← Chapters

အထက်ဘုံမှ သတင်းများ

Vol. 011 Ch. 1023

အထက်ဘုံမှ သတင်းများ

Vol. 011 Ch. 1023

ရှန့်ထိုအသစ်များ အနေဖြင့် အထက်ဘုံသို့ သွားရောက်ကာ အင်ပါယာရှားအား သွားရောက် ဂါရဝပြုရသည်မှာ ရှေးထုံးစံဖြစ်သည်။ ပြည်နယ်ကိုးခုသည် အင်ပါယာရှား၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိသော်လည်း ရှန့်ထို ဖြစ်နိုင်သူများသာ အင်ပါယားရှားအား တွေ့ဆုံခွင့်ရှိ၏။

လူများ ပြန်မရောက်သေးမီကပင် သတင်းများမှာ ပြည်နယ်ကိုးခုသို့ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် မြေရိုင်းပြည်နယ်သည် အုန်းအုန်းကျွက်ကျွက် ဖြစ်နေ၏။ မြေရိုင်းပြည်နယ်မှ ရှန့်ထိုငါးပါး ပေါ်ထွက်လာခဲ့ကာ သူတို့အားလုံးမှာ တော်ဝင်ကျဲ နန်းတော်မှ ဖြစ်ကြသည်။ ထိုအရာက ရူးသွပ်ဖွယ် အောင်မြင်မှုဖြစ်၏။ ယခင်က တော်ဝင်ကျဲ နန်းတော်သည် ရှန့်ထိုမရှိသော တော်ဝင်မြေ ဖြစ်သောကြောင့် ပြည်နယ်ကိုးခု၏ မေ့လျော့ခြင်းကို ခံခဲ့ရသည်။ ထို့အတွက်ကြောင့်ပင် ယခင် နန်းတော် သခင်ဟောင်းတို့က ရှန့်ထိုတစ်ပါး ပေါ်ထွက်ရန် အရာအားလုံးကို ပုံအောလျက် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

ယခု ရှန့်ထိုပြိုင်ပွဲ၌ တော်ဝင်ကျဲ နန်းတော်မှ ရှန့်ထိုငါးပါး ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ မူလက တော်ဝင်ကျဲနန်းတော်၌ ရှန့်ထိုလေးပါး ရှိခဲ့၏။ ယခု မှန်နန်းတော် သခင်မသည်လည်း တော်ဝင်ကျဲနန်းတော် လက်အောက်၌ မှန်နန်းဆောင်ကို တည်ဆောက်ကာ နေသည်။ ထို့ကြောင့် လက်ရှိတွင် တော်ဝင်ကျဲ နန်းတော်သည် ရှန့်ထိုဆယ်ပါးဖြင့် ပြည်နယ်ကိုးခု၌ နံပါတ်တစ် တော်ဝင်မြေ ဖြစ်လာသည်။

တစ်ဖက်တွင် ရီဖူရှင်း၊ ယူချင်း၊ ဓားသခင်၊ ဂူတုံးလျိုနှင့် တခြား လူများသည် ရှန့်ထို မဖြစ်ကြသေးသော်လည်း ထိုနေ့ ထိုရက်မှာ အနှေးနဲ့အမြန် ရောက်လာမည် ဖြစ်သည်။ ကံဆိုးမှု ပြီးဆုံးသွားလျှင် ကံကောင်းခြင်း တရားသည် ရောက်လာရသည် ဟူသော ဆိုရိုးစကားသည် တော်ဝင်ကျဲ နန်းတော်အတွက် ဖြစ်ပေမည်။

တော်ဝင်မြေဆယ်ခု ပါဝင် ပတ်သက်ခဲ့သော ဧရာမ တော်ဝင် စစ်ပွဲကြီးတွင် မရေမတွက်နိုင်သော လူများ သေဆုံးခဲ့ရသလို အနိုင်ရသူများနှင့် အသက်ရှင်သူများကိုလည်း ပါရမီ ရင့်သန်စေသည်။

မြေရိုင်းပြည်နယ်၏ အသစ် ပေါ်ထွက်လာခဲ့သော ရှန့်ထိုငါးပါးမှာ …

ယခင် ကောင်းကင်မြေရိုင်း အဆင့်၌ နံပါတ်ရှစ်တွင်ရှိသော အာခီမီမြို့၏ မြို့စား ယူစီ၊ ယခင် ကောင်းကင်မြေရိုင်း အဆင့်နှစ်တွင်ရှိသော ရေခဲနန်းတော် သခင်မ ယွန်ရှင်း၊ ယခင် ကောင်းကင်မြေရိုင်း အဆင့်ခြောက်တွင်ရှိသော ကျူးကော့မိသားစု ခေါင်းဆောင် ကျူးကော့ချန်းဖန်၊ ယခင် ကောင်းကင်မြေရိုင်း အဆင့်ကိုးတွင်ရှိသော ထင်းဆွေအိမ်တော် ခေါင်းဆောင် စုရှမ်းနှင့် ယခင် ကောင်းကင်မြေရိုင်း အဆင့် ဆယ့်ရှစ်တွင် ရှိခဲ့သော ရွှေလူဝံတို့၏ ခေါင်းဆောင် ဖြစ်သော ယန်ဟောင်တို့ ဖြစ်ကြသည်။

ထိုသူများ အားလုံးမှာ တော်ဝင်ကျဲ နန်းတော်၏ အရှင်သခင်များ ဖြစ်သလို ယန်ဟောင်သည်လည်း တော်ဝင်ရှီနန်းဆောင်၏ စောင့်ရှောက်သူ ဖြစ်ပေသည်။ သူတို့သည် ပြီးခဲ့သော တော်ဝင်စစ်ပွဲ၌ စိတ်နှလုံးများ ရင့်သန်လာသည့်အပြင် သက်ဆိုင်ရာ ပညာရပ်များတွင်လည်း ထူးထူးခြားခြား တိုးတက် လာခဲ့ကြသူများ ဖြစ်ကြသည်။

ယခင်က ကောင်းကင်မြေရိုင်း အဆင့်၌ နံပါတ်တစ်နဲ့ နံပါတ်သုံးတို့တွင် ရှိသော သူနှစ်ဦးတို့မှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်သော နန်းတော် သခင်ဟောင်းနှစ်ဦး ဖြစ်ကြသည်။ တိမ်ဖြူမြို့စားနှင့် ပိုင်လွေလီတို့မှာ ရှန့်ထိုမဖြစ်ကြသေးပဲ တစ်ဖက်တွင် ဟောင်စီသည် ရှေးနန်းတော်ရာ တိုက်ပွဲ၌ ဆုံးပါးသွားခဲ့၏။

တခြားသော လေးယောက်နှင့် ထောင်ကျန်းတို့ အားလုံးမှာ ရှန့်ထို ဖြစ်လာခဲ့ကြသည်။ ထိုရလဒ်က မြေရိုင်းပြည်နယ် တစ်ခုလုံးအား ကြီးစွာ မုန်တိုင်း ထန်စေ၏။ တခြားသော ကောင်းကင်မြေရိုင်း အဆင့်ဝင်များမှာလည်း အလွန် စိတ်ပျက် ကြရသည်။

သူတို့သည်လည်း ပြည်နယ်ကိုးခု ရှန့်ထိုပြိင်ပွဲ၌ ပါဝင်ခဲ့ကြသော်လည်း အမှန်တကယ်အားဖြင့် ထိုငါးယောက်သည် စွမ်းအား အမြင့်ဆုံး မဟုတ်ကြပေ။ ယူချင်း၊ ဓားသခင်၊ ကျန်ကျောင်းနှင့် ဂူတုံးလျိုတို့သည် ထိုငါးယောက်ထက် တိုက်ခိုက်ရေး စွမ်းရည် မြင့်မားကြသူများ ဖြစ်ကြ၏။ သို့သော်လည်း ရှန့်ထိုဖြစ်ရန် လမ်းသည် တိုက်ခိုက်ရေး စွမ်းရည်နှင့် မသက်ဆိုင်ပါ။

သူတို့ ငါးယောက်လုံးသည် ရှန့်ထိုအဆင့် အမြင့်ဆုံး၌ ရပ်တည် နေခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူတို့၏ တန်ခိုးအဆင့်မှာ လွန်စွာ တည်ငြိမ် ခိုင်မာနေပြီး ဖြစ်သည်။ တော်ဝင်စစ်ပွဲ အပြီး၌ သူတို့၏ စိတ်နှလုံးမှာ ပိုမို၍ ပါရမီ ရင့်သန်ခဲ့ကြ၏။ ဤနည်းဖြင့် သူတို့သည် ပြည်နယ်ကိုးခု ရှန့်ထိုတိုက်ပွဲ၌ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ရှန့်ထို ဖြစ်လာခဲ့ကြသည်။ ဤတွင် မြေရိုင်း ပြည်နယ်မှ ရှန့်ထိုငါးပါး ပေါ်ထွက် လာတော့၏။

ယခုကား မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်အတွက် ပြည်နယ်ကိုးခု၌ အမြင့်ဆုံးသော အဆင့်အတန်းအား ပိုင်ဆိုင်ရတော့မည့် အချိန်အခါ ဖြစ်ပေသည်။

ရှန့်ထိုတိုက်ပွဲ၌ ရှန့်ထိုငါးပါး ပေါ်ထွက်လာသည့် သတင်းသည် ပြည်နယ်ကိုးခုလုံးသို့ ပျံ့နှံ့လာခဲ့ရာ မရေမတွက်နိုင်သော လူများသည် တော်ဝင်ကျဲ နန်းတော်၏ အကိုင်းအခက် နန်းတော်ငါးခုသို့ ဝင်ရောက် လေ့ကျင့်ရန် ဦးတည် လာခဲ့ကြသည်။ နန်းတော်ငါးခု အတွင်းမှ နန်းတော်သခင် လေးယောက်သည် ရှန့်ထိုများဖြစ်ကြရာ သူတို့အား စစ်မှန်သော တော်ဝင်မြေ ဖြစ်စေသည်။

မြေရိုင်းပြည်နယ်၏ နဂါးပတ်တောင်သည် ယခင်က ကျူးကော့မိသားစု အခြေစိုက်ရာ နေရာြဖစ်သည်။ ယခု ကျူးကော့ မိသားစုသည် ထိုနေရာ၌ပင် ကျူးကော့နန်းတော် အဖြစ် ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော လူများသည် တောင်ပေါ်သို့တက်ကာ နန်းတော်ရှေ့၌ စာရင်း ပေးသွင်းကြသည်။ သူတို့အားလုံးက ကျူးကော့နန်းတော်၌ လေ့ကျင့်လိုကြ၏။ ထိုအထဲတွင် လူအုပ်ကြီး တစ်စုသည်လည်း ပါဝင်သည်။ သူတို့က ပြောသည် …”ကျုပ်တို့ဟာ အရင်တုန်းက ကျူးကော့ မိသားစုဝင်တွေပဲ။ အခု နန်းတော်မှာ ဝင်ရောက် လေ့ကျင့်လိုပါတယ်” သူတို့၏ ခေါင်းဆောင်လုပ်သူမှာ ယခင် မိသားစု အကြီးအကဲဟောင်း တစ်ဦးဖြစ်သော ကျူးကော့ကျိ ဖြစ်သည်။

“ကျူးကော့မိသားစု ခေါင်းဆောင်က တော်ဝင်ကျဲ နန်းတော်သခင်ကို ကူညီထောက်ပံ့ပြီး ခေတ်သစ်တစ်ခုကို လမ်းဖောက် ပေးခဲ့တယ်။ ကျူးကော့မိသားစု ခေါင်းဆောင် ကျူးကော့ချန်းဖန်က အခု ရှန့်ထိုတစ်ပါး ဖြစ်သွားလို့ အင်ပါယာရှားဆီသို့ သွားနေတယ်။ ဒါကြောင့် နောက်တစ်ခေါက်မှ ပြန်လာကြပါ။ ကလန်က လူတွေ အကုန်လုံးက နန်းတော်ထဲမှာ လေ့ကျင့်ကြပြီးတော့ ကျူးကော့မိသားစုမှာ ဂိုဏ်းခွဲရှိတာကို တစ်ခါမှ မကြားဖူးခဲ့ကြဘူး” နန်းတော်၏ အပြင်ဘက်တွင် ရှိနေသော နန်းတော် တပည့် တစ်ယောက်က ကျူးကော့ကျိကို ကြည့်ကာ ပြောသည်။

“ကျူးကော့မိသားစုမှာ ခက်မနှစ်ခု ရှိတယ်။ တစ်ခုက ကလန်ခေါင်းဆောင်တို့ ဖြစ်ကြပြီး ကျုပ်တို့က နောက်တစ်ဖွဲ့ပဲ။ ကျုပ်တို့က တကယ်ပဲ ကျူးကော့မိသားစုက လူတွေပါ”

“မိသားစုက ခက်မနှစ်ခုအဖြစ် ကွဲသွားမှတော့ ခင်ဗျားတို့က ဒီကို ဘာလာ လုပ်ကြတာလဲ …” လူငယ်က အေးစက်စွာ ပြောသည်။ သူတို့က ထိုကိစ္စရပ်များအား သိကြဟန် ရသည်။

“ကျုပ်တို့က မိသားစုထံသို့ ပြန်ဝင်ချင်ပါတယ်။ ကလန်ခေါင်းဆောင် ပြန်ရောက် လာတဲ့အခါ ကျုပ်တို့က သေသေချာချာ တောင်းပန်မှာပါ” ကျူးကော့ကျိက ပြောသည်။

“ကောင်းပြီ … ဒါဆိုလည်း ခင်ဗျားတို့တွေ အပြင်မှာပဲ စောင့်နေကြ …” လူငယ်က အထင်သေးစွာ ပြောသည်။ သည်လူများသည် မိသားစု အကျဉ်းအကျပ် ကာလထဲ၌ စွန့်ခွာ သွားခဲ့ကြသူများ ဖြစ်ကြသည်။ ယခု မိသားစု ခေါင်းဆောင်သည် ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့ရာ သူတို့က အကျိုးအမြတ်ကို မျှော်ကိုးကာ ပြန်လာ လိုခဲ့ကြသည်။

“ဒါဆိုလည်း ကျုပ်တို့က အပြင်မှာပဲ စောင့်နေပါ့မယ်” ကျူးကော့ကျိက ပြောသည်။ သူတို့အုပ်စုက နန်းတော်နှင့် သိပ်မဝေးသော နေရာ၌ ထိုင်ကြသည်။ ထိုအုပ်စုထဲတွင် ကျူးကော့ရှင်းလည်း ပါဝင်၏။ သူက ခေါင်းငုံ့ကာ ဘာမှမပြောပေ။ တခြားသောလူများ အားလုံးမှာလည်း စိတ်ပျက် အားငယ်ဟန်များ ရှိနေကြသည်။

ယခင်နှစ်များစွာ အကြာက ပြည်နယ်ကိုးခု ညီလာခံ၌ တော်ဝင်ကျဲ နန်းတော်သည် အလွန် အင်အားကြီးမား လာခဲ့သည့်တိုင် သူတို့သည် ပြန်လာရန် ဆန္ဒမရှိခဲ့ကြပေ။ သို့သော်လည်း သူတို့၏ ကလန် ခေါင်းဆောင်ဟောင်း ကျူးကော့ချန်းဖန်သည် ရှန့်ထိုတစ်ပါး ဖြစ်လာခဲ့၏။

ရှန့်ထိုတစ်ပါး၏ သက်ရောက်မှုမှာ လွန်စွာ ကြီးမားသည်။ အကယ်၍ သူတို့သည်သာ ကျူးကော့ချန်းဖန်၏ ကြည့်ရှု စောင့်ရှောက်မှု အောက်၌ လေ့ကျင့်ရပါက ကြီးမားသော အခွင့်အလမ်းများ ရရှိနိုင်ပေသည်။

“ကျူးကော့ကျိ … နဂါးပတ် တောင်ပေါ်မှာ ကျူးကော့နန်းတော်ပဲ ရှိတော့တယ်။ ကျူးကော့အိမ်တော် ဆိုတာ မရှိတော့ဘူး။ ကလန် ခေါင်းဆောင်က အတိတ်က ဖြစ်ရပ်တွေကြောင့် မင်းတို့ကို နန်းတော်သို့ လက်ခံဖို့ မရှိလောက်ဘူး။ အခု ကျူးကော့နန်းတော်က တော်ဝင်ကျဲ နန်းတော်ရဲ့ ခက်မတစ်ခု ဖြစ်နေပြီ။ တော်ဝင်ကျဲ နန်းတော်က သူရဲဘော ကြောင်တတ်သူတွေနဲ့ အကျိုးအမြတ် တစ်ခုတည်း ကြည့်တဲ့သူတွေကို မလိုဘူး။ မင်းတို့ တောင်ပေါ်က ဆင်းသွားတာ အကောင်းဆုံးပဲ”

နန်းတော် အတွင်းမှ အသံတစ်သံကို ကြားကြရသည်။ ထိုသူကား ကျူးကော့မိသားစုမှ အဘိုးအိုတစ်ဦး ဖြစ်၏။ ကျူးကော့ကျိသည် အနည်းငယ် တုန်လှုပ်စွာဖြင့် ထိုနေရာကို လှမ်းကြည့်ကာ သူတို့အတွက် မျှော်လင့်ချက် မရှိတော့သည်ကို သိလိုက်သည်။ သူက ထရပ်ကာ နဂါးပတ် တောင်ပေါ်တွင် ရှိသော ကျူးကော့ ကျောင်းတော်အား တစ်ချက် ကြည့်လျက် ဦးညွှတ်သည်။

ထို့နောက် ကျူးကော့ကျိက ခါးကို မတ်ကာ ပြောသည် …”ငါတို့ အားလုံး ထွက်သွား ကြရအောင် … အခုအချိန်ကစပြီး ကျူးကော့နန်းတော် ဆိုတာပဲ ရှိတော့မယ်” သူတို့အားလုံးမှာ မျှော်လင့်ချက် မရှိတော့ပေ။ မည်သူကမှလည်း သူတို့အား ဂရုမစိုက်ကြပေ။ ယနေ့တွင် လူအများက ကျူးကော့နန်းတော် ကိုသာ သိကြတော့မည် ဖြစ်သည်။

***

လူတစ်စုသည် တော်ဝင်ရှီနန်းဆောင် အခြေစိုက်ရာ ပင်မတောင်ကြီးရှေ့၌ ရှိသော ရွှေရောင် လှေကားထစ်များပေါ်တွင် ရပ်နေကြသည်။ ရှေ့ဆုံးမှ ရပ်နေသူမှာ ရီဖူရှင်း ဖြစ်၏။ သူ့ဘေးတွင် ယူချင်း၊ ဓားသခင်၊ ကျန်ကျောင်း၊ ဂူတုံးလျိုနှင့် တခြားလူများ ရှိနေကြသည်။ သူတို့အားလုံးက ကောင်းကင်ပေါ်ကို မော့ကြည့်ကာ တစ်စုံတစ်ရာအား စောင့်ဆိုင်း နေကြဟန် ရှိသည်။

တစ်စုံတစ်ခုသည် တော်ဝင်ကျဲ နန်းတော်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ကောင်းကင်တွင်လည်း ရှန့်ထို အရှိန်အဝါများသည် ပိုမို၍ ကြည်လင် ပြတ်သားလာခဲ့၏။ သူတို့၏ မြင်ကွင်းထဲသို့ လူတစ်စု ရောက်ရှိလာခဲ့ကာ ထိုသူတို့မှာ ကျူးကော့ချန်းဖန်နှင့် ယူစီတို့ အုပ်စုဖြစ်သည်။

ရီဖူရှင်း၏ မျက်နှာတွင် ဝမ်းသာ ပျော်ရွှင်သော အပြုံးများရှိနေပြီး ယူစီတို့အား ကိုယ်တိုင် ကြိုဆိုသည်။ နန်းတော်မှ လူများသည်လည်း ကောင်းကင်ထက်သို့ တစ်ယောက်ပြီး တစ်ယောက် တက်လာခဲ့ကြကာ ဦးညွှတ်လျက် ပြောကြသည် …”ရှန့်ထိုများအား ကြိုဆိုပါတယ် …” လက်ရှိတွင် တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များ မည်မျှ စိတ်လှုပ်ရှားနေမည်ကို ခန့်မှန်းစရာ မလိုတော့ပေ။

ရှန့်ထိုငါးပါးသည် ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့ကြကာ လေးစားသော အမူအရာြဖင့် ဦးညွှတ် ဂါရဝပြုကြသည် …”နန်းတော်သခင် …” ရှန့်ထိုငါးပါးက နန်းတော် သခင်အား ဦးညွှတ် ဂါရဝပြုသည့် မြင်ကွင်းမှာ ကြီးကျယ် ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်၏။ ထိုအရာကလည်း ရီဖူရှင်းအတွက် အမှန်တကယ် ထိုက်တန်သော အရာလည်း ဖြစ်၏။

ရီဖူရှင်းက ဘာမှမပြောပေ။ သူက ရှေ့သို့ တိုးသွားကာ ယူစီ၊ ကျူးကော့ချန်းဖန်၊ စုရှမ်း၊ ယန်ဟောင်နှင့် ယွန်ရှင်းတို့အား တစ်ယောက်ချင်း ပွေ့ဖက်သည်။ သူတို့အားလုံးက မိမိနှင့်အတူ အသက်ကို လောင်းကြေး ထပ်ကာ တော်ဝင်စစ်ပွဲ၌ ပါဝင် တိုက်ခိုက်ခဲ့ကြ၏။ ယခု သူတို့သည် ရှန့်ထိုအဆင့်သို့ တက်ရောက် နိုင်ခဲ့ကြပြီ ဖြစ်သည်။

“နန်းတော်သခင် … ကျုပ်တို့မှာ သတင်းကောင်း တချို့ ရှိပါတယ် …” ယူစီက ယူချင်းအား ကြည့်လျက် ပြောသည်။

“ဘာသတင်းများလဲ …” ရီဖူရှင်းက ပြုံးလျက် မေးသည်။

“ကျုပ်တို့က အင်ပါယာရှားဆီသို့ သွားတွေ့တဲ့အချိန်မှာ မင်းသမီး ရှားရှင်းယွန်က နန်းတော်သခင်အတွက် စကားမှာပါးလိုက်ပါတယ်။ သူမက ပြည်နယ်ကိုးခုက လူတွေကို ခေါ်သွားပြီးတော့ နေရာအနှံ့မှာ သွားရောက် လေ့ကျင့်ခဲ့တယ်။ မင်းသမီးပြောတာက နန်းတော်သခင်ရဲ့ ဇနီး အသက်ရှင်ဖို့ အခွင့်အလမ်း ရှိနေသေးတယ်” ယူစီက ရီဖူရှင်းအား ကြည့်ကာ ပြောသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားသည်။ သူကမေးသည် …”နောက်ထပ် သတင်းတွေ ရှိသေးလား”

ဂျီယူ ဆက်လက် အသက်ရှင်သေးသည်မှာ ဖြစ်နိုင်ပါသလော။

“မင်းသမီးက သိပ်အများကြီး မပြောဘူး။ ကျုပ်ထင်တာကတော့ မင်းသမီးက နန်းတော်သခင်ကို အထက်ဘုံသို့ ကိုယ်တိုင် လာရောက်ပြီး မေးမြန်း စေလိုပုံရတယ်” စုရှမ်းက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်သို့ ကြည့်သည်။ သူက ချက်ချင်းပင် အထက်ဘုံသို့ သွားရောက်လို၏။

“ဖူရှင်း … တော်ဝင်ကျဲနန်းတော်က ကိစ္စတွေကို အရင်ဆုံး စီမံသွားဦး …” ကျူးကော့ချန်းဖန်က ပြောသည်။ ရီဖူရှင်း ထွက်သွားတော့မည့် နေ့ရက်မှာ သိပ်မလိုတော့သည်ကို သူသိသည်။ သူကား ပြည်နယ်ကိုးခု၌ နေရန် အလွန် ထူးခြား ထက်မြက်လွန်း၏။

***

All Chapters