← Chapters

မြက်ခိုးတာ ခွေးမိသွားတယ်! မြက်ပင်လေးနည်းနည်းခိုးတာ? ၂

Vol. 35 Ch. 524

မြက်ခိုးတာ ခွေးမိသွားတယ်! မြက်ပင်လေးနည်းနည်းခိုးတာ? ၂

Vol. 35 Ch. 524

ဒီတစ်ခါ ရဲခွေးနှစ်ကောင်နည်းနည်းလှုပ်ရှားသွားပြီး ဝမ်ချိုင်နောက်တန်းပြေးလိုက်သည်။ ပတ္တရောင်လှည့်သောနှစ်ယောက်လည်းအဆွဲခံလိုက်ရသည်။ ခွေးများမှာအထိန်းလွတ်နေပုံပေါက်၍ သူတို့စိတ်ပူသွားသည်။

မဖြစ်နိုင်တာ။ ရဲခွေးတွေကိုသေချာလေ့ကျင့်ပေးထားတာ။ ဒါမျိုးမဖြစ်နိုင်ဘူး။

…

ဝမ်ဖုန်းကနောက်ထပ်မြက်တစ်အုံတူးပြီး သူ့အိတ်ကပ်ထဲထည့်လိုက်သည်။

ဆယ်အုံလောက်တူးထားပြီးဖြစ်၍ သူ့ကိုယ်မှာဖွက်စရာနေရာမရှိတော့။ သူကစောင့်ကြည့်နေသောလူအား_

''မင်းတူးနေတုန်း ငါကြည့်ပေးထားမယ်... ပြီးရင် တခြားသူတွေနဲ့ဆုံမယ်''

''အင်း!'' သူကခေါင်းညိမ့်လိုက်သည်။

ဝမ်ဖုန်းကမတ်တပ်ရပ်ပြီး လမ်းလျှောက်မည်အပြုတွင် ရုတ်တရက်'ဝု.. ဝု'ဆိုသောခွေးနှစ်ကောင်ဟောင်သံကြားလိုက်ရသည်။

ထို့နောက်...

ခွေးနက်သူ့ဆီပြေးလာသည်ကိုတွေ့လိုက်ရသည်။ ခွေးနက်နောက်တွင် ရဲခွေးနှစ်ကောင်နှင့်ပတ္တရောင်လှည့်ရဲနှစ်ယောက်ပါသောကြောင့် သူကြောင်သွားသည်။

''မဖြစ်နိုင်တာ?'' ဝမ်ဖုန်းမလှုပ်ရှားနိုင်ခင် ခွေးသုံးကောင်က သူတို့နှစ်ယောက်ရှေ့ရောက်လာပြီး သူတို့ကိုဝိုင်းထားလိုက်သည်။

ဝု.. ဝု!

ဝု.. ဝု!

ရဲခွေးနှစ်ကောင်က မာန်ဖီပြီးကြည့်နေသောကြောင့် ဝမ်ဖုန်းတို့မလှုပ်ရဲ။

ပတ္တရောင်လှည့်ရဲနှစ်ယောက်လည်း ဝမ်ဖုန်းတို့ကိုဇဝေဇဝါနှင့်ကြည့်နေသည်။

ရဲခွေးနှစ်ကောင်က သူတို့နှစ်ယောက်ကိုဟောင်နေသောကြောင့်တစ်ခုခုဖြစ်နေပုံရသည်။

''လူကြီးမင်းတို့... ငြိမ်ငြိမ်လေးရပ်ပြီး အစစ်ဆေးခံပေးပါ''

ရဲတစ်ယောက်ကအော်လိုက်သည်။

စောင့်ကြည့်ပေးသောသူမှာစိတ်မခိုင်သောကြောင့် ထိုစကားကြားသည်နှင့် နောက်ပြန်လှည့်ပြီးကြောက်ကြောက်လန့်လန့်ပြေးတော့သည်။ ရဲခွေးစောင့်ကြည့်ခံရပြီး ပြေးရလိမ့်မည်ဟုတွေးတောင်မတွေးမိ။



သို့သော် လူတစ်ယောက်စိတ်ဖိစီးသောအခါ ရွေးချယ်ပုံကဒီအတိုင်းဖြစ်သွားသည်။ တစ်ခါတရံ အကျိုးသင့်အကြောင်းသင့်မတွေးနိုင်ဘဲ သတိလက်လွတ်လှုပ်ရှားမိသည်။

ဝမ်ဖုန်းမှာ သူ့အဖော်ပြေးသွားသောကြောင့် သူ့အဖော်နောက် သတိလက်လွတ်လိုက်ပြေးသည်။ ထို့နောက် ရဲခွေးနှစ်ကောင်အကိုက်ခံရပြီး မြေပေါ်လဲကျသွား၏။

လူနှင့်ခွေး အမြန်နှုန်းချင်းမယှဉ်သာ။

ပတ္တရောင်လှည့်ရဲနှစ်ယောက်လည်း ဒီလူနှစ်ယောက်ကလုံးဝပုံမှန်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ သူတို့ကချက်ချင်းခုန်အုပ်ပြီး လက်ရဖမ်းဆီးကာ လက်ထိပ်ခတ်လိုက်၏။

သို့သော် ဝမ်ဖုန်းကိုယ်ပေါ်တွင် မြက်ဆယ်အုံလောက်တွေ့သောအခါ သူတို့ကြောင်သွားသည်။

ဘာလဲဟ?

ဒီလူနှစ်ယောက်ကမြက်သူခိုးတွေလား?

မြက်ခိုးတာဆိုပေမဲ့ တရားမဝင်ဘူးမလား?

ထိုအချိန်တွင် ပတ္တရောင်လှည့်ရဲနှစ်ယောက်မှာ ဆုံးဖြတ်ရခက်ခဲ၍ ခေါင်းဆောင်ဟုန်ကိုချက်ချင်းဆက်သွယ်လိုက်သည်။ သူတို့ဆုံးဖြတ်ချက်မချနိုင်ရင် သူတို့ခေါင်းဆောင်ဟုန်ဆုံးဖြတ်လိမ့်မည်။

ရုံးခန်းထဲ၌_

ချင်လင်မှာသူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကြည့်ရင်း သူ့ဂိမ်းဇာတ်ကောင်ကိုနတ်ဘုရားမတောင်သွား၍ သစ်ပင်ခုတ်ခိုင်းနေသည်။ ထိုစဉ် ရုတ်တရက်ခေါင်းဆောင်ဟုန်ဆီမှတင်ပြချက်ရပြီး မျက်မှောင်ကြုတ်လိုက်သည်။

ခေါင်းဆောင်ဟုန်က မြက်သူခိုးနှစ်ယောက်ဖမ်းမိထားသည်တဲ့။

ထို့ကြောင့် အရင်ကဒီမြက်အတွက်လာခဲ့သောဟန်စုကို ချက်ချင်းသတိရသွားသည်။

လုံခြုံရေးခန်းထဲရောက်သောအခါ ခေါင်းဆောင်ဟုန်က ဝမ်ဖုန်းတို့ကိုစစ်ဆေးမေးမြန်းနေသည်။ ချင်လင်ကိုမြင်လျှင် သူကအပြင်ထွက်လာပြီး_

''သူဌေးချင်... ဒီမှာမြက်သူခိုးနှစ်ယောက်ရှိပါတယ်... ဝမ်ချိုင်နဲ့ရဲခွေးနှစ်ကောင်ကဖမ်းမိတာပါ''

ခေါင်းဆောင်ဟုန်ပြောနေစဉ် ဝမ်ချိုင်ကပါးစပ်ထဲဝက်အူချောင်းထုပ်ကိုက်ပြီး အပြင်မှပြေးဝင်လာကာ ရဲခွေးနှစ်ကောင်ကိုဟောင်လိုက်သည်။

ထိုအထုပ်မှာ လင်းလန်ဇီ၏မာတီမီဒီယာဌာနမှ ဝမ်ချိုင်အတွက်သီးသန့်ပြင်ပေးထားခြင်းပင်။ ခွေးစာထဲတွင် အလွန်နာမည်ကြီးသည်။

ဒီခွေးဝမ်ချိုင်က တစ်ခုခုလုပ်ဆောင်ထားသူကိုဆုချသောအစ်ကိုကြီးနှင့်နည်းနည်းတူနေသည်။

ရဲခွေးများကို သူများကျွေးတာမစားဖို့လေ့ကျင့်ထားသော်လည်း သူတို့အဖော်ကပေးသောအခါတစ်မျိုးဖြစ်သွားသည်။



ဝမ်ချိုင်ကဝက်အူချောင်းထုပ်ကိုချ၍ ဝက်အူချောင်းများဖြန့်ချလိုက်သောအခါ ရဲခွေးနှစ်ကောင်ကဟောင်ပြီး အမြီးတနှံ့နှံ့နှင့်စားတော့သည်။

ဝမ်ချိုင်ကဘေးမှဆောင့်ကြောင့်ထိုင်ပြီးသာ ကြည့်နေသည်။

ခေါင်းဆောင်ဟုန်က မြင်သော်လည်းမတား။ ရဲခွေးများကိုအပြင်စာမစားဖို့လေ့ကျင့်ထားသော်လည်း ဒီနှစ်ကောင်ကရဲခွေးဟောင်းများဖြစ်သည်။ စီရင်စုက သူတို့အတွက်အထူးထောက်ပံ့ပေးခြင်းပင်။ ပြဿနာတစ်စုံတရာမရှိရင် ချင်းလင်စံအိမ်မှာနောက်ဆုံးအချိန်အထိ အလုပ်လုပ်နိုင်သည်။

ချင်းလင်စံအိမ်သာဆန္ဒရှိရင် ရဲခွေးနှစ်ကောင်ကိုမွေးစားပြီး စံအိမ်ထဲမှာသေချာပေါက်ထားနိုင်သည်။

ချင်းလင်စံအိမ်မှာ ဒီလိုမျက်နှာမျိုးရှိသည်။

ချင်လင်ကအကြည့်ပြန်ရုတ်ပြီး ခေါင်းဆောင်ဟုန်ကိုမေးလိုက်သည်_

''ခေါင်းဆောင်ဟုန်... မြက်သူခိုးနှစ်ယောက်ကိုမေးတာဘယ်လိုလဲ? ဒီနောက်ကွယ်မှာတစ်ယောက်ယောက်ရှိနေလား?''

ခေါင်းဆောင်ဟုန်က အောင့်သက်သက်နှင့်ပြောလိုက်သည်_

''ဒီနှစ်ကောင်ပြောတာက သူတို့ပျင်းလို့မြက်ဆွဲနုတ်တာပါတဲ့... တခြားဘာမှမပြောဘူး... မြက်ခိုးတာဆိုတော့ ဘယ်အမှုနဲ့ထိန်းသိမ်းထားရမလဲမသိဘူးဖြစ်နေတယ်''

ဒီနှစ်ယောက်အကြောင်းအရင်းမရှိမြက်ခိုးမည်မဟုတ်မှန်း၊ ပတ္တရောင်လှည့်ရဲနှစ်ယောက်ကိုမြင်သောအခါ ကြောက်ကြောက်လန့်လန့်ထွက်ပြေးခြင်းမှာ တစ်ခုခုတော့မဟုတ်မှန်း သူသိသော်လည်း သူတို့မွေးမြူရေးခြံတွင်ခိုးထားသည်က အမှန်ပင်မြက်ဆယ်အုံဖြစ်နေသည်။

ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။

ဒီနောက်ကွယ်မှာ တခြားမွေးမြူရေးခြံရှိမည်မှန်း သူသိသည်။ အဖြစ်နိုင်ဆုံးတစ်ယောက်က ဟန်စုပင်။

ဂိမ်းစနစ်အရည်အသွေးကိုရွှေ့ပြောင်းစိုက်ဖို့မဖြစ်နိုင်သောကြောင့် ခွေးသွားစိတ်မြက်ဖြစ်စေ၊ တခြားအရာဖြစ်စေ အခိုးခံရမှာမကြောက်သော်လည်း သူခိုးတွေတောက်လျှောက်မျက်စိကျနေရင် စိတ်ပျက်စရာဖြစ်မည်။

တစ်ဖက်လူကိုသင်ခန်းစာမပေးရင် ကြက်သတ်ပြီးမျောက်ကိုသတိပေးသလို ခံစားချက်ကောင်းရမည်မဟုတ်။

ထိုအတွေးနှင့်ဖုန်းထုတ်ပြီး ချူဖုန်းကိုဆက်လိုက်သည်။ ဒီလိုဥပဒေရေးရာမှာ ချူဖုန်းကကျွမ်းကျင်သူပင်။

ဒီကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းရမယ့်နည်းရှိမရှိ ကြည့်ရတာပေါ့။

သူကတစ်ခါတည်းစပီကာဖွင့်လိုက်သောကြောင့် ခေါင်းဆောင်ဟုန်လည်းနားထောင်နိုင်သည်။

ဖုန်းဝင်သွားသောအခါ ချူဖုန်းအသံချက်ချင်းကြားရသည်_

''ချင်လင်... ရုတ်တရက်ကြီး ဖုန်းဆက်နေပါလား? မှာစရာရှိလို့လား?''

ချင်လင်က ချူဖုန်းကိုမြက်သူခိုးအကြောင်းနှင့်သူ့အမြင်တန်းပြောပြပြီး မေးလိုက်သည်_

''စီနီယာအစ်ကိုချူ... ဒီလူနဲ့ပတ်သက်ပြီးကိုင်တွယ်လို့ရမယ့်နည်းရှိလား? ဒီတစ်ခါ စိတ်ပျက်မိတယ်... ဒါပေမဲ့ ကျွန်တော်ဘာမှမလုပ်ရင် ဆက်ပြီးစိတ်ပျက်အောင်လုပ်နေမှာမလား?''

ချူဖုန်းကခဏအသံတိတ်နေပြီးမှ_

''ချင်လင်... မင်းပြောတဲ့အတိုင်းဆိုရင် သူတပါးစမ်းသပ်ထားတဲ့ရလဒ်ကိုခိုးယူမှုနဲ့တရားစွဲလို့ရတယ်... ငါတို့နိုင်ရင် သုံးနှစ်လောက်လွတ်မှာမဟုတ်ဘူး... နောက်ပြီး ဒီစားကျက်မြေက စီးပွားရေးအရတန်ဖိုးရှိတယ်ဆိုတော့ လုပ်ငန်းလျှို့ဝှက်ချက်ခိုးယူမှုနဲ့တရားစွဲနိုင်တယ်... ဒါဆိုရင် နောက်ထပ်ထောင် ၃ နှစ်ကနေ ၇ နှစ်အထိချနိုင်တယ်''

''ဒါပေမဲ့ တရားစွဲလို့ရမရပဲ... အဲဒီဘက်ကိုငါသေချာလုပ်လိုက်မယ်... ငါလုံးဝမျက်နှာဖုံးခွာပစ်မယ်''

''အဓိကကတော့ မင်းရဲ့ခွေးသွားစိတ်မြက်မှာ သိပ္ပံသုတေသနရလဒ်ရှိဖို့ပဲ... အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုကအတည်ပြုထားတဲ့ထောက်ခံချက်လိုတယ်... မဟုတ်လို့ သာမန်စားကျက်​မြေဆိုရင် ကျိုးကြောင်းမဆီလျော်ဘူး''

''တရုတ်သိပ္ပံအကယ်ဒမီဆိုရင် အာဏာရှိလား?''

ချင်လင်ကမေးလိုက်သည်။

''ထပ်'' ထိုစကားကြားပြီး ချူဖုန်းချက်ချင်းအသံတိတ်သွားသည်။ ခဏကြာမှ ပြောစရာစကားမရှိပုံနှင့်_

''ချင်လင်... တရုတ်သိပ္ပံအကယ်ဒမီကိုအကဲဖြတ်ခိုင်းလိုက်ပါ... မင်မြို့တော်ကတရားဝင်အဖွဲ့အစည်းတစ်ခုမှာ စမ်းသပ်ကြတာပေါ့''

ဖုန်းချပြီးနောက် ချင်လင်ကခေါင်းဆောင်ဟုန်ကိုကြည့်ပြီးမေးလိုက်သည်_

''ခေါင်းဆောင်ဟုန်... အခုထိန်းသိမ်းထားလို့ရပြီလား? ဒီနောက်ကွယ်ကလူကိုလည်းစုံစမ်းပေးပါဦး?''

စီနီယာအစ်ကိုချူက တရားစွဲလို့ရမရ မသေချာကြောင်းလည်းပြောထားသည်။ တစ်ဖက်လူကိုမျက်နှာဖုံးခွာမည်ဟုသာအာမခံထားသဖြင့် သူကဒီနောက်ကွယ်ကလူကို နောက်ထပ်အရေခွံခွာချရမည်။

ဒီကိစ္စပေါ်သွားပြီး လီခိုင်နဲ့ငြိစွန်းရင် တစ်ဖက်လူတော့ ဒုက္ခလှလှရောက်ပြီ။

အရင်ဆုံး သိပ္ပံသုတေသနရလဒ်ကိုခိုးတာက စက်ဆုပ်စရာ။ အဲဒါထက် ပါမောက္ခလီခိုင်နဲ့ချင်းလင်ဓာတ်ခွဲခန်းရဲ့ရလဒ်ကိုခိုးခဲ့တာ။

ဒိုနာစီမြက်ရင်းလှူပြီးနောက်ပိုင်း ပါမောက္ခလီခိုင်ရဲ့ဂုဏ်သတင်းအမြင့်ဆုံးတက်နေချိန် ဒီလူကရုတ်တရက်ပေါ်လာပြီး မျက်စဉ်းလာခတ်တာလား?

ခေါင်းဆောင်ဟုန်ဘာပြောနိုင်ဦးမလဲ?

သူကစစ်ဆေးမေးမြန်းခန်းထဲ တန်းလျှောက်သွားလိုက်သည်။

မြက်ခိုးပြီး ထောင် ၆ နှစ်ကျော်ကျရင် တကယ်ရက်စက်တာပဲ။

ဥပဒေနဲ့ယှဉ်ရင် သူကဒီရှေ့နေတွေထက်အများကြီးလိုသေးသည်။

တရားစွဲနိုင်ခဲ့သည်ရှိသော် ဒီလူတွေအရေခွံကွာသွားလိမ့်မည်။

တကယ့်အချက်က မြက်တွေအပြည့်နဲ့စားကျက်မြေတစ်ခုလုံးကို တိရစ္ဆာန်တွေကစိတ်ကြိုက်စားနိုင်တယ်! မြက်ဆယ်အုံလောက်ခိုးတာ ဒီလောက်အဖြစ်ဆိုးလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?

ခေါင်းဆောင်ဟုန်က စစ်ဆေးမေးမြန်းခန်းထဲမြန်မြန်ဝင်ပြီး ဝမ်ဖုန်းနှင့်မျက်နှာချင်းဆိုင်ထိုင်ကာ အေးစက်စက်ပြောလိုက်သည်_

''ဝမ်ဖုန်း... အခုမင်းကိုအခွင့်အရေးပေးမယ်... ဒီနောက်ကွယ်က ဘယ်သူလဲပြောစမ်း... မဟုတ်ရင် အကျိုးဆက်တွေကို မင်းခံနိုင်ရည်ရှိမှာမဟုတ်ဘူး''

''ရဲအရာရှိကြီး... ဒါမြက်လေးနည်းနည်းလောက်တူးတာပဲလေ... ညွှန်ကြားမယ့်သူလိုသေးလို့လား? ဒီလိုပဲပျင်းလို့ လက်နည်းနည်းလှုပ်မိတာ... ခွေးသွားစိတ်မြက်တူးလို့ ထိန်းသိမ်းထားလို့မရဘူးထင်တယ် ဟုတ်လား?''

ဝမ်ဖုန်းက ဂရုမစိုက်ဟန်နှင့်ပြောလိုက်သည်။

ခိုးတာက တရားမဝင်ပေမဲ့ မြက်ခိုးမှုရယ်လို့တော့မရှိ။

ဒီလိုသာဆိုရင် မွေးမြူရေးခြံမှာ မြက်နုတ်ပြီးတိရစ္ဆာန်ကျွေးတဲ့ခရီးသည်တွေအများကြီးရှိမှာပဲ။ ဒီခရီးသည်တွေအကုန်လုံးကိုလိုက်မဖမ်းနိုင်ဘူးမလား?

ခေါင်းဆောင်ဟုန်က သူ့စကားကြားပြီး ခေါင်းခါလိုက်သည်။

လူတွေအတော်များများ မသမာမှုတွေလုပ်ရဲတဲ့အကြောင်းရင်းက တချို့အရာတွေကိုနားလည်မှုလွဲနေလို့ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းလို့ပဲ။

''ဝမ်ဖုန်း... မြက်လေးနည်းနည်းတူးတာ ဘာမှမဖြစ်ဘူး''

သူကပြောလိုက်သည်_

''ဒါပေမဲ့ မင်းတူးတဲ့မြက်က အရေးကြီးတဲ့သုတေသနရလဒ်... ဒါဆိုရင် တစ်မျိုးဖြစ်သွားပြီ... မင်းကိုဘယ်သူမှမခိုင်းဘူးဆိုမှတော့ မင်းကိုထိန်းသိမ်းထားရုံကလွဲပြီးမတတ်နိုင်ဘူး''

''အဲဒါအပြင် အရမ်းကံဆိုးတဲ့သတင်းပြောလိုက်ဦးမယ်... ချင်းလင်စံအိမ်ကမင်းကို သူတပါးသုတေသနရလဒ်ခိုးမှု လုပ်ငန်းလျှို့ဝှက်ချက်ခိုးယူမှုနဲ့ တရားစွဲဖို့ဆုံးဖြတ်လိုက်ပြီ... တရားစွဲတာအောင်မြင်ရင် အနည်းဆုံး မင်းထောင် ၆ နှစ်ကျလိမ့်မယ်''

''ရဲအရာရှိ... ကျွန်တော့်ကိုနောက်နေတာလား?''

ဝမ်ဖုန်းမှာ ထိုစကားကြားလျှင်ကြက်သေသေသွားပြီး စိုးရိမ်တကြီးမေးလိုက်သည်_

''မြက်လေးနည်းနည်းခိုးတာပဲလေ''



All Chapters