← Chapters

အထက်ဘုံသို့ ပြန်သွားခြင်း

Vol. 011 Ch. 1024

အထက်ဘုံသို့ ပြန်သွားခြင်း

Vol. 011 Ch. 1024

ကျူးကော့ချန်းဖန်၏ ဆိုလိုရင်းကို ပုံမှန်အားဖြင့် ရီဖူရှင်းလည်း သိပေသည်။ သူ့အတွက် အထက်ဘုံနှင့် အောက်ဘုံမှာ အတားအဆီး မဟုတ်ပေ။

ပြည်နယ်ကိုးခုသည် သူ့အတွက် လေ့ကျင့်ရန် သင့်တော်သော နေရာတစ်ခု မဟုတ်တော့ပေ။ အနာဂတ်တွင် သူက အထက်ဘုံ၌ သွားရောက် လေ့ကျင့်သင့်ပေသည်။ သူက နန်းတော်မှ ကိစ္စရပ်များအား တခြားလူများကို စီမံခန့်ခွဲစေ နိုင်ပေသည်။

“ဦးလေးက အခု ရှန့်ထိုဖြစ်နေပြီ။ မြေရိုင်းပြည်နယ်က အန္တရာယ်လည်း မရှိတော့ဘူး။ နန်းတော်ငါးခုကလည်း ကိုယ်စီကိုယ်င နယ်မြေငါးခုမှာ ကျင့်ကြံခြင်း ပညာရပ်တွေကို သင်ကြား ပို့ချနေကြပြီ။ ဆရာက တော်ဝင်ကျဲနန်းတော်ကို ဦးစီး ဦးဆောင်လုပ်ပြီးတော့ အဘိုးလူဝံက သူ့ကို ကူညီပေးပါစေ။ ပြီးတော့ တခြားသော နန်းဆောင် သခင်တွေကလည်း အချင်းချင်း ကူညီနိုင်ကြတယ်။ ကျွန်တော် နန်းတော်မှာ ရှိတာ မရှိတာက အရေးမကြီးဘူး”

တော်ဝင်ကျဲ နန်းတော်အား ရှန့်ထိုငါးပါး ထပ်ပေါင်းထည့်လျှင် သူတို့အနေဖြင့် စိုးရိမ်ပူပန်စရာ သိပ်မရှိတော့ပေ။

အားလုံးက ပြုံးလျက် ခေါင်းညိတ်ကြသည်။ နန်းတော်သခင် ရီဖူရှင်းအနေဖြင့် ပုံမှန်အားဖြင့် ထိုကိစ္စရပ်များကို စီမံစရာမလိုပေ။ နန်းတော်၏ နေ့စဉ် လုပ်ငန်းဆောင်တာများတွင် ရီဖူရှင်းက သိပ်ပါဝင် စွက်ဖက်ခြင်း မရှိပေ။

“ဒီတစ်ခေါက် မင်းက ဘယ်သူတွေကို ခေါ်သွားမလဲ …” ယူစီကမေးသည်။

“ဘယ်သူတွေ လိုက်ချင်တဲ့ ဆန္ဒရှိမလဲ အပေါ် မူတည်တယ် …” ရီဖူရှင်းက ဖြေသည်။

“မင်းက ငါတို့ကို ဒီမှာ တာဝန် ပေးထားခဲ့တယ် ဆိုပေမဲ့ မင်းကို ကာကွယ်ဖို့ ရှန့်ထိုတချို့ ခေါ်သွားသင့်တယ်” ယူစီက ပြောသည်။ အထက်ဘုံသည် ပိုမို၍ ကျယ်ပြောကာ ထိပ်သီး တန်ခိုးရှင်များ ပိုမိုများပြား ပေသည်။

ပြည်နယ် ကိုးခုထဲတွင် ရီဖူရှင်းသည် တော်ဝင်မြေ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ပြည်နယ်ကိုးခု၌ လူများသည် တချို့သော စည်းမျဉ်း စည်းကမ်းများကို လိုက်နာရ၏။ သို့သော် အထက်ဘုံမူကား ကွဲပြား ခြားနားသည်။

ထို့အပြင် အထက်ဘုံ၌ များစွာသော တန်ခိုးရှင်များ ရှိသည်။ အထက်ဘုံ၌ တော်ဝင်မြေများတွင် တစ်ဦးထက်ပိုသော ရှန့်ထိုများ ရှိနေ၏။ ထို့ကြောင့် ရီဖူရှင်းက ရှီတန်ခိုးရှင် အချို့ကိုသာ ခေါ်ဆောင်သွားပါက စိတ်မချဖွယ်ရာ ကိစ္စဖြစ်ပေသည်။

“ကျွန်တော် ရာရာကို မေးကြည့်မယ် …” ရီဖူရှင်း ပြောသည်။

အားလုံးက ခေါင်းညိတ်ကြ၏။ အကယ်၍ ရာရာသာ သူနှင့်လိုက်ပါ သွားခဲ့လျှင် သူတို့အားလုံး စိတ်အေး ရပေမည်။

မည်သို့ဆိုစေ ရာရာသည် မရဏဓားနတ်မယ် ဝင်စားသူဖြစ်၏။ သူမက စွမ်းအားမြင့်ရုံမက အချိန်တစ်ခုကြာလျှင် သူမသည် ယခင်မူလရှိခဲ့သော အမြင့်ဆုံးစွမ်းအားကို ပိုင်ဆိုင်ပေမည်။ အထက်ဘုံ၌ပင် အနည်းငယ်သော သူတို့သာလျှင် သူမအား ယှဉ်နိုင်ပေမည်။

အတိတ်တွင် မရဏဓား နတ်မယ်သည် ပြိုင်ဘက်ကင်းပြီး အထက်ဘုံနှင့် အောက်ဘုံတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြား ပေသည်။

ရီဖူရှင်းက ရာရာ နေထိုင်ရာသို့ ရောက်လာခဲ့သည်။ သူ့အား ကြည့်ရသည်မှာ အနည်းငယ် စိတ်ပူပန်နေသော ပုံစံဖြစ်သည်။ မည်သို့ဆိုစေ ဂျီယူ၏ သတင်းက သူ့အား အထက်ဘုံသို့ အမြန်ဆုံး သွားလိုစိတ်များ ဖြစ်ပေါ် လာစေသည်။

သို့သော်လည်း အထက်ဘုံ၌ သူသည် များစွာ သတိထားရန် လို၏။ ကျူးထန် နန်းတော်၌ ရီဖူရှင်းက စွေ့ရန်ရှန့်ထိုဓား၏ သားဖြစ်သူ ပေ့ချိန်ရန်အား မသန်စွမ်း ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူ့အား လီဟန်ဓားနန်းတော်မှ လူများကလည်း ကျေနပ်ခြင်း မရှိကြပေ။ သို့သော်လည်း ထိုစိန်ခေါ်ပွဲမှာ မင်းသမီး ရှားရှင်းယွန် ကိုယ်တိုင် အသိသက်သေ လုပ်ခဲ့သော ကိစ္စဖြစ်ရာ မည်သူကမှ သူ့အား ပြောင်ပြောင်တင်းတင်း ပြဿနာ မရှာရဲကြပေ။

ရီဖူရှင်း ရောက်သွားသောအခါ ရာရာသည် မျက်လုံးကို မှိတ်လျက် လေ့ကျင့်နေခဲ့သည်။ ရီဖူရှင်းနှင့်အတူ ကျေးရွာ ခေါင်းဆောင်သည်လည်း လိုက်ပါ လာခဲ့၏။

သူမက မျက်လုံးကို ဖွင့်လိုက်ကာ ရီဖူရှင်းအား နက်ရှိုင်းစွာ ကြည့်သည်။ သူမ၏ မျက်နှာပေါ်၌ ရှုပ်ထွေးသော ခံစားချက်များ ထင်ဟပ်နေ၏။

ဘဝနှစ်ခု၏ မှတ်ဉာဏ်များသည် သူမ၏စိတ်အား ရှုပ်ထွေးစေသည်။ ပုံမှန်အားဖြင့် မရဏဓား နတ်မယ်သည် ရာရာ ဘဝဖြစ်စဉ်များကို အမှတ်ရပေသည်။

“ငါ အထက်ဘုံသို့ သွားလေ့ကျင့်မလို့ …” ရီဖူရှင်းက ပြောသည်။

ရာရာက သူ့အားကြည့်ကာ ဘာမှမပြောပေ။

သူမ၏ အေးစက်သော အမူအရာကိုမြင်လျှင် ရီဖူရှင်းက ပြုံးသည် …”ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ … ရာရာ …”

ထိုသို့ပြောကာ သူက နောက်လှည့် ထွက်ခွာ လာခဲ့သည်။ အဆုံးတွင် သူက ဘာမှ မပြောခဲ့ပေ။

လက်ရှိတွင် သူနှင့် သူမတို့အကြား ပတ်သက်မှုမှာ ယခင်လို အနေအထား မဟုတ်တော့ပေ။ သူမက ကျောက်ပြည်ထောင် ဘုရင်အား သတ်ဖြတ်ခြင်းမှာ သူမအနေဖြင့် ရာရာ၏မိဘ တစ်နည်း သူမ၏ မိဘများအတွက် လက်စားချေခြင်း ဖြစ်သည်။ ရီဖူရှင်းက သူမအား ညီမ တစ်ယောက်ကဲ့သို့ သဘောထားသေး သော်လည်း ရာရာသည်ကား မရဏဓားနတ်မယ် ဖြစ်နေပေပြီ။ သူ့အနေဖြင့် သူမထံမှ ဘာမှ တောင်းဆိုပိုင်ခွင့် မရှိပေ။

ကျေးရွာ ခေါင်းဆောင်သည်လည်း ပုံမှန်အားဖြင့် ရာရာ အနီးတွင်သာ နေပေမည်။

ထိုနေရာမှ ထွက်လာပြီးနောက် ရီဖူရှင်း၏ ခေါင်းထဲသို့ သင့်တော်သည် ထင်ရသော တစ်စုံတစ်ယောက် ပေါ်လာ၏။

ရီဖူရှင်းက မှန်နန်းဆောင်သို့ ရောက်ရှိလာခဲ့လျှင် မှန်နန်းတော် သခင်မသည် မျက်လုံးမှိတ်လျက် ငြိမ်သက်စွာ ထိုင်နေသည်ကို မြင်၏။ သူမက ထိုနေရာတွင် ထိုင်နေလျှင် သဘာဝနှင့် တစ်သားတည်း အလား ထင်မှတ်ရ၏။

“ခင်ဗျား ဘယ်ကိုသွားမလဲ ဆုံးဖြတ်ပြီးပြီလား …” ရီဖူရှင်းက မေးသည်။

မှန်နန်းတော် သခင်မက သူ့အားကြည့်သည်။ သူမ၏ လှပသော မျက်နှာသည် ဆောင်းရာသီ၏ လစန္ဒာအလား အေးစက်ကာ အထီးကျန်ဆန်၏။ သူမတွင် အနည်းငယ်မျှသော ခံစားချက် အငွေ့အသက်များ မရှိပေ။

“မစဉ်းစားရသေးရင် ဘာလို့ ကျုပ်နဲ့အတူ အထက်ဘုံသို့ မလိုက်ခဲ့တာလဲ …” ရီဖူရှင်းက သူမကိုပြောသည်။

သူမက ရီဖူရှင်းအား တွေတွေကြီး ကြည့်ကာ အတန်ကြာမှ ပြောသည် … ”ကောင်းပြီ …”

သူမက သိပ်စဉ်းစားနေဟန် မရဘဲ သဘောတူခဲ့သည်။

ထိုအဖြစ်က ရီဖူရှင်းအား ထူးဆန်းစေသည်။ သို့သော်လည်း သူမ ဘာတွေးနေသည်ကို ရီဖူရှင်း စဉ်းစားမနေတော့။

“သွားတော့မဲ့ အချိန်ကျရင် ကျုပ် လာခေါ်ပါ့မယ် …” ရီဖူရှင်းက အထူးအထွေ မပြောတော့ပဲ စကားတစ်ခွန်းဖြင့် ထွက်လာခဲ့တော့သည်။

ထို့နောက်တွင် ရီဖူရှင်းက နန်းဆောင် သခင်များအား ခေါ်ဆောင်ကာ ကိစ္စရပ်များအား စီမံခန့်ခွဲသည်။ တစ်ချိန်တည်းမှာပင် သူနဲ့လိုက်မည့် သူများကိုလည်း အတည်ပြုသည်။

ဤတစ်ကြိမ်တွင် လူကြီးမျိုးဆက်များက လိုက်ပါခြင်း မပြုကြပေ။

သုံးရက် ကြာပြီးနောက် တော်ဝင်ရှီ နန်းဆောင်၏ ပင်မခန်းဆောင်တွင် လူအများအပြား စုစည်း လာခဲ့ကြသည်။ နန်းတော်သခင်သည် အထက်ဘုံသို့ သွားရောက် လေ့ကျင့်မည့် ကိစ္စမှာ အားလုံးသိသော အကြောင်းအရာ ဖြစ်၏။

သူက မည်သည့် အချိန်တွင်မဆို ပြန်လာနိုင်သော်လည်း ဤတစ်ခေါက်တွင် အချိန် အတော်ကြာသည့်တိုင် ပြန်လာမည် မဟုတ်သည်ကို သူတို့ သိကြသည်။

သူ့နေရာမှာ အစားထိုး၍ မရရာ သူ့အနေဖြင့် နန်းတော်သခင် ဖြစ်နေဆဲပင်။ မည်သို့ဆိုစေ ပြည်နယ်ကိုးခု၌  ရီဖူရှင်းသည် မြေရိုင်းပြည်နယ်၏ အမှတ်သင်္ကေတ ဖြစ်၏။

ရီဖူရှင်းက ခန်းမဆောင်သို့ ရောက်ရှိ လာခဲ့သည်။ နန်းတော်မှ တန်ခိုးရှင်များက သူ့အား လာရောက် နှုတ်ဆက်ကြ၏။

ရီဖူရှင်းဘေးတွင် သူနဲ့အတူ အထက်ဘုံသို့ လိုက်ပါမည့် တန်ခိုးရှင်များ ရှိနေသည်။

ထိုအထဲတွင် ကော့တေးမှ တပည့်များ ပါ၏။ သို့သော် ရွှီယီသည် လိုက်ပါြခင်း မပြုပေ။ မြက်ကလေးသည် အလွန် ငယ်ရွယ်သေးရာ သူက သူမ အရွယ် ရောက်လာသည် အထိ အဖော်ပြုပေးရန် ရွှီယီက ရည်မှန်း၏။

ပေ့ထင်ရှင်းအာသည် တန်ခိုးအဆင့် မြင့်မားခြင်း မရှိသေးသော်လည်း သူမက အစ်မနှစ်နောက်သို့ လိုက်ပါမည် ဖြစ်သည်။ ဤတစ်ခေါက်တွင် ဓားသခင်၊ ကျူးကော့မင်းယွီ၊ ဂူတုံးလျို၊ လျိုဖန်း၊ ယိရှောင်ရှီ၊ ယူချင်း၊ ရီဝူချင်း၊ ဟောင်ကျူဂီ၊ ယန်ကျန်း၊ စုချွဲ၊ ကျွေ့ချိန်ချူ၊ ဖီးနစ်၊ ယွန်စွေ့ရှင်းနှင့် လို့လန်ရွှီတို့လည်း လိုက်ပါကြမည် ဖြစ်သည်။ လူကြီး မျိုးဆက်များက ရီဖူရှင်း၏ နောက်သို့ လိုက်ကြမည် မဟုတ်သော်လည်း လူကြီး မျိုးဆက်များ အားလုံးမှာ အထက်ဘုံသို့ လိုက်ပါ ကြမည် ဖြစ်သည်။

သူတို့၏ရှေ့မှလမ်းသည် အန္တရာယ်များ ရောပြွမ်းနေ၏။ သို့သော် အခွင့်အလမ်းများ သည်လည်း ပြည့်နှက် နေပေသည်။

“ငါ့ကို သိပ်အဝေးကြီး မထားခဲ့နဲ့ ...” ရွှီယီက ပြုံးလျက်ပြောသည်။

မြက်ကလေးက ရီဖူရှင်း၏ အင်္ကျီစများအား ဆွဲကာ ပြောသည်... ”သမီးကို လာတွေ့ဖို့ မမေ့ပါနဲ့ ... ဦးဦးရီ...”

“သေချာတာပေါ့ ... မြက်ကလေးလည်း ကောင်းကောင်း နေနော်...” ရီဖူရှင်းက ကလေးမလေး၏ ဆံပင်များအား ပွတ်သပ်ကာ ပြောသည်။

“အင်း...” လိပ်ပြာလေးက ခေါင်းညိတ်သည်။

“ညီမ အဆင်သင့် ဖြစ်ပြီ။ ဘယ်တော့ ထွက်ခွာကြမလဲ” အသံတစ်သံအား ကြားကြရ၏။ ရီဖူရှင်းက လှမ်းကြည့်လျှင် ပိန်သွယ်သော မိန်းကလေး တစ်ယောက်သည် ငယ်ရွယ်နုပျိုခြင်းများဖြင့် ပြည့်နေသော အငွေ့အသက်များဖြင့် လျှောက်လာသည်။ သူမကား လောင်လင်းအာ ဖြစ်၏။

“ငါ မင်းကို ခေါ်သွားမယ်လို့ ဘယ်တုန်းက ပြောလို့လဲ...” ရီဖူရှင်းက မှင်တက် သွားသည်။

“ညီမ တစ်ခုခု လုပ်မိလို့လား ... အစ်ကိုဖူရှင်းက ညီမကို ဂရုမစိုက်တော့ ဘူးလား” လောင်လင်းအာ၏ မျက်လုံးများ နီရဲလာခဲ့၏။ သူမ၏ သရုပ်ဆောင်မှုသည် အားလုံး၏ ပါးစပ်ကို အဟောင်းသား ဖြစ်စေ၏။

သို့သော် ရီဖူရှင်းက သူမအား အပြစ်မတင်ပါ။ သည်မိန်းကလေးကား ငယ်စဉ်ကတည်းက ဆိုးပေမလေး မဟုတ်ပါလား။

“ဦးလေးနဲ့ အဒေါ်လောင်တို့က ဘာပြောလဲ...” ရီဖူရှင်းက ထိတ်လန့်တကြား မေး၏။

“ဒါဆို အစ်ကိုဖူရှင်းက သဘောတူတာပေါ့...” လောင်လင်းအာက ပြုံးသည်။ သူမက ရီဖူရှင်း၏ လက်အား ဆွဲကိုင်ကာ နောက်မှ လောင်အော့နှင့် သခင်မလောင်တို့အား ကြည့်ကာ ပြောသည်...” တွေ့လား ... အဖေ ... အမေ ... အစ်ကိုဖူရှင်း သဘောတူတယ်။ သူ သဘောတူရင် အမေတို့က မငြင်းဘူးလို့ ပြောထားတယ်နော် ... ဟွန့်...”

“…”

ရီဖူရှင်း ဆွံ့အသွား၏။

သခင်မလောင်က မသက်မသာ ခေါင်းယမ်းကာ ပြောသည်... ”ဖူရှင်း... မင်းကိုပဲ ဒုက္ခပေးရတော့မယ် ... သမီးလေးကို ဂရုစိုက်ပေးပါ”

“ကောင်းပါပြီ...” ရီဖူရှင်းမှာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားရ၏။ သည်မိန်းကလေးကား ထိန်း၍ မရတော့။

သူတို့အား တစ်ယောက်ပြီး တစ်ယောက် လာတွေ့ကြသည်။ မှန်နန်းတော် သခင်မသည်လည်း ရောက်လာခဲ့ကာ ဘေးတွင် ငြိမ်သက်စွာ ရပ်၏။ သူမကား ယခင်ကနှင့် လွန်စွာ ခြားနားသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ စရိုက်လက္ခဏာတို့ မှာလည်း ပြောင်းလဲခဲ့၏။

ရီဖူရှင်းက အားလုံးကို ကြည့်ရင်းဖြင့်ပင် ကောင်းကင်ထက်သို့ တက်၏။

“သွားကြမယ်...” သူက ပြောလျှင် အားလုံးကလည်း သူ့နောက်မှ လိုက်ပါ ထွက်ခွာကြ၏။

“နှုတ်ဆက်ပါတယ် ... နန်းတော်သခင်...” အားလုံးက ဦးညွှတ်ကြ၏။ ထိုအသံသည် ကောင်းကင်တစ်ခွင်သို့ တုန်ဟည်း သွား၏။ သူတို့အားလုံးက မော့ကြည့်ကာ ရီဖူရှင်း ထွက်ခွာသည်ကို ကြည့်ကြ၏။

ရီဖူရှင်းသည် ကောင်းကင်ထက်သို့ ပျံတက်လာရင်း တစ်စုံတစ်ခုကို ခံစားမိလိုက်ကာ အံ့သြသွားသည်။

အဝေးမှ ဧရာမ ဓားကြီးတစ်လက် ပျံသန်းလာသည်ကို သူမြင်၏။ ဓားပေါ်တွင် မိန်းကလေး တစ်ယောက် လိုက်ပါလာသည်။ သူမဘေး၌ ကျေးရွာခေါင်းဆောင် ရပ်နေ၏။

သူတို့နောက်တွင် ကျန်ကျောင်းနှင့် ယင်တို့ ပါလာသည်။

ကျေးရွာ ခေါင်းဆောင်က ရီဖူရှင်းတို့အား ပြုံးလျက် ခေါင်းညိတ်လျှင် သူတို့က ဓားပေါ်သို့ တက်ကြသည်။ ဓားသည် အဝေးသို့ ပျံသန်း ပျောက်ကွယ် သွားတော့၏။

သူနှင့်အတူ ရှန့်ထိုသုံးပါး လိုက်ပါကာ ရှန့်ထိုအဆင့် အောက်၌လည်း သူတို့မှာ ပြိုင်ဘက်ကင်း၏။ အထက်ဘုံ၌ပင် သည်ကဲ့သို့ အင်အားမှာ မသေးပေ။

ကောင်းကင်မုခ်ဝကို စောင့်ကြပ်သူများသည် အောက်ဘုံမှ တက်လာသော လှုပ်ရှားမှုများအား ခံစားမိလျှင် မျက်မှောင်ကြုတ် ကြ၏။ သို့သော် တက်ရောက်လာသော အုပ်စုအား ကြည့်ပြီးနောက် သူတို့သည် တားဆီးရန် မဝံ့ကြတော့ပေ။

“ဗိုလ်ချုပ် ... ကျွန်တော်တို့ သတင်း သွားပို့ရမလား...” တစ်စုံတစ်ယောက်က ထိုအချက်အား လက်မခံလိုပဲ ပြောသည်။

“မင်း ဘာသာမင်း သွားသတင်းပို့...” ဗိုလ်ချုပ်က ထူးမခြားနားစွာ ပြောသည်။ သည်အုပ်စုမှာ အထက်ဘုံသို့ တက်ရန်မှာ မင်းသမီးကိုယ်တိုင်၏ ဆန္ဒဖြစ်ပေသည်။ သူတို့က မည်သူတို့ကို သတင်းပို့ကာ အပြစ်တင် ရမည်နည်း။

***

All Chapters