သာမန်မဟုတ်တဲ့ ဆက်ဆံရေးလား။
Vol. 166 Ch. 2360
သူတို့က ရီဖူရှင်း၏ နောက်ခံအကြောင်းကို သံသယဖြစ်နေကြသည်။
ရီဖူရှင်းသည်လည်း ထိုအချက်ကို သတိပြုမိပေသည်။ သူက ထိုဝန်းကျင်ရှိ ကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သည်။ သူသည် ယခင်က ရှီးချီယောင်၏ အပေးအယူသဘောထားကို ကြားသောအခါ ကောင်းကင်ဒေသမှ ကျင့်ကြံခြင်းအင်အားစုများက သူနှင့် ပတ်သတ်၍ တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း နားလည်သွားကြောင်း သိရှိလိုက်သည်။ ၎င်းကို ခန့်မှန်းရန်မှာ သူတို့အတွက် သာမန်ပင် ဖြစ်သည်။
"ကျုပ် ဘယ်နောက်ခံမျိုးကနေ လာလဲ သိချင်တာလား။ ကျုပ် စပြီး ကျင့်ကြံကတည်းက အောက်ဘုံရဲ့ ပြည်နယ်ကိုးခုမှာ ရှိနေခဲ့တာ။ ဒီနေ့ ရောက်နေတဲ့နေရာကို ရောက်ဖို့အတွက် စမ်းသပ်ချက်တွေ ကပ်ဘေးတွေ အများကြီး ဖြတ်ကျော်ခဲ့ရတယ်။ ကျုပ်ကို ခင်ဗျားတို့ အများစု ကြားတောင် မကြားဖူးတဲ့ နေရာသေးသေးလေးမှာ မွေးဖွားခဲ့တာ။ ကျုပ်သာ ထူးခြားတဲ့ နောက်ခံကနေ လာခဲ့တာဆိုရင် ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းလို ကောင်းကင်ဒေသရဲ့ အထက်ဘုံမှာပဲ ကျင့်ကြံနေခဲ့မှာပေါ့ မဟုတ်ဘူးလား။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူက သာမန်ကာလျှံကာ ပြောလိုက်ပုံပေါ်သည်။ ခန့်မှန်းချက် ထုတ်နေကြသည့် အခြားသူများ မဆိုထားနှင့် သူကိုယ်တိုင်သည်ပင် သူ့နောက်ခံအကြောင်း သေချာမရှင်းလင်းပေ။
သူသည် ချင်းကျူမှ မိဘများက သူ၏ မွေးမိဘများမဟုတ်သည်ကို သေချာသိရှိပေသည်။ သူ့မွေးမိဘများက အခြားတစ်စုံတစ်ယောက် ဖြစ်ရပေမည်။ သူ့မိဘများနှင့် မိသားစုက ရုတ်တရက် ပျောက်ဆုံးသွားသည်မှာ အလွန် ထူးဆန်းလှသည်။ သူတို့သည် တမင်သက်သက် တစ်စုံတစ်ခုကို ဖုံးကွယ်နေခြင်း ဖြစ်ပုံရသည်။ ထို့ပြင် သူ့ မွေးစားအဖေ၏ တည်ရှိမှုကလည်း ထိုအချက်ကို သက်သေပြနေပေသည်။ နတ်ဆိုးကလန်မှ ထိပ်သီးကျင့်ကြံသူတစ်ယောက်က သူ့ကို ချင်းကျူ၌ ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပြီး သူ့အား အင်ပါယာတစ်ပါးဖြစ်လာရန် မွေးဖွားခဲ့သည်ဟု ဆိုခဲ့သည်။ ရီဖူရှင်း၏ နောက်ခံက မည်သို့ ရိုးရှင်းနိုင်ပါမည်နည်း။
သူသည် ထိုအချက်များကို ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။ သူက ဖော်ထုတ်မိခဲ့လျှင် မည်သို့ ဖြစ်လာမည်ကို မည်သူက သိပါမည်နည်း။ သူ့ မွေးစားအဖေက တမင်သက်သက် လျှို့ဝှက်ထားခဲ့လေရာ သူသည်လည်း ထိုသို့ လုပ်ရန် လိုအပ်ပေသည်။ သူက ထိုသို့ လုပ်ရန် မလိုအပ်တော့သည့် တစ်နေ့မှာ အမှန်တရားတစ်ခုလုံးကို သိလာရမည့်နေ့ ဖြစ်ပေလိမ့်မည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်ယောက်က ပြန်ပြောလိုက်သည်။ "နေရာသေးသေးလေးကနေ လာတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မင်းက ထိပ်သီးပုဂ္ဂိုလ်အများကြီးထက် သာလွန်နိုင်တဲ့ အရည်အချင်း ရှိခဲ့ပြီး မူလဘုံကိုတောင် စုစည်းနိုင်ခဲ့တယ်။ မင်းက ရှေးဟောင်းနတ်ဘုရားကလန်က ကျင့်ကြံသူနဲ့ နတ်ဆိုးအင်ပါယာရဲ့ တိုက်ရိုက်တပည့်ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။ ပြိုင်ဘက်ကင်း ပါရမီနဲ့ မင်းက မဟာအင်ပါယာတွေရဲ့ အမွေအနှစ်တွေ အများစုကိုလည်း ဆက်ခံ ရယူနိုင်ခဲ့တယ်။ ပြီးတော့ တုန်းဟွာနယ်မြေရဲ့ လျှို့ဝှက်နယ်မြေထဲမှာ ဥဒေါင်းနတ်ဆိုးအင်ပါယာရဲ့ အမွေအနှစ်ကို နိုးထစေနိုင်ခဲ့သေးတယ်လေ။ ရန်ဟောင်ရီ မင်းက သာမန်နောက်ခံရှိပါတယ်လို့ ပြောနေပေမယ့် ဘယ်သူကမှ မင်းကို မယုံကြည်မှာကိုတော့ စိုးမိသားပဲ။"
"အဲဒီလိုတွေးတာ ကျိုးကြောင်းသင့်ပါတယ်။ ကျုပ်ရဲ့ ဇာစ်မြစ်က ထူးခြားပြီး နတ်ဘုရားတစ်ပါးပါးရဲ့ မျိုးဆက်တောင် ဖြစ်နိုင်သေးတယ်။ သူတို့က ကျုပ်ရဲ့ စွမ်းအားနဲ့ စရိုက်ကို လေ့ကျင့်ရအောင် သေမျိုးနယ်ပယ်မှာ ကျုပ်ကို ထားရစ်ခဲ့တာ ဖြစ်နိုင်တယ် ဟုတ်တယ်မလား။ ကျုပ်မှာ ဒီလောက် ထူးခြားတဲ့ ပါရမီအရည်အချင်းတွေ ရှိနေတာ မအံ့သြတော့ပါဘူး။ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်။ ကျုပ် အခု တစ်ခုခုကို နားလည်သဘောပေါက်သွားပြီ ထင်တယ်။" ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ "ဒါပေမယ့် ဒါက အမှန်ဆိုရင်တောင် ကျုပ်ကို မွေးဖွားပေးခဲ့တဲ့ အဲဒီနတ်ဘုရားက တကယ် ရက်စက်လွန်းပြီး ကျုပ်ကို ဒီလောက် များပြားတဲ့ စမ်းသပ်ချက်တွေနဲ့ ကပ်ဘေးတွေ ရင်ဆိုင်ခိုင်းခဲ့တယ်။ အနာဂတ်မှာ ဒါက တကယ်ပဲ အဲဒီလိုဖြစ်လာခဲ့ရင် ကျုပ် ဘယ်တော့မှ သူတို့ကို မိဘအဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူး။"
လူအုပ်ကြီးသည် ရီဖူရှင်း၏ စနောက်သလို စကားကို ကြားသည့်အခါ ဆွံ့အသွားခဲ့ကြသည်။ ဤလူက အမှန်တကယ်ပင် သူ့ကိုယ်သူ အမွှမ်းတင်နေခဲ့သည်။ သို့သော် သူ ပြောသည်မှာ အဓိပ္ပါယ်ရှိပေသည်။ သူတို့၏ ခန့်မှန်းချက်က အမှန်ဖြစ်ပြီး ရီဖူရှင်း နောက်ခံက ထူးခြားဆန်းကြယ်နေခဲ့လျှင် သူက မည်သည့်အတွက်ကြောင့် ထိုမျှများပြားသည့် ခက်ခဲမှုများကို ရင်ဆိုင်ရန် လိုအပ်နေသနည်း။
သူတို့ ရီဖူရှင်း၏ တိုးတက်မှုသမိုင်းကြောင်းကို စုံစမ်းရသလောက် သူ ယနေ့အချိန်ထိ ရှင်သန်နိုင်ခဲ့ရန်မှာ မလွယ်ကူခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ပေသည်။ သူ ယနေ့အချိန်ထိ တိုက်ခိုက်ရင်း ဖြတ်သန်းလာခဲ့ရသည်။ သူ၏ မွေးရာပါ ပါရမီကို လျစ်လျူရှုလိုက်လျှင် သူ ကြုံတွေ့ခဲ့သမျှ အရာအားလုံးက အစစ်အမှန်သာ ဖြစ်သည်။
မဟုတ်လျှင်....
ကျင့်ကြံသူများစွာက စဥ်းစားတွေဝေနေသည့် အကြည့်တို့ ဖော်ပြလာခဲ့သည်။ သူတို့သည် ဖြစ်နိုင်ချေရှိသည့် တစ်စုံတစ်ရာကို စဥ်းစားမိသွားပုံရသည်။
အချို့သော စီနီယာကျင့်ကြံသူများက ထိုသမိုင်းကြောင်းကို ကောင်းစွာ သိရှိနားလည်ထားသည်။ အမှန်တကယ် ထိုကဲ့သို့ ဖြစ်နိုင်ပါသည်လား။
သို့သော် ၎င်းက အမှန်တကယ် ဖြစ်ခဲ့လျှင်ပင် သူတို့က ထိုအကြောင်းကို ဖွင့်ထုတ် မပြောရဲခဲ့ပေ။ သူတို့က စိတ်ထဲမှ ခန့်မှန်းချက် ပြုလုပ်ရုံသာ ရှိသည်။ ထိုသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။
သူတို့က အတွေးလွန်နေခြင်း ဖြစ်ရပေမည်။ အချို့လူများက မွေးရာပါထူးခြားသည့် ပါရမီကို ပိုင်ဆိုင်ထားတတ်ကြပေသည်။ ထိုသူတို့ကို ရှာတွေ့ရန်မှာ နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းနေမှသာ တစ်ယောက် ဖြစ်နိုင်သည်။ ထိုသို့သော လူမျိုးသည် ကျင့်ကြံခြင်းလောက၏ သမိုင်းတွင်ပင် များများစားစား မကြားဖူးခဲ့ပေ။
"ကျုပ်တို့ ကြားမိတာတော့ ရန်ဟောင်ရီက စွန့်ပစ်ခံကလန်နဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီး သူတို့ကို လေးမျက်နှာကျေးရွာနဲ့ စီဝေ့ကြယ်ကမ္ဘာရဲ့ ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေမှာ ကျင့်ကြံဖို့ ခွင့်ပြုပေးခဲ့တယ်ဆို။" တစ်စုံတစ်ယောက်က အကြောင်းအရာကို ပြောင်းလဲကာ ပြောဆိုလိုက်သည်။ သူတို့သည် ရီဖူရှင်း၏ နောက်ခံနှင့်ပတ်သတ်၍ မည်သည့် အကြောင်းကိုမှ ထပ်မပြောချင်တော့ပေ။
ရီဖူရှင်းက တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ "အင်း ကောင်းကင်အာဏာစက်ကျောင်းတော်က စွန့်ပစ်ခံကလန်နဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ လက်ရှိ ရှန်းယိကုန်းမြေက ကောင်းကင်အာဏာစက်ဘုံ အနီးအနားကို ရောက်ရှိနေတာကို ခင်ဗျားတို့အားလုံး သိလိမ့်မယ်လို့ ထင်တယ်။ ခင်ဗျားတို့အားလုံးလည်း မတူညီတဲ့ ရပ်တည်မှုနဲ့ ခံယူချက်တွေကို ဘေးဖယ်ထားပြီး ကျုပ်တို့ အတူတူ တခြားလောကရဲ့ ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ ပူးပေါင်းပေးမယ်လို့ မျှော်လင့်ပါတယ်။" ဤသည်မှာ မည်သည့် လျှို့ဝှက်ချက်မှ မဟုတ်ပေ။ လူတိုင်းက ထိုအကြောင်းကို သိရှိပြီး ဖြစ်ပေသည်။
"အာဃာတနည်းနည်းလေးလောက်က ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ။ ကျုပ်တို့အားလုံးက ကျိုးကြောင်းဆီလျော်တဲ့ သူတွေချည်းပဲ။ ပိုပြီး ကောင်းလာဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ကျုပ်တို့ သိပါတယ်။ ရန်ဟောင်ရီအတွက်လည်း အတူတူပဲလို့ ကျုပ် ယုံကြည်တယ်။ အခု ကောင်းကင်ဒေသက တစ်စုတစ်စည်းတည်းပဲ။ အင်အားစုတွေ အားလုံးက စုစည်းပြီး အခု မဟာမိတ်ဖွဲ့ထားကြတယ်။ ရန်ဟောင်ရီက စွန့်ပစ်ခံကလန်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတယ်ဆိုတော့ ကျုပ်တို့နဲ့လည်း မဟာမိတ်ဖွဲ့ဖို့လည်း ကျိန်းသေဆန္ဒရှိရမယ်။ အနာဂတ်မှာ အခွင့်အရေးရှိရင် ရန်ဟောင်ရီအနေနဲ့ ကောင်းကင်ဒေသက ကျုပ်တို့ အင်အားစုတွေဆီ ကျင့်ကြံဖို့ လာရောက်ပြီး ကျုပ်တို့ ကလန်တွေက ပညာရပ်တွေကို လေ့လာကြည့်နိုင်ပါတယ်။" တစ်စုံတစ်ယောက်က ပွင့်လင်းစွာ ပြောလိုက်သည်။ ၎င်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများကို ထူးဆန်းသည့် အမူအရာများ ဖြစ်ပေါ်လာစေခဲ့၏။
ထိုလူက အလဲအလှယ်အနေနှင့် စီဝေ့ကြယ်ကမ္ဘာ၊ လေးမျက်နှာကျေးရွာနှင့် စွန့်ပစ်ခံကလန်မှ ကျင့်ကြံခြင်းနည်းစနစ်တို့ကို လိုချင်တပ်မက်နေသည်လား။
ရီဖူရှင်းက အနာဂတ်တွင် ကောင်းကင်ဒေသရှိ ထိုကလန်နှင့် အင်အားစုများတွင် သွားရောက်ကျင့်ကြံနိုင်ပါမည်လား။
ယခု မူလဘုံက ကြီးမားသော အပြောင်းအလဲတို့နှင့် ရင်ဆိုင်နေခဲ့ရသည်။ အနာဂတ်၌ မည်သည်တို့ ဖြစ်လာမည်ကို မည်သူက သေချာ ပြောနိုင်ပါမည်နည်း။ သို့သော် ကောင်းကင်ဒေသ၏ ကျင့်ကြံသူများက ရီဖူရှင်း ရရှိခဲ့သော ကံကြမ္မာအခွင့်အလမ်းများကို အရင်ဆုံး ရယူချင်မည်မှာ သေချာပေသည်။
ရီဖူရှင်းက ထိုအကြောင်းကို ထောက်မပြခဲ့ပေ။ ယခု ကောင်းကင်ဒေသမှ အင်အားစုအများစုက သူ့ကို မကျေမနပ်နှင့် ဆန့်ကျင်ချင်နေကြသည်။ ယခင်က စွန့်ပစ်ခံကလန်နှင့် တိုက်ခိုက်သည့် တိုက်ပွဲအတွင်း သူ၏ ရပ်တည်မှုက စွန့်ပစ်ခံကလန်ကို အကူအညီ ဖြစ်စေခဲ့သည်။ ထိုသို့သော အခြေအနေအောက်တွင် သူက ကောင်းကင်ဒေသ အင်အားစုများကို ထို့ထက်ပို၍ မဆန့်ကျင်ချင်ခဲ့ပေ။ ယခု ထိုလူက သူ့ကို ကောင်းကင်ဒေသရှိ အင်အားစုများတွင် ကျင့်ကြံနိုင်ပြီး ကံကြမ္မာအခွင့်အလမ်းများအား အလဲအလှယ်ပြုလုပ်ရန် အကြံပြုချက်ကို ပေးခဲ့သည်။ ၎င်းက ရန်ငြိုးများကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
အမှန်တွင် သူတို့က ရီဖူရှင်းအား ကောင်းကင်ဒေသ အင်အားစုများထံမှ ခွင့်လွှတ်မှုကို ရယူရန် စတေးမှုတချို့ ပြုလုပ်စေချင်နေခြင်း ဖြစ်သည်။
"စီနီယာပြောတာ မှန်ပါတယ်။ ကျုပ်မှာလည်း တူညီတဲ့ အတွေးရှိတယ်။ ဒါကြောင့် စွန့်ပစ်ခံကလန်နဲ့ မဟာမိတ်ဖွဲ့ပြီး အချင်းချင်း ကျင့်ကြံရေး အရင်းအမြစ်တွေ ဖလှယ်ဖို့ လုပ်ခဲ့တာပေါ့။ ကျုပ်က စွန့်ပစ်ခံကလန်ရဲ့ ကလန်သားတွေကို တိုက်ခိုက်ရေး နည်းစနစ်တွေ သင်ပေးခဲ့ပြီး စီဝေ့ကြယ်ကမ္ဘာရဲ့ ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေမှာ ကျင့်ကြံစေဖို့ ခွင့်ပြုခဲ့တယ်။ တူညီစွာပဲ ကောင်းကင်အာဏာစက်ကျောင်းတော်က လူတွေလည်း စွန့်ပစ်ခံကလန်ရဲ့ လျှို့ဝှက်နယ်မြေမှာ ကျင့်ကြံဖို့ ဝင်ရောက်ခဲ့တယ်။ ကျုပ် ကိုယ်တိုင်လည်း ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ကျွမ်းကျင်သွားခဲ့ပါပြီ။" ရီဖူရှင်းက တစ်ဖက်လူကို အဓိပ္ပါယ်အပြည့်နှင့် ကြည့်လိုက်သည်။ "ခင်ဗျားတို့အားလုံးက ကောင်းကင်ဒေသကြီး ပိုကောင်းမွန်လာဖို့အတွက် ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်ဘက်က ကန့်ကွက်ချက် မရှိပါဘူး။ ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်က အရင်းအမြစ်တွေကို ခင်ဗျားတို့အားလုံးရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ အလဲအလှယ် လုပ်ဖို့ဆန္ဒရှိပါတယ်။ ကျုပ်တို့ အတူတူ တိုးတက်အောင်လုပ်ပြီး မူလဘုံရဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ကြတာပေါ့။"
သူက မဟာမိတ်ဖွဲ့ရန် စိတ်မရှိသကဲ့သို့ ရင်းနှီးသည့် လေသံဖြင့် ပြောလိုက်သည်။ သို့သော် ကောင်းကင်ဒေသမှ ကျင့်ကြံသူများက သူ၏ ကျင့်ကြံရေးအရင်းအမြစ်ကို တပ်မက်ရုံမျှသာဆိုလျှင် ပူးပေါင်းရန် သူ့အတွက် အဓိပ္ပါယ်မရှိပေ။ သူသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ စွမ်းရည်ကို တိုးတက်အောင် လုပ်ပေးခဲ့ပြီး သူ့အနာဂတ်ရန်သူများအား ပိုမိုအားကောင်းလာအောင် လုပ်ပေးလိုက်သည်နှင့်ပင် တူနေပေလိမ့်မည်။
အင်အားစုတစ်ခုက မဟာမိတ်ဖွဲ့ရန်အတွက် ကျင့်ကြံခြင်းအရင်းအမြစ်တို့ကို ဖလှယ်ဖို့ရာ ဆန္ဒမရှိခဲ့လျှင် ရီဖူရှင်းသည် ထိုအင်အားစုက သူ၏ အကူအညီအတွက် သူ့အား ကျေးဇူးတင်နေလိမ့်မည်ဟု မယုံကြည်ထားပေ။ သူက သူတို့ကို တစ်လက်မပေးပါက သူတို့က တစ်ပေလောက် လိုချင်လာပေလိမ့်မည်။ ဥပမာအနေနှင့် သူတို့က မဟာအင်ပါယာများ၏ ပညာရပ်များကိုပင် သင်ယူခွင့်ရရန် တောင်းဆိုလာပေလိမ့်မည်။
ထိုသို့ဖြစ်လေရာ သူသည် အစကတည်းက ရှင်းလင်းသေချာသော စည်းတစ်ခု ဆွဲထားရမည် ဖြစ်ပေသည်။
ထိုစီနီယာက ရီဖူရှင်း ပြောသည်ကို ကြားသည့်အခါ သူ၏ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ ကြည့်ရသည်မှာ ဤမူလဘုံ၏ ထိပ်တန်းပါရမီရှင်နှင့် ပူးပေါင်းရန်မှာ သူတို့အတွက် မဖြစ်နိုင်ပုံပေါ်လေသည်။
စွန့်ပစ်ခံကလန်နှင့် တိုက်ပွဲအတွင်း ရီဖူရှင်းသည် ကောင်းကင်ဒေသ၏ အင်အားစုများစွာကို ဆန့်ကျင်မိခဲ့သည်။ သူက အမှန်တကယ် အကျိုးဆက်ကို မကြောက်ရွံ့သည်လား။
"ဒါဆို နတ်မိမယ်ချီယောင်ကရော။ သူမက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ပြီး ကျင့်ကြံမယ်ဆိုရင် ဒါက မင်းနဲ့ မဟာမိတ်ဖွဲ့လိုက်တယ်လို့ သတ်မှတ်ရနိုင်တယ်မလား။" တစ်စုံတစ်ယောက်က မေးလိုက်သည်။ ထိုစကားကို ကြားသောအခါ ရှီးချီယောင်၏ လှပသော မျက်လုံးများမှ နတ်အလင်းတို့ တောက်ပလာပြီး တစ်ဖက်လူကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် သဏ္ဌာန်မဲ့ဖိအားတို့ပါဝင်နေပြီး အဝေး၌ ရှိနေသော တစ်ဖက်လူအား လွှမ်းခြုံသွားသည်။
စကားပြောလိုက်သူမှာ အဆင့်ကိုးရန်ဟောင် ဖြစ်သော်လည်း ရှီးချီယောင်က သူ့ကို မကြောက်ရွံ့ဘဲ စူးစိုက်ကြည့်ရဲပေသည်။ သူက မျက်မှောင်ကြုတ်သွားကာ ရှီးချီယောင်အား ပြန်ကြည့်လိုက်သည်။ ရှီးချီယောင်က ပြောလိုက်၏။ "ကျွန်မက ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝင်ရောက်ပြီး ကျင့်ကြံမယ်ပြောခဲ့ကတည်းက ကျောင်းအုပ်ရဲ့ စီစဥ်ပေးမှုကို လိုက်နာဖို့အတွက် ဆန္ဒရှိတယ်။ ရန်ဟောင်ရီ ကျွန်မကို ခွင့်ပြုပေးမှ ကျင့်ကြံမှာပါ။"
ရှီးချီယောင် ပြောပြီးသည်နှင့် ပြုံးကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ "ရန်ဟောင်ရီ ဒါကို ရှင်ဘယ်လိုထင်လဲ။"
"နတ်မိမယ်ချီယောင်က ဒီလိုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုမှတော့ ကျုပ်က ငြင်းလို့ ဘယ်ကောင်းပါ့မလဲ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူက သူတို့ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့ကြားမှ ဆက်ဆံရေးက မည်သည့်အတွက်ကြောင့် သာမန်မဟုတ်ဟု ခံစားမိကြရသနည်း။