ရွှင်းစုတာအိုတိုက်ပွဲ၏ ရလဒ်
Vol. 80 Ch. 1110
“ကျုပ်ဆီမှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်...”
ဝေ့ဝူယင်က လက်နှစ်ဖက်ကို ယှက်ရင်း ဆိုလိုက်လေ၏။ ထျန်းေရှာင်လော့က ဝေ့ဝူယင်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။
“ဘာတောင်းဆိုမှုလဲ...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဘေးနားရှိ လူများကို ဝှေ့ကြည့်လိုက်၏။
“ကျုပ် အဂ္ဂိရတ် ဖော်စပ်တဲ့ နည်းလမ်းက နည်းနည်း... ဒီလိုပဲ ဆိုကြပါစို့... ကျုပ် ဘယ်လိုဘယ်ပုံ ဆေးဖော်စပ်သလဲ ဆိုတာ အခြားလူတွေကို မမြင်စေချင်ဘူး... တာအို လမ်းညွှန်သူထျန်း စိတ်မရှိဘူး ဆိုရင် ကျုပ်တို့ရဲ့ ရွှင်းစု တာအို တိုက်ပွဲကို လျှို့ဝှက်ပြီး လုပ်လိုက်ရင် ဘယ်လိုလဲ... အခြားလူတွေ လေ့လာခွင့် မရှိတဲ့ တိုက်ပွဲမျိုးပေါ့... ဘယ်လို သဘောရလဲ”
“...”
ထျန်းေရှာင်လော့၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းသွား၏။ ပုံမှန် အခြေအနေတွင်သာ ဆိုပါက ထိုကဲ့သို့ တောင်းဆိုမှုမျိုးကို သူမ မတုန့်မဆိုင်းပင် ပယ်ချပစ်လိုက်မည် ဖြစ်သည်။ သို့သော်လည်း...
“ကောင်းပြီလေ...”
သူမက သဘောတူ လိုက်သည်။ ဝေ့ဝူယင်က တောက်ပစွာ ပြုံးလိုက်၏။
“ကောင်းတယ်...”
...
မိနစ်အနည်းငယ် ကြာပြီးနောက်...
မိန်းကလေး သုံးယောက်မှာ ဝေ့ဝူယင် ဆေးဖော်စပ်သည်ကို ကြည့်ရှုရန် စိတ်လှုပ်ရှား နေကြသော်လည်း နန်းတော် အပြင်ဘက်တွင်သာ စိတ်ရှည်စွာ စောင့်ဆိုင်း နေရပြီ ဖြစ်သည်။ နန်းတော် အတွင်းရှိ ဝင်္ကပါများမှာ အပြည့်အဝပင် အသက်ဝင်နေကာ မည်သည့် ဝိညာဉ်အာရုံ ဆန်းစစ်မှုကို မဆို တားဆီးထားသည်။ မြေကြီး ရှန့်ထို အဆင့် တစ်ယောက် ပင်လျှင် နန်းတော်ပိုင်ရှင် မသိပဲ သို့မဟုတ် ခွင့်ပြုချက် မရှိပဲ အတွင်းပိုင်းကို ဖြတ်သန်း ကြည့်ရှု နိုင်လိမ့်မည် မဟုတ်ပါချေ။
ရွှင်းစု တာအို တိုက်ပွဲမှာ သုံးရက်တိုင်တိုင် ကြာမြင့်မည် ဖြစ်သည်။ ထိုခုနစ်ဆယ့် နှစ်နာရီ အတွင်းတွင် ပါဝင် ယှဉ်ပြိုင်သူများမှာ သူတို့၏ အကောင်းဆုံးသော ထုတ်ကုန်ကို ကြိုးစား ဖော်စပ်ရမည် ဖြစ်သည်။ ထိုအတွင်း၌ သူတို့ ကြိုက်နှစ်သက်သည့် နည်းစနစ်များ၊ ဗျူဟာများ၊ ချဉ်းကပ်မှုများကို အသုံးပြုနိုင်ပေသည်။
ချောင်စွေ့ဖုန်းက ပိတ်ထားသည့် တံခါးကို စိတ်ပူပန်းစွာဖြင့် ကြည့်နေခဲ့၏။ သူမ ဤနေရာ အထိ လိုက်လာခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ဝေ့ဝူယင်၏ အောင်မြင်မှုကို ကြည့်ရှုရန် ဖြစ်သည်။ သို့မှသာ သူမ အတွက် အခွင့်အေရး တစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ထိုအခွင့်အေေရးကား..။
ချင်ကူးယဉ်၏ ေရွှရောင် မျက်လုံးများမှာလည်း စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက် နေခဲ့၏။ မျှဝေ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် အမှားတစ်ခု လုပ်ခဲ့ကြောင်း သူမ သိပေသည်။ အကယ်၍ သူမသာ ဝေ့ဝူယင်နှင့် တိုက်ခိုက်ကာ မသိမသာ အရှုံးပေးခဲ့ပါက ဤရွှင်းစု တာအို တိုက်ပွဲ ဖြစ်ပေါ်လာစရာ မလိုပါချေ။
လျူစုယင်ကတော့ မကြာသေးခင်က ကျင်းပခဲ့သည့် မဟာစက်ဝန်း ရှန့်ထို ညီလာခံကို ပြန်လည် သတိရ နေခဲ့၏။ ထိုပြိုင်ပွဲမှာတုန်းက လူငယ်မှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ပိုင်ရှင် လက်ထောက် တစ်ယောက်၏ အကူအညီကို ယူကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှိ သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို အနိုင်ယူခဲ့သည်။
သို့သော်လည်း... ယခုတွင်တော့ သူက တစ်ကိုယ်တော် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထို့အပြင် သူ၏ ပြိုင်ဘက်မှာ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်။ သို့ဖြစ်လေရာ တိုက်ပွဲက ပထမ တစ်ကြိမ်လောက်တော့ လွယ်ကူလိမ့်မည် မဟုတ်ပါချေ။
သုံးရက်ကြာပြီးနောက်...
နန်းတော်တံခါးမှာ ပွင့်ဟလာကာ ဝေ့ဝူယင်နှင့် ထျန်းေရှာင်လော့တို့မှာ လမ်းလျှောက် ထွက်လာခဲ့ကြ၏။ ထျန်းေရှာင်လော့၏ အမူအရာကတော့ မသေချာ မေရရာမှု၊ မယုံကြည်နိုင်မှု၊ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေချိန်တွင် ဝေ့ဝူယင်ကတော့ တောက်ပသည့် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။
“ဘာတွေ ဖြစ်ခဲ့တာလဲ...”
ချင်ကူးယဉ်က ဝေ့ဝူယင်ထံသို့ လျှောက်လာရင်း စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ သို့လင့်စကား... ဝေ့ဝူယင်နှင့် ထျန်းေရှာင်လော့တို့၏ အမူအရာများက အရာရာကို အဖြေထုတ်ခဲ့ပြီး ဖြစ်သည်။
“ကျုပ် ကံကောင်းသွားတာပါ... ဟဟ...”
ဝေ့ဝူယင်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်၏။
“ကံကောင်းတယ်...”
ချောင်စွေ့ဖုန်းကလည်း ဝေ့ဝူယင် အနားသို့ ချဉ်းကပ်လာခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းများက အဆုံးစွန်သော တောက်ပမှုများနှင့် ပြည့်နှက်နေ၏။
“ဟုတ်တယ်... ကံကောင်းတာ...”
ဝေ့ဝူယင်က ပြုံးလိုက်သည်။ သူ၏ ငွေရောင် မျက်ဝန်းတို့က အဆုံးစွန်သော ပျော်ရွှင်မှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။
“ကြည့်ရတာ ကောင်းကင်က ကျုပ်ဘက်မှာ ရှိနေတဲ့ပုံပဲ... အတော်လေးကို နီးစပ်သွားတာ... အတော်လေးကို”
ထျန်းေရှာင်လော့၏ အမူအရာက ပိုမို၍ မည်းမှောင် သွား၏။ သူမ မျက်ဝန်းများထဲ၌ ဒေါသ အငွေ့အသက် တစ်ချို့ က မသိမသာ ဖြတ်ပြေး သွားခဲ့သည်။ အရှုံးကို လက်ခံရသည်မှာ သူမ အတွက် ခက်ခဲလွန်းလှသည်။
“ရှင်းပြပါဦး...”
လျူစုယင်ကလည်း အနားသို့ လျှောက်လာကာ မေးလိုက်၏။ ဝေ့ဝူယင် မည်ကဲ့သို့ အနိုင် ရရှိခဲ့ကြောင်း သူမ အလွန် သိချင် နေခဲ့ပြီ ဖြစ်သည်။
“ဒီလိုဗျ... သုံးရက် အတွင်း ကျုပ် လေးကြိမ် ဆေးဖော်စပ်ခဲ့ကြတယ်လေ... နှစ်ကြိမ်က မသန့်စင်တဲ့ အဆင့်တွေ ချည်းပဲ... တော်တော်လေး ကံဆိုးတာ... တတိယ တစ်ကြိမ်ကတော့ အဆင့်နိမ့် အရည်အသွေး အထိ ရောက်ခဲ့တယ်... ရွှင်းစု တာအို တိုက်ပွဲတွေက ဒီလောက် ခက်လိမ့်မယ်လို့ ကျုပ် တွေးတောင် မတွေးဖူးဘူး... ကျုပ်ရဲ့ ပထမဆုံး အကြိမ် မလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့...”
“ဒါပေမဲ့ တာအို လမ်းညွှန်သူထျန်းကတော့ အတော်လေးကို ကြောက်စရာ ကောင်းတယ်... သုံးရက် အတွင်းမှာ သူက ငါးကြိမ်တောင် ဖော်စပ်ပြီးခဲ့တာ... အကုန်လုံးကလည်း အနိမ့်ဆုံး အဆင့်မြင့် အရည်အသွေးတွေချည်းပဲ... စတုတ္ထမြောက် တစ်ခုဆိုရင် အထွတ်အထိပ် အရည်အသွေးမှာတောင် ရှိနေတာ... ကျုပ်တောင် ထိတ်လန့် သွားတယ်”
ဝေ့ဝူယင်၏ ရှင်းပြမှုများကို နားထောင်ရင်း အားလုံး၏ အမူအရာများက ဆက်တိုက်ဆိုသလို ပြောင်းလဲ နေခဲ့၏။ ကွာခြားမှုက ထိုမျှ အထိ ကြီးမားသည်လား။
“ဒါပေမဲ့ ကျုပ် ကံကောင်းသွားတာ.. တကယ့်ကို ကံကောင်းသွားတာ... ရွှင်းစု တာအို တိုက်ပွဲတွေက ဒီလောက်အထိ ခက်လိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး”
ဝေ့ဝူယင်က စိတ်ဓာတ်ကျဟန်ဖြင့် ခေါင်းကို လေးပင်စွာ ခါယမ်းလိုက်၏။ ထို့နောက် သူက ရင်ဘတ်ထဲမှ လက်ဝါး အရွယ် ကျောက်စိမ်း သေတ္တာလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုသေတ္တာလေးမှာ လျှို့ဝှက် အဆင့် ရင်းမြစ်များအား ထိန်းသိမ်းနိုင်သည့် ရတနာ တစ်ခု ဖြစ်ကာ၊ ဒြပ်စင် နယ်မြေ ကပ်ပါး မျိုးနွယ်များထံမှ လက်ဆောင် အဖြစ် ရရှိခဲ့ခြင်း ဖြစ်သည်။
ဝမ်...
သေတ္တာကလေးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်တရာ ထူးဆန်းလှသော အလင်းတန်းများမှာ အလုအယက်ပင် အပြင်လောကသို့ တိုးခတ်ကာ ထွက်ပေါ်လာခဲ့လေသည်။
“ကျုပ်က သာလွန်ခြင်း အဆင့် အရည်အသွေး ရှိတဲ့ ယင်ယန် အမတေ ဆေးလုံးကို တစ်နည်းနည်းနဲ့ ဖော်စပ်နိုင်ခဲ့တယ်လေ... ကောင်းကင်က ဘယ်လောက်တောင် ကြင်နာလိုက်သလဲ... ဟား... ဟား...”
ဝေ့ဝူယင်၏ ရယ်မောသံက အဆုံးမဲ့ ပျော်ရွှင်မှု၊ ပီတိ ဖြစ်မှုများနှင့် ပြည့်နှက် နေခဲ့၏။
သာလွန်ခြင်း အဆင့်...
မိန်းကလေး သုံးယောက်၏ အမူအရာများက ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် သွားကာ အဖြူနှင့် အနက်ရောင် ရောနှောထားသည့် ဆေးလုံးကလေး အပေါ် စူးစိုက် ကျရောက်သွားသည်။
“ဝိညာဉ်...”
ချက်ချင်း လက်ငင်းဆိုသလိုပင် ချောက်စွေ့ဖုန်း၏ မျက်ဝန်းများက ဆန်းကြယ်သော အလင်းတန်းများနှင့် အတူ တောက်ပလာသည်။
ဆေးလုံးကလေး၏ မျက်နှာပြင်ထက်တွင် လူးလွန့်ကာ ေရွ့လျားနေသည့် ဝိညာ အမျိုးအစား လျှို့ဝှက် သင်္ကေတ ကလေးများကို သူတို့ အားလုံး ထင်ရှားစွာပင် တွေ့မြင်နိုင်ပေသည်။ ၎င်းက သာလွန်ခြင်း အဆင့် ထုတ်ကုန် တစ်ခု၏ သင်္ကေတပင် ဖြစ်လေသည်။
ချောင်စွေ့ဖုန်း၏ အကြည့်များမှာ အဖြူအမည်း ဆေးလုံး လေးထံမှ ဝေ့ဝူယင်၏ ချောမောသော မျက်နှာထံ ေရွ့လျား သွားခဲ့သည်။ ကံကောင်းလွန်းသည်။ တကယ့်ကို ကံကောင်းလွန်းသည်။ ရူးသွပ်စရာ ကောင်းအောင် ကံကောင်းလွန်းသည်။
သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့် တစ်ယောက်က အဆင့်ငါး ဆေးလုံး တစ်လုံးကို သာလွန်ခြင်း အဆင့် အရည်အသွေးအထိ ဖော်စပ်ပြသနိုင်ခြင်း...။ ကြည့်ရသည်က လူငယ်မှာ ကောင်းကင်၏ ကောင်းချီးပေးမှုကို ရရှိထားသည့်ဟန် ရလေသည်။
***