယ်ရာမှာ အချစ်စမ်းနေတာတော့ မဟုတ်ပါဘူးနော်။”
ဖလေရာက ကောက်ချက်ချလိုက်တဲ့အတွက် ကျန်တဲ့သူတွေက ဖလေရာကို ဝိုင်းရိုက်တော့မယ့် အကြည့်တွေနဲ့ ကြည့်လိုက်ကြပါတယ်။ ဒါပေမဲ ခဏနေတော့ အေမီလည်း သူတို့အရိပ်တွေထဲကနေ ခွေးနက်ကြီးနဲ့အတူထွက်လာပြီး ပြောလိုက်တယ်။
“အဲဒီလိုဖြစ်တဲ့ပုံတော့မတူပါဘူး၊ သေချာတော့နားမလည်ပေမဲ့ ဖရာလီတာရဲ့ကိုယ်ထဲမှာ ဆိုဖီယာနဲ့ဖြစ်တည်မှုချင်းတူတဲ့အရာတစ်ခုက ဝင်ပြီးထိန်းချုပ်နေတယ်လို့ ခပ်ရေးရေးခံစားမိတယ်။ မမလေးက အဲဒီအရာကိုဆွဲထုတ်ဖို့ ကြိုးစားနေရုံပါ။”
ဆိုဖီယာကလည်း လက်ကိုပိုက်ထားပြီးတော့ လေထုထဲက တိုက်ပွဲကိုကြည့်လိုက်တယ်။ “တစ်နည်းအားဖြင့် နတ်ဘုရားအသံတစ်ယောက်က သက်ရှိလူသားတစ်ယောက်ကို ဝင်ပူးထားသလိုဖြစ်နေတာပေါ့။”
အဲဒီစကားကြောင့် လင်ဒါကျောချမ်းသွားတယ်။ တစ်ချိန်က ဆိုဖီယာသူ့ခန္ဓာကိုယ်ထဲ ဝင်ပူးဖူးတယ်လေ။ ဆိုဖီယာကတော့ သူ့မေးကိုသူ လက်နဲ့ပွတ်သပ်ပြီး စဥ်းစားနေတယ်။
“သက်ရှိလူသားတစ်ယောက်ကို နတ်ဘုရားအသံလို ဖြစ်တည်မှုတွေက ဝင်ပူးနိုင်တဲ့ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်။ အဲဒီလူသားရဲ့ စိတ်ဝိညာဥ်က အင်မတန်အားနည်းနေပြီး မတည်ငြိမ်လို့ပဲ။ အရင်တစ်ခါ ငါလင်ဒါကို ဝင်ပူးနိုင်ခဲ့တာလည်း အဲဒါကြောင့်လေ။”
ဆိုဖီယာ လင်ဒါကိုဝင်ပူးတုန်းက လင်ဒါဟာ ပြန်လည် ရှင်သန်လာစဖြစ်ပြီး စိတ်ဝိညာဥ်က အပြည့်အဝပြန်ပြီး မကောင်းလာသေးလို့ပါ။ အေမီကလည်း ကောင်းကင်ပေါ့ကိုကြည့်ပြီး သုံးသပ်လိုက်ပါတယ်။
“အခုရက်ပိုင်းအတွင်း ဖရာလီတာရဲ့စိတ်ဝိညာဥ် အားနည်းသွားရလောက်တဲ့အထိ ဖြစ်စေနိုင်တဲ့ ဖြစ်ရပ်တွေအများကြီးရှိခဲ့တယ်။ အထူးသဖြင့် အယ်လိုဟင်ကိစ္စပေါ့။”
အားလုံး ခေါင်းညိတ်လိုက်ကြတယ်။ သူတို့တွေက အချစ်ပြိုင်ဘက်တွေဆိုပေမဲ့ ဖရာလီတာက သူတို့ရဲ့မိတ်ဆွေတစ်ယောက်ဖြစ်ပြီး အရေးပါတဲ့ တည်ရှိမှုတစ်ခုပါ။ ဒါကြောင့် အနည်းဆုံးတော့ မက်ဒါနာနဲ့ဖရာလီတာတို့ အချင်းချင်းပြန်သတ်နေတာကို သူတို့မမြင်လိုကြဘူး။
“ဆိုဖီယာ၊ နင်ကလည်း ဝိညာဥ်ဆိုတော့ အကြံတစ်ခုခုမရှိဘူးလား။”
ဖလေရာက မေးလိုက်တယ်။ ဆိုဖီယာကလည်း လေးလေးနက်နက်တွေးပြီးတော့ ပြန်ဖြေပါတယ်။ “လက်ခံကောင်ရဲ့ဝိညာဥ်က ပြန်အားကောင်းလာမယ်ဆိုရင် ပူးကပ်နေတဲ့ဝိညာဥ်ရဲ့တည်ရှိမှုက အလိုလိုဖိနှိပ်ခံရပြီး ကိစ္စတွေပြေလည်သွားလိမ့်မယ်။ ဒါပေမဲ့ လောလောဆယ် ဖရာလီတာရဲ့အသိစိတ်က မသိစိတ်အဖြစ်လုံးလုံးပြောင်းပြီး အသိစိတ်လွတ်နေလောက်ပြီ။”
ဒါပေမဲ့ ဒီတစ်ခါတော့ အေမီကခေါင်းညိတ်လိုက်တယ်။ သူ့မှာ ဖြေရှင်းနည်းတစ်ခုရှိနေပုံပဲ။ “ မြွေနဂါးရဲ့စွမ်းအားကလည်း လူသားတွေရဲ့မသိစိတ်ထဲက ကြောက်ရွံမှုတွေကို အသုံးပြုပြီး ပိုစွမ်းအားကြီးလာတာမျိုးမဟုတ်လား။ ဒီတော့မြွေနဂါးကိုသုံးပြီး မသိစိတ်ထဲရောက်နေတဲ့ ဖရာလီတာကို ကယ်တင်လို့ရနိုင်လောက်တယ်။”
ဝုတ်... ဝုတ်...
အဲဒီနောက်တော့ အေမီက သူ့ကိုယ်သူ စေဘာစတိန်းနဲ့ ပေါင်းစပ်လိုက်ပြီး အနူးဘစ်အဖြစ်ကို ပြောင်းလိုက်ပါတယ်။ အဲဒီနောက် အရိပ်တွေထဲမှာ ဖြတ်သန်းသွားလာရင်း မက်ဒါနာရဲ့ဘေးမှာပြန်ထွက်ပေါ်လာတယ်။
“ဘယ်သူလဲ...” တိုက်ပွဲထဲမှာ ရုတ်တရက်ဘေးကနေ တခြားတစ်ယောက်ရောက်လာတာကြောင့် မက်ဒါနာ ထိတ်လန့်သွားပေမဲ့ အေမီမှန်းသိတာကြောင့် ချက်ချင်း စိတ်ကိုလျှော့ချလိုက်ပြီး ဝါးဖရိန်ရဲ့တိုက်စစ်တစ်ခုကို ပြန်လည်ချေပလိုက်တယ်။
“မမလေး... ဖရာလီတာရဲ့ကိုယ်ထဲကဝိညာဥ်ကို နှင်ထုတ်ပစ်ဖို့အတွက် ကျွန်မမှာနည်းလမ်းရှိတယ်။”
အေမီက အလျင်အမြန်ပြောလိုက်တယ်။ မက်ဒါနာက နည်းလမ်းရှိတယ်ဆိုတဲ့စကားကြောင့် ချက်ချင်းစိတ်ဝင်စားလာပေမဲ့ အဲဒါကြောင့်ပဲ စက္ကန့်အနည်းငယ်လောက် ငေးငိုင်မိသွားတယ်။ အကျိုးဆက်အနေနဲ့ ဝါးဖရိန်က မက်ဒါနာရဲ့ခံစစ်ကို အခက်အခဲမရှိချိုးဖောက်ဝင်လာနိုင်ပြီး လွှစက်နဲ့ ငွေရောင်စစ်သည်ကို ပိုင်းဖြတ်နိုင်လုနီးပါးဖြစ်သွားလေရဲ့။ ကံကောင်းတာက အေမီဘေးမှာရှိနေပြီး အေမီက တံစဥ်ကိုသုံးကာ သူ့မမလေးကို ကာကွယ်ပေးလိုက်နိုင်တယ်။
“နင့်ပြိုင်ဘက်က ရှေ့မှာရှိနေတာတောင်မှ တခြားတစ်ယောက်နဲ့စကားပြောနိုင်နေသေးတာလား။ တော်တော် မလေးစားရာကျတာပဲ။”
အီဆန်ကတော့ ဒေါသတွေပေါက်ကွဲနေပါပြီ။ တခြားသူ တစ်ယောက်ဆိုရင်တော့ အယ်ဖာအဆင့်စစ်ကူတွေ တစ်သီကြီးရောက်လာတာမြင်တာနဲ့ ထွက်ပြေးမှာဆိုပေမဲ့ အီဆန်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒီလူတွေက ဖရာလီတာကို တိုက်ခိုက်မယ့်သူတွေမဟုတ်မှန်း သိနေတယ်လေ။
“မမလေးအနားမှာ ကျွန်မတို့ရှိနေပြီဆိုတော့ မြွေနဂါးကို သုံးလို့ရသွားပြီ။ မြွေနဂါးကိုသုံးပြီး ဖရာလီတာရဲ့မသိစိတ်ထဲကိုဝင်သွားလိုက်။ ပြီးရင် သူနဲ့စကားပြောပြီး အပါပြန်ခေါ်လာခဲ့ပါ။”
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ရင်ဘတ်က အနက်ရောင်ကျောက်တုံးကို ထိလိုက်ပါတယ်။ ငွေရောင်စစ်သည်က ချက်ချင်းပဲ Abyss Knight အဖြစ်ပြောင်းသွားခဲ့ပါပြီ။ ဒါပေမဲ့ တခြားလူရဲ့မသိစိတ်ထဲ ဝင်ရောက်ဖို့ဆိုတာ တစ်ဖက်လူက တည်ငြိမ်နေတဲ့စိတ်အခြေအနေမှာ ရှိနေမှ အောင်မြင်နိုင်တာမျိုးပါ။ ပြဿနာက သူ့ရှေ့က အီဆန်ဟာ အင်မတန်တက်ကြွနေလွန်းတယ်။
“ငါ့တာဝန်ထားလိုက်....” ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ နတ်သူငယ်မလေးက မက်ဒါနာအနားပျံသန်းလာပြီး ဖရာလီတာကို လက်ညိုးနဲ့ညွန်ပြကာ စကားတစ်ခွန်းကို ရေရွတ်လိုက်တယ်။
“အိပ်မောကျစေ....”
အဲဲဒီနောက်တော့ တိုက်ခိုက်နေရင်းကနေပဲ ဖရာလီတာရဲ့မျက်ခုံးတွေလေးလံလာပြီး နောက်ဆုံးမှာ ပိတ်ကျသွားတော့တယ်။
“မက်ဒါနာ၊ ငါသူ့ကို မိနစ်နည်းနည်းပဲအိပ်အောင် လုပ်နိုင်မှာ။ အခွင့်အရေးကို လက်လွှတ်မခံနဲ့။”
ဆိုဖီယာက ပြောလိုက်တယ်။ မက်ဒါနာကလည်း ခေါင်းညိတ်လိုက်ကာ မြွေနဂါးကိုသုံးပြီး ဖရာလီတာရဲ့မသိစိတ်ထဲကို ဝင်ရောက်သွားတော့တယ်။