အခန်း (၅၁၂)
Vol. 35 Ch. 512
ထိုအခိုက် ရန်သုံ့မှာလုံးဝအတွန့်တက်ပစ်ချင်သည်။ တစ်ဖက်လူကသူဌေးဖြစ်နေ၍ သူ့စိတ်ထဲမှာသာထားလိုက်ရသည်။
နောက်ပြီး သူဌေးကမေးတော့ ဖြေရဦးမည်။ ဒါအလုပ်ခွင်မှာ EQ နည်းလွန်းရာကျလိမ့်မည်။
ထို့ကြောင့် လုပ်ကြံ၍ရွှီးလိုက်ရသည်_
''သူဌေး... ကျွန်တော်လည်း ဘာဖြစ်နေမှန်းမသိဘူး... ဘာပဲဖြစ်ဖြစ် ဒီဝက်တွေကိုအမေရိကန်ကပျိုးထောင်တာလေ... ဒီဒူးရော့ဝက်ငယ်တွေက သားစပ်ပြီးနောက်ပိုင်း မျိုးစိတ်ပြောင်းသွားပြီးတော့ အရမ်းတက်ကြွနေတာဖြစ်ရင်ဖြစ်မယ်... တချို့တိရစ္ဆာန်တွေကတက်ကြွလွန်းလို့ စွမ်းအင်ထွက်ပေါက်ပေးဖို့လိုတယ်''
ဟုတ်တယ်လေ။ ဒီဒူးရော့ဝက်တွေကိုသားစပ်ပြီး လေ့ကျင့်ထားလို့လည်းဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် အိမ်မွေးတိရစ္ဆာန်လိုထားတာကိုး။
ရန်သုံ့ကသူ့လုပ်ဇာတ်ကိုအကျိုးသင့်အကြောင်းသင့်ခိုင်မာသည်ဟုခံစားလိုက်ရသည်။ နောက်ပြီး ဒီဝက်ကအမေရိကန်ဝက်။ ယူလာတဲ့သူဌေးတောင်မသိရင် သူပြောတာမှန်မမှန်ဘယ်သူသိမှာလဲ?
သူမှန်ချင်လည်းမှန်နိုင်သည်။
ရန်သုံ့၏မဟုတ်တရုတ်စကားနားထောင်ပြီး ချင်လင်စိတ်ထဲတွင်ရယ်ချင်သွားသည်။ ထို့နောက် သူက'ခင်ဗျားကိုကျွန်တော်ယုံတယ်'ဆိုသောပုံမျိုးပြလိုက်ပြီး_
''ဒါဖြစ်နိုင်တယ်... ဒီလိုဆိုရင် ခင်ဗျားပြောသလို ဒီဝက်တွေအကြောင်းအကျဉ်းချုပ်ရေးပြီး ဝက်ခြံထဲမှာထောင်ထားပါ... ဟိုရှီနိုကလူတွေအတည်မပြုနိုင်ဘူးဆိုမှတော့ မှန်မှန်မှားမှားကိစ္စမရှိဘူး''
''အာ!!'' ရန်သုံ့မှာထိုစကားကြားပြီး ချက်ချင်းနေမထိထိုင်မသာဖြစ်သွားသည်။
သူကမဟုတ်တရုတ်လျှောက်ပြောနေတာ။ သူဌေးကဘာလို့ ဒီလိုကြီးရေးခိုင်းရတာလဲ? ပေါ့ပျက်ပျက်မနိုင်လွန်းဘူးလား?
ချင်လင်ကရန်သုံ့ကိုစဉ်းစားချိန်မပေးဘဲ_
''ဟုတ်ပြီ... ဒီဝက်တွေကထူးခြားတယ်ဆိုမှတော့ အထူးနာမည်ပေးရမယ်... အဆီချဝက်လို့ခေါ်ရင်ရော?''
ရန်သုံ့ကချက်ချင်းပြောလိုက်သည်_
''သူဌေး... ကာယဗလဝက်လို့ဘာလို့မခေါ်တာလဲ? ဒီဝက်သုံးကောင်ရဲ့အကြောတွေကိုကြည့်ပါဦး... ဝက်တွေထဲမှာသိသိသာသာဗလထွက်နေတာ... ကျစ်လစ်တယ်... အဆီမရှိဘူး... ဘယ်လောက်ကောင်းလဲ?''
''ကောင်းပြီလေ!''
ရန်သုံ့ရဲ့စိတ်ကူးကို ချင်လင်ကမငြင်း။


အမှန်ပင် 'ကာယဗလ'ဆိုသောစာလုံးကပိုသင့်တော်သည်။
ပစ္စည်းများကို ဂိမ်းထဲကနာမည်တပ်စရာမလို။
ရန်သုံ့လည်းသူ့အကြံကိုသူဌေးကလက်ခံသဖြင့် အလွန်ဝမ်းသာသွားသည်။
သူနဲ့ကျန်းကွေ့ကျူအဆင့်တက်ပြီးစုံတွဲဖြစ်တာသိမှာလည်းစိတ်ပူနေသည်။
အခုသူရောကျန်းကွေ့ကျူပါ ကြီးကြပ်အဆင့်ဖြစ်ပြီး လစာအရမ်းကောင်းနေပြီ။
သို့သော် သူသာရာထူးထပ်တိုးမည်ဆိုရင် အလွန်ပြည့်စုံသွားလိမ့်မည်။ ကျန်းကွေ့ကျူနဲ့လက်ထပ်ပြီးကလေးတွေရလာရင် သူ့မှာအလုပ်အကိုင်၊ ဇနီး၊ ကလေး၊ အိမ်နှင့်ကားပါရှိလာလိမ့်မည်။
နောက်ပြီး မွေးမြူရေးဌာနမှာမန်နေဂျာရာထူးရလာမည်။ မွေးမြူရေးခြံတွင် တိရစ္ဆာန်အစာကျွေးခြင်းကိုအပိုင်းပိုင်းခွဲထားသည်။ ငှက်များ၊ အိမ်မွေးတိရစ္ဆာန်များ၊ အလှကြည့်တိရစ္ဆာန်များနှင့် မြင်းကဲ့သို့အထူးတိရစ္ဆာန်များကိုအစာကျွေးခြင်းကို သူတာဝန်ခံထားရသည်။
နောင်မှာ မွေးမြူရေးခြံလုပ်ငန်းလုံးဝပြီးသွားရင် ဒီမွေးမြူရေးတိရစ္ဆာန်များအတွက် သက်ဆိုင်ရာကြီးကြပ်သူရှိလာလိမ့်မည်။ အဲဒီနောက် မန်နေဂျာရာထူးလည်းရလာလိမ့်မည်။
စီနီယာအကျဆုံးဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် အကြီးမားဆုံးအခွင့်အရေးကိုသူရလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူဌေးနဲ့သူဌေးကတော်ကရှေးရိုးဆန်သည့်အတွက် ဝန်ထမ်းဟောင်းများကိုအခွင့်အရေးပိုပေးလိမ့်မည်။ အဓိကက သူတို့အရည်အချင်းကိုပြပေးဖို့ပင်။
ထို့ကြောင့် ရန်သုံ့အကြံပြုသောနာမည်ကိုလက်ခံပြီးနောက် သူကကြွားလုံးထုတ်ချင်လာ၍ ချင်လင်ကိုအကြံပေးလိုက်သည်_
''သူဌေး... ဒီဝက်ကအရမ်းထူးခြားတယ်လို့ထင်တယ်... မွေးမြူရေးခြံအတွက်အထူးလုပ်ငန်းတစ်ခုသေချာပေါက်လုပ်လို့ရတယ်... မွေးမြူရေးခြံရဲ့အဓိကလုပ်ငန်းတွေထဲကတစ်ခုတောင်ဖြစ်လာနိုင်တယ်''
''ပြောပါဦး!''
ချင်လင်ကအပြုံးနှင့်ပြောလိုက်သည်။

သူကအဆီချဝက်အတွက်စီစဉ်ထားသော်လည်း သူ့ဝန်ထမ်းမှာစိတ်ကူးရှိသောကြောင့် အလွန်ဝမ်းသာသွားသည်။
ဘာပဲဖြစ်ဖြစ် တောင်တန်းစံအိမ်နဲ့မွေးမြူရေးခြံက ကြီးသထက်ကြီးလာပြီး လုပ်စရာတွေကပိုပိုများလာသည်။ ဝန်ထမ်းများလက်ဦးမှုယူပြီး ဆောက်တည်ရေးတွင်ပါဝင်ဖို့လိုသောကိစ္စများရှိနေသည်။
တစ်ဦးတစ်ယောက်အမြင်ကတိုတောင်းပြီး အများအမြင်ကအားကောင်းသည်ဟု ကုမ္ပဏီများကသက်သေပြထားသည်။ တစ်ခါတလေ သာမန်ဝန်ထမ်းများ၏အတွေးတစ်ချက်က ကုမ္ပဏီအတွက်အကျိုးအမြတ်ကောင်းများဖြစ်စေတတ်သည်။
ရန်သုံ့ကတုံ့ဆိုင်းမနေဘဲ သူ့အတွေးကိုချက်ချင်းပြောပြလိုက်သည်_
''သူဌေး... ဝက်တွေကြည့်ရတာ လေ့ကျင့်ခန်းလုပ်ထားသလိုပဲ... ကျွန်တော်တို့ဝက်ခြံပတ်လည်မှာသူတို့ပြေးဖို့ကွင်းဆောက်လို့ရတယ်... ကွင်းထဲမှာသူတို့အလှည့်ကျကျော်တက်ဖို့ အတားအဆီးတွေလည်းထားလို့ရတယ်... အဲဒါဆိုရင် သူတို့တကယ်လေ့ကျင့်ခန်းလုပ်ထားတာနဲ့တူလိမ့်မယ်''
''ပိုစိတ်ဝင်စားစရာကောင်းအောင် 'ဝက်တောင်ဒီလောက်ကြိုးစားနေရင် မင်းအားကိုးနဲ့ပျင်းနေမလဲ'ဆိုတဲ့ခေါင်းစဉ်မျိုးဖန်တီးပေးထားလို့လည်းရတယ်''
''ပြီးတော့ ဒီဝက်တွေကမဖြစ်ထွန်းတာမဟုတ်ဘူးဆိုတော့ မွေးမြူလို့ရတယ်... မျိုးဆက်များများစားစားရှိမှာမဟုတ်ဘူး... ဒီကောင်တွေကိုဝက်ကြီးတွေနဲ့လေ့ကျင့်ခန်းလုပ်ခိုင်းလို့ရမယ်... ဒါဆိုရင်နှစ်တိုင်းဝက်ပေါက်တွေရပြီး လေလံဆွဲတာလိုလှုပ်ရှားမှုတွေကျင်းပနိုင်တယ်... ဒါကျွန်တော်တို့မွေးမြူရေးခြံရဲ့လက္ခဏာတစ်ခုဖြစ်လာလိမ့်မယ်''
ချင်လင်စိတ်ကျေနပ်သွားပြီး_
''ကောင်းပြီ... ခင်ဗျားပြောသလိုလုပ်မယ်... မိုချင်းဆီအစီရင်ခံစာရေးပြီး အတည်ပြုခိုင်းပါ... ဝက်ခြံကိုပုံစံပြောင်းဖို့ သူရံပုံငွေချပေးလိမ့်မယ်''
ရန်သုံ့၏အကြံပြုချက်ကအရမ်းကောင်းပြီး ကပ်ထားမည့်စာတောင် သူ့အစီအစဉ်နှင့်ကိုက်ညီနေသည်။
''ဟုတ်ကဲ့ သူဌေး!''
ရန်သုံ့မှာ သူ့အကြံကိုအတည်ပြုချက်ရသည်နှင့် ချက်ချင်းပြုံးရွှင်သွားသည်။
ပြီးရင် သူလုပ်ပြဖို့အခွင့်အရေးရလာလိမ့်မည်။
ဒီကိစ္စကိုသူကောင်းကောင်းလုပ်ရမည်။
ချင်လင်ကအဆီချဝက်၏နောက်ဆက်တွဲများကိုရန်သုံ့ဆီလွှဲပေးပြီး သူ့ရုံးခန်းထဲပြန်လာထိုင်လိုက်သည်။ ထိုစဉ် မမျှော်လင့်သောဖုန်းဝင်လာသည်။
ကျိုးချန်ကျွင်းပင်။
သူ့ဆော့လုပ်ငန်းမှာရင်းနှီးမြှုပ်နှံပြီးနောက်ပိုင်း အမြဲတမ်းသူ့ကတိသူတည်ခဲ့သည်။ အမှားအယွင်းလုံးဝမရှိခဲ့သောကြောင့် စီမံပိုင်ခွင့်ကိုသူ့ဆီသာလွှဲထားခဲ့သည်။
အခုအချိန်အထိ သူဘာမှဝင်မရှုပ်ခဲ့သလို ဖိအားပေးဖို့လည်းဘယ်သူ့ကိုမှမလွှတ်ခဲ့ပေ။ အလွန်ဆုံး ကျောက်မိုချင်းကိုဘဏ္ဍာရေးဌာနလွှတ်ပြီး ရံဖန်ရံခါအကောင့်စစ်ဆေးခြင်းသာရှိခဲ့သည်။