← Chapters

ပုဂ္ဂလိက ပြိုင်ပွဲ (၂)

Vol. 80 Ch. 1109

ပုဂ္ဂလိက ပြိုင်ပွဲ (၂)

Vol. 80 Ch. 1109

“နင် ယုံကြည်ချက် ရှိလား...”

လျူစုယင်က ဝေ့ဝူယင်ကို မေးလိုက်၏။ ယခုအခါ၌ သူတို့ ငါးယောက်မှာ ပြိုင်ပွဲ ကွင်းပြင်ကြီးထဲမှ ထွက်ခွာကာ ထျန်း‌ေရှာင်လော့၏ နေရာကို သွားနေကြခြင်း ဖြစ်သည်။ တာအို လမ်းညွှန်သူ တစ်ယောက် အနေဖြင့်... ထျန်း‌ေရှာင်လော့မှာ အကယ်ဒမီ အတွင်းတွင် နေရာတစ်ခုနှင့် နန်းတော် တစ်ခုတို့ကို အပိုင်စား ရရှိထားပေသည်။

သို့သော်လည်း... တာအို လမ်းညွှန်သူတိုင်း အကျိုးခံစားခွင့်များကို လွယ်လွယ်ကူကူ ရရှိသည်တော့ မဟုတ်ပါချေ။ အကျိုးအမြတ်နှင့် ဆက်နွယ်၍ ထမ်းဆောင်ရသည့် တာဝန် ဝတ္တရားများလည်း ရှိပေသေးသည်။ ဥပမာ... သင့်အနေဖြင့် အကယ်ဒမီ အတွင်း မြေကွက် တစ်ခု ရယူလိုလျှင် သတ်မှတ်ပေးထားသည့် တာဝန် သုံးခုကို ဆယ်စုနှစ် တစ်ခုအတွင်း ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်ပေသည်။

ထျန်း‌ေရှာင်လော့၏ စံအိမ်သို့ သွား‌ရောက်ရသည့် ခရီးမှာ အလွန်ပင် ဝေးကွာလှသည်။ ဝေ့ဝူယင် တစ်ယောက် ကန့်သတ်ချက်နှင့် စည်းမျဉ်းများကို ချိုးဖောက်ကာ ပျံသန်းလိုသည့် ဆန္ဒကို မနည်း တားဆီး ထားရသည်။ ခရာတိုကတော့ ဟင်းလင်းပြင် ပေါ်တယ် ကျင့်စဉ်ကို သုံးကာ ခရီးသွားဖို့ ဒေါသတကြီး တိုက်တွန်း နေခဲ့သည်။

မည်ကဲ့သို့ စိတ်ခံစားချက်များ ပြင်းထန်နေစေကာမူ ဝေ့ဝူယင်ကတော့ ပျင်းရိစိတ်ကို ထိန်းချုပ်ကာ ဆက်လက်၍ လမ်းလျှောက် နေခဲ့သည်။ ကံကောင်းထောက်မတာ တစ်ခုက လျူစုယင်မှာ သူ့ကို စကားစ လာခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် မိန်းကလေးကို လှည့်ကြည့်လိုက်၏။

မဟာစက်ဝန်း ရှန့်ထို ညီလာခံ အပြင်ဘက်တွင် တွေ့စဉ် အခါက ထိုမိန်းကလေးမှာ စကား အလွန်နည်းသူ ဖြစ်သည်။ သုံးလတွင် တစ်ကြိမ်ပင် စကားပြောခဲလှသည်။ သို့သော်လည်း... ယခုတွင်တော့ သူမမှာ စကားဝိုင်းတိုင်း အတွက် အစပျိုးသူ ဖြစ်နေခဲ့ပြီ ဖြစ်သည်

“အနိုင်ရဖို့ ယုံကြည်ချက် ဟုတ်လား... ဟူး... သူ့မှာက အဂ္ဂိရတ် ဝိညာဉ် ရှိနေတာ ဆိုတော့ ကျုပ် နည်းနည်းတော့ လန့်တာပေါ့”

ဝေ့ဝူယင်က စိတ်လှုပ်ရှားဟန်ဖြင့် လက်ချောင်းများကို ဆုပ်ကိုင်ရင်း အဖြေပေးလိုက်၏။ ချောင်စွေ့ဖုန်းက ဝေ့ဝူယင်လှမ်းကြည့်လိုက်သည်။ သူမ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသော်လည်း ချက်ချင်း လက်ငင်းပင် ပြန်လည် ပျောက်ကွယ် သွား၏။ သူမနှင့် လျူစုယင်တို့မှာ ဝေ့ဝူယင်၏ ဘယ်နှင့်ညာမှ ဝန်းရံ၍ လိုက်ပါ လာကြခြင်း ဖြစ်သည်။

လျူစုယင် လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤရွှင်းစု တာအို တိုက်ပွဲမှာ ချူးစို့သာ မှော်သန့်စင် ဆေးအိုးနှင့် ပတ်သက်၍ မျှဝေခွင့် တစ်နေရာကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲ ဖြစ်သည်။ ၎င်းမှာ လောက အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်သည့် အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ချန်ရစ်ခဲ့သည့် ဆေးအိုး ဖြစ်သည်။ အမွေအနှစ်ကိုသာ ရရှိခဲ့ပါက အစစ်အမှန် ကံကြမ္မာ ခရီးသည် ရာထူးနှင့် ပတ်သက်၍ ဝေ့ဝူယင်၏ သဘောထားမှာလည်း ပြောင်းလဲ သွားနိုင်ပေသည်။

ထျန်း‌‌ေရှာင်လော့မှာ ချိပ်ပိတ်နယ်မြေ အဂ္ဂိရတ် ရှန့်ထို တစ်ယောက်၏ တပည့် ဖြစ်သည်။ သူမ၏ နာမည် ဂုဏ်သတင်းများမှာ အဆုံးမဲ့ မြို့တော် အထိပင် မွှေးပျံ့လှသည်။ ဝေ့ဝူယင်မှာ ပါရမီ အလွန် မြင့်မားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည့်တိုင် မိန်းကလေးကို ယှဉ်ပြိုင်နိုင်မည်လား သူမ စိုးရိမ်မိသည်။

“တအား စိတ်မပူပါနဲ့... ဟဟ...”

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း ထျန်း‌ေရှာင်လော့ကို လှမ်းကြည့်လိုက်သည်။ မိန်းကလေးမှာ ‌ေရှ့ဆုံးမှ ဦးဆောင်နေကာ သူတို့‌ေရှ့ မီတာ အနည်းငယ်ခန့် အကွာတွင် ရှိနေပေသည်။ သူမ၏ ဘေးတွင်တော့ ချင်ကူးယဉ်က ရင်ဘောင်တန်း လမ်းလျှောက်နေ၏။

"ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့”

“စောင့်ကြည့်မယ်...”

ဝေ့ဝူယင်၏ စကားက မသေချာ မ‌ေရရာ သလို လျူစုယင် ခံစားလိုက်ရသည်။ သို့သော်လည်း... ဘာတတ်နိုင်မည်နည်း။ သူမ လုပ်နိုင်သမျှက ဝေ့ဝူယင် ပြောသလို စောင့်ကြည့်ရုံသာ ဖြစ်ပေသည်။

"တအား ပေါ့ပေါ့ဆဆ လုပ်မနေနဲ့... ရှင့်မှာ သာတာဆိုလို့ အဂ္ဂိရတ် ပါရမီပဲ ရှိတာ... တာအို လမ်းညွှန်သူထျန်းက အစစ်အမှန် အဂ္ဂိရတ် ဝိညာဉ် တစ်ခုကို ပိုင်ထားတဲ့ အပြင် သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံကလည်း အရမ်းကို သန့်စင်တယ်”

ချင်ကူးယဉ်က ခြေလှမ်း အရှိန်ကို လျှော့ချလိုက်ရင်း ဝေ့ဝူယင်တို့ အုပ်စု အတွင်း ဝင်‌ရောက်လာခဲ့သည်။ သူမ၏ လေသံနှင့် အမူအရာတို့က စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေ၏။

ချင်ကူးယဉ်ထံတွင် ဝေ့ဝူယင် အပေါ် လေးစားမှုနှင့် အထင်ကြီးမှုများ ရှိသည့်တိုင် ထျန်း‌ေရှာင်လော့လို လူမျိုးအား ကျိန်းသေ အနိုင်ယူနိုင်လိမ့်မည်ဟုတော့ မယုံကြည်ရဲသေးချေ။ ထျန်း‌ေရှာင်လော့မှာ အဂ္ဂိရတ် တာအိုတွင် အလွန် ပါရမီ မြင့်မားကာ ထူးချွန်သူ ဖြစ်သည်။ ထို့အပြင်... သူမကို ပံ့ပိုးပေးနေသည့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်က နောက်ကွယ်တွင် ရှိနေပေသေးသည်။

ဝေ့ဝူယင်က တုန့်ပြန်ခြင်း မပြုပဲ ပြုံရုံသာ ပြုံးလိုက်၏။ တစ်နာရီခွဲခန့် ကြာအောင် လမ်းလျှောက်လာပြီး နောက်ဆုံး၌ သူတို့မှာ အသစ် တည်ဆောက်ထားဟန် တူသော နန်းတော် တစ်ခု ‌ေရှ့သို့ ‌ရောက်ရှိလာခဲ့သည်။ ထျန်း‌ေရှာင်လော့မှာ မကြာသေးခင်ကမှ ရရှိထားသည့် မြေနေရာပေါ်တွင် ထိုနန်းတော်အား လောလောလတ်လတ် တည်ဆောက်ထားတာ ရှင်းလင်းလှသည်။ ဥယျာဉ် ပန်ခြံအတွင်း အလှဆင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးလေ့ ရှိသည့် ပန်းပင်များကိုပင် မတွေ့မမြင်ရပါချေ။

နန်းတော်ဆီ အဝင်လမ်းမှာလည်း ရှင်းလင်းလှ၏။ မြက်ပင် တစ်ပင်တောင်မှ မရှိပါချေ။ သို့လင့်စကား အောက်ရှိ မြေပြင်ကတော့ မြေကြီး စွမ်းအင်များနှင့် ကြွယ်ဝလှပေသည်။ ထို့အပြင်... လုံလောက်သည့် အစိုဓာတ်လည်း ရှိပေသည်။ ဤနေရာ၌ အပင်စိုက်လိုလျှင် ‌ေရလောင်းစရာပင် မလိုပါချေ။ ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်သနည်း။

မကြာခင်မှာပင် သူတို့မှာ နန်းတော် အတွင်း ‌ရောက်ရှိလာခဲ့သည်။ အတွင်းရှိ အခန်းနှင့် ဖွဲ့စည်းပုံက အလွန်ပင် ရိုးရှင်းလှကာ စားပွဲနှင့် ကုလားထိုင် အနည်းငယ်သာ ရှိပေသည်။ ပန်ချီ၊ ပန်းပု စသည်ဖြင့် အလှဆင်ထားသော ပစ္စည်းများ မရှိပါချေ။ နံရံများသည်ပင် သည်အတိုင်း အဖြူ‌ရောင် ဖြစ်သည်။

“ဘာမှ မရှိဘူး...”

ချောင်စွေ့ဖုန်းက တိုးတိုးတိတ်တိတ် မှတ်ချက်ချလိုက်၏။ သို့သော်လည်း တိတ်ဆိတ် ငြိမ်သက်နေသည့် အခန်းကျယ်ကြီး အတွင်း ဖြစ်လေရာ သူမ၏ အသံက ဟိန်းထွက်သွားသည်။ လူရာပေါင်းများစွာ ချောင်ချောင်ချိချိ နေလို့သည့် နေရာလွတ်ကြီးတွင် ဘာကိုမှ ဟုတ်တိပတ်တိ မမြင်ရခြင်းက တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။

“နောက်ပြီး အအေးဓာတ်က...”

ချင်ကူးယဉ်က ချမ်းစိမ့်ဟန်ဖြင့် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ကပ်ရင်း ‌ေရရွတ် လိုက်သည်။ ပြတင်းပေါက်များ ပိတ်ထားသဖြင့် မည်းမည်းမှောင်နေသော အလင်း‌ရောင်နှင့် ပုံမှန်ထက် နိမ့်ကျနေသည့် အပူချိန်တို့မှာ ကျောချမ်းစရာ ကောင်းလှသည်။ မသိပါက သရဲခြောက်သော အိမ်ကြီး တစ်ခု အတွင်း ဝင်လာရသလိုပင်။

လျူစုယင်က သူမ၏ အတွေးများကို ထုတ်ဖော် မပြောပါချေ။ သို့သော်လည်း... သူမ၏ မျက်ဝန်းများကတော့ သက်တောင့်သက်သာ မရှိသည့် အငွေ့အသက်များကို ထုတ်ဖော်ပြသနေ၏။ အကယ်၍ ဝိညာဉ်အာရုံသာ မရှိပါက သူမ ဤနေရာတွင် စမ်းတဝါးဝါး ဖြစ်နေလောက်သည်။

ထျန်း‌ေရှာင်လော့ကတော့ မှတ်ချက်နှင့် တုန့်ပြန်မှုများကို လျစ်လျူထားဟန် ရလေသည်။ သူမက ထူးမခြားနား အမူအရာနှင့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။

“ရွှင်းစု တာအို တိုက်ပွဲကို ဒီနေရာမှာ လုပ်မယ်”

ဝေ့ဝူယင်က သူမ၏ စကားကို ချက်ချင်း ပြန်မဖြေပဲ အဖြူ‌ရောင် စုတ်ချက် ကြမ်းကြမ်းနှင့် အိမ်နံရံများကိုသာ စိတ်ဝင်တစား စိုက်ကြည့်နေခဲ့၏။

“တကယ် ရှားပါးတဲ့ အဖြူ‌ရောင် လှိုင်းတွေပဲ... ကြည့်ရတာ တကယ် သဟဇာတ ဖြစ်တယ်”

သူက ခေါင်းတစ်ချက် ညိတ်ကာ အခြားလူများဘက် ပြန်လှည့်လိုက်သည်။ ချင်ကူးယဉ် အပါအဝင် မိန်းကလေး သုံးယောက်မှာ ဝေ့ဝူယင်ကို ကြည့်လိုက်ကြ၏။ ထိုအ‌ရောင်က ဘာများ ထူးဆန်းလို့နည်း။ ပန်းချီ မခြယ်သရသေးသည့် နန်းတော် ပုံကြမ်းများတွင် မြင်တွေ့နေကြ ပုံစံမျိုးသာ ဖြစ်သည်.

ထျန်း‌ေရှာင်လော့၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ သို့သော်လည်း... တဒင်္ဂ အတွင်းမှာပင် သူမက ပုံမှန် ပြန်ဖြစ်သွားသည်။

ဝေ့ဝူယင်က အခြားလူများ၏ အကြည့်များကို စိတ်ထဲ မထားပဲ စားပွဲနှင့် ကုလားထိုင်များ ရှိရာသို့ လျှောက်သွားလိုက်သည်။

“သစ်သေသားနဲ့ လုပ်ထားတယ်... သစ်သား စွမ်းအင် ပါပေမဲ့ အနှောက်အယှက် မဖြစ်ဘူး... ဖွဲ့စည်းပုံက ရိုးရှင်းပြီး ကျစ်လစ်တယ်... အပိုတွေ မပါဘူး”

သူက ထိုင်ခုံတစ်ခုံ ဖြည်းညင်းစွာ ထိုင်ချကာ နောက်ကို မှီလိုက်သည်။ ထို့နောက်... နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်၏။

“စာဖတ်ဖို့ တွေးဖို့ နေရာကောင်းပဲ”

"..."

ချောင်စွေ့ဖုန်း၊ လျူစုယင်နှင့် ချင်ကူးယဉ်တို့မှာ တိတ်ဆိတ် ဆွံ့အ သွားကြ၏။ ဤနန်းတော်ကြီး တစ်ခုလုံးမှာ အသက်ဓာတ်များ ကင်းမဲ့နေကာ တစ္ဆေသရဲများ ခိုအောင်းနေသ‌ယောင်ပင် ခံစားရသည်။ မည်သူက စာဖတ်ဖို့ စိတ်ပါမည်နည်း။

“အလင်း‌ရောင်ကို ထိန်းထားနိုင်တဲ့ ပတ်ဝန်းကျင် ဖြစ်တဲ့ အပြင် ပြင်ပ စွမ်းအင် နှောက်ယှက်မှုလည်း မရှိဘူး... လေထုကလည်း သန့်စင်တယ်... ကောင်းလိုက်တဲ့ ဒီဇိုင်း”

ဝေ့ဝူယင်က နောက်တစ်ကြိမ် ချီးကျူးလိုက်ရင်း ထိုင်ရာမှ ထရပ်လိုက်၏။ သူ၏ မျက်နှာထက်၌ လန်းဆန်းသည့် အငွေ့အသက်များက နေရာယူ လာခဲ့သည်။

“နောက်ပြီး... ခင်ဗျားတို့ အခေါ် ရွှင်းစု တာအို တိုက်ပွဲ လုပ်ဖို့ နေရာကောင်းပဲ... တာအို လမ်းညွှန်သူထျန်း... ကျုပ်တို့ ဘယ်တော့ စကြတော့မလဲ”

ကျေနပ်သည့် အပြုံးတစ်ခုနှင့် အတူ ဝေ့ဝူယင်က ထျန်း‌ေရှာင်လော့ကို မေးလိုက်သည်။ မိန်းကလေးမှာ အချိန်ကြာမြင့်သည် အထိ လူငယ်ကို ငြိမ်သက်စွာ စိုက်ကြည့် နေခဲ့၏။ မည်သည့် အရာများ တွေးတောနေကြောင်းကိုတော့ သူမ တစ်‌ယောက်တည်းသာ သိရှိပေလိမ့်မည်။

အချိန်အတော်ကြာပြီး နောက်တွင်မှ ထျန်း‌ေရှာင်လော့က အဖြေပေးလိုက်၏။

“ခု စလို့ ရပြီ”

ထို့နောက် သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အခန်းကို နှစ်ခြိမ်းခွဲလိုက်၏။ တစ်ဖက်ခြမ်းကို ဝေ့ဝူယင် ပိုင်ဆိုင်ကာ အခြားတစ်ခြမ်းကတော့ သူမ အတွက် ဖြစ်သည်။

“ဖော်စပ်ရမယ့် အဂ္ဂိရတ် ထုတ်ကုန်က ယင်ယန် အမတေ ဆေးလုံးပဲ... သုံးရက် အတွင်း ယင်ယန် အမတေ ဆေးလုံးကို အကောင်းဆုံး ဖော်စပ်နိုင်တဲ့လူက အနိုင်ရမယ်”

ယင်ယန် အမတေ ဆေးလုံးမှာ အဆင့်ငါး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်ကာ ယင်ဖွဲ့စည်းခြင်း အဆင့်၊ ယန်ဖွံ့ဖြိုးခြင်း အဆင့်နှင့် မှားသော အမှန်ဆင့် ကျင့်ကြံသူများ အတွက် သင့်တော်ပေသည်။ ၎င်းမှာ ယင်ယန် စွမ်းအင်များ ပြုစုပျိုးထောင်မှုကို အားပေးကာ တစ်ချိန်တည်း၌ ထိုနှစ်ခုအား လိုက်လျော ညီထွေစွာ ပေါင်းစပ်ရန် ကူညီပေးနိုင်သည်။

“ကျုပ်ဆီမှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်...”

ဝေ့ဝူယင်က လက်နှစ်ဖက်ကို ယှက်ရင်း ဆိုလိုက်လေ၏။

***

All Chapters