← Chapters

လှုပ်ရှားလာသည့် မှော်သန့်စင် ဆေးအိုး

Vol. 80 Ch. 1112

လှုပ်ရှားလာသည့် မှော်သန့်စင် ဆေးအိုး

Vol. 80 Ch. 1112

နန်းတော် အတွင်းတွင်တော့ ဝေ့ဝူယင်တို့ သုံးယောက်မှာ လှေကားထစ်များ အတိုင်း တက်လာခဲ့ကာ ကျယ်ဝန်းသော အခန်းတစ်ခု အတွင်း ‌ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင်လည်း အလားတူပင် ပရိ‌ဘောဂ ပစ္စည်းများ ကင်းမဲ့ကာ အဂ္ဂိရတ် ဖော်စပ်ရာတွင် အသုံးပြုသည့် စားပွဲ တစ်လုံးသာ ရှိသည်။ နံရံများထက်တွင် ပြတင်းပေါက် ဟူ၍ မရှိသော်လည်း အလင်း‌ရောင် ခပ်မှိန်မှိန် ထုတ်လွှတ်နေသည့် သလင်းကျောက်များကို မြုပ်ထားသည်။ သို့သော်လည်း... ထိုအလင်း‌ရောင်များမှာ အလွန်ပင် မှေးမှိန်လွန်းရကား သာမန် မျက်စိဖြင့် ကောင်းကောင်းမြင်ရဖို့ ခက်ခဲလှသည်။

အခန်း၏ လေထုကတော့ အဂ္ဂိရတ် အော်ရာများဖြင့် ကြွယ်ဝလှကာ သန့်စင်ထားသည့် လျှို့ဝှက် အမတေများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။

“...”

ချင်ကူးယဉ်မှာ အခန်းအတွင်း မည်သည့် ပစ္စည်းမှ ‌ေရ‌ေရရာရာ မရှိသည်ကို ကြည့်ကာ အံ့သြသွားခဲ့၏။ ဤသည်က ထျန်း‌ေရှာင်လော့ ကျင့်ကြံသည့် အဂ္ဂိရတ် ခန်းမလော။ အဘယ်ကြောင့် ယခုလို ဗလာကျင်း နီးပါး ဖြစ်နေရသနည်း။ စာအုပ်စင်များ၊ ပုရပိုက်များ၊ ဝိညာဉ် ကျောက်စိမ်း သလင်းကျောက်များ ပြည့်နှက်နေသည့် သူ့ အဂ္ဂိရတ် ခန်းမနှင့် နှိုင်းယှဉ်လျှင် ဤနေရာက အကြမ်းဖျဉ်း ဆန်လွန်းလှသည်။

ထျန်း‌ေရှာင်လော့က ချင်ကူးယဉ်၏ တုန့်ပြန်ပုံကို လှည့်၍ပင် မကြည့်ပါချေ။ သူမက အခြားလူများ၏ အတွေးများ၊ အမြင်များကို ဂရုမစိုက်တာ ရှင်းလင်းလှသည်။ ၎င်းက သူမ နန်းတော်ထဲကို ‌ရောက်ဖူးသည့် လူတိုင်း တုန့်ပြန်လေ့ ရှိသည့် ပုံမှန် အခြေအနေ တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း သလင်းကျောက်များ၊ စားပွဲ၏ ပုံပန်း သဏ္ဌာန်နှင့် နေရာချထားပုံတို့အား လှည့်ပတ် ကြည့်ရှုနေသည့် ဝေ့ဝူယင်ကို တွေ့မြင်ရသော အခိုက်တွင်တော့ သူမ အနည်းငယ် ကျေနပ်သွားသလို ခံစား လိုက်ရသည်။

“ရှုခင်းနဲ့ လေထုကို သန်စင်အောင် သေချာ ဒီဇိုင်းဆွဲထားတာပဲ...”

ဝေ့ဝူယင်က စိတ်လိုလက်ရ ချီးကျူးလိုက်၏။ မိန်းကလေးက ထူးမခြားနား အမူအရာဖြင့် ဝေ့ဝူယင်ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း... သူမ၏ နှလုံးသား အတွင်းတွင်တော့ ပျော်ရွှင်မှု၊ ကျေနပ်မှုတို့က အရှိန်အဟုန်ဖြင့် နေရာယူ နေခဲ့ပြီ ဖြစ်သည်။

၎င်းတို့က သူမ အမြဲတမ်း လိုချင်ခဲ့ကာ၊ မရရှိခဲ့သည့် စကားလုံးများပင် ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်၏ စကားလုံးများထဲမှ ရိုးသားမှုကို သူမ ခံစားနိုင်ပေသည်။ မြှောက်ပင့်ပြောတတ်သည့် အခြားလူများ၏ အတုအယောင် စကားလုံးများနှင့် ခြားနားလှသည်။

ဝေ့ဝူယင်မှာ ထျန်း‌ေရှာင်လော့ ပြင်ဆင်ထားသည့် အခန်း ဖွဲ့စည်းပုံနှင့် ဝင်္ကပါတို့ကို အမှန်တကယ် စိတ်ဝင်စား နေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က ရှုပ်ထွေး ပွေလီစွာ တည်ရှိနေတတ်သည့် ပုံမှန် အဂ္ဂိရတ် ခန်းမများနှင့် ကွာခြားကာ ထူးဆန်းသည့် စျာန်ဝင်စားမှု တစ်ခုကို ဖြစ်ပေါ်စေသည်။ အနာဂတ်၌ ထိုကဲ့သို့ စာဖတ်ခန်းနှင့် အဂ္ဂိရတ်ခန်းများ တည်ဆောက်ရမည်ဟု သူ တွေးလိုက်မိသည်။

“ဒါနဲ့ ကျုပ်တို့ စကြတော့မလား...”

ဝေ့ဝူယင်က ထျန်း‌ေရှာင်လော့ကို လှည့်ကြည့်ရင်း မေးလိုက်၏။ ချင်ကူးယဉ်ကလည်း အလားတူပင် ထျန်း‌ေရှာင်လော့ကို လှမ်းကြည့်လိုက်သည်။

ဘုံကြိုးပြတ် နတ်မိမယ် တစ်ယောက်လို လှပသည့် မိန်းကလေးက မည်သည့် အပိုစကားမှ မဆိုပဲ ခေါင်းကိုသာ ညိတ်လိုက်၏။ ထို့နောက် သူမက ချူးစို့သာ မှော်သန့်စင် ဆေးအိုး ထည့်သွင်းထားသည့် ရှန့်ထို လက်စွပ်ကို ထုတ်ယူ လိုက်သည်။

“လျှို့ဝှက် အဆင့် မှော်သန့်စင် ဆေးအိုးတွေကို လျှို့ဝှက် အဆင့် ရင်းမြစ်တွေနဲ့ ဖန်တီးရတယ် ဆိုပြီး နားလည်မှု လွဲနေကြတာ တစ်ခု ရှိတယ်...”

ထျန်း‌ေရှာင်လော့က ခပ်တိုးတိုး ‌ေရရွတ်လိုက်ရင်း ဒိုင်လူကြီး သုံးယောက် ပေးထားသော နည်းလမ်းများဖြင့် လက်စွပ်ထက်ရှိ အတားအဆီး တစ်ခုကို စတင် ဖယ်ရှားလိုက်သည်။ ချက်ချင်းဆိုသလိုပင် အလွန်တရာ ‌တောက်ပလှသည့် လျှို့ဝှက် အလင်းတန်းများမှာ သာမန် မျက်စိဖြင့်ပင် မြင်နိုင်သည့် နှုန်းထားဖြင့် ပေါက်ကွဲ ထွက်ပေါ်လာကြသည်။

မိန်းကလေးက စကားဆက်လိုက်၏။

“ဒါပေမဲ့ အဲဒါက မမှန်ဘူး...”

မိန်းကလေးက နောက်ထပ် အတားအဆီး တစ်ခုကို ဖယ်ရှားလိုက်၏။ အလင်းတန်းက ပိုမို တောက်ပစွာ ထွက်ပေါ်လာပြန်သည်။ အလင်းစီးကြောင်းများ၏ အလယ်တွင် မိန်းကလေး နှစ်ယောက်၏ ဆံနွယ်များမှာ လှပစွာ ကခုန် လာကြ၏။

“လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို အောင်အောင်မြင်မြင် ‌ဖော်စပ်နိုင်ခဲ့ပြီးတဲ့နောက် ဆင့်ကဲ ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ လျှို့ဝှက် အဆင့် မှော်သန့်စင် ဆေးအိုးတွေကိုပဲ အဂ္ဂိရတ် တာအိုက ကောင်းချီးပေးတယ်...”

ထျန်း‌ေရှာင်လော့က နောက်ဆုံးသော အတားအဆီးကို ဖယ်ရှားရန် ကြိုးပမ်းလိုက်၏။ အတားအဆီး တဖြည်းဖြည်း ပြေလျော့လာသည်နှင့် အမျှ ကျယ်ဝန်းလွန်းလှသည့် အဂ္ဂိရတ် ခန်းမ တစ်ခုလုံးမှာ လျှို့ဝှက် အလင်းတန်းများနှင့် ပြည့်လျှံလာနေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ထိုမြင်ကွင်းကို တိတ်တဆိတ် ငေးကြည့်ရင်း ဒြပ်စင်ဥဿုံ နေကြတ် မှော်ဆေးအိုး၏ အကြောင်းကို ပြန်လည် စဉ်းစား နေခဲ့မိသည်။ ၎င်း၏ မူလ နာမည်က ဒြပ်စင်ကိုးပါး နေကြတ် မှော်ဆေးအိုး ဟူ၍ ဖြစ်ကာ သူ လက်ထဲကို ‌ရောက်ရှိစဉ် အချိန်တုန်းက အဆင့်နိမ့် ကြယ်တာရာ အဆင့်တွင်သာ ရှိခဲ့သည်။

သို့သော်လည်း... သူ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များကို အဆက်မပြတ် ဖော်စပ် အောင်မြင်လာသည်နှင့် အမျှ မှော်သန့်စင် ဆေးအိုး၏ အရည်အသွေးမှာလည်း ခုန်ပေါက် တိုးတက် လာခဲ့သည်။ နောက်ပိုင်း... သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ပြီးချိန်တွင်တော့ ၎င်းမှာ ကြယ်တာရာ အထွတ်အထိပ် အဆင့်ကိုပင် ‌ရောက်ရှိလာခဲ့သည်။

လက်ရှိတွင်တော့ ဒြပ်စင် ဥဿုံ နေကြတ် မှော်ဆေးအိုးမှာ ကြယ်တာရာ အထွတ်အထိပ် အဆင့်ကို ကျော်လွန်ကာ အသွင်ပြောင်းလုနီးပါး အခြေအနေ တစ်ရပ်၌ ‌ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“ကြယ်တာရာ အဆင့် မှော်သန့်စင် ဆေးအိုး တစ်ခုကနေ လျှို့ဝှက် အဆင့်ကို အသွင် ကူးပြောင်းဖို့ အတွက် အရမ်းကို ခက်ခဲတယ်လို့ ငါ့ဆရာက ပြောဖူးတယ်... လုံးဝ မဖြစ်နိုင်သလောက် နီးပါးပဲ တဲ့... သူတောင်မှ မလုပ်နိုင်ခဲ့ဘူး”

ထျန်း‌ေရှာင်လော့က မျက်စိ ကျိန်းမတတ် လျှို့ဝှက် အလင်းတန်းများကို မျက်တောင် တစ်ချက် မခပ်ပဲ စိုက်ကြည့် နေခဲ့၏။ ချင်ကူးယဉ်က စိတ်လှုပ်ရှားစွာဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။

“အမှန်ပဲ... အလွှာကြားက လောကရဲ့ အပြင်ဘက်မှာ ဆိုရင် လျှို့ဝှက် အဆင့် မှော်သန့်စင် ဆေးအိုး အများစုကို လျှို့ဝှက် အဆင့် ရင်းမြစ်တွေနဲ့ပဲ ထွင်းထုခဲ့ကြတယ်လို့ ပြောစမှတ် ပြုကြတယ်... ငါတို့ နေထိုင်တဲ့ လောကတစ်ခုလုံးမှာတောင် အစစ်အမှန် လျှို့ဝှက် အဆင့် မှော်သန့်စင် ဆေးအိုးက ဆယ့်ရှစ်ခုပဲ ရှိတယ် တဲ့”

ဝေ့ဝူယင် တိတ်တဆိတ် နားထောင် နေခဲ့၏။ ချင်ကူးယဉ် ပြောသည့် လောကထဲတွင် အဇူရာ မူလ ကြယ်စင်စုလို နေရာများ မပါဝင်ကြောင်း သူ သဘောပေါက်ပေသည်။ ၎င်းက ချိပ်ပိတ်နယ်မြေနှင့် ကြယ်တာရာ ကွင်းပြင် တစ်ချို့ ချိတ်ဆက် ပါဝင်နေသည့် လောကကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။

ကြည့်ရသည်က အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုမှာ ထိုအကြောင်းအရာများကို ချင်ကူးယဉ်အား ပြောပြထားခဲ့ပုံ ရသည်။ ထျန်း‌ေရှာင်လော့ ပင်လျှင် စိတ်ဝင်စားသွားပုံ ရကာ ချင်ကူးယဉ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက အတားအဆီး ဖြေသည့် ဘက်ကိုသာ ပြန်လည် အာရုံစိုက်လိုက်သည်။

ဘုန်း...

မကြာခင်မှာပင် လက်စွပ်ပေါ်ရှိ နောက်ဆုံးသော အတားအဆီးမှာ ပွင့်ဟသွားကာ မိုးကြိုး ထစ်ချုန်းသံများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့လေသည်။

ဝေ့ဝူယင်မှာ စက္ကန့် အနည်းငယ်မျှ ကြာအောင် မြေဆွဲအား စွမ်းအင်မှ လွတ်ကင်းသွားသလို ခံစားလိုက်ရသည်။ အသိစိတ် ပင်လယ် အတွင်းတွင်တော့ ဧဒင်၏ အမြစ်များမျာ ဆန်းကြယ်စွာ တုန်ရီသွားကာ ၎င်း၏ ကြယ်တာရာ အသွင်ကို ဝန်းရံနေသည့် ကွင်းဆယ့်သုံးကွင်းမှာလည်း ဝိညာဉ် အလင်းများနှင့် တောက်ပလာခဲ့၏။

ဝိညာဉ်အာရုံများကို ဆန့်ထုတ်လိုက်သည်နှင့် အမျှ အခန်း၏ အလယ်ဗဟို၌ ‌‌ေရအလား ကြည်လင်လှသည့် မှော်သန့်စင် ဆေးအိုး တစ်အိုးကို မှုန်ဝါးဝါး သူတို့ တွေ့မြင်လိုက်ရလေသည်။ လှပသည့် ရောင်စုံ ကြယ်တာရာ ခုနစ်စင်းမှာ မှော်သန့်စင် ‌ဆေးအိုး၏ မျက်နှာပြင်ထက်တွင် ကခုန် နေခဲ့လေ၏။

ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများကို အကန့်အသတ်ထိ ‌ရောက်အောင် မြှင့်တင်လိုက်၏။ သို့သော်လည်း... ထိုအခိုက်တွင်ပင် သူ့ မျက်လုံးများမှာ စတင်ကာ ပြောင်းလဲ လာခဲ့လေသည်။ သူ၏ ဆန္ဒ တစ်စုံတစ်ရာ မပါပါပဲ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်များမှာ စတင်ကာ ထွန်းတောက် လာခဲ့၏။ ထို့နောက်... ၎င်းတို့မှာ မှော်သန့်စင် ဆေးအိုး၏ မျက်နှာပြင်ထက်ရှိ ကြယ်တာရာများ ကဲ့သို့ အသွင်ပြောင်း သွားကာ တူညီသည့် နည်းလမ်း အတိုင်း စတင်ကာ ကခုန် လာကြ၏။ အကယ်၍ အနီးကပ် သေချာ ကြည့်မည် ဆိုပါက ၎င်းတို့၏ အမြန်နှုန်း၊ တောက်ပမှု အချိုးနှင့် လမ်းကြောင်းများပါ တူညီနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်လေသည်။

ရုတ်တရက် ဝေ့ဝူယင်မှာ ဆက်သွယ်မှု တစ်ခုကို ခံစားလိုက်ရ၏။ သူ၏ ငွေ‌ရောင် မျက်ဝန်းများက မှော်သန့်စင် ဆေးအိုးထံသို့ ပြန်လည် ‌ရောက်ရှိသွားသည်။ ၎င်း၏ အပြင်ဘက် အကြည်‌ရောင် မျက်နှာပြင်က အေးခဲနေသည့် မြင်ပင် တစ်ပင်နှင့် ဆင်တူလှသည်။ သို့သော်လည်း... ၎င်းကို သတ္တုအား အသုံးပြု၍ ထုလုပ်ထားတာ ရှင်းလင်းပေသည်။

အချိန် တစ်ခဏ အတွင်းမှာပင် မှော်သန့်စင် ဆေးအိုးမှာ ၎င်း၏ ကိုယ်ပိုင် စွမ်းအားကို ပြန်လည် စုစည်း သွားနိုင်သည့်ပုံ ရကာ ပတ်ဝန်းကျင်ရှိ လောက၏ မန်နာများ အပေါ် စတင်ကာ သက်‌ရောက်လာခဲ့သည်။ အံ့အားသင့်ဖို့ ကောင်းစွာပင်... မန်နာများမှာ မှော်သန့်စင် ဆေးအိုး ညစ်ပေသွားမည်ကို စိုးရွံ့သည့် အလား မည်သည့် မြေပြင်၊ ကြမ်းခင်းနှင့်မဆို ထိတွေ့ခွင့် ပြုရန် ငြင်းဆန် နေကြသည်။ ထိုမြင်ကွင်းက အသက်ရှူမှားလောက်သည်။

“ချူးစို့သာ မှော်သန့်စင် ဆေးအိုးက အဆင့်နိမ့် လျှို့ဝှက် အဆင့် ရတနာ တစ်ခုပဲ... ဒါပေမဲ့ လျှို့ဝှက် အဆင့် ရင်းမြစ်တွေနဲ့ ဖန်တီးထားတဲ့ အဆင့်မြင့် မှော်သန့်စင် ဆေးအိုးတွေထက် ပိုပြီး အဖိုးတန်တယ်...”

ချင်ကူးယဉ်က ထပ်မံ၍ ပြောလိုက်၏။ ထျန်း‌ေရှာင်လော့၏ လှပသော မျက်ဝန်းများကတော့ သူမ၏ အ‌ေရှ့တွင် မြောလွင့်နေသည့် မှော်သန့်စင် ဆေးအိုးပေါ်တွင်သာ စူးစိုက်စွာ ကျ‌ရောက်နေသည်။ သူမက လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်ကာ ဆေးအိုးကို ထိတွေ့ဖို့ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း... ဆန်းကြယ်စွာပင် မှော်သန့်စင် ဆေးအိုးမှာ တူညီသည့် အကွာအဝေး အတိုင်း နောက်ကို ဆုတ်သွားခဲ့၏။

"..."

ဝေ့ဝူယင်နှင့် ချင်ကူးယဉ်တို့ နှစ်ယောက်မှာ ထိုအချင်းအရာကို သတိထားမိရာ အမူအရာများ ပြောင်းလဲ သွားခဲ့ကြ၏။ သို့သော်လည်း... ထျန်း‌ေရှာင်လော့မှာ အလျှော့ပေးလိုဟန် မရချေ။ သူမက ခြားနားသည့် နည်းလမ်း တစ်ခုဖြင့် ချဉ်းကပ်ကြည့်ဖို့ ကြိုးပမ်းလိုက်၏။

ဟူး... ဟူး...

ချက်ချင်းပင် မိန်းကလေး၏ လက်ချောင်းများက ခုနစ်‌ရောင်ခြယ် အဂ္ဂိရတ် အင်အား အလင်းတန်းများနှင့် တောက်ပလာကာ လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်ပြန်သည်။

ဝှစ်...

မှော်သန့်စင် ဆေးအိုးက နောက်တစ်ကြိမ် နောက်ဆုတ် သွားပြန်၏။ ထျန်း‌ေရှာင်လော့က မျက်မှောင်ကြုတ် လိုက်သည်။ သူမက အဂ္ဂိရတ် အင်အားများကို နောက်တစ်ကြိမ် အလုံးလိုက် အရင်းလိုက် ထုတ်ဖော်လိုက်ကာ ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံလိုက်သည်။ သူမ စိတ်အတွင်း၌... မှော်သန့်စင် ဆေးအိုးမှာ မသန့်စင်သော အရာများကို မထိတွေ့လိုဟု တွေးလိုက်မိသည်။

ကံမကောင်းစွာပင် သူမ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အမျှ ‌မှော်သန့်စင် ဆေးအိုးက နောက်သို့ ထပ်မံ ဆုတ်ခွာ သွားပြန်သည်။ ၎င်းက သူမ ချဉ်းကပ်လာမည်ကို သို့မဟုတ် ထိတွေ့မည်ကို မနှစ်မြို့ဟန် ရလေသည်။

ထျန်း‌ေရှာင်လော့၏ အမူအရာက မည်းမှောင်နေသည့်တိုင် တစ်ချိန်တည်း၌ တည်ငြိမ်နေ၏။ သူမက ချင်ကူးယဉ် ဘက်ကို လှည်ကြည့်လိုက်သည်။ ချူးစို့သာ မှော်သန့်စင် ဆေးအိုးလို ကိုယ်ပိုင် ဆန္ဒ ရှိသည့် ရတနာများမှာ အလားတူ တုန့်ပြန်တတ်ကြောင်း သူမ ကြားဖူးပြီး ဖြစ်သည်။ ၎င်းက ချင်ကူးယဉ်နှင့် ဝေ့ဝူယင်တို့ နှစ်ယောက်ကို‌ရော အလားတူ တုန့်ပြန်မည်လား သူမ သိချင် နေမိသည်။

ချင်ကူးယဉ်က အသက်ကို ခပ်ပြင်းပြင်း ရှူကာ ‌ေရှ့ကို ခြေတစ်လှမ်း တိုးလိုက်၏။

ဝှစ်...

မှော်ဆေးအိုးက အလားတူပင် နောက်ဆုတ်သွားသည်။ သို့သော်လည်း... ချင်ကူးယဉ်မှာ ထျန်း‌ေရှာင်လော့ပထံမှ သင်ယူခဲ့ပြီး ဖြစ်လေရာ အဂ္ဂိရတ် အင်အားများကို ဝန်းရံ၍ ကြိုးပမ်း ကြည့်လိုက်ပြန်၏။

ယခုတစ်ကြိမ်လည်း ထူးမခြားနားပင်။ ကြည့်ရသည်က ချူးစို့သာ မှော်သန့်စင် ဆေးအိုးမှာ မည်သည့် တည်ရှိမှုကိုမှ ချဉ်းကပ်ရန် ခွင့်ပြုလိုပုံ မရချေ။

***

All Chapters