← Chapters

စိန်ခေါ်ပွဲ ပြီးဆုံးခြင်း

Vol. 80 Ch. 1107

စိန်ခေါ်ပွဲ ပြီးဆုံးခြင်း

Vol. 80 Ch. 1107

“ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်လဲ...”

ဆေးရည် လမ်းစဉ်ဖြင့် ကျော်ကြားသည့် ဒိုင်လူကြီးက သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်လေသည်။ ထိုစကားလုံးများက အခြား ဒိုင်လူကြီး နှစ်ယောက်၏ နှလုံးသား အတွင်း ပဲ့တင်ထပ်သွားကာ လူငယ်နှင့် ပတ်သက်သည့် အတွေးအမြင်များမှာလည်း အတူတူပင် ဖြစ်သည်။

ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်သနည်း။

ဝေ့ဝူယင်မှာ ဒိုင်လူကြီးများ၏ တုန့်ပြန်ပုံများကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သူတို့၏ မျက်ဝန်းများထဲ၌ ထင်ဟပ်နေသည့် ဝမ်းနည်းမှု၊ နှမြောမှုတို့မှာ သူ့ကို တိုက်ရိုက် ဦးတည်နေခြင်း ဖြစ်လေသည်။

ဝေ့ဝူယင် ဘေးနားရှိ ချောင်စွေ့ဖုန်းကို လှည့်ကြည့်လိုက်မိ၏။ ထိုမိန်းမလှလေးထံမှ သင်းပျံ့သော ရနံ့မှာ သူ့ နှာသီးဝဆီသို့ တိုးဝင် နေပေသည်။ ဝေ့ဝူယင်၏ အတွေးကို သတိထားမိဟန်ဖြင့် ချောင်စွေ့ဖုန်းက တီးတိုး ရှင်းပြလိုက်၏။

“ရှင်ကတော့ သိချင်မှ သိလိမ့်မယ်... ကျွန်မတို့ လောကမှာ အဂ္ဂိရတ် ဝိညာဉ် မရှိဘူး ဆိုရင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ‌‌ရောက်ဖို့ အရမ်းကို ခက်ခဲတယ်... တစ်ခုတည်းသော ချွင်းချက်က အဂ္ဂိရတ် ပါရမီပေါ့လေ... အဲဒီ ပါရမီက ကောင်းကင် အရှင်သခင် အဆင့်ကို ‌ရောက်နေရင်တော့ ဖြစ်နိုင်ချေ ရှိတယ်... တကယ်လို့ ရှင်သာ သန့်စင်တဲ့ အဂ္ဂိရတ် လမ်းစဉ် တစ်ခုတည်းကို လျှောက်ခဲ့ရင်...”

ချောင်စွေ့ဖုန်း ထပ်မံ၍ ရှင်းပြစရာ မလိုတော့ပါချေ။ ဝေ့ဝူယင်မှာ အပြည့်အဝ နားလည်ခဲ့ပြီး ဖြစ်သည်။ လူငယ် သဘောကျစွာ ပြုံးလိုက်မိ၏။ အဂ္ဂိရတ် ပါရမီက မည်သည့် အဆင့်တွင် ရှိကြောင်း မသေချာသော်လည်း... ကျိန်းသေတာ တစ်ခုက သူ့ထံတွင် အဂ္ဂိရတ် ဝိညာဉ် ရှိပေသည်။ သို့သော်လည်း... ဧဒင်နှင့် ခရာတိုတို့မှာ ထူးဆနး်ကာ သူ့ခန္ဓာကိုယ် အတွင်း၌ ပြီးပြည့်စုံစွာ ပုန်းကွယ် နေကြပေသည်။

၎င်းတို့ကို ဖြတ်သန်း၍ မြင်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်က လင်းကျိရန် ဖြစ်သည်။ မိန်းကလေးမှာ ကျင့်ကြံခြင်း ဝိညာဉ်များအား ခွဲထုတ်နိုင်သည့် ထူးဆန်းသော မျိုးနွယ် တစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူမ၏ ထူးဆန်းသော ကျင့်စဉ်ကြောင့်သာလျှင် သူ ကျင့်ကြံခြင်း ဝိညာဉ် လေးခုကို ပိုင်ဆိုင်လာခဲ့ခြင်း ဖြစ်သည်။

“အသက် အငယ်ဆုံး တာအို လမ်းညွှန်သူ အနေနဲ့ မျှဝေထားတဲ့ ပိုင်ဆိုင်မှုကို စိန်ခေါ်ခွင့်က မင်း လက်ထဲ ‌‌ရောက်သွားပြီ... ဒါပေမဲ့ မင်း ချင်ကူးယဉ်နဲ့ ထျန်း‌ေရှာင်လော့ တစ်ယောက်ယောက်ကို ရွှင်းစု တာအို တိုက်ပွဲမှာ အနိုင်ယူရမယ်... သဘောတူလား...”

ဒိုင်လူကြီး သုံးယောက် မိနစ်ပိုင်းမျှ ဆွေးနွေး အတည်ပြုပြီး နောက်တွင် အမျိုးသမီးဒိုင်က ဝေ့ဝူယင်ကို ကြည့်ရင်း မေးလိုက်၏။ ဝေ့ဝူယင်က မတုန့်မဆိုင်းပင် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီလေ... ဒါဆို မင်း ဘယ်သူ့ကို ‌ေရွးမလဲ...”

အမျိုးသမီးဒိုင်၏ အသံက လူသန်းပေါင်းများစွာ ရှိသည့် ကွင်းပြင်ကြီး တစ်ခုလုံးကို ပဲ့တင်ထပ်ကာ တိတ်ဆိတ် ငြိမ်သက် သွားစေခဲ့၏။

ဝေ့ဝူယင် အတွက် စဉ်းစားနေစရာပင် မလိုပါချေ။ သူက ချင်ကူးယဉ်ဘက်ကို လှည့်ကာ လက်ညိုးထိုးပြလိုက်၏။

“သူ့ကို ‌ေရွးပါတယ်...”

အံ့အားသင့်စရာ မရှိပါချေ။ ၎င်းက အားလုံး မျှော်လင့်ထားသည့် ‌ေရွးချယ်မှု ဖြစ်ပေသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အထူးသဖြင့် ကျောင်းလော့မှာ ဝေ့ဝူယင်ကို မနာလိုစွာ ကြည့်လိုက်မိ၏။ ချင်ကူးယဉ်မှာ အဆင့်ရှစ် အဂ္ဂိရတ် ဧကရာဇ် အဆင့်တွင်သာ ရှိသေးရာ သူတို့ အနေဖြင့် ရွှင်းစု တာအို တိုက်ပွဲတွင် အဆင့်လေး ဆေးလုံးများကိုသာ ဖော်စပ်ရမည် ဖြစ်သည်။ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများ၏ အားကိုးဖြင့် ဆိုပါက လူငယ်မှာ ချင်ကူးယဉ်ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိပေသည်။

အခြားတစ်ဖက်တွင် ထျန်း‌ေရှာင်လော့က မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း... သူမ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်ပေသည်။

ဒိုင်လူကြီး သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အနည်းငယ် တိုင်ပင် လိုက်ကြ၏။ ထို့နောက်... သူတို့က ‌ေရှ့ဆင့်နောက်ဆင့်ပင် ခေါင်းညိတ်လိုက်ကြသည်။

“ဒါဆိုရင် နောက်တစ်နာရီ နေရင် ရွှင်းစု တာအို တိုက်ပွဲ စမယ်...”

အတည်ပြုလိုက်ကြပြီးနောက် သူတို့မှာ တိုက်ပွဲ အတွက် အစီအရင်၊ ဝင်္ကပါများကို ပြင်ဆင်ဖို့ တာဝန်ရှိသူများကို ခေါ်ဆိုရန် ဟန်ပြင်လိုက်ကြသည်။

“နေဦး...”

ထိုအခိုက်တွင်ပင် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အသံပိုင်ရှင်ကတော့ ချင်ကူးယဉ်ပင် ဖြစ်လေသည်။

မိန်းကလေးက တည်ငြိမ်စွာပင် ဒိုင်လူကြီးများ အနားသို့ လျှောက်လာခဲ့၏။ ထို့နောက်... သူမက တောက်ပသည့် မျက်ဝန်းများနှင့် အတူ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူမ၏ ထိုမျက်ဝန်းများက ကျေးဇူးတင်သည့် အငွေ့အသက် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။

“ကျွန်မ အရှုံးပေးတယ်...”

"..."

ချောင်စွေ့ဖုန်းနှင့် ဒိုင်လူကြီး သုံးယောက်တို့၏ အမူအရာများမှာ အကြီးအကျယ်ပင် ပြောင်းလဲ သွားကြ၏။ သူတို့သာလျှင် မက... အဝေး တစ်နေရာတွင် ရှိနေသည့် လျူယင်လန်း၏ အမူအရာသည်ပင် သိသိသာသာ သုန်မှုန် သွားခဲ့သည်။

ထျန်း‌ေရှာင်လော့ကတော့ နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်၏။

“အညံ့ခံတယ်...”

အမျိုးသမီးဒိုင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ အားလုံး၏ တုန့်ပြန်မှုများက အနည်းငယ် ထူးဆန်းနေသယောင် ထင်ရသော်လည်း ချင်ကူးယဉ်က ပြတ်သားစွာပင် ခေါင်းညိတ်လိုက်သည်။ ထိုလုပ်ရပ်က ဝေ့ဝူယင် အပေါ် သူမ တင်ရှိနေသည့် ကျေးဇူးတရားကို ပြန်လည် ဆပ်လိုက်ခြင်း ဖြစ်ပေသည်။

အယ်ဗန်မျိုးနွယ်ဝင် တစ်ယောက် အနေဖြင့်‌ရော၊ ကျင့်ကြံသူ တစ်ယောက် အနေဖြင့်ပါ ချင်ကူးယဉ်မှာ ကျေးဇူးတရားကို နားလည်သူ ဖြစ်သည်။ ထိုကဲ့သို့ အကျင့်စရိုက်မျိုး ရရှိအောင်လည်း အဘိုးဖြစ်သူက ငယ်စဉ်ကတည်းက သွန်သင်ဆုံးမ ခဲ့ပေသည်။

စစ်မိစ္ဆာ လောကနယ်မြေတွင် သူမ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များမှာ ဆိုးရွားလွန်းလှသည်။ ဝေ့ဝူယင်၏ လူများသာ ‌ရောက်ရှိလာခဲ့ခြင်း မရှိပါက သက်ရှိဆေးအိုး၊ ကျေးကျွန် တစ်ယောက်၏ ကံကြမ္မာမျိုးဖြင့် သူမ၏ ဘဝက အဆုံးသတ် သွားနိုင်ပေသည်။ သူ့ကြောင့်သာလျှင် သူမ လွတ်လပ်မှုတို့ကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

“မိန်းကလေးချင်... သေချာရဲ့လား...”

နောက်ထပ် ဒိုင်လူကြီး တစ်ယောက်က အတည်ပြုဟန်ဖြင့် နောက်တစ်ကြိမ် မေးလိုက်၏။ ချင်ကူးယဉ်က ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက်... သူမက ပြတ်သားစွာပင် ခေါင်းညိတ်လိုက်၏။

“သေချာပါတယ်...”

ချောင်စွေ့ဖုန်း၏ အမူအရာက ပိုမို၍ မည်းမှောင်လာ၏။ ချင်ကူးယဉ်၏ ရည်ရွယ်ချက်နှင့် သဘောထားက ရိုးရှင်းကြောင်း သူမ ကောင်းစွာ မြင်နိုင်ပေသည်။ သို့သော်လည်း... ထိုသူငယ်မမှာ အကယ်ဒမီ၏ စည်းမျဉ်းများကို ရှင်းလင်းစွာ သိထားတတ်သည်။ တစ်ခါတစ်ရံ၌ ငရဲမှာ ရိုးရှင်းသော အရာများမှ တစ်ဆင့် ဖြစ်ပေါ်လာတတ်ပေသည်။

သူမ ဝင်‌ရောက် စကားပြောဖို့ ဟန်ပြင်လိုက်စဉ်မှာပင်... နောက်ဆုံး ကျန်ရှိနေသည့် အမျိုးသား ဒိုင်လူကြီးက ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူက ထျန်း‌ေရှာင်လော့ကို လှမ်းကြည့်လိုက်၏။

“အဆုံးမဲ့ ခရီးသွား နယ်မြေ၊ မျှဝေ ပိုင်ဆိုင်ခွင့် ဥပဒေ အရ... မျှဝေ ပိုင်ဆိုင်သူ တစ်ယောက်က သူ့ရဲ့ ပိုင်ဆိုင်မှု အပေါ် မသမာတဲ့ နည်းလမ်းနဲ့ မျှဝေတာမျိုး ပြုလုပ်ခဲ့မယ် ဆိုရင်၊ အဲဒီလို ကြိုးစားခဲ့ကြောင်း ထင်ရှားမယ် ဆိုရင် ဒုတိယမြောက် မျှဝေ ပိုင်ဆိုင်သူက အဲဒီ ပိုင်ဆိုင်မှု အပေါ် ဆုံးဖြတ်ခွင့် ရရှိလိမ့်မယ်... တာအို လမ်းညွှန်သူထျန်း အနေနဲ့ အဲဒီ အခွင့်အ‌ေရးကို အသက်သွင်းလိုပါသလား”

“...”

ချင်ကူးယဉ်၏ အမူအရာက နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ပရိသတ်များမှာလည်း ထိုစကားလုံးများ၏ ဆိုလိုရင်းကို အတိအကျ နားမလည်လိုက်ကြလေရာ တိတ်ဆိတ် သွားကြလေသည်။ သို့သော်လည်း... ဥပဒေနှင့် အကျွမ်းဝင်သည့် တာအို လမ်းညွှန်သူများကတော့ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်ကြပေသည်။

မျှဝေ ပိုင်ဆိုင်ခွင့် ဥပဒေမှာ မျှဝေထားသော ပိုင်ဆိုင်မှုများကို တရားမျှတမှု ရှိရှိသာ ပိုင်ဆိုင်ခွင့် ပြုထားသည်။ မည်သည့် မသမာသော နည်းလမ်းကိုမှ အသုံးချခွင့် ပြုမထားချေ။ များသောအားဖြင့် မျှဝေထားသော ပိုင်ဆိုင်မှုများမှာ ရင်းမြစ် ကြွယ်ဝသည့် ပတ်ဝန်းကျင်များ၊ အဖိုးတန် ကျင့်ကြံခြင်း ရတနာများ ဖြစ်ကြလေရာ ထိုက်တန်သူများကိုသာ ပိုင်ဆိုင်ခွင့် ပြုထားသည်။

ယခုတွင် ‌ဆုံးဖြတ်ခွင့် အလုံးစုံမှာ ထျန်း‌ေရှာင်လော့ထံ ‌ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထိုတာအို လမ်းညွှန်သူသာ အယ်ဗန်မျိုးနွယ်ကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါက... သူတို့ နှစ်ယောက် ပိုင်ဆိုင်ထားသည့် မျှဝေ ပိုင်ဆိုင်ခွင့် အဆင့်အတန်းမှာ လုံးဝ ပယ်ပျက်သွားလိမ့်မည် ဖြစ်သည်။ သူမသည်သာလျှင် ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ တစ်ဦးတည်းသော ပိုင်ဆိုင်သူ ဖြစ်လာပေလိမ့်မည်။

ချင်ကူးယဉ်အား စိန်ခေါ်ရန် ကြိုးပမ်းခဲ့သည့် ငွေ‌ရောင် မျက်လုံး လူငယ် အတွက် အခွင့်အ‌ေရးလား...။ ၎င်းက ဖုန်မှုန့်များလိုပင် လွင့်ပါး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

“ထူးဆန်းတယ်... ငါယူဆထားတဲ့ သီအိုရီနဲ့ နည်းနည်းတော့ လွဲနေတယ်...”

စင်မြင့်၏ တစ်နေရာတွင် ဝေ့ဝူယင်က မသိမသာ မျက်မှောင်ကြုတ် လိုက်၏။ သူ၏ မူလ ယူဆချက် အရဆိုလျှင် ချင်ကူးယဉ်မှာ ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ သော့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုရတနာ အတွင်းမှ အမွေအနှစ်များကို ရယူရန် ထျန်း‌ေရှာင်လော့ အတွက် ချင်ကူးယဉ်ကို လိုအပ်သည်။ မိန်းကလေး နှစ်ယောက် သ‌ေရကျကာ မျှဝေပိုင်ဆိုင်သူများ ဖြစ်လာသည် အထိ သူ၏ သီအိုရီက သွေးထွက်တောင် မှန်ကန်ခဲ့သည်။

သို့သော်လည်း... ယခုတွင်တော့ ချင်းကူးယဉ်က သူ့ကို ကျေးဇူးဆပ်ရန် ဆိုသည့် ရည်ရွယ်ချက် တစ်ခုတည်း အတွက် သူ့ကို အရှုံးပေးခဲ့သည်။ အကျိုးဆက် အနေဖြင့်... မိန်းကလေးမှာ ဥပဒေနှင့် ငြိစွန်းကာ မျှဝေ ပိုင်ဆိုင်သူ ရာထူးမှ ဖယ်ရှားခံရရန် ဖြစ်လာသည်။ ကောင်းကင်တာအိုမှာ သူ့အတွက် တာဝန် ပြီးဆုံးသွားသူ တစ်ယောက်ကို ချက်ချင်း လက်ငင်း ဖယ်ရှားလိုက်သလိုပင်။

သို့သော်လည်း... ဝေ့ဝူယင် မသိလိုက်သည့် အရာကား တစ်ခါတစ်ရံ၌ လူတို့၏ ပြင်းပြသော ဆန္ဒနှင့် ယုံကြည်ချက်များမှာ ကောင်းကင်တာအို စီးဆင်းမှုများကိုပင် ပြောင်းလဲပစ်နိုင်သည် ဆိုခြင်းပင်။ အမှန်တကယ် အားဖြင့်... ကောင်းကင်တာအိုမှာ ချင်ကူးယဉ်ကို လွှမ်းမိုးဖို့ ကြိုးပမ်းခဲ့ပေသေးသည်။ သို့သော်လည်း ၎င်း၏ ဆန္ဒက ချင်ကူးယဉ်၏ ကျေးဇူးသိတတ်မှုကို ဖုံးလွှမ်းရန် မသန်မာခဲ့ပါချေ။ သို့တည်းမဟုတ်... ထျန်း‌ေရှာင်လော့ထံမှ ဖြတ်တောက်ထားသည့် ကမ္မတန်ဖိုးက ထိုအခြေအနေကို ဖိနှိပ်ဖို့ မလုံလောက်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

“...”

အားလုံး၏ အာရုံ စူးစိုက်မှုများက ထျန်း‌ေရှာင်လော့ အပေါ် စုပြုံ ကျ‌ရောက်သွား၏။ လက်ရှိ၌ ဆုံးဖြတ်ခွင့် အလုံးစုံမှာ သူမ လက်အတွင်း ကျ‌ရောက်နေခဲ့ပြီ ဖြစ်သည်။

လျူစုယင်က အေးစက်စက် မျက်ဝန်းများနှင့် ချင်ကူးယဉ်ကို လှမ်းကြည့်လိုက်၏။ ထိုအယ်ဗန်မျိုးနွယ်မှာ ဝေ့ဝူယင် ရရှိနိုင်မည့် အခွင့်အ‌ေရးကို သူမ ကိုယ်ပိုင် လက်များဖြင့် ဖယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ မနှစ်သက်သည့် ခံစားချက်များက သူမ၏ နှလုံးသား အတွင်း ပြင်းထန်စွာပင် ဖြစ်ပေါ် နေခဲ့၏။

အားလုံးထဲ၌ ချင်ကူးယဉ်မှာ အတုန်လှုပ်ဆုံး ဖြစ်သည်။ သူမ၏ စိတ်နှလုံး တစ်ခုလုံးက အဆုံးမဲ့သော နောင်တများနှင့် ပြည့်နှက်နေ၏။ တကယ်တမ်း ဆိုလျှင် သူမက အမွေအနှစ်ကို ဝေ့ဝူယင်နှင့် အတူ မျှဝေလိုခဲ့ခြင်း ဖြစ်သည်။ သူမ ကိုယ်တိုင်ပါ ဖယ်ထုတ်ခံရလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။ ထိုဆုံးဖြတ်ချက် မချခင် တစ်ခုခု မှားယွင်းနေသလို၊ တစ်ခုခု လွဲချော်နေသလို သူမ ခံစားခဲ့ရသေးသည်။ သို့သော်လည်း... ကူညီလိုစိတ်က ပိုမို၍ ကြီးစိုးနေလေရာ သူမ ထိုအရာကို လျစ်လျူခဲ့သည်။

သူမ အနေဖြင့် ချူစို့သာ မှော်ဆေးအိုးကို ပြန်လည် မျှဝေ ပိုင်ဆိုင်လိုလျှင် နောက်သုံးနှစ် ကြာသည် အထိ စောင့်ဆိုင်း ရတော့မည် ဖြစ်သည်။ ကံဆိုးစွာပင်... ထျန်း‌ေရှာင်လော့မှာ ပိုမို၍ သန်မာသူ ဖြစ်သည်။ ပိုမို၍လည်း အသက်ကြီးသည်။ ထို့အပြင်... လူသားလည်း ဖြစ်သည်။ နောက်သုံးနှစ် အတွင်း ထိုမိန်းကလေး၏ တိုးတက်မှုများက သူမထက် သာလွန်မှာ ကျိန်းသေသည်။ ထျန်း‌ေရှာင်လော့ သေဆုံးခြင်းမှ တစ်ပါး သူမ အတွက် အခြား အခွင့်အ‌ေရး မရှိတော့ပါချေ။

ချင်ကူးယဉ် ငိုကြွေးဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း... သူမ၏ မျက်ဝန်းများက စိုဆွတ်နေခဲ့ပြီး ဖြစ်သည်။ ဝမ်းနည်းမှုလှိုင်းများက အဆက်မပြတ်ပင် သူမ နှလုံးသားထဲ၌ တလိပ်လိပ် တက်လာခဲ့၏။

ထိုအခိုက်တွင်ပင် ဘေးနား၌ လေပွေတစ်ချက် ဝှေ့သွားသလို သူမ ခံစား လိုက်ရသည်။ ခေါင်းကို မော့ကြည့်လိုက်သော အခိုက်၌ ဒဏ္ဍာရီ ပုံပြင်များထဲက နတ်သား တစ်ပါးလို ချောမော ခန့်ညားလှသည့် မျက်နှာ တစ်ခုကို သူမ တွေ့လိုက်ရသည်။ ထိုပုဂ္ဂိုလ်က ဘာမှ မပြောပါချေ။ သူမ၏ ပခုံးကို ခပ်ဖွဖွ တစ်ချက် ထိကာ ပြုံးပြလိုက်၏။ သူ၏ ငွေ‌ရောင် မျက်ဝန်းတို့က သူမအား ဘာကိုမှ အရှုံးမပေးရန် ပြောပြနေသည့် အလားပင်။

အထိတစ်ချက်... အပြုံးတစ်ခုတွင်ပင် မိန်းကလေးမှာ ယုံကြည်ချက်များကို ပြန်လည် ရရှိလာသလို ခံစားလိုက်ရ၏။

ထိုအခိုက်တွင်ပင်... အားလုံး မျှော်လင့်ထားပြီးသား ဖြစ်သည့် ထျန်း‌ေရှာင်လော့၏ ကြေညာသံ ထွက်ပေါ်လာခဲ့လေသည်။

“ချူးစို့သာ မှော်သန့်စင် ဆေးအိုးနဲ့ ပတ်သက်ပြီး မျှဝေပိုင်ဆိုင်ခွင့်ကို ကျွန်မဘက်က ဖျက်သိမ်းပါတယ်”

ကျောင်းလမ့်နှင့် အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ သက်ပြင်းများ ပြိုင်တူ ချလိုက်မိ၏။ သွားလေပြီ။ အရာအားလုံး အဆုံးသတ်သွားချေပြီ ဖြစ်သည်။ သူတို့ အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က နောက်သုံးနှစ် အကြာတွင် ချင်ကူးယဉ် ထျန်း‌ေရှာင်လော့ကို နောက်တစ်ကြိမ် စိန်ခေါ်ကာ သ‌ေရ ရလဒ်နှင့် အတူ မျှဝေ ပိုင်ဆိုင်ခွင့်ကို နောက်တစ်ကြိမ် ဖန်တီးရန် ဖြစ်သည်။

ဒိုင်လူကြီးများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ သဘောတူဟန်ဖြင့် ခေါင်းများ ကိုယ်စီ ညိတ်လိုက်ကြ၏။

“ဒါဖြင့်ရင် ကျုပ်တို့ရဲ့ စိန်ခေါ်ပွဲက ပြီးဆုံးပါပြီ...”

သူတို့၏ အသံများက ညီညာစွာပင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ မကြာခင်မှာပင် များလှစွာသော ပရိသတ်များမှာ‌ ခြောက်သွေ့သော စိတ်နှလုံးနှင့် အတူ ကွင်းပြင်ထဲမှ စတင်ကာ ထွက်ခွာ သွားခဲ့ကြတော့သည်။

***

All Chapters