← Chapters

ပြည်နယ်ကိုးခုကို ကြီးစွာ လှုပ်ခတ်စေခြင်း

Vol. 011 Ch. 1022

ပြည်နယ်ကိုးခုကို ကြီးစွာ လှုပ်ခတ်စေခြင်း

Vol. 011 Ch. 1022

ပြည်နယ်ကိုးခု ညီလာခံ အပြီးတွင် ပြည်နယ်ကိုးခု အတွင်းမှ ဆူပူလှုပ်ရှားခြင်းများ မှာလည်း ပကတိ ငြိမ်သက် သွားခဲ့ပြီဖြစ်၏။ သို့သော် မြေရိုင်း ပြည်နယ်မူကား ကြီးစွာ အလုပ်များကြ၏။ မြေရိုင်းပြည်နယ်၏ ဒေသငါးခုတွင် အာခီမီနန်းတော်၊ ကျူးကော့နန်းတော်၊ ထင်းဆွေနန်းတော်၊ ကြယ်တာရာနန်းတော်နှင့် ရေခဲနန်းတော်တို့သည် အသီးသီး ပေါ်ပေါက် လာခဲ့ကြပေ၏။ တော်ဝင်ကျဲနန်းတော်က ထိုနန်းတော်တို့အား ကျင့်ကြံခြင်း လမ်းစဉ်များ၊ ရတနာများနှင့် သင်ကြားပို့ချမည့် တန်ခိုးရှင်များအား အထောက်အပံ့ ပြုလုပ်ပေသည်။

တော်ဝင်ကျဲနန်းတော်က အဆုံးမဲ့ပင်လယ်မှ တော်ဝင်မြေတို့၏ ကျင့်ကြံခြင်း နည်းစနစ်များနှင့် ရှားပါးပညာရပ်တို့ကို ကူးယူကာ နန်းတော်ငါးခုသို့ ခွဲဝေပေးခဲ့၏။ နန်းတော် တစ်ခုစီက ယခုတွင် များစွာ အင်အား ကြီးမားလာခဲ့ပြီ ဖြစ်သည်။ ကောင်းကင်မြေရိုင်း အဆင့်မှ တန်ခိုးရှင် များစွာကလည်း နန်းတော်ငါးခုသို့ ဝင်ကာ သူတို့ တတ်ကျွမ်းသော ပညာရပ်တို့အား လူအများအား သင်ကြား ပို့ချပေးကြသည်။ ထိုသို့ သင်ကြား ပို့ချပေးခြင်းက သူတို့ကိုယ်တိုင် အတွက်လည်း ပိုမို ကောင်းမွန်သော ဉာဏ်အလင်းများအား ရရှိစေနိုင်ပေသည်။ မကြာမီ ပြည်နယ်ကိုးခု ရှန့်ထိုပြိုင်ပွဲ ရောက်လာတော့မည် ဖြစ်ရာ အားလုံးမှာ ထိုအခွင့်အလမ်း အတွက် စောင့်စား နေခဲ့ကြ၏။

အတိတ်တွင် တော်ဝင်ကျဲ နန်းတော်မှ ပြိုင်ပွဲဝင် အများစုမှာ အဖြည့်ခံများသာ ဖြစ်ပြီး သူတို့အနေဖြင့် တခြားသော ပြည်နယ်များနှင့် ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။ သို့သော် ယခုကား အရာအားလုံး ခြားနားခဲ့ပြီ ဖြစ်သည်။ တော်ဝင်ကျဲနန်းတော်မှ ရှီများသည် တော်ဝင်မြေ ခုနစ်ခုအား ဖျက်ဆီးနိုင်စွမ်း ရှိခဲ့ကြ၏။ အကယ်၍ ရီဖူရှင်းသာ ပြိုင်ပွဲ၌ ပါဝင်ခဲ့လျှင် သူ့အား မည်သူတို့ ယှဉ်နိုင်မည်နည်း။ သို့သော် ရီဖူရှင်း ပါဝင်မည်လား ဟူသည်ကား မသေချာ။ ရီဖူရှင်းက ပြိုင်ပွဲအား ဂရုစိုက်မည် မဟုတ်ဟု အများစုက ကောက်ချက် ချကြ၏။ သူကား မိမိကိုယ်ပိုင် စွမ်းရည်ဖြင့် ရှန့်ထိုဖြစ်နိုင်ရာ ပြင်ပ အကူအညီများအား ရယူစရာ အကြောင်း မရှိပေ။

အချိန်များ ကုန်ဆုံးသွားခဲ့ကာ ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၂၀ ခုနစ်သို့ ရောက်လာခဲ့၏။ သည်နှစ်တွင် ရှန့်ထိုပြိုင်ပွဲ ကျင်းပပေမည်။ မရေမတွက်နိုင်သော ထိပ်သီး ကွန်းရှီများသည် တံခါးပိတ် လေ့ကျင့်ခြင်းများမှ ထွက်လာကြ၏။ အများစုမှာ ဤအချိန်အခါကိုပင် ကြာမြင့်စွာ စောင့်စားနေခဲ့ကြခြင်း ဖြစ်ပေသည်။

တစ်လောကလုံးမှ တံခါးပိတ် လေ့ကျင့်နေကြသော ပုဂ္ဂိုလ်ကြီးများ ထွက်လာကြသလို ပြည်နယ်ကိုးခု၌ လတ်တလော ကျော်ကြား ထင်ရှားလာသော လူငယ် ပါရမီရှင်များ သည်လည်း မျှော်လင့်တကြီးဖြင့် ပြိုင်ပွဲကို စောင့်မျှော်ကြသည်။ နှစ် ၂၀ ကာလကို ကျော်ဖြတ်ပြီးသော၊ အချို့သော လူငယ် ပါရမီရှင်များမှာ ယခု အဆင့်မြင့် ကွန်းရှီသို့ပင် တက်လှမ်း နိုင်ခဲ့ကြပြီဖြစ်ရာ သူတို့အနေဖြင့် ပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်နိုင်ခြင်း၊ မယှဉ်နိုင်ခြင်းတို့မှာ မသေချာ မရေရာသေးသော ကိစ္စ ဖြစ်ပေသည်။

တော်ဝင်ကျဲနန်းတော်၊ တော်ဝင်ရှီ နန်းဆောင်၌ ပုဂ္ဂိုလ်ကြီးများ စုစည်း နေကြသည်။ ယူစီ၊ ကျူးကော့ချန်းဖန်၊ ယွန်ရှင်း၊ စုရှမ်းနှင့် တခြားလူများ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။ သူတို့သည် လွန်ခဲ့သော နှစ်၂၀ခန့်က အသေးအဖွဲ အင်အား တစ်ခုမျှသာ ဖြစ်ခဲ့ပြီး ယခင် နန်းတော် သခင်သည်ပင် ပြိုင်ပွဲ၌ ဒဏ်ရာပြင်းစွာ ရရှိခဲ့၏။ ယခု နှစ် ၂၀ ကြာမြင့်ပြီးနောက် မြေရိုင်း ပြည်နယ်မှ တန်ခိုးရှင်များသည် ရှန့်ထိုပြိုင်ပွဲ၌ ပါဝင် တိုက်ခိုက်ရန် လုံလောက်သည်ထက်ပင် ပိုသော စွမ်းအားများ ရှိနေကြပြီ ဖြစ်သည်။

ယူချင်း လျှောက်လာသည်။ လက်ရှိ ယူချင်း၏ ဟန်ပင်ကား တော်ဝင်ကျဲ နန်းတော်သို့ ဝင်ကာစနှင့် လုံးဝ ကွဲပြားခြားနားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တစ်ခါက သူသည် အကြမ်းပတမ်း ဆန်သော၊ ရုန့်ရင်းသော ဟန်ပန် အမူအရာများ ရှိ၏။ လက်ရှိတွင် သူသည် သန်မာ ထွားကျိုင်းသော်လည်း သူ့ဟန်ပန်က ပိုမို တည်ငြိမ် ပြတ်သားသော အငွေ့အသက်များ ရှိနေပြီဖြစ်၏။ သူ၏မျက်လုံးများက နက်ရှိုင်းပြီး အားကောင်းသော ဖိအားများကို ပေးသည်။ ရှီအဆင့်တွင် အမြင့်ဆုံး၌ ရှိနေနေသူများပင် သူ့အကြည့် တစ်ချက်တွင် သိမ်ငယ်သော စိတ်များ ဝင်ကြရ၏။ ယူချင်းသည် အလယ်အလတ် ကွန်းရှီအဆင့်သို့ တက်လှမ်းခဲ့ပြီ ဖြစ်ရာ သူကား ရှီအဆင့်အမြင့်ဆုံးသို့ ရောက်ရန် သိပ်မကြာတော့ပေ။

ဓားသခင်၊ ဂူတုံးလျို၊ ကျူးကော့မင်းယွီနှင့် တခြားလူများလည်း အသီးသီး ရောက်ရှိလာခဲ့ကြကာ ထိုနေရာအနီး၌ ရပ်နေကြ၏။

“နန်းတော်သခင် ဘယ်မှာလဲ...” ထို့ကျန်းက မေးသည်။

“သူက ရှန့်ထိုပြိုင်ပွဲမှာ မပါတော့ဘူး ... သွားကြမယ်”

အားလုံးက ခေါင်းညိတ်ကြ၏။ သူ့ဆုံးဖြတ်ချက်ကို ထူးဆန်းသည်ဟု မည်သူမှ မထင်။ ရီဖူရှင်း၏ ပါရမီကား အမှန်တကယ်ပင် ထိုပြိုင်ပွဲဖြင့် ရှန့်ထိုဖြစ်ရန် မလိုအပ်ချေ။ ထို့အပြင် သူ့အနေဖြင့် ရှန့်ထိုအဆင့်သို့ တက်ရန် စိတ်နှလုံးကို ပိုမိုခိုင်မာ ရင့်သန်အောင် ကျင့်ကြံရန် လိုပေသေးသည်။ ထို့ကြောင့် သည်ပြိုင်ပွဲက ရီဖူရှင်းအတွက် အဓိပ္ပာယ် သိပ်မရှိပေ။

တော်ဝင်ကျဲ နန်းတော်မှ လူများ၏ ဘေးကင်းမှုကို မူကား ...

ယူချင်း၊ ဓားသခင်၊ ဂူတုံးလျိုနှင့် တခြားလူများက သူတို့နှင့်အတူ လိုက်ပါကြမည် ဖြစ်ရာ တခြားသော တော်ဝင်မြေများ မည်သို့ ယှဉ်နိုင်မည်နည်း။ လက်ရှိတွင် ယူချင်း၊ ဓားသခင်နှင့် တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများသည် ရှီအဆင့်၏ စွမ်းအား အမြင့်ဆုံးသို့ ရောက်ရှိ နေကြသည်မှာ သံသယဖြစ်ရန် မလို။

“ဒီအကောင် အပျင်းထူ နေပြန်ပြီ ...” ကျူးကော့မင်းယွီက ရေရွတ်သည်။ ရီဖူရှင်း ထွက်သွားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ပြည်နယ်ကိုးခု ညီလာခံ ပြီးကတည်းက ရီဖူရှင်းတစ်ယောက် တစ်ကိုယ်တည်း ခရီး ထွက်သွားခဲ့၏။

တော်ဝင်ကျဲ နန်းတော်မှ လူအင်အားမှာ ကြောက်စရာပင် ကောင်း၏။ အင်ပါယာရှား ကိုယ်တိုင် လက်ခံကျင်းပသော ရှန့်ထိုပြိုင်ပွဲဖြစ်ရာ ပြည်နယ်ကိုးခုလုံးမှ အတော်ဆုံး ပုဂ္ဂိုလ်များ စုစည်း ပါဝင်ကြသည်။ အားလုံး သိလိုသော မေးခွန်းမှာ ရှန့်ထို ဘယ်နှပါး ထွက်ပေါ် လာမည်နည်း။ သို့သော် ထိုအရာများ အားလုံးမှာ ရီဖူရှင်းနှင့် မသက်ဆိုင်သည့် အလား။ သူသည် မြေရိုင်း ပြည်နယ်နှင့် အလွန့်အလွန် ဝေးကွာသော အဆုံးမဲ့ပင်လယ် တစ်နေရာ၌ ရှိနေခဲ့၏။

အဆုံးအစမဲ့သော ပင်လယ်ပြင်၌ လှေကလေး တစ်စင်းသည် အထီးကျန်စွာ မျောနေခဲ့သည်။ လှေသည် လှိုင်းပုတ်မှုကြောင့် ဘယ်နှင့်ညာ အသာအယာ လူးလွင့်နေခဲ့ကာ လှေဝမ်း၌ လူတစ်ယောက်သည် ငြိမ်သက်စွာ လဲလျောင်းလျက် ရှိနေပြီး ကောင်းကင်အား အိပ်ရာအလား၊ ပင်လယ်အား စောင်အလား တွေးတော နေသလား ထင်မှတ် ရပေ၏။ နက်ရွှေရောင် ငှက်ကြီးသည် ထိုလူ၏အပေါ် ပြာလွင့်လွင့် ကောင်းကင်ထက်၌ လှည့်ပတ်ဝဲပျံနေ၏။ ထိုငှက်သည်လည်း ကောင်းမွန်သော အချိန်အခါအား ပိုင်ဆိုင်ထားဟန် ရသည်။

ပင်လယ်တွင် ရေသတ္တဝါဆန်းများ မကြာခဏ မြင်တွေ့ ရတတ်ပေသည်။ ထိုသတ္တဝါတို့ ထွက်ပေါ်လာတိုင်း နက်ရွှေရောင် ငှက်ကြီးသည် အူမြူးစွာဖြင့် ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းကာ သူ၏ လက်သည်းဖြင့် ကုပ်ချီလျှက် မြိန်ရေရှက်ရေ စားသောက်သည်။ ပင်လယ်ရေ သတ္တဝါဆန်းများမှာ သန္ဓေပြောင်း သားရဲ ဖြစ်သော သိမ်းငှက်နက်သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို မသိရှာကြရာ သူ့လက်ချက်ဖြင့် အသက်ပျောက် ကြရမြဲ။

လှေကလေးသည် လှိုင်းကလေးများနှင့်အတူ ဆက်လက်၍ လွင့်မျောနေဆဲ။ လှေဝမ်းထဲ၌ အဖြူရောင်ဝတ်စုံဖြင့် လူငယ်သည်လည်း အိပ်မောကျနေကာ လောကကြီးကို သော်လည်းကောင်း၊ သူကိုယ်တိုင် သော်လည်းကောင်း မေ့လျော့နေခဲ့ဟန် ရှိသည်။

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည့်တိုင် ထိုသူသည် ထိုနေရာ၌ ကာလနဂါးအလား တစ်သက်လုံး အိပ်နေတော့မည့်ဟန်ဖြင့် နိုးထလာခြင်း မရှိခဲ့။ ပင်လယ်သည် မုန်တိုင်းများ မကြာခဏ ထန်တတ်၏။ ယခုလည်း မိုးသက် လေပြင်းများနှင့်အတူ ကြောက်မက်ဖွယ် မုန်တိုင်းသည် ပင်လယ်အား ပြင်းထန်စွာ တိုက်ခတ်သည်။ လှေကလေးမှာ ရေအောက်သို့ အချိန်မရွေး နစ်မြုပ်သွားတော့မည့် အလား စိုးရိမ်ဖွယ် အနေအထား။ ကြီးမားသော လှိုင်းလုံးများက ထိုလူကို မည်သည့် အချိန်တွင် ဝါးမျိုသွားမည် မသိသော ပုံစံ။ သို့တိုင်အောင် ထိုလူသည် ဘာမှ မခံစားရသည့်အလား အိပ်ကောင်းဆဲ။ တစ်ကြိမ်တွင် ကောင်းကင်မှ မိုးခြမ်းသံပေးလျက် မြွေလိမ်မြွေကောက် သဏ္ဌာန်ဖြင့် ကျဆင်းလာသော လျှပ်စီးတန်းကြီး တစ်ခုသည် လှေကလေးသို့ တန်းတန်းမတ်မတ် ကျဆင်းလာခဲ့၏။ သို့သော် လှေကလေးနှင့် ထိုသူမှာ ခြစ်ရာမျှ မထင်။ လှေကလေးသည်သာ မုန်တိုင်းထဲတွင် ဘယ်ဆီဘယ်ဝယ်မှန်း မသိသော အရာဆီသို့ ဆက်လက် လူးလွင့်နေခဲ့သည်။

ငှက်ကြီးသည် ကောင်းကင်ထက်၌ ပြင်းထန်စွာ တိုက်ခတ်နေသော မုန်တိုင်းများ အကြား မမောမပန်း ပျံသန်းနေဆဲ ဖြစ်သည်။ လှေကလေးသည်လည်း လှိုင်းနှင့်အတူ မြင့်ချည်နိမ့်ချည်ဖြင့် မြောနေဆဲ။ ရက်များမကြာမီ အရာအားလုံးမှာ ငြိမ်သက် သွားခဲ့သည်။ လှေကလေးသည်လည်း နောက်ဆုံးတွင် ဧရာမ ကျောက်တုံးကြီး တစ်ခု၏ တားဆီးမှုကြောင့် ရပ်တန့်သွား၏။ သူသည် လူသူ အရောက်အပေါက် မရှိသော ကျွန်းတစ်ကျွန်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သိမ်းငှက်နက်ကြီးသည် ကောင်းကင်မှ ပျံဝဲ ဆင်းသက်လာကာ ဧရာမ ကျောက်ဆောင် တစ်ခု၌ နားလျက် လှေကလေးပေါ်မှ လူငယ်အား ကြည့်သည်။ နေမှာ တဖြည်းဖြည်း မြင့်လာကာ ကျဆင်းလာသော နေရောင်ခြည်များ မှာလည်း လူငယ်ကို ပူနွေးစေသည်။ နောက်ဆုံးတွင် ဆံပင်ဖြူလူငယ်သည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်၏။ သူ့ဆံပင်များမှာ မဖြီးမလိမ်းဘဲ ရက်များစွာ ထားရှိခဲ့သဖြင့် ရှုပ်ပွနေခဲ့ကာ ပါးမြိုင်းမွေး ရေးရေးများကိုလည်း မြင်နိုင်ပေသည်။

လူငယ်ကား ရီဖူရှင်း ဖြစ်သည်။ သူက တော်ဝင်ကျဲ နန်းတော်မှ ကိစ္စရပ်များအား အလုံးစုံ စီမံခန့်ခွဲပြီးနောက် အဆုံးမဲ့ပင်လယ်သို့  ခရီးထွက်လာခဲ့ခြင်း ဖြစ်၏။ သူသည် အဆုံးမဲ့ပင်လယ်မှ ပညာရပ်များအား လေ့လာ ဆန်းစစ်ကာ များစွာ ထိုးထွင်း သိမြင်နားလည် လာခဲ့၏။ ထို့ကြောင့် သူက သိမ်းငှက်နက်အား ခေါ်ကာ ပင်လယ်သို့ ထွက်လာပြီး ကိုယ်တိုင် လေ့ကျင့်ရန် ရောက်လာခြင်း ဖြစ်၏။ သူကား အချိန်အများစုကို လေ့ကျင့်ခြင်းဖြင့် သော်လည်းကောင်း၊ သည်အတိုင်း ပင်လယ်တွင် အိပ်စက် မျောလွင့်၍ သော်လည်းကောင်း ကုန်ဆုံးစေ၏။

“ကောင်းကင်ပြက္ခဒိန်ရဲ့ ၁၀၀၂၀ ခုနှစ်...” ရီဖူရှင်းက တီးတိုး ရေရွတ်သည်။ သူနှင့် သိမ်းငှက်နက်တို့ စိတ်မှာ ဆက်နွှယ်နေရာ အချိန် မည်ရွေ့မည်မျှ ကုန်သွားသည်ကို သူသိသည်။

သို့ဆိုလျှင် ပြည်နယ်ကိုးခု ရှန့်ထိုတိုက်ပွဲသည် စတင်လောက် ပေပြီ။ သို့သော်လည်း သူက များစွာ စိတ်ပူပန်ခြင်း မရှိ။ ယူချင်းနှင့် သူ့အစ်ကိုကြီးတို့ လိုက်ပါသွားရာ သူ့အနေဖြင့် ထိုပြိုင်ပွဲသို့ လိုက်ပါခြင်း လိုက်မပါခြင်းသည် အရေးမပါ။

နောက်ပိုင်း နှစ်များ၌ ကောင်းကင်မြေရိုင်း အဆင့်ကို ဦးဆောင်သော ထိပ်သီး ပုဂ္ဂိုလ်များထဲ၌ သူ့ဆရာ ထောင်ကျန်း တစ်ဦးတည်းသာ ရှန့်ထိုဖြစ်ခဲ့၏။ သည်တစ်ခေါက်တွင် မြေရိုင်း ပြည်နယ်သည် တော်ဝင်စစ်ပွဲအား ဆင်နွဲခဲ့ရာ ထိုသူများ၏ စိတ်သဏ္ဌာန်များ ရင့်သန်လာပြီဖြစ်၍ လူမည်ရွေ့မည်မျှ ရှန့်ထိုဖြစ်မည်ကိုတော့ သူ စိတ်ဝင်စား ပေသည်။

တော်ဝင်စစ်ပွဲ အပြီး၌ ယူစီ၊ ကျူးကော့ချန်းဖန်နှင့် တခြားလူတို့၏ စိတ်နှလုံးများမှာ ပိုမိုရင့်သန်လာပြီ ဖြစ်၏။ သူတို့၏ ကျင့်ကြံခြင်းမှာလည်း များစွာ တိုးတက် လာခဲ့ကြသည်။ ထို့အပြင် သူတို့အနေဖြင့် နည်းနာ ခံယူရန် တော်ဝင်ကျဲ နန်းတော် ကိုယ်တိုင်၌လည်း ရှန့်ထိုများ ရှိနေသေး၏။

သူသည် ရှေ့မှ ကျွန်းကလေးအား ကြည့်ကာ လေထဲသို့ တဖြည်းဖြည်း မြောက်တက် လာခဲ့၏။ လက်ကို ဆန့်တန်းလျှင် လှံရှည်တစ်ချောင်း ပေါ်လာသည်။ မမြင်ရသော လောကဓာတ်များ ရီဖူရှင်းသို့ ရစ်ပတ်လာခဲ့ပြီး သူ့အား လေနှင့်ရေတို့ကဲ့သို့ ခံစားရစေ၏။

ဝှစ် ...

လေပြင်း တစ်ချက်နှင့်အတူ ရီဖူရှင်းသည် ရပ်နေရာမှ ပျောက်ကွယ် သွား၏။ သိမ်းငှက်နက်၏ မျက်လုံးများက အလွန်တရာ စူးရှသော်လည်း သူ့အား အစအနပင် ခြေရာကောက် နိုင်ခြင်း မရှိခဲ့။ သူက ကျွန်းကလေးအား ကြည့်လျှင် မြေပြင်၌ အခေါင်းပေါက် တစ်ခုကို မြင်သည်။ ရီဖူရှင်း၏ ခန္ဓာက ကျွန်းကလေးအား ထွင်းဖောက်သွားပြီး တခြား တစ်ဖက်၌ ပေါ်လာ၏။ အာကာသ လောကဓာတ်က လှုပ်ရှားသွားလျှင် ရီဖူရှင်း၏ ပုံရိပ်သည် မူလနေရာ၌ ပြန်လည် ပေါ်ထွက် လာခဲ့၏။

“ပထမ တိုက်ကွက် ... ဒါကို အဆုံးမရှိ အရိပ်လို့ နာမည်ပေးမယ်” ရီဖူရှင်းက ရေရွတ်သည်။ သူသည် ပြည်နယ်ကိုးခု အတွင်းရှိ အကောင်းဆုံးသော ရတနာ လက်နက်များထဲမှ တစ်ခုကို လက်ဝယ် ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူ့အနေဖြင့် ထိုရတနာလှံကို အထိရောက်ဆုံး ပညာရပ်များဖြင့် အသုံးချ ရပေမည်။ သူသည် အဆုံးမဲ့ပင်လယ်မှ ပညာရပ်များအား လေ့လာ ဆင်ခြင်ပြီးနောက် ကိုယ်ပိုင် ထိုးထွင်းဉာဏ်ဖြင့် တိုက်ကွက်များအား ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မှန်သည် ... တိုက်ကွက်များ၏ မူလပင်ရင်းမှာ ပင်လယ်ဘုရင်၏ ပညာရပ်များအား အခြေခံသည်။

ပျက်သုဉ်းခြင်း အလင်းသည် သူ့ခန္ဓာမှ လင်းလက် လာခဲ့၏။ အလင်း လောကဓာတ်သည် လှံရှည်ကို စီးဆင်း သွားကြ၏။ ပြင်းထန်စွာ စွမ်းအားများ အနီး ပတ်ဝန်းကျင်သို့ ရိုက်ခတ် လာခဲ့၏။

“ဒုတိယ အကွက် ... ပျက်သုဉ်းခြင်း...” သူက လှံရှည်ကို ဝှေ့ယမ်းလိုက်လျှင် ပြင်းထန်သော အလင်းသည် ပင်လယ်ကို ပိုင်းဖြတ်သွားဟန် ရသည်။ ထိုအခိုက်တွင် ကျွန်းစု တစ်ခုလုံးသည် စတင်၍ ပြိုပျက် လာခဲ့ကြတော့သည်။ ထိုအရာက မရေမတွက်နိုင်သော ကျောက်တုံးများ အဖြစ် ပြောင်းလဲ သွားရ၏။

ရီဖူရှင်း၏ ခန္ဓာသည် လေထဲတွင် စတင် လှည့်ပတ် လာခဲ့သည်။ အဆုံးမရှိ အရိပ်၏ အကူအညီဖြင့် သူ့ခန္ဓာသည် ပြင်းထန်စွာ စွမ်းအားများကို စုဆောင်းလာခဲ့ပြီး ထိုအခိုက်တွင် ကောင်းကင်မှ လှိုင်းလုံးများ ကျဆင်းလာခဲ့ကာ အချိန်နှင့် လေဟာနယ်မှာ ရပ်တန့်သွားဟန် ရ၏။ ကျဆင်းလာသော ကျောက်တုံးများပင် သိသိသာသာ နှေးကွေးသွား ကြရသည်။

ရီဖူရှင်းက ရှေ့သို့ ကြည့်လိုက်ပြီး လှံရှည်ကို နှေးကွေး လေးလံစွာ ဝှေ့ယမ်း လိုက်ပြန်သည်... ”တတိယ အကွက် ... အဆုံးမရှိ လေဟာနယ်...” ထိုအခိုက်တွင် အနီးရှိ လေဟာနယ်သည် ပြင်းထန်သော ဖိနှိပ်အားတစ်ခု ဖြစ်လာခဲ့ပြီး အချိန်နှင့်လေဟာနယ် စီးဆင်းမှုသည်လည်း နှေးကွေးသွားပြီး ပြင်းထန်သော စွမ်းအားမှာမူ ဆက်လက် ကျဆင်းနေခဲ့သည်။ လှံရှည်၏ ဆန့်တန်းမှုဖြင့် ကျောက်တုံးများမှာ ထိုအခိုက်တွင် အမှုန်အမွှားများ ဖြစ် ပြောင်းလဲ သွားကြတော့သည်။ ရီဖူရှင်းက လှုပ်ရှားမှုများအား မရပ်တန့်ချေ။ လေပြင်းများကြောင့် ဖုန်မှုန့်များမှာ လွင့်စဉ်ကျဲပါးသွားပြီ ဖြစ်သည်။ သူ့ရှေ့တွင် ကျွန်းကလေးမှာ မရှိတော့။

ရီဖူရှင်းက စိတ်ကျေနပ်သွားဟန် တူသည်။ သူ့လေ့ကျင့်မှုများမှာ အလဟဿ မဖြစ်ခဲ့ပေ။ လှံရှည် ပျောက်ကွယ်သွားကာ အရာအားလုံးမှာ လေနှင့်အတူ လွင့်ပါ ပျောက်ကွယ် သွား၏။

“ကျုပ်က အချိန်နဲ့ လေဟာနယ်လှံကို ရရှိပိုင်ဆိုင်ခဲ့ပြီးတော့ ပင်လယ်ဘုရင်ရဲ့ ပညာနဲ့ အဆုံးမဲ့ ပင်လယ် တော်ဝင်မြေ သုံးခုရဲ့ ပညာရပ်တွေကို လေ့လာ ဆင်ခြင်ပြီး ဒီတိုက်ကွက်တွေကို တီထွင်ခဲ့တယ်။ ဒါကိုပဲ မရှိခြင်းလှံပညာလို့ နာမည်ပေးမယ်”

သိမ်းငှက်နက် ဆင်းသက် လာသည်တွင် ရီဖူရှင်း သူ့အပေါ်သို့ တက်သည်။ လူတစ်ယောက်နှင့် ငှက်တစ်ကောင်တို့သည် ပင်လယ်မှသည် ကောင်းကင်ထက်သို့ ပျံတက် ပျောက်ကွယ် သွားကြတော့၏။

ရက်သတ္တပတ်ပေါင်း များစွာ အကြာ ပြည်နယ်ကိုးခု ရှန့်ထိုပြိုင်ပွဲမှာ ပြီးဆုံးခဲ့ပြီး ထိုပြိုင်ပွဲမှ စုစုပေါင်း ရှန့်ထိုဆယ့်နှစ်ပါး ပေါ်ထွက်လာခဲ့ကာ ယခင် ပြိုင်ပွဲသမိုင်းများ၏ စံချိန်များအား ချိုးဖျက်ခဲ့သည်။ တော်ဝင်ကျဲနန်းတော်မှ ရှန့်ထိုငါးပါး ပေါ်ထွက်လာပြီး ပြည်နယ်ကိုးခုကို ကြီးစွာ လှုပ်ခတ်စေခဲ့၏။

***

All Chapters