အခန်း (၅၁၇)
Vol. 35 Ch. 517
ဝမ်ရန်တို့က ဝက်ခြံကိုအကြာကြီးကြည့်ပြီးမှထွက်လာကြသည်။
သူဌေးချင်က သူခေါ်လာသောအုပ်စုအတွက်ရွက်ဖျင်တဲများစီစဉ်ပေးထား၍ မွေးမြူရေးခြံတွင်ညအိပ်ပြီးရွက်ဖျင်တဲအတွေ့အကြုံခံစားနိုင်သည်။
သို့ရာတွင် သူတို့ဝက်ခြံမှထွက်ထွက်ချင်း ရှုခင်းကြည့်ကားများထပ်ရောက်လာပြီး ခရီးသည်များဆင်းလာသဖြင့် ဝက်ခြံမှာစည်ကားနေလေသည်။
ဝမ်ရန်တို့ရွက်ဖျင်တဲနေရာရောက်သောအခါ မွေးမြူရေးခြံတစ်ခုလုံးတွင် ခရီးသည်အများကြီးရောက်နေပြီမှန်းတွေ့လိုက်ရသည်။ ခရီးသည်များအတွက်နေရာကြပ်သိပ်နေပြီ။
''ယောက်ျား... လူတွေအများကြီးပဲ... ဥက္ကဌချင်ရဲ့မွေးမြူရေးခြံကအရမ်းနာမည်ကြီးတယ်နော်''
စုကျွမ်ကဝမ်ရန်လက်မောင်းကိုဖက်ပြီး အံ့ဩသံနှင့်ပြောလိုက်သည်။
''ထိပ်တန်းနာမည်ကျော်ပဲ''
ဝမ်ရန်ကဖြည့်ပြောလိုက်သည်။ သူတို့ဒီရောက်တာဘယ်လောက်ကြာပြီလဲ? နောက်မှဝင်လာတဲ့သူတွေက ဒီထဲတိုးဝင်နေရပြီ။
အခြေအနေအရ မကြာခင်ချင်းလင်မွေးမြူရေးခြံမှာ ဝန်ဆောင်မှုကန့်သတ်ရလိမ့်မည်။
ဝမ်ရန်တွေးနေစဉ် မွေးမြူရေးခြံတွင်ခရီးသည်ဦးရေမှာရှိသင့်သောအတိုင်းအတာထက်ပိုလာသည်။
ကောင်းယောင်ယောင်က မွေးမြူရေးခြံလက်မှတ်အရောင်းရပ်ခိုင်းထားသည်။ နေ့လယ်တောင်မရောက်သေး၊ ကြိုတင်ရောင်းထားသောလက်မှတ် ၁၀၀၀ မှလွဲ၍ လူ ၅၀၀၀ ကျော်လက်မှတ်စစ်ထားကြသည်။
တစ်နည်းပြောရရင် နေ့ဝက်မတိုင်ခင် မွေးမြူရေးခြံမှာလူ ၆၀၀၀ နီးပါးလက်ခံထားရပြီဖြစ်သည်။
ချင်လင်ကိုအစီရင်ခံလာသောအခါ သူနည်းနည်းအံ့ဩသွားသည်။
အရည်အသွေး ၂ ခွေးသွားစိတ်မြက်ကြောင့် ကြော်ငြာဗီဒီယိုကိုလူတွေလုံးဝစိတ်ဝင်စားမည်ဖြစ်၍ နောက်ဆုံးလူဦးရေကန့်သတ်ရဖို့များသည်ဟုသိထားသော်လည်း နေ့ဝက်မတိုင်ခင် ခရီးသည်ဒီလောက်အများကြီးမွေးမြူရေးခြံလာမည်ဟုမထင်မိပေ။
သူတို့မျှော်လင့်ထားတာထက် အများကြီးလွန်နေသည်။ တောင်ပိုင်းသားတွေက သူထင်ထားတာထက်ပိုပြီး စိတ်အားထက်သန်နေပုံရသည်။ ဒါမှမဟုတ် စိုက်ခင်းလုပ်နိုင်တဲ့မွေးမြူရေးခြံတွေ တောင်ပိုင်းမှာအရမ်းနည်း၍ဖြစ်မည်။
အံဩနေတာ ချင်လင်တစ်ယောက်တည်းမဟုတ်။ စီရင်စုကလူတွေလည်း အံ့ဩနေကြသည်။


ချန်လီမှာကိစ္စတချို့များကိုင်တွယ်ပြီးချိန်တွင် နေ့လယ်မရောက်သေးသောကြောင့် ချင်းလင်မွေးမြူရေးခြံအခြေအနေကိုမေးမြန်းဖို့ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ကချင်းလင်မွေးမြူရေးခြံဖွင့်တဲ့နေ့၊ ဒါစီရင်စုအတွက်အရေးအကြီးဆုံး။
ချင်းလင်မွေးမြူရေးခြံအတွက် စီရင်စုကမျှော်မှန်းထားသောခရီးသည်အရေအတွက်မှာ ၅၀၀၀ ကျော်ဖြစ်သည်။ မူလစံအိမ်ရဲ့နေ့စဉ်ခရီးသည်အရေအတွက်နှင့်ဆိုလျှင် ၁၀၀၀၀ ကျော်လိမ့်မည်။
နေထိုင်သူဦးရေ ၂၀၀၀၀၀ မပြည့်သောစီရင်စုလေးအတွက် တစ်နေ့ခရီးသည် ၁၀၀၀၀ ရခြင်းမှာ ဘယ်လိုအဓိပ္ပါယ်ရှိလဲ အားလုံးအသိ။ ချန်လီကဖုန်းကောက်ကိုင်ပြီး ကျုံးလဲ့ကိုဖုန်းဆက်ကာ ချင်းလင်မွေးမြူရေးခြံဖွင့်ပွဲအကြောင်းမေးမည်အပြုတွင် စွန်းရှန်ဆီမှဖုန်းဝင်လာပြီးရုံးခန်းထဲလာဖို့ခေါ်သည်။
''ဒီဗီဒီယိုကိုတစ်ချက်ကြည့်... ယာဉ်ကြောပိတ်နေတာ''
ချန်လီဝင်ဝင်လာချင်း စွန်းရှန်ကဗီဒီယိုတစ်ပုဒ်ပြသည်။
ချန်လီကဗီဒီယိုယူကြည့်လိုက်ရာ ရုံချန်းအဓိကလမ်းမကြီးမှာ ကားတန်းအရှည်ကြီးဖြစ်နေသည်။ စွန်းရှန်ကယာဉ်ကြောပိတ်နေပြီဟူ၍ ပါးပါးနပ်နပ်ပြောလိုက်ခြင်းပင်။
ယာဉ်ကြောလုံးဝပိတ်နေသည်။
ချင်းလင်မွေးမြူရေးခြံဖွင့်ပွဲကြောင့်မှန်းထင်ရှားသည်။ ထို့အပြင် ချင်းလင်မွေးမြူရေးခြံခရီးသည်အရေအတွက်က သူတို့ထင်ထားသည်ထက်ကျော်လွန်နေသည်။
စွန်းရှန်က_ ''ချင်းလင်စံအိမ်ကနောက်ဆုံးသတင်းရတယ်... ချင်းလင်မွေးမြူရေးခြံက နေ့ဝက်မတိုင်ခင် လုပ်ငန်းရပ်ထားရပြီတဲ့... မနက်ပိုင်းတင် ခရီးသည် ၆၀၀၀ နီးပါးရှိနေပြီ''
''ပြီးတော့ မွေးမြူရေးခြံလာတဲ့ခရီးသည်တွေက ခြံထဲဝင်မရတော့ စံအိမ်ထဲအရင်သွားကြတယ်... အခုစံအိမ်ထဲကလုပ်ငန်းတချို့လည်း ကန့်သတ်ထားရတယ်... မနက်ပိုင်းခရီးသည်စုစုပေါင်း ၄၀၀၀ ဖြစ်နေပြီ''
''အလိုလေး!'' ချင်းလင်စံအိမ်ပေါက်မည်ဟု ချန်လီကစိတ်ထဲကြိုတင်ပြင်ဆင်ထားတာတောင် ထိုအရေအတွက်ကြားပြီးလန့်သွားသည်။
အစက တစ်နေ့ခရီးသည် ၁၀၀၀၀ သာခန့်မှန်းထားသော်လည်း အခုနေ့ဝက်နှင့်ခရီးသည် ၁၀၀၀၀ ရှိနေပြီ။
ဒါကြောင့် စီရင်စုကကြိုတင်ပြင်ဆင်ထားတာပေမဲ့ အဓိကလမ်းမကြီးပိတ်နေတာမထူးဆန်းတော့။
ချင်းလင်စံအိမ်က ဒီလောက်အားကောင်းမယ်လို့ ဘယ်သူထင်မလဲ?


ဒါမှမဟုတ် တောင်ပိုင်းသားတွေကပဲ မွေးမြူရေးခြံလိုရှုမျှော်ခင်းနေရာကို ထင်မထားလောက်အောင်သဘောကျတာလား။ အဲဒီအပြင် သူဌေးချင်ရဲ့မွေးမြူရေးခြံကလည်း တကယ်ကောင်းသည်။ ကြော်ငြာဗီဒီယို၏ဆွဲဆောင်ချက်မှာအားကောင်းလွန်း၍ ဒီလိုအခြေအနေထိဖြစ်စေခဲ့သည်။
''သူဌေးချင်ရဲ့မွေးမြူရေးခြံကို တကယ်ထင်မထားဘူး''
နောက်ဆုံးချန်လီမှာစိတ်လှုပ်ရှားပြီး သက်ပြင်းသာချလိုက်သည်။
''ဒါပေမဲ့ တို့ရုံချန်းက ရေပန်းစားရှာဖွေမှုထဲမှာ''
ထိုအချိန်တွင် စွန်းရှန်ကချန်လီကိုဗီဒီယိုတစ်ပုဒ်ပြသည်။ သူ့မျက်နှာထားကခါးသီးနေသလိုလို။
ချန်လီကဗီဒီယိုယူကြည့်လိုက်သည်။ အမှန်ပင် ရေပန်းစားနေသောဗီဒီယိုတစ်ပုဒ်။ ထိုဗီဒီယိုမှာ သူတို့ရုံချန်းအဓိကလမ်းမကြီးတွင်ယာဉ်ကြောပိတ်နေသောဗီဒီယိုဖြစ်လေသည်။
ခေါင်းစဉ်က:
''ရုံချန်းမှာစံအိမ်ဆောက်ဖို့လုံးဝမတန်ဘူး''
ခေါင်းစဉ်နှင့်အောက်ကမှတ်ချက်များဖတ်ပြီးနောက် စွန်းရှန်ဘာလို့ခါးသီးနေလဲ သူသဘောပေါက်သွားသည်။
''ဟား ဟား... မြို့ကမြို့တော်အဆင့်မြှင့်ချင်တာတဲ့... အနီးအနားရှုခင်းကြည့်ဖို့သွားတာကို လမ်းကဘာလို့ဒီလောက်ပိတ်နေတာလဲ?''
''ကြည့်... ရှုခင်းနေရာကြောင့် မြို့ကလမ်းပိတ်တာ... ဒီစီရင်စုရဲ့ယာဉ်လမ်းကြောအစီအစဉ်နဲ့အထိန်းအသိမ်းမကောင်းလိုက်ပုံများ''
''ဒီနေရာမှာနေ့ဝက်လောက်ရှိနေပြီ... ပွင့်ပွင့်လင်းလင်းပြောရရင် ချင်းလင်စံအိမ်ကရုံချန်းလိုနေရာလေးမှာလုံးဝမဖြစ်သင့်တာ... မဟုတ်ရင် အခြေခံယာဉ်လမ်းကြောအနေအထားရှိမှာမဟုတ်ဘူး''
''ချင်းလင်စံအိမ်ကျော်ကြားပုံမျိုးနဲ့ ငါသာရုံချန်းရဲ့အကြီးအကဲဆိုရင် အရင်ကတည်းကကြိုစီစဉ်ထားမှာ... ဒီလိုအခြေအနေမျိုးမြင်ရဖို့ လုံးဝမဖြစ်နိုင်ဘူး''
“……”
ထိုမှတ်ချက်များကိုကြည့်ပြီး ချန်လီသက်ပြင်းချလိုက်သည်။
ထိုမှတ်ချက်များက အခြေအနေကိုလက်ညိုးထိုးပြနေသော်လည်း သူတို့မှာအမှန်ပင်ယာဉ်ကြောထဲပိတ်မိနေကြသည်။
ထိုအချိန် အင်တာနက်ပေါ်တွင် ရုံချန်းမှာတကယ်မျက်နှာပူစရာဖြစ်နေသည်။
နောက်ဆုံး စွန်းရှန်ကအရေးပေါ်ပုံစံနှင့်_
''ငါတို့ယာဉ်ကြောအသစ်အစီအစဉ်ဆွဲဖို့လိုပြီ... ယာဉ်ကြောဒီလိုဆက်သွားရင် သူဌေးချင်ကဒီမှတ်ချက်တွေကိုယုံသွားမှာစိုးတယ်''
ချန်လီလည်းခေါင်းညိမ့်လိုက်သည်။
ဒါကလည်း သူတို့စိုးရိမ်ရမယ့်ကိစ္စ။ ရေပန်းစားစာရင်းထဲရောက်ပြီး လူပြောများလာရင် သူဌေးချင်ကယုံကောင်းယုံသွားနိုင်သည်။ ညှိနှိုင်းမှုတချို့လုပ်လာနိုင်သည်။ ဒါဆိုရင် စီရင်စုကဘယ်သွားပြီးဂျီကျရမလဲ။
နေ့ဝက်ကုန်လွန်သွားသည်။
ချင်းလင်မွေးမြူရေးခြံမှာနာမည်ကြီးနေဆဲဖြစ်၍ ယာဉ်ကြောကန့်သတ်ထားရသည်။ ရုံချန်းမှာကားကြပ်နေဆဲဖြစ်ပြီး ခရီးသည်အတော်များများမှာဒီအခြေအနေကိုအသားမကျပေ။