ပေ့ချိန်ရန်၏ လက်စားချေမှု
Vol. 011 Ch. 1025
အထက်ဘုံသို့ ရောက်လာပြီး နောက်ပိုင်း ရီဖူရှင်းတို့က တည်းခိုခန်းတစ်ခု၌ တည်းခိုကြ၏။
အထက်ဘုံများနှင့် အောက်ဘုံတို့မှာ ကွဲပြား ခြားနားပေသည်။ အထက်ဘုံတို့သည် ကျယ်ပြော သော်လည်း လူဦးရေ ထူထပ်ဟန်ရှိကာ ကြီးကျယ် ခမ်းနားသော အဆောက်အဦများမှာလည်း နေရာတိုင်းတွင် တွေ့ရ၏။
အခြေကျအောင် လုပ်ပြီးနောက် ရီဖူရှင်းနှင့် ကျေးရွာ ခေါင်းဆောင်တို့သည် အင်ပါယာ ရှားနန်းတော်သို့ လာခဲ့ကြ၏။ ဂျီယူနှင့် ပတ်သက်သော သတင်းသည် သူ၏ခေါင်းထဲ၌ တစ်ချိန်လုံး ရှိနေခဲ့ရာ အထက်ဘုံသို့ ပထမဆုံး ရောက်သည်နှင့် သူက ရှားရှင်းယွန်သို့ တွေ့လိုခဲ့၏။
တခြား လူများကလည်း ဟိုဟိုဒီဒီ လျှောက်ကြည့်ကာ အထက်ဘုံနှင့် ရင်းနှီးအောင် လုပ်ကြသည်။ သူတို့က အထက်ဘုံမှ အင်အားစုများနှင့် တခြားသာ အရေးကြီး အကြောင်းအရာများကို သိရှိရန် လိုပေသည်။
သို့သော် ရီဖူရှင်း မသိသည်ကား သူတို့က တည်းခိုခန်းသို့ ဦးဆုံး ရောက်လာသည်နှင့် တစ်ဖက်လူများ၏ စောင့်ကြည့်ခြင်းကို ခံရပြီးသား ဖြစ်နေခြင်းကိုပင်။
အင်ပါယာရှားဘုံ အတွင်း၌ ကြီးမားသော နန်းဆောင် အတွင်း၌ အလွန်တရာ စူးရှသော စိတ်စွမ်းအားများ ထွက်ပေါ်နေရာ တစ်နေရာရှိသည်။
သည်နေရာမှာ စွေ့ရန်ရှန့်ထိုဓား လေ့ကျင့်သော နေရာဖြစ်၏။
ထိုအခိုက်တွင် စွေ့ရန်ရှန့်ထိုဓားသည် ဧရာမ အစီအရင်ကြီး တစ်ခု၏ အလယ်၌ မားမားမတ်မတ် ထိုင်နေသည်။ မမြင်ရသော ဓားအသိများ သူ့အနီးတွင် ရစ်သိုင်း စီးဆင်းနေကြ၏။ သူက မျက်လုံးကို ရုတ်တရက် ဖွင့်ကာ မေးသည်... ”ဘာလဲ...”
“အရှင်... ထျန်ကျိအဆောင်က လူတစ်ယောက် ရောက်နေပါတယ်။ သူ့မှာ ရီဖူရှင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ရှိပါတယ်တဲ့” သူ့ရှေ့သို့ ရောက်လာသူက ပြောသည်။ စွေ့ရန်ရှန့်ထိုဓား၏ မျက်လုံးများ အရောင်လက် သွားသည်။
“သူ့ကို ခေါ်လာခဲ့ ....” သူ၏ အမူအရာသည် အေးစက်နေ၏။ ပေ့ချိန်ရန်က စိန်ခေါ်ပွဲကို ရှုံးနိမ့်ပြီး ကတည်းက သူသည် ရီဖူရှင်း၏ လှုပ်ရှားမှုများအား စောင့်ကြည့်ခဲ့၏။ ပြည်နယ်ကိုးခုသည် အင်ပါယာရှား တိုက်ရိုက် အုပ်ချုပ်ရာဒေသ ဖြစ်ကာ ရီဖူရှင်းသည် တော်ဝင်မြေ ခေါင်းဆောင် ဖြစ်၏။ သူ့အနေဖြင့် အလောတကြီး ဆောင်ရွက်ပါက အမှားအယင်းများ ဖြစ်သွားနိုင်ပေသည်။
သို့သော် သူ၏ အချစ်ရဆုံးသားသည် သူ့မျက်လုံး ရှေ့မှောက်၌ပင် ပျက်စီးခဲ့သည်။ သူ မည်သို့ မေ့လျော့ နိုင်မည်နည်း။
သည်ရက်များတွင် သူ့ဓားသည် မငြိမ်မသက် ဖြစ်နေခဲ့ကာ သူကိုယ်တိုင်သည်လည်း စိတ်ဂနာမငြိမ် ဖြစ်လာသည်။ ထို့ကြောင့် သူက ထျန်ကျိနန်းတော်အား ရီဖူရှင်း၏ သတင်းများကို နားစွင့်ရန် ပြောကြားထားခဲ့၏။
ထျန်ကျိနန်းတော် အနေဖြင့်လည်း မူလက ပြည်နယ်ကိုးခုအား တန်ဖိုးမရှိဟု ထင်ကာ သိပ်အရေး မစိုက်ခဲ့ကြသော်လည်း သည်တစ်ခါ စွေ့ရန်ရှန့်ထိုဓားက တန်ဖိုးမြင့်မားစွာ ပေးချေခဲ့ရာ သူတို့က အောက်ဘုံကို စောင့်ကြည့်ရန် လူတစ်ယောက်အား သီးသန့် စေလွှတ်ထားခဲ့၏။
မကြာမီ အဖြူရောင်ဝတ်စုံဝတ် လူတစ်ယောက်သည် ယင်နှင့်ယန်ဝတ်စုံအား ဝတ်ဆင်လျက် ရောက်လာသည်။ သူက စွေ့ရန်ရှန့်ထိုဓားအား ဦးညွှတ်ကာ ပြောသည်... ”စွေ့ရန်ရှန့်ထိုဓားကို နှုတ်ဆက် ဂါရဝပြုပါတယ်”
စွေ့ရန်ရှန့်ထိုဓားသည် ထိုနေရာတွင် ထိုင်နေလျက်ပင် မေးသည်... ”အဓိက အချက်တွေကိုပြော...”
“ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်က လူတွေနဲ့အတူ အထက်ဘုံသို့ ရောက်လာခဲ့ပါတယ်။ သူတို့ထဲမှာ ရှန့်ထို သုံးပါးပါတယ်။ တစ်ယောက်က မရဏဓားနတ်မယ်ရဲ့ အမွေကို ဆက်ခံသူလို့ သံသယ ဝင်ရတယ်။ ပြီးတော့ မရဏဓား နတ်မယ်ရဲ့ ဓားအစေခံ...။ နောက်တစ်ယောက် ကတော့ မှန်နန်းတော်ရဲ့ သခင်မဖြစ်တယ်။ ပြီးတော့ သူတို့နဲ့အတူ ပါလာတဲ့ ရှီတန်ခိုးရှင်တွေဟာလည်း တော်တော် အားကောင်းကြတယ်။ အများစုက မင်းသမီးနဲ့အတူ လေ့ကျင့်ရေးခရီးသို့ လိုက်ပါခဲ့သူတွေပဲ။ သူတို့အုပ်စုက ကောင်းကင် လှေကားကနေ တက်လာခဲ့ကြတယ်” ထျန်ကျိနန်းတော်မှ လူက ပြုံးလျက် ပြောသည်။
စွေ့ရန်ရှန့်ထိုဓား၏ မျက်မှောင်များ ကွေးကောက် သွားသည်။ ရှန့်ထိုသုံးပါး...။
သူ့အနေဖြင့် တစ်ဖက် အင်အားစုကို သွားထိရန် မလွယ်ပေ။
“သူတို့ အခု ဘယ်မှာလဲ...” စွေ့ရန်ရှန့်ထိုဓားက မေးသည်။
“သူတို့က တည်းခိုခန်းတစ်ခုမှာ တည်းနေကြတယ်။ ခင်ဗျား ကြားမှာ မဟုတ်ပေမဲ့ ရီဖူရှင်းက အင်ပါယာ ရှားနန်းတော်သို့ မရဏဓား နတ်မယ်ရဲ့ဓား အစေခံနဲ့အတူ သွားခဲ့ကြတယ်။ ကျုပ်တို့က အကြောင်းရင်းကို မသိရသေးပေမဲ့ စုံစမ်းပေးမှာပါ” ထိုလူက ပြောသည်။
စွေ့ရန်ရှန့်ထိုဓားက ခေါင်းညိတ်သည်။ ထိုသူက ဆက်ပြောသည်... ”ပြီးတော့ ပြည်နယ်ကိုးခုရဲ့ တော်ဝင်စစ်ပွဲမှာ ရီဖူရှင်းရဲ့ စွမ်းရည်ကို အင်ပါယာရှားက သတိပြုမိပုံပဲ။ ခင်ဗျားက သူ့အပေါ် တစ်ခုခု ကြံစည်လိုတယ် ဆိုရင် သတိပြုဖို့ တိုက်တွန်းချင်တယ်။ ကျုပ်တို သိသလောက် မင်းသမီး ရှားရှင်းယွန်က တော်ဝင်ကျဲ နန်းတော်သို့ သွားဖူးတယ်”
စွေ့ရန်ရှန့်ထိုဓားက မျက်မှောင်ကြုတ် လိုက်၏။
သို့သော် တော်ဝင်ကျဲ နန်းတော်မှ လူများလည်း အထက်ဘုံသို့ လိုက်ပါလာကြ၏။ သူက ထိုသူများဖြင့် စတင်ကာ အင်ပါယာရှား၏ သဘောထားကို ဦးဆုံး စမ်းသပ်ကြည့်လျှင် မသင့်တော်ပေဘူးလား။
“အဖေ...” အသံတစ်သံကို ကြားရသည်။ သူက လှမ်းကြည့်လျှင် ပေ့ချိန်ရန်က သူ့ထံသို့ လှမ်းလာသည်ကို မြင်၏။ သူကား ယခင်လို ခန့်ညား ချောမောကာ သေသပ်သော ပုံစံမဟုတ်တော့ပေ။ သူ့ဆံပင်များမှာ ရှုပ်ပွနေပြီး မျက်လုံးများမှာ အသက်မဲ့၏။
သူ့သက်စောင့်ဝိညာဉ် ပျက်စီးသွားပြီး နောက်ပိုင်း ကျင့်ကြံခြင်းမှာလည်း ပျက်စီးခဲ့ရပြီ ဖြစ်သည်။
သူသည် စွေ့ရန်ရှန့်ထိုဓား၏ မိသားစုဝင် တစ်ယောက် ဖြစ်သော်လည်း ယခုအခါ အားလုံးက သူ့အား အထင်သေး အမြင်သေးသော မျက်လုံးများ၊ သနား ကရုဏာသက်သော မျက်လုံးများဖြင့်သာ ကြည့်ရှုကြတော့သည်။
“ကျွန်တော် သူ့ကို သေစေချင်တယ်...” ပေ့ချိန်ရန်၏ မျက်လုံးများက အမုန်းတရားများဖြင့် ပြည့်နေသည်။
စွေ့ရန်ရှန့်ထိုဓားက သူ့သားအား ကြည့်ကာ ပြောသည်... ”ငါနဲ့လီဟန်ဓား နန်းတော်သို့ လိုက်ခဲ့...”
သူ့အဖေ၏ သဘောကို နားလည်ဟန်ဖြင့် ပေ့ချိန်ရန်က ခေါင်းညိတ်သည်။
***
လီဟန်ဓား နန်းတော်သည် အင်ပါယာရှားဘုံ အတွင်း၌ ဓားပညာတွင် အဆင့်အတန်း အမြင့်ဆုံးဟု သတ်မှတ် ခံရသည့်နေရာဖြစ်၏။
လက်ရှိ လီဟန်ဓား နန်းတော်သခင်သည် အင်ပါယာရှားဘုံ အတွင်း၌ အတော်ဆုံး ဓားသမားလည်း ဖြစ်၏။ သူ့နာမည် ကျော်ကြားမှုသည် အင်ပါယာရှားဘုံကိုပင် ကျော်လွန်ပေသည်။
ထို့ကြောင့် အင်ပါယာရှားဘုံ အတွင်း၌ သူ့အဆင့်အတန်း မည်မျှ မြင့်သည်ကို တွေ့နိုင်၏။
လီဟန်နန်းတော်ကား ကောင်းကင်ဘုံအလား...။ တိမ်များ ဟိုမှသည်မှ ရွေ့လျား သွားလာနေကြကာ အင်မော်တယ်များ၏ ပျော်စံရာ နေရာအလား ထင်မှတ်ရသည်။
နန်းတော်အတွင်း၌ ရှန့်ထိုတစ်ပါး အရှေ့တွင် ပေ့ချိန်ရန်သည် ဒူးထောက် ထိုင်နေ၏။ သူ့ရှေ့တွင်ကား အလွန်တရာ စူးရှသော မျက်လုံးများဖြင့် ရှန့်ထိုတစ်ပါး ရှိသည်။
“ကျွန်တော်က ဆရာသခင်ရဲ့ ဂုဏ်ကျေးဇူးကို သိနားလည်လို့ အမြဲတမ်း ကြိုးစား လေ့ကျင့်ခဲ့ပါတယ်။ အခု ကျွန်တော့် ကျင့်ကြံခြင်းက ပျက်စီးသွားခဲ့လို ဆရာ့ဆီမှာ လေ့ကျင့်ဖို့ မထိုက်တန်တော့တဲ့အတွက် နောက်ပိုင်းနှစ်တွေမှာ ဆရာ့ဆီ ရောက်မလာခဲ့တာ ခွင့်လွှတ် စေချင်ပါတယ်” ပေ့ချိန်ရန်က ပြောသည်။
“ခေါင်းမော့ပြီးတော့ ပြော...” ပေ့ချိန်ရန်၏ ဆရာက ပြောသည်။
ပေချိန်ရန်က ဆက်လက်၍ ခေါင်းငုံ့ကာ ပြောသည်... ”ကျွန်တော် အရှက်ရမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်သက်စောင့် ဝိညာဉ်ကို ဖျက်ဆီးသွားသူက အခု အထက်ဘုံသို့ ရောက်လာတယ်လို့ ကြားပါတယ်။ ကျူးထန်နန်းတော်ရဲ့ တရားဝင်စိန်ခေါ်မှုမှာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်လို့ ကျွန်တော်က ဆရာ့ကို ပြောဖို့ ဂုဏ်သိက္ခာ မရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စဟာ လီဟန်ဓား နန်းတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ လူအများအပြားက ဒီကိစ္စကို ပြောဆိုပြီး လှောင်ပြောင်ကြလို့ လီဟန်ဓားနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ပျက်ပြား စေနိုင်ပါတယ်။ ဒါကြောင့် လီဟန်ဓား နန်းတော်က တပည့်တစ်ဦးက သူ့ကို အနိုင်ယူတာ ကျွန်တော် မြင်တွေ့လိုပါတယ်”
သူက ထိုသို့ပြောကာ နဖူးအား မြေပြင်၌ ထိကပ်သည်... ”ကျွန်တော့်မှာ ကိုယ်ပိုင် အရှက်တရားကို ဖယ်ရှားဖို့ စွမ်းရည်မရှိတဲ့အတွက် ဆရာက ခွင့်လွှတ် စေချင်ပါတယ်”
သူ့ရှေ့မှ လူက ပေ့ချိန်ရန်အား ကြည့်သည်။ ပေ့ချိန်ရန်က ထိုနည်းဖြင့် ပြောသော်လည်း တကယ်တမ်းအားဖြင့် သူက လက်စား ချေလိုရင်းသာ ဖြစ်ကြောင်း သူသိသည်။
သို့သော် သည်အရာက နားလည် ပေးနိုင်သော ကိစ္စဖြစ်သည်။
“သူက ဘယ်အဆင့်မှာလဲ...”
“သူက အဆင့်မြင့် ကွန်းရှီပါ...”
“ဖန်းရှောင်နဲ့ မိုလီတို့က အောက်ဘုံသို့ ရောက်ဖူးကြတယ် မလား... သူက တော်ဝင်မြေတွေ ရန်ဟောင် အမွေအနှစ်ကို ရှေးနန်းတော်ရာမှာ လုယက်တာမှာ အနိုင်ရသွားသူလား...” ထိုအကြီးအကဲက မေးသည်။
“မှန်ပါတယ် ... သူက အရမ်း အားကောင်းတဲ့ ရတနာ လှံတစ်လက်ကို ပိုင်ဆိုင်ပြီးတော့ ထိပ်သီး တန်ခိုးရှင်တွေ အများကြီး ဝိုင်းရံ တိုက်ခိုက်တာ တောင်မှာ ဖောက်ထွက် သွားနိုင်ခဲ့တယ်” တစ်ယောက်က ဖြေသည်။
“ရန်ဟောင်ဓား အသိကို ပိုင်ဆိုင်တဲ့ ရီဝူချင်းဟာလည်း ရီဖူရှင်းနဲ့အတူ အထက်ဘုံသို့ တက်လာခဲ့ပါတယ်” ပေ့ချိန်ရန်က ပြောသည်။
အကြီးအကဲက ပေ့ချိန်ရန်ကို ကြည့်သည်။ ထို့နောက် သူက ဘေးမှ လူအား ပြောသည်... ”သူက ကျူးထန်နန်းတော်မှာ ရှုံးနိမ့်ခဲ့မှတော့ စည်းမျဉ်း စည်းကမ်းတွေ အတိုင်း လုပ်ကြတာပေါ့...”
သူ၏စကားကို ကြားလျှင် ပေ့ချိန်ရန်သည် လက်သီးကို တင်းတင်းဆုပ်ကာ ထပ်မံ၍ ဦးညွှတ်သည်။
စွေ့ရန်ရှန့်ထိုဓားက ဘာမှ မပြောပေ။ သူက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ပေ့ချိန်ရန်က ထိုနေရာတွင် ဦးခိုက်ထားသည်ကို မြင်လျှင် သူသည် သက်ပြင်းချ၏။
သို့သော်လည်း သူကား လက်စားချေရန် သူ၏ဂုဏ်သိက္ခာကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။
သည်ပွဲတွင် မည်သူ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ လီဟန်ဓားနန်းတော်က ဝင်ပါလှုပ်ရှားမည် ဆိုမှတော့ အဆုံးသတ်မှာ ဆုံးဖြတ်ပြီးသား ဖြစ်သည်ကို သူသိပေသည်။
***
အထက်ဘုံသို့ ခြေချမိသည်နှင့် သူ့အား စောင့်ကြည့်နေသူများ ရှိကြောင်း ရီဖူရှင်း မသိပေ။ သူသိသည်က အင်ပါယာရှား နန်းတော်သို့ မြန်မြန် ရောက်ရန် ဖြစ်သည်။
သူက နန်းတော်ခြေရင်းသို့ ခြေချမိသည်။ အစောင့်များက ရီဖူရှင်းနှင့် ကျေးရွာ ခေါင်းဆောင်တို့အား မြင်လျက် တားဆီး ထားကြသည်။
“ခင်ဗျား ဘယ်သူလဲ...” အစောင့်က မေးသည်။
ရီဖူရှင်းက သက်ပြင်း တစ်ချက် ရှိုက်ကာ ပြောသည်... ”မြေရိုင်းပြည်နယ် နန်းတော်သခင် ရီဖူရှင်းက မင်းသမီးကို တွေ့ခွင့် တောင်းပါတယ်”
အစောင့်က သူ့အား စိုက်ကြည့်သည်။ သည်လူမှာ ရီဖူရှင်း ဖြစ်သည်ကို သံသယဖြစ်စရာ မလိုပေ။ မဟုတ်လျှင် မိမိသေတွင်းကို ကိုယ်တိုင် လာတူးခြင်း မဟုတ်ပေဘူးလား။
“ကျုပ် သတင်းပို့ပေးပါ့မယ်” အစောင့်က ပြောကာ အတွင်းသို့ ဝင်သွားသည်။
အတန်ကြာလျှင် အစေခံ မိန်းကလေးတစ်ဦး ထွက်လာသည်။ သူမက ရီဖူရှင်းအား အလွန် အေးစက်သော အမူအရာဖြင့် ပြောသည်... ”ရှင်က ရီဖူရှင်းလား...”
“ဟုတ်တယ်...” ရီဖူရှင်းက ခေါင်းညိတ်၏။
“မင်းသမီးက ဒီနေ့ ဧည့်သည် မတွေ့ဘူးလို့ ပြောတယ်။ ဒါကြောင့် ရှင့်ကို ကျွန်မကိုယ်တိုင် လာပြောတာ...” အစေခံ မိန်းကလေးက ပြောသည်။
“……..”
***