← Chapters

အနန္တ မိုင်ချီ

Vol. 80 Ch. 1120

အနန္တ မိုင်ချီ

Vol. 80 Ch. 1120

“သူတို့ အထဲမှာ... အမွေအနှစ်ကို လက်ခံနေကြတယ်”

ဝေ့ဝူယင်၏ အဖြေက စောင့်ကြည့် နေကြသည့် မ‌ေရမတွက်နိုင်သော လူများ၏ မျက်လုံးများကို တဖျပ်ဖျပ် တောက်ပ သွားစေခဲ့၏။ ဝိညာဉ်အာရုံများ ဖျက်ဆီးခံလိုက်ရသည့်တိုင် သူတို့မှာ ကျင့်ကြံသူများ ဖြစ်နေသေးဆဲ ဖြစ်သည်။ ဆန္ဒရှိပါက မိုင်ပေါင်း တစ်သောင်း အကွာမှ သစ်ရွက်ကြွေသံကိုပင် သူတို့ နားထောင်နိုင်စွမ်း ရှိပေသည်။

လျူစုယင်က မျက်မှောင်ကြုတ်လိုက်၏။

“နင်က‌ရော...”

ချင်ကူးယဉ်နှင့် ထျန်း‌ေရှာင်လော့တို့ အမွေအနှစ်များကို မျှဝေ လက်ခံ နေကြသည် ဆိုလျှင် ဝေ့ဝူယင်သည်လည်း လက်ခံခွင့် ရှိရပေမည်။ မည်သို့ပင် ဆိုစေ... သူက ထျန်း‌ေရှာင်လော့ကို ရွှင်းစု တာအို တိုက်ပွဲတွင် အနိုင်ယူထားသည် မဟုတ်ပါလော။

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“ဖော်ထုတ်လို့ မရတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်... ဒါပေမဲ့ ဇာတ်လမ်းက အတိုချုပ်ရရင် ကျုပ်က အမွေအနှစ်နဲ့ ကံကြမ္မာ မပါဘူး”

“...”

အားလုံး တိတ်ဆိတ်သွားကြ၏။ အချို့မှာ ဝေ့ဝူယင် အတွက် စိတ်မကောင်း ဖြစ်နေကြသလို အများစုကတော့ စိတ်ထဲမှ ကြိတ်ကာ ဝမ်းသာ နေမိကြသည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ ထျန်း‌ေရှာင်လော့ကို ကံချည်း သက်သက်ဖြင့်သာ အနိုင်ယူခဲ့သည် မဟုတ်ပါလော။ သူက ထိုကဲ့သို့ ရလဒ်ဖြင့် ထိုက်တန်ပေသည်။ အခြားတစ်ဖက်၌ အားလုံးသော လူများမှာ ဝေ့ဝူယင်ထံမှ သာလွန်ခြင်း အဆင့် ယင်ယန် အမတေ ဆေးလုံးကို ကမ်းလှမ်းရန် စတင်ကာ တွေးတော နေကြပြီ ဖြစ်လေသည်။

“ဒါနဲ့ အကယ်ဒမီ စာကြည့်တိုက်က ဘယ်နေရာမှာ ရှိလဲ...”

ဝေ့ဝူယင် ချောင်စွေ့ဖုန်းဘက်ကို လှည့်ကာ မေးလိုက်၏။ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အမွေအနှစ်များကို မဆက်ခံနိုင်လျှင်ပင် သူ့ထံတွင် မထိတွေ့ရသေးသည့် ရတနာသိုက် တစ်ခု ရှိနေသေးဆဲ ဖြစ်သည်။ ၎င်းက အခြား မဟုတ်...။ အကယ်ဒမီ၏ အဂ္ဂိရတ် အမွေအနှစ် ရတနာသိုက်ပင် ဖြစ်သေလည်။

ချောင်စွေ့ဖုန်းမှာ အတွေးကမ္ဘာ အတွင်း နစ်မြောနေပုံ ရ၏။ မိန်းကလေးမှာ အခြေအနေများနှင့် ပတ်သက်၍ တွက်ချက်မှုများ ပြုလုပ်နေကြောင်း ဝေ့ဝူယင် ခန့်မှန်း လိုက်မိသည်။ ကံကောင်းထောက်မစွာပင် မိန်းကလေးမှာ ခပ်မြန်မြန် ပြန်လည် သတိရလာခဲ့၏။ သူမက သိမ်မွေ့သည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း ဝေ့ဝူယင်ကို အဖြေပေးလိုက်သည်။

“ကျွန်မ အဲဒီ နေရာကို ခေါ်သွားပေးပါ့မယ်...”

မကြာခင်မှာပင် ဝေ့ဝူယင်နှင့် လျူစုယင်တို့မှာ မိန်းကလေး ခေါ်သည့် နောက်သို့ ဦးတည် နေကြပြီ ဖြစ်လေသည်။ လမ်းတစ်လျှောက်၌ သူတို့ သုံးယောက်သားမှာ ကိုယ်စီ အတွေးများဖြင့် တိတ်ဆိတ် နေကြ၏။ သူသာ အမွေအနှစ်ကို ရရှိပါက ချောင်စွေ့ဖုန်းက မည်ကဲ့သို့ ပြန်လည် ရယူမည်ကို ဝေ့ဝူယင် ယခုတိုင် နားမလည်နိုင် ဖြစ်နေသေးဆဲ ဖြစ်သည်။

နှစ်ကိုယ်တူ ကျင့်ကြံခြင်းဖြင့်လော။ သို့သော်လည်း... သူက သေမျိုး ဖြစ်ကာ သူမက လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်သည်။ နှစ်ယောက်အတူ ဆက်ဆံဖို့ပင် အခက်အခဲများစွာ ရှိလိမ့်မည် ဖြစ်သည်။ နောက်ပြီး... သူမက အမွေခံ ဉာဏ်ပညာ သင်္ကေတ အကြောင်းကို‌ရော သိရှိထားသလော။ မသိရှိဘူးလော။

“အမွေအနှစ်ကို နင်မရလိုက်တာ စိတ်ပျက်စရာပဲ... အဲဒါက နင့် အတွက် မဆိုလိုဘူး ဆိုရင် ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ရတော့မှာ မဟုတ်ဘူး”

လျူစုယင်က အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ သူမက ဝေ့ဝူယင်ကို နှစ်သိမ့်ပေးသလိုဖြင့် ချောင်စွေ့ဖုန်းကို တိုက်ရိုက် ဦးတည်လိုက်ခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ မိန်းကလေး၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်ရာ ပြုံးလိုက်မိ၏။

အခြားတစ်ဖက်၌ ချောင်စွေ့ဖုန်းကတော့ ထိုစကားကို ကြားရသည့်တိုင် တိတ်ဆိတ် နေဆဲ ဖြစ်သည်။ သူမက တိတ်တဆိတ်သာ စဉ်းစား နေခဲ့၏။ လမ်းတစ်လျှောက်၌ ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများကို အပြည့်အဝပင် ထုတ်ဖော်ထားကာ သူ တာအို လမ်းညွှန်သူ တစ်ယောက် ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့်ပင် သူ့ကို တွေ့ကြသည်နှင့် များလှစွာသော အကယ်ဒမီသားများနှင့် လမ်းညွှန်သူများမှာ ရပ်တန့်ကာ တလေးတစား နှုတ်ဆက်ကြ၏။ တစ်ချိန်တည်း၌ ဝေ့ဝူယင်ထံမှ သေမျိုး အော်ရာကို သတိထားမိကြလေရာ သူတို့ အနည်းငယ် စိတ်ရှုပ် နေမိကြသည်။

အတန်ကြာပြီးနောက် ဝေ့ဝူယင်တို့ သုံးယောက်မှာ အဆောက်အအုံကြီး တစ်ခု‌ေရှ့သို့ ‌ရောက်ရှိ လာခဲ့ကြ၏။ ထိုအဆောက်အအုံကြီးမှာ မျှော်စင် သုံးခု မပါသည်မှ အပ အထွတ်အမြတ် စာကြည့်တိုက်နှင့် ပုံပန်း သဏ္ဌာန်ချင်း တုလုနီးပါး ဖြစ်သည်။ အဆောက်အအုံကြီးမှ ထွက်လာသည့် လူများ၏ အမူအရာများမှာ အ‌တွေးနက်မှု၊ စိတ်ပျက်မှု စသည်ဖြင့် အမျိုးမျိုး ကွဲလွဲနေ၏။

“တာအို လမ်းညွှန်သူဝေ့ ပြောတဲ့ နေရာက ဒီနေရာပါပဲ... အကယ်ဒမီမှာ ရှိသမျှ အခြေခံ အဆင့်၊ အဆင့်နိမ့်၊ အဆင့်မြင့် အချက်အလက်တွေ အားလုံးတွေက ဒီစာကြည့်တိုက်ထဲမှာပဲ ရှိတယ်...”

ချောင်စွေ့ဖုန်းမှာ ကောင်းစွာ လေ့ကျင့်ထားသည့် တာအို လက်ထောက် တစ်ယောက် ဖြစ်နေဆဲ ဖြစ်လေရာ စာကြည့်တိုက်၏ အလုပ်လုပ်ပုံကို စတင်ကာ ရှင်းပြလိုက်လေသည်။ ဝေ့ဝူယင်နှင့် လျူစုယင်တို့ နှစ်ယောက်မှာ တိတ်တဆိတ် နားထောင်ရင်း စာကြည့်တိုက် အကြောင်း အသေးစိတ် အချက်အလက်များကို အရှိန်အဟုန်နှင့် စုပ်ယူ လိုက်ကြတော့သည်။

မိန်းကလေး၏ အဆိုအရ စာကြည့်တိုက်၏ နာမည်မှာ “အနန္တ မိုင်ချီ” ဟူ၍ ဖြစ်ကာ အလွှာကြားက လောကတွင် အလွန် ကျော်ကြားသည့် အနန္တ မိုင်ချီ ကောင်းကင် ကျောင်းတော်သားကို အစွဲပြု၍ ထိုကဲ့သို့ နာမည်ပေးထားခြင်း ဖြစ်သည်။ တစ်ခေတ်တစ်ခါတုန်းက အနန္တ မိုင်ချီ ကျောင်းတော်သားမှာ မိုင်ပေါင်း အနန္တကို ဖြတ်သန်း၍ တာအိုပေါင်း သုံးထောင်နှင့် ကောင်းကင်၏ လျှို့ဝှက်ချက်များကို လေ့လာသင်ယူခဲ့သည်ဟု ဆိုသည်။ သူက ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။

အထွတ်အမြတ် စာကြည့်တိုက်နှင့် ခြားနားစွာပင် အနန္တ မိုင်ချီ စာကြည့်တိုက်၏ အတွင်းပိုင်းမှာ မိုင်ပေါင်း သိန်းချီ ကျယ်ဝန့်သည့် ဟင်းလင်းပြင်ကျယ် တစ်ခု ဖြစ်သည်။ စာကြည့်တိုက်၏ တံခါးမှာ အထူး သယ်ယူ ပို့ဆောင်‌ေရး ဝင်္ကပါ တစ်ခုလို ဖြစ်ကာ မိုင်ပေါင်းများစွာကို ပို့ဆောင် ပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ၎င်းမှာ အာကာသ ‌ေရွှ့ပြောင်းသည့် ပုံစံမျိုးတော့ မဟုတ်လေရာ အချိန် အတော်လေး ကြာမြင့်‌လေ့ ရှိပေသည်။

အထွတ်အမြတ် စာကြည့်တိုက်နှင့် မတူညီသည့် အရာ နောက်တစ်ခုက အနန္တ မိုင်ချီ စာကြည့်တိုက် အတွင်းရှိ အချက်အလက်များ အတွက် တန်ဖိုး တစ်ခု ရှိခြင်း ဖြစ်သည်။ အကယ်ဒမီ အတွင်း၌ အနန္တ အမှတ် ဟု ခေါ်သည့် တန်ဖိုး တစ်ခု ရှိသည်။ စာအုပ် တစ်အုပ်ချင်းစီကို မဖတ်မီ ထိုအမှတ်နှင့် တွက်ချက်ထားသည့် ကျသင့် တန်ဖိုးကို ပေးချေဖို့ လိုအပ်သည်။

“အနန္တ အမှတ်...”

ဝေ့ဝူယင် စိတ်ဝင်စား သွားမိ၏။ ချောင်စွေ့ဖုန်း၏ အဆိုအရ ဆိုလျှင် အနန္တ အမှတ်များကို အကယ်ဒမီ အတွင်း တာဝန်များ ထမ်းဆောင်ပေးခြင်းမှ တစ်ဆင့် ရရှိနိုင်သည်။ ထို့အပြင်... ချပ်ဝတ်တန်ဆာများ၊ အဆောင်များ၊ အဂ္ဂိရတ် ထုတ်ကုန်များ၊ ကျင့်စဉ်များ၊ ဝင်္ကပါများနှင့်လည်း လဲလှယ်၍ ရပေသေးသည်။ တစ်နည်း ဆိုရသော် အနန္တ အမှတ်က သေမျိုးလောက၌ သုံးကြသည့် ပိုက်ဆံလို အရာမျိုးပင်။ သင် ကြွယ်ဝ ချမ်းသာနေသမျှ ကာလပတ်လုံး စာကြည့်တိုက် အတွင်းရှိ အရာရာကို လေ့လာခွင့် ရှိပေသည်။

“စာကြည့်တိုက်ထဲမှာ အဂ္ဂိရတ် တာအိုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိလား...”

တစ်ခဏမျှ တွေးတောပြီးနောက် ဝေ့ဝူယင်က မေးလိုက်၏။ ချောင်စွေ့ဖုန်းက မျက်လုံးများက ဂုဏ်ယူခြင်းများနှင့် ပြည့်နှက်သွားကာ ပြုံးလိုက်လေသည်။

“ကျွန်မတို့ အနန္တ မိုင်ချီ စာကြည့်တိုက်က ဖန်တီးခြင်း ပညာရှင်တွေ အတွက် သီးသန့်လို့တောင် ပြောလို့ ရပါတယ်... အလွှာကြားက လောကမှာ ရှိတဲ့ ဘယ်ဖန်တီးခြင်း ပညာ‌ရှင် မဆို သူတို့ ပညာရပ် အတွက် တစ်ခုခု လိုအပ်တာနဲ့ အနန္တ မိုင်ချီကို လာကြတာချည်းပဲ”

“အကန့်အသတ်က‌ရော... စာကြည့်တိုက်ထဲမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေရဲ့ မှတ်တမ်းတွေပဲ အမြင့်ဆုံး အနေနဲ့ ရှိတာလား... အဂ္ဂိရတ် ရှန့်ထိုတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေ‌ရော”

ယခုတစ်ကြိမ် မေးလိုက်သူက လျူစုယင်ပင် ဖြစ်လေသည်။ ချောင်စွေ့ဖုန်း၏ နှုတ်ခမ်းထက်ရှိ အပြုံးက ပိုမို၍ သိမ်မွေ့လာ၏။

“ရှိတာပေါ့... မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထိုတွေ ချန်ထားခဲ့တဲ့ ဖော်စပ်နည်းတွေ၊ မှတ်စု‌တွေ မျိုးစုံ ရှိတယ်... လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ဖော်စပ်နည်းတွေတောင် ရှိတယ်... ဒါပေမဲ့ အဲဒီ ကျင့်စဉ်နဲ့ မှတ်စုတွေ ဖတ်ရှုဖို့ လွန်ခဲ့တဲ့ နှစ်ရာချီ အတွင်း ဘယ်သူ့မှာမှ အနန္တ အမှတ် မလုံလောက်ခဲ့ကြဘူး...”

“...”

အသိပညာများကို စည်းရိုးခတ်ခြင်းမှာ လူ့အဖွဲ့အစည်း၏ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။ တစ်ကိုယ်ကောင်း ဆန်သည် ဆိုစေကာမူ... ၎င်းက မိမိအင်အားကို ထိန်းသိမ်းသည့် နည်းလမ်း တစ်ခုလည်း ဖြစ်သည်။ ထိုအကြောင်းကို စတင် ကြားခဲ့ရသည့် နေ့၌ သူမ မည်ကဲ့သို့ ခံစားခဲ့ရသည်ကို ပြန်လည် အမှတ်ရရင်း ချောင်စွေ့ဖုန်း ဝေ့ဝူယင်ကို ကြည့်လိုက်မိ၏။

သို့သော်လည်း... အထင်နှင့် အမြင် ခြားနားစွာပင် ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဓာတ်ကျရမည့် အစား တဖျပ်ဖျပ် တောက်ပနေသည်။ သူမ အနည်းငယ် အံ့သြသွားမိ၏။ ဝေ့ဝူယင်က ကုန်ကျစရိတ်ကို မည်ကဲ့သို့ တွေးတော နေသနည်း။

သူမ မသိသည့် အရာကား... လူငယ်မှာ မည်သည့် ကုန်ကျမှုကို ဆိုစေ ဂရုမစိုက်ခြင်း ဖြစ်သည်။ အကယ်၍ ရနိုင်သည့် အတိုင်းအတာ ပမာဏ အတွင်း ဆိုလျှင် သူက ရအောင် ယူမည် ဖြစ်သည်။ ထို့အပြင်... အချိန်က တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ ဝေ့ဝူယင် အလဟသတ် ထပ်မံ မဖြုန်းတီး လိုတော့ချေ။

“အထဲမှာ ဘာတွေ ရှိမလဲ ကြည့်ကြတာပေါ့...”

ငွေကြေး ဖြုန်းတီးရန် သက်သက် ‌ရောက်ရှိလာသည့် သန်းကြွယ် သူဌေး တစ်ယောက် အလား ဝေ့ဝူယင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တံခါးဝဆီသို့ ဦးတည် လိုက်လေတော့သည်။

***

All Chapters