စကားများသော ဝိညာဉ်
Vol. 80 Ch. 1115
“ဘာကြီး...”
မိန်းကလေး နှစ်ယောက်၏ မျက်ဝန်းများက အံ့အားသင့်ခြင်းများနှင့် ပြူးကျယ်သွားခဲ့၏။ မှော်သန့်စင် ဆေးအိုးက ဘာပြောလိုက်သနည်း။
ဝေ့ဝူယင်မှာ မူလနေရာတွင်ပင် မားမားမတ်မတ် ရပ်နေခဲ့၏။ သူ၏ ကျောရိုးများက ဓားတစ်စင်း အလား ဖြောင့်တန်း နေသည်။ မျက်လုံးများအား လက်ဖြင့် ဖုံးအုပ်ထားသည့်တိုင် သူ၏ အမူအရာနှင့် ကိုယ်ဟန်က ရဲရင့်တည်ကြည်သည့် သူရဲကောင်း တစ်ယောက်လို ပေါ်လွင်နေဆဲ ဖြစ်သည်။
ထိုအခိုက်၌... ဝေ့ဝူယင်မှာ ကြယ်တာရာ ဝိညာဉ် သုံးခုထံမှ စိတ်ခွန်အားနှင့် ဝိညာဉ် ခွန်အား အလုံးစုံကို အသုံးပြုကာ ဧဒင် အလင်းများကို အစွမ်းကုန် ထိန်းချုပ် နေခဲ့ရပေသည်။ စောစောပိုင်းက ထျန်းေရှာင်လော့၏ ခြိမ်းခြောက်မှုများ ဖြစ်စေ၊ ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ မေးခွန်း ဖြစ်စေ သူ ဘာကိုမှ မကြားခဲ့ရပါချေ။
တုန့်ပြန်မှု မရှိသည့် အခြေအနေ တစ်ခုတွင် မှော်သန့်စင် ဆေးအိုးမှာ တစ်မိနစ်ခန့် ကြာအောင် ဆက်လက် လွင့်မြော နေခဲ့၏။ လျစ်လျူခံထားရသည့်တိုင် သူမက မည်သည့် ဒေါသနှင့် စိတ်မကျေနပ်မှုများကိုမှ ထုတ်ဖော် ပြသခြင်း မပြုချေ။ ၎င်းက ဝေ့ဝူယင် ရင်ဘတ်နားအထိ ရောက်အောင် သူ့ကိုယ်သူ နှိမ့်ချ လိုက်သည်။
မှော်သန့်စင် ဆေးအိုးမှာ အရမ်း ကြီးမားခြင်း မရှိပါချေ။ အကြမ်းဖျဉ်းအားဖြင့် ၎င်း၏ အကျယ်နှင့် ထုထည်တို့က ဝေ့ဝူယင်၏ ရင်ဘတ်လောက်သာ ရှိပေလိမ့်မည်။ မှော်သန့်စင် ဆေးအိုးလေးက ဦးညွှတ်သည့် အလား ၎င်း၏ ကိုယ်ထည်လေးကို အနည်းငယ် စောင်းလိုက်၏။
“ကျွန်မဘက်က တောင်းဆိုနေတာပါရှင်...”
စကားလုံး အချို့သာ ဖြစ်သည့်တိုင် ထိုစကားလုံးများက မိန်းမငယ်လေး နှစ်ယောက်အား အကြီးကျယ်ဆုံး ထိတ်လန့် သွားစေဖို့ လုံလောက်ပေသည်။ ထိုအရာက တောင်းဆိုနေခြင်းလော၊ တောင်းပန်နေခြင်းလော။ အကယ်၍ ဝေ့ဝူယင်သာ ထိုတောင်းဆိုမှုကို လက်ခံပါက သူမဘက်က ဘာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးဖို့ ဆန္ဒ ရှိနေသည့်ပုံပင်။
ဝေ့ဝူယင်မှာ ရင်ဘတ်နား၌ တစ်စုံတစ်ရာကို ခံစားလိုက်မိရာ ဒုတိယစိတ်ကို အသုံးပြု၍ ခန္ဓာကိုယ် အတွင်း အစားထိုး နေရာယူလိုက်၏။
မျက်လုံးကို ဖုံးအုပ်ထားသည့် လက်များအား မဖယ်ရသေးသည့်တိုင် သူ၏ ဝိညာဉ် အာရုံမှာ ချက်ချင်းပင် ရင်းနှီးပြီးသား အော်ရာ လက္ခဏာ တစ်ခုကို ရှာဖွေ တွေ့ရှိလိုက်သည်။ ၎င်းက ဝမ်ယုထျန်းနှင့် အလွန် ဆင်တူပေသည်။
“ဝိညာဉ် အသွင်လား...”
ဝေ့ဝူယင်၏ ဒုတိယမြောက်စိတ်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။ မှော်သန့်စင် ဆေးအိုးမှာ အနည်းငယ် လည့်ပတ်လိုက်ကာ စိမ်းပြာရောင် ဝိညာဉ် အခိုးအငွေ့များကို ထုတ်လွှတ်လိုက်သည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းတို့က စုစည်းသွားကာ စိမ်းပြာရောင် ပုံရိပ် တစ်ခု အဖြစ် ဖွဲ့စည်းသွားခဲ့၏။
သူမက ဆံပင်တိုတို၊ ပိန်ပိန်ပါးပါး မိန်းမငယ်လေး တစ်ယောက် ဖြစ်ကာ ဝိုင်းစက်စက် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သူမ၏ ခန္ဓာကိုယ်ထက်တွင်တော့ ခုနစ်ရောင်ခြယ် လက်ပွ အရှည် ဝတ်ရုံ တစ်ခုကို ဆင်မြန်းထား၏။ သူမက မျက်နှာအောက်ပိုင်းကို အဖြူရောင် ဇာပုဝါဖြင့် စည်းနှောင်ကာ ဖုံးအုပ်ထားသည်။
မိန်းမငယ်လေးမှာ ရုပ်ဖျက်ကာ အလည်အပတ် ခရီးတစ်ခု ထွက်လာသည့် သေမျိုး လောကမှ မင်းသမီးလေး တစ်ပါးနှင့်ပင် ဆင်တူနေသေးသည်။ တစ်ခုတည်းသော ကွာခြားချက်က သူမ၏ အရွယ်အစား ဖြစ်သည်။ သာမန်လူတစ်ယောက်နှင့် နှိုင်းယှဉ်ရပါက သူမမှာ ဆယ်ပုံတစ်ပုံမျှသာ ရှိပေလိမ့်မည်။
မိန်းမငယ်လေးကို ကြည့်ရင်း ဝေ့ဝူယင်မှာ အံ့သြ သွားခဲ့၏။ ၎င်းက ဝမ်ယုထျန်း ကဲ့သို့ အမှန်တကယ် ဝိညာဉ် အသွင် တစ်ခုပင် ဖြစ်လေသည်။
ဝေ့ဝူယင်ထံတွင် ဝိညာဉ်အသွင်များ အကြောင်း အချက်အလက် များများစားစား မရှိပါချေ။ သူ သိဖူးသည့် တစ်ဦးတည်းသော ဝိညာဉ်အသွင်က ဝမ်ယုထျန်း ဖြစ်သည်။ ဝမ်ယုထျန်းမှာ မူလက လောကရှန့်ထို တစ်ယောက် ဖြစ်ကာ သေလုမြောပါး ဒဏ်ရာများဖြင့် ထာဝရ ကြယ်တာရာ နယ်မြေသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက်တွင် ထာဝရ ဧကရာဇ်က သူ့ကို တစ်နည်းနည်းဖြင့် ဝိညာဉ်အသွင် အဖြစ် ပြောင်းလဲ ပေးခဲ့သည်။
ဝိညာဉ် အသွင် တစ်ယောက် အနေဖြင့် ဝမ်ယုထျန်းမှာ မသေမျိုး ဖြစ်သည်။ သို့သော်လည်း... သူ့ ကျင့်ကြံခြင်း လမ်းကြောင်းကတော့ ေရှ့ဆက်ရန် အခွင့်အေရး မရှိတော့ပဲ ရပ်တန့် သွားခဲ့ပြီ ဖြစ်သည်။
“ကြည့်ရတာ သူရဲကောင်းလေးက ငါရဲ့ မျိုးနွယ်ကို သိနေတဲ့ပုံပါလား..”
မှော်သန့်စင် ဆေးအိုးက လေးစားကာ ယဉ်ကျေးသည့် အမူအရာနှင့် ပြောလိုက်၏။ သူမက နှုတ်ခမ်းထက်၌ ချိုသာသည့် အပြုံးလေး တစ်ခုကို ဆင်မြန်းထားကာ မျက်ဝန်းများကတော့ အပြစ်ကင်းစင်စွာနှင့် တဖျပ်ဖျပ် တောက်ပနေသည်။ သူမထံမှ မကောင်းသည့် ခံစားချက်များ ရရှိဖို့ ခက်ခဲလွန်းလှသည်။
‘မျိုးနွယ်... ဝိညာဉ်အသွင်က မျိုးနွယ် တစ်ခုလား’
ဝေ့ဝူယင် စိတ်ထဲမှ အံ့အားသင့်စွာ တွေးလိုက်ရင်း မှော်သန့်စင် ဆေးအိုးကို စိတ်ဝင်တစား ကြည့်လိုက်၏။
“ဆိုတော့ကာ ခင်ဗျားက ဒီမှော်ဆေးအိုးရဲ့ ဝိညာဉ် အသွင်ပေါ့”
“...”
မှော်သန့်စင် ဆေးအိုးမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ ထိုအရာက မသိသာနေဘူးလော။ သို့သော်လည်း... သူမက အလိုက်သင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်”
"..."
ဝေ့ဝူယင်၏ ဒုတိယမြောက် စိတ်မှာ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို ပုံဖော်ရန် မနည်းပင် ကြိုးစား နေရ၏။
လွန်ခဲ့သည့် စက္ကန့်ပိုင်း အချိန် အထိ သူက ဧဒင်နန်းတော်ထဲတွင် ရှိနေခဲ့ကာ ဧရာမ စာအုပ်ပုံကြီးကို ဖတ်ရှု နေခဲ့ခြင်း ဖြစ်သည်။ အပြင်လောကနှင့် နောက်ဆုံး ချိတ်ဆက်ခဲ့ချိန်က သူနှင့် လျူစုယင်တို့မှာ အထွတ်အမြတ် စာကြည့်တိုက်မှ အတူတကွ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
ဒုတိယမြောက်စိတ်မှာ မှတ်ဉာဏ်များကို ကူးယူဖို့ ကြိုးပမ်းလိုက်သော်လည်း ကံဆိုးစွာပင် မူလစိတ်မှာ အလွန်ပင် အလုပ်များ နေခဲ့သည်။ ဝေ့ဝူယင် အခန်းကို လှည့်ပတ်ကြည့်လိုက်ရာ ထျန်းေရှာင်လော့နှင့် ချင်ကူးယဉ်တို့ကို တွေ့လိုက်ရ၏။ ထိုမိန်းကလေး နှစ်ယောက်က အဘယ်ကြောင့် သူနှင့် အတူ ရှိနေရသနည်း။
ဝေ့ဝူယင် တွေးတောဖို့ အချိန် မရခင်မှာပင် ချူးစို့သာ မှော်သန့်စင် ဆေးအိုးက နောက်တစ်ကြိမ် ထပ်မံ၍ တောင်းဆိုလိုက်ပြန်သည်။
“သူရဲကောင်းလေး... ကျွန်မရဲ့ သခင် ဖြစ်ချင်သလားလို့... စိတ်မပျက် စေရဘူး ဆိုတာ ကတိပေးနိုင်ပါတယ်”
“...”
ဝေ့ဝူယင် မှော်သန့်စင် ဆေးအိုးကို အူကြောင်ကြောင် ကြည့်လိုက်မိ၏။ ဝိညာဉ်အသွင်က သူ့ကို သခင် တစ်ယောက် ဖြစ်လာဖို့ တောင်းပန်နေသည်လား။ရ
“နေဦး... ဘာလို့ သူ့ကိုမှလဲ...”
ထျန်းေရှာင်လော့က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ သူမ၏ မျက်နှာ အမူအရာ တစ်ခုလုံးက အလိုမကျမှု၊ နားမလည်နိုင်မှုတို့နှင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်း၌ မှော်သန့်စင် ဆေးအိုးတွင် အသိစိတ်တစ်ခု ရှိနေသည့် အပေါ် သူမ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့မိသည်။ ထိုကဲ့သို့ အကြောင်းအရာမျိုး သူမ တစ်ခါမှ မကြားဖူးချေ။
“ဟမ်...”
ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားကာ မိန်းကလေးဘက်သို့ ပြန်လှည့်လိုက်သည်။ ရုတ်ချည်းပင် ထျန်းေရှာင်လော့မှာ လေးပင်သည့် ဖိအား တစ်ခုကို ခံစားလိုက်ရ၏။ တစ်စုံတစ်ရာက သူမ၏ အဂ္ဂိရတ် ဝိညာဉ်ကို ပြင်းထန်စွာ ဖိနှိပ်နေသည့်ပုံ ပေါ်လေသည်။
ချင်ကူးယဉ်က ေရှ့သို့ တစ်လှမ်းတိုးကာ ထျန်းေရှာင်လော့နှင့် ဘေးချင်းယှဉ် ရပ်လိုက်သည်။
“ရှင်က ကျွန်မ ဆရာရဲ့ မှော်သန့်စင် ဆေးအိုးမလား... ဘာလို့ အခြား လူတစ်ယောက်ကို သခင် အဖြစ် လက်ခံနိုင်ရတာလဲ... နောက်ပြီး သူက အဂ္ဂိရတ် ဝိညာဉ် မရှိတဲ့ လူလေ.... အဲဒါက နည်းနည်း မမျှတဘူးလို့ ရှင် မထင်ဘူးလား”
ဝေ့ဝူယင်နှင့် ပတ်သက်၍ မနာလိုစိတ် မရှိသည့်တိုင် ထိုမေးခွန်းကို မေးဖို့ လိုအပ်သည်ဟု သူမ ခံစားရသည်။
“အဂ္ဂိရတ် ဝိညာဉ် မရှိဘူး...”
ဝိညာဉ်အသွင်မှာ အနည်းငယ် အံ့သြသွားပုံ ပေါ်၏။ ထို့နောက် သူမက ဝေ့ဝူယင်ကို ပြန်လှည့်ကာ အချိန် အကြာကြီး တိတ်ဆိတ် သွားသည်။
အခြေအနေက အနည်းငယ် ထူးခြားလေရာ မိန်းကလေး နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ မှော်သန့်စင် ဆေးအိုးက ဝေ့ဝူယင်ထံတွင် အဂ္ဂိရတ် ဝိညာဉ် မရှိသည်ကို မသိပဲ သခင် ဖြစ်လာဖို့ တောင်းဆိုခဲ့သည်လား။
တစ်ချိန်တည်း၌... ဝေ့ဝူယင်၏ ဒုတိယမြောက် စိတ်မှာ အခြေအနေကို အကြမ်းဖျဉ်း အကဲခတ် လာနိုင်ခဲ့၏။ ကြည့်ရသည်က မှော်သန့်စင် ဆေးအိုးမှာ သူ့အတွက် အခွင့်အေရး တစ်ခု ဖြစ်နေခဲ့ပုံပင်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ရရှိထားသည့် အချက်အလက်က ပြီးပြည့်စုံမှု မရှိလေရာ သူ အရမ်းကာရော မဆုံးဖြတ်ရဲပါချေ။ သူက ခပ်မြန်မြန်ပင် အဓိက စိတ်နှင့် ဆက်သွယ်ဖို့ ကြိုးစားလိုက်၏။
တစ်ခဏ အတွင်းမှာပင် ဝေ့ဝူယင်၏ အဓိကစိတ်မှာ အပြင်လောက၌ အခြေအနေများ ရှုပ်ထွေးနေကြောင်း သဘောပေါက် လိုက်သည်။ ထို့ကြောင့်ပင် သူနှင့် ဒုတိယစိတ်တို့မှာ အလျှင်အမြန်ပင် တုန့်ပြန်ကာ နေရာချင်း လဲလိုက်ကြသည်။ ထိုဖြစ်စဉ်အောင်မြင်စေရန် အတွက် ဘုရင်နှင့် အိုရီတို့မှာ သူတို့၏ ဝိညာဉ် အင်အားများနှင့် အစွမ်းကုန် ပံ့ပိုးပေးထားကြ၏။
ဝှစ်...
စက္ကန့်ဝက်မျှ အတွင်းမှာပင် ဝေ့ဝူယင်မှာ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ နေရာလဲနေသည့် အချိန်ကလေး အတွင်း၌ ဒုတိယမြောက်စိတ်မှာ သူ ကြားခဲ့သမျှ ကြုံတွေ့ခဲ့ရသမျှကို ဝေ့ဝူယင်ထံ လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။
“ဟမ်...”
ဝေ့ဝူယင်၏ တည်ရှိမှုက ရုတ်ချည်း ပြောင်းလဲသွားသလို ခံစားလိုက်ရရာ ဝိညာဉ် အသွင်မှာ မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း... ထိုခံစားမှုက အလွန် သေးငယ်ကာ လျှင်မြန်လွန်းလှလေရာ သတိထားမိရန် ခက်ခဲလွန်းလှသည်။ နောက်ထပ် ဘာမှ ထူးခြားမလာသည်ကို တွေ့မြင်ပြီး နောက်တွင်တော့ ထိုအရာက အာရုံ လွဲမှားမှု တစ်ခု ဖြစ်လိမ့်မည်ဟုသာ သူမ တွေးလိုက်မိသည်။
သူမက ခပ်မြန်မြန်ပင် အတွေးကို ဖြတ်ချလိုက်ရင်း မိန်းကလေး နှစ်ယောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒါနဲ့ နင်တို့ နားလည်မှု လွဲနေတာ တစ်ခု ရှိတယ်... ငါ့ကို ဘယ်သူမှ မပိုင်ဘူး... ငါ ဒီနေရာမှာ ရှိနေရတဲ့ အကြောင်းရင်းက အနန္တ အသွင်ပြောင်းခြင်း အမှတ်အသား ပိုင်ဆိုင်ထားတဲ့ တပည့်ဆီကို ဝိညာဉ် ဉာဏ်ပညာ အမွေ သင်္ကေတ လွှဲပြောင်းပေးဖို့ သက်သက်ပဲ...”
သူမ၏ လေသံက မောက်မာမှုများနှင့် ပြည့်နှက်နေကာ ထျန်းေရှာင်လော့ကို ဖြစ်စေ၊ ချင်ကူးယဉ်ကို ဖြစ်စေ၊ အနန္တ အသွင်ပြောင်းခြင်း အမှတ်အသား ပိုင်ရှင်ကို ဖြစ်စေ... ဂရုမစိုက်ကြောင်း ရှင်းလင်းလှသည်။ အလွန် လှပ ချောမောသူများ ဖြစ်ကြသော်လည်း မိန်းကလေး နှစ်ယောက်မှာ သင်္ကေတအား လက်ခံရန် ချွတ်ယွင်းချက် ကိုယ်စီကို ပိုင်ဆိုင်ထားကြပေသည်။ အကယ်၍ ဝေ့ဝူယင်ကြောင့်သာ မဟုတ်ပါက ဝိညာဉ်အသွင်ကိုပင် သူမ ထုတ်ဖော် ပြသခဲ့လိမ့်မည် မဟုတ်ချေ။
“ကောင်မလေး... နင် သူနဲ့ ယင် အရိုး ပေါင်းစည်းခြင်း ဖွဲ့စည်းပြီး အမွေအနှစ်ကို မျှဝေယူမလား... ဒါမှမဟုတ် လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်တဲ့ အထိ စောင့်မလား... ကြိုက်တာေရွး... အဲဒီ မတိုင်ခင်တော့ ငါ့ကို သုံးဖို့ စိတ်ကူးတောင် မယဉ်နဲ့”
ဝိညာဉ်အသွင်က ချင်ကူးယဉ်ကို စိတ်မရှည်စွာ ကြည့်ရင်း ပြောလိုက်လေ၏။
***