ဝန်းရံတိုက်ခိုက်ခြင်း
Vol. 166 Ch. 2362
လက်ရှိတွင် ရီဖူရှင်းက သူတို့၏ တောင်းဆိုချက်ကို သဘောတူလိုက်လျှင် ကောင်းကင်ဒေသမှ အင်အားစုများအားလုံးက ကျင့်ကြံရန်အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ အုံလိုက်ကျင်းလိုက် ဝင်ရောက်လာပေလိမ့်မည်။ ထိုအချိန်တွင် သူက အခြေအနေကို မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။
ကောင်းကင်အာဏာစက်ကျောင်းတော်၏ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပြီး ကောင်းကင်ဒေသမှ ထိုထိပ်သီးအင်အားစုများနှင့် ယှဥ်သောအခါ ကွာခြားချက် ရှိနေဆဲ ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်နှင့် ယှဥ်လျှင် အင်အားစုနှစ်ခုကြားမှ ကွာဟချက်က ချောက်နက်တမျှ နက်ရှိုင်းလှသည်။ ယနေ့အဖြစ်အပျက်မှာ ထိုကျင့်ကြံသူများအတွက် ရီဖူရှင်း ထိန်းချုပ်ထားသော ကျင့်ကြံခြင်းအရင်းအမြစ်တို့အား တတ်နိုင်သမျှ ရယူရန်အတွက် လုပ်ဆောင်နေသည့် အနိုင်ကျင့်ဖိနှိပ်မှုသက်သက်သာ ဖြစ်ပေသည်။
ရီဖူရှင်း၏ မျက်လုံးများက ထိုကျင့်ကြံသူများထံသို့ ရောက်ရှိသွားပြီး မမြင်နိုင်သော လွှမ်းမိုးဖိနှိပ်ချုပ်ကိုင်ခြင်းစွမ်းအားက နေရာအနှံ့ကို ဖြန့်ကျက်သွားခဲ့သည်။ ကောင်းကင်အာဏာစက်မြို့တစ်ခုလုံးက ထူးခြားဆန်းကြယ်ကာ ခမ်းနားထည်ဝါသည့် ဖိအားအောက် ရောက်ရှိသွားသည်။
"ကောင်းကင်အာဏာစက်ကျောင်းတော်က မူလဘုံမှာ ရှိတဲ့ ကျင့်ကြံခြင်းအင်အားစုများစွာထဲက တစ်ခုသာ ဖြစ်တယ်။ ခင်ဗျားတို့အားလုံးက ကောင်းကင်ဒေသရဲ့ ထိပ်သီးကလန်ကလူတွေ ဖြစ်တာကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ကျင့်ကြံဖို့မလိုအပ်ဘူး။ ခင်ဗျားတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို အလွန်အကျူး အထင်ကြီးနေမိမှာကို စိုးမိပါတယ်။" ရီဖူရှင်းက ထိုလူများကို ကြည့်ကာ ပြောလိုက်သည်။
"ကလန်တွေ အများကြီးရဲ့ ခေါင်းဆောင်အနေနဲ့ ရန်ဟောင်ရီက ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေလိုမျိုး မဟာအင်ပါယာတွေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းထားရတယ်။ အဲဒီနေရာတွေအားလုံးက ကျုပ်တို့ ကျင့်ကြံရေးအတွက် ထိုက်တန်တဲ့ နေရာတွေချည်းပါပဲ။" တစ်စုံတစ်ယောက်က ပြန်လှန်ပြောဆိုခဲ့ပြီး ရီဖူရှင်း၏ ကျင့်ကြံရေးအရင်းအမြစ်များအပေါ် သူတို့ထားရှိသော လောဘအား ဖုံးကွယ်မထားခဲ့ပေ။
သူတို့၏ ရည်ရွယ်ချက်က ရီဖူရှင်းကို ခြိမ်းခြောက်ရန် ဖြစ်သည်။
ယနေ့ သူက ကတိပေးချင်သည်ဖြစ်စေ မပေးချင်သည်ဖြစ်စေ သူ့၌ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရှိမည် မဟုတ်ပေ။
"ကောင်းကင်အာဏာစက်ကျောင်းတော်က သေးငယ်တဲ့ နေရာလေးတစ်ခုပါပဲ။ ကျုပ်တို့က ခင်ဗျားတို့ အားလုံးကို မလိုက်လျောပေးနိုင်မှာ စိုးမိပါတယ်။" ရီဖူရှင်းက ပြန်တုန့်ပြန်လိုက်သည်။
ရီဖူရှင်း၏ အသံက ဂရုမစိုက်ဟန်ပင် ရှိနေသည်။ ချက်ချင်းပင် လေထုက အေးခဲသွားပြီး ပိုမိုပြင်းထန်လာသည်ကို ခံစားမိလိုက်သည်။ ဤသည်မှာ ရီဖူရှင်းက သူတို့အား လက်ခံရန် တိုက်ရိုက်ငြင်းပယ်လိုက်ခြင်း ဖြစ်ပေသည်။
"အဲဒီတော့ ရန်ဟောင်ရီက ကျုပ်တို့ရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုတာလား။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။
"ရန်ဟောင်ရီက မူလဘုံကို ကောင်းကင်ဒေသရဲ့ တစ်စိတ်တစ်ပိုင်းဆိုပြီး အရာအားလုံးကို ကောင်းကင်ဒေသအတွင်း မဟာမိတ်တွေနဲ့ အတူတူ လုပ်ဆောင်ဖို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အခု ခင်ဗျားကို ကြည့်ရတာ ကျုပ်တို့ရဲ့ တစ်စိတ်တစ်ပိုင်းလို့ တကယ် သတ်မှတ်ထားတာ မဟုတ်တဲ့ပုံပဲ။ ခင်ဗျားက ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ မူလဘုံရဲ့ နယ်မြေကို သီးခြားနယ်မြေတစ်ခုလို့ ထင်နေတာလား။"
အသံများက ဆက်လက်ထွက်ပေါ်လာကာ ရီဖူရှင်းအား စွပ်စွဲချက်များဖြင့် အပြစ်တင်နေကြသည်။ သူတို့သည် ရီဖူရှင်းက ကောင်းကင်ဒေသမှ ခွဲထွက်ပြီး သီးခြားအင်အားစုတစ်ခု ဖြစ်ချင်နေသောကြောင့် ကျင့်ကြံခြင်းအရင်းအမြစ်များကို မျှဝေလိုခြင်းမရှိဟု စွပ်စွဲခဲ့ကြသည်။ သူတို့သည် ရီဖူရှင်းက မူလဘုံကို ကောင်းကင်ဒေသ၏ နယ်မြေတစ်ခုဖြစ်လာစေရန် စိတ်ဆန္ဒအလျဥ်းမရှိသည့် တစ်ကိုယ်ကောင်းသမားအဖြစ် ရည်ညွှန်းနေပေသည်။
"ရန်ဟောင်ရီက မဟာအင်ပါယာတွေအများကြီးရဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်ထားခဲ့တယ်။ ဘယ်လို ကျင့်ကြံရေးအဆင့်မျိုးက နတ်မိမယ်ချီယောင်ကိုတောင် ဒီလောက် အထင်ကြီးလေးစားသွားစေတာလဲလို့ မြင်တွေ့ချင်မိတယ်။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ထိုသူမှာ ယွမ်ရှီးနယ်မြေမှ ယွမ်ရှီးမဟာအင်ပါယာ၏ မျိုးဆက်ဖြစ်ပြီး ယွမ်ရှီးနန်းတော်၏ ဆက်ခံသူမှလွဲ၍ အခြားမဟုတ်ပေ။ သူ့အရှိန်အဝါက ထူးခြားလှပြီး လူတိုင်း၏ အထက်၌ ရပ်တည်နေပုံရသည်။.
"ကျုပ်လည်း ရန်ဟောင်ရီရဲ့ အရည်အချင်းကို မြင်တွေ့ချင်မိတယ်။" ထိုသူက အနန္တနယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ထိုသူမှာ အနန္တနတ်ဘုရားသားတော် ကိုယ်တိုင် ဖြစ်သည်။ သူက မဟာလမ်းစဥ် နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရပြီး စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် လင်းလက်တောက်ပပေသည်။
"ရန်ဟောင်ရီက မဟာအင်ပါယာရှန်ကျားရဲ့ နတ်ခန္ဓာကို ထိန်းချုပ်ထားပြီး ထူးခြားဆန်းကြယ်တဲ့ မဟာလမ်းစဥ်ခန္ဓာကိုယ်ကို နားလည်သဘောပေါက်ထားတယ်။ ကျုပ်ကလည်း ဗုဒ္ဓနတ်ခန္ဓာကို ကျင့်ကြံထားနိုင်တာကြောင့် ရန်ဟောင်ရီရဲ့ နတ်ခန္ဓာစွမ်းအားကို မျက်မြင်တွေ့ကြုံချင်မိတယ်။" ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်ကလည်း ပါဝင်လာသည်။ ဗုဒ္ဓနတ်ခန္ဓာ၏ စွမ်းအားက ထူးခြားကာ လွှမ်းမိုးနိုင်စွမ်းရှိလှသည်။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားကလန်မှ မဟာအင်ပါယာ ကိုယ်တိုင် ဆင်းသက်လာသလိုပင် ဖြစ်သည်။
ထို့နောက် အခြားသော အသံများကလည်း ဆက်လက်ပြောဆိုလာကြသည်။ စကားမပြောသည့်သူများသည်ပင် ရှေ့သို့ ခြေတစ်လှမ်းတိုးလာကြပေသည်။ သူတို့၏ ခန္ဓာကိုယ်များက နတ်အလင်းတို့ဖြင့် ဝန်းရံခံထားရကာ တောက်ပလင်းလက်နေပြီး သူတို့အားလုံးက ရီဖူရှင်းနှင့် ထိပ်တိုက်ရင်ဆိုင်ချင်နေသည်မှာ သိသာပေသည်။ အချိန်တိုအတွင်း မဟာလမ်းစဥ်၏ နတ်အလင်းတို့က ရီဖူရှင်းအပေါ်သို့ ဖြာကျလာခဲ့သည်။ ထိုအရှိန်အဝါအားလုံးက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပြီး အနိမ့်ဆုံး ကျင့်ကြံဆင့်မှာ ဟွားကျွင့်လိုင်၏ ကျင့်ကြံဆင့်၌ ရှိနေသည့် ကျင့်ကြံသူများက ရီဖူရှင်းအား စိန်ခေါ်ချင်နေသည်။
ရှေးဟောင်းနတ်ဘုရားကလန်မှ ထိုဆက်ခံသူများက ရီဖူရှင်းနှင့် ယှဥ်တိုက်ချင်နေကြသည်။ သို့သော် ဤသည်မှာ ရီဖူရှင်းအား ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများ၏ အသိအမှတ်ပြုခြင်းဟုလည်း သတ်မှတ်နိုင်ပေသည်။ သူက နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်နှင့် ဟောက်ထျန်းကလန်မျိုးဆက် ဟွားကျွင့်လိုင်တို့အား အနိုင်ယူနိုင်ခဲ့သည်။ သူက နတ်မိမယ်ချီယောင်အား သူ့အပေါ် အထင်ကြီးလေးစားမှုဖြစ်ပေါ်စေခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ရောက်ကျင့်ကြံရန် ဆန္ဒရှိစေခဲ့သည်။ ထိုကဲ့သို့သော ခွန်အားမျိုးက ထပ်မံတန်ဆာဆင်ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ထိုထိပ်တန်းပါရမီရှင်များက ဤကောင်းကင်အာဏာစက်ဘုံ၏ ဘုရင်အဖြစ်ကျော်ကြားသော ရီဖူရှင်း စွမ်းအားများကို စမ်းသပ်ချင်သည်မှာ အံ့သြစရာ မရှိပါချေ။
ထို့ပြင် သူတို့သည် ရီဖူရှင်းက မည်သို့သော လျှို့ဝှက်ချက်ကို ဆုပ်ကိုင်ထားပြီး မည်သည့်အရာကို ဖုံးကွယ်ထားကြောင်း သိချင်နေကြသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူတိုင်းက အတော်လေး သုန်မှုန်နေကြသည်။ သူတို့က ခေါင်းကို မော့ကာ အထက်မှ ပုံရိပ်များကို ကြည့်လိုက်သည်။ ထိုသူတို့တစ်ယောက်ချင်းစီက ထူးချွန်သော အရည်အချင်းများ ရှိကြပြီး ဤလူအစုအဝေးသည် စွန့်ပစ်ခံကလန်နှင့် တိုက်ပွဲ၌ ပါဝင်ခဲ့သည့် သူထက် ပိုမိုအစွမ်းထက်ပေသည်။ သူတို့ကြားတွင် အဆင့်ကိုးရန်ဟောင်များပင် ပါဝင်သည်။ ရီဖူရှင်းကိုမဆိုထားနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် သူတို့၏ မဟာမိတ်များကြား၌ပင် ဤအပြင်လူများနှင့် ယှဥ်နိုင်စွမ်းရှိသည့် ထိပ်တန်းပုဂ္ဂိုလ်အချို့ကို ရှာတွေ့ရန်မှာ ခက်ခဲပေသည်။
ဤအခြေအနေက အနည်းငယ် လွန်ကဲနေသည်မှာ ရှင်းလင်းလှသည်။ ထိုကျင့်ကြံသူများက ပူးပေါင်းကာ ရီဖူရှင်းအား တစ်ချိန်တည်းတွင် ဆန့်ကျင်ရင်ဆိုင်ချင်နေသည်။
ရီဖူရှင်းက ခေါင်းမော့ကာ လေဟာနယ်အတွင်းရှိ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူ၏ အကြည့်များက ထက်ရှနေခဲ့၏။ သူ့ အဝတ်အစားများကလည်း လေထဲတွင် လွင့်နေကာ သူ၏ ငွေရောင်ဆံပင်တို့က လေထဲ၌ ကခုန်နေသည်။
ထို့နောက် သူတို့သည် ရီဖူရှင်းက ချက်ချင်းလှုပ်ရှားလိုက်ကာ ကောင်းကင်အထက်သို့ ဦးတည်တက်လာသည်အား မြင်လိုက်ကြသည်။
"ဟမ်" လူတိုင်းက အံ့သြမှင်တက်သွားခဲ့သည်။ ရီဖူရှင်းသည် ထိုစိန်ခေါ်သူများအား ရင်ဆိုင်ရန် တစ်ယောက်တည်း လှုပ်ရှားမှု ပြုခဲ့ပေသည်။ သူက ထိုကျင့်ကြံသူများအား တစ်ယောက်တည်း ရင်ဆိုင်လိုခြင်း ဖြစ်နိုင်သလား။
ရှီးချီယောင်သည်လည်း စိုးရိမ်ပူပန်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူမက ရီဖူရှင်း၏ ခွန်အားကို ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးပြီး သူက မည်မျှ အားကောင်းသည်ကို သိရှိပေသည်။ သူတို့နှစ်ယောက်က ဆက်မတိုက်ခိုက်ခဲ့သော်လည်း ရှီးချီယောင်သည် သူမက ရီဖူရှင်းထက် အဆင့်တစ်ဆင့် မြင့်မားနေသည့်အခါ၌ပင် အနိုင်ရရန် ခက်ခဲနေကြောင်း သေချာသိရှိပေသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုး၌ ရလဒ်က မသေချာမရေရာနိုင်ပေ။.
သို့ဆိုလျှင်ပင် သူ ရင်ဆိုင်ရမည့် စိန်ခေါ်သူများက မည်သို့သော သူများဖြစ်ကြောင်း သူ သိပါရဲ့လား။
ရှီးချီယောင်က ထိုလူများအကြောင်း သိရှိပေသည်။ သူမက သူတို့ကို ယခင်က မမြင်ဖူးခဲ့လျှင်ပင် သူမက သူတို့မည်သူဖြစ်ကြောင်း နာမည်များကို ကြားဖူးခဲ့သည်။ ထိုကျင့်ကြံသူများသည် သူတို့၏ သက်ဆိုင်ရာ နယ်မြေများ၌ ကျော်ကြားသော ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့၏ ဂုဏ်သတင်းကျော်ကြားမှုကို လူတိုင်း သိရှိကြပေသည်။
ရီဖူရှင်းက မည်မျှအစွမ်းထက်နေပါစေ သူက ထိုမျှ များပြားလှသော ထိပ်သီးပုဂ္ဂိုလ်များကို တပြိုင်တည်း ရင်မဆိုင်နိုင်ပေ။
ထိုလူများက ရီဖူရှင်းကို တမင်သက်သက် ဖိနှိပ်ကာ တိုက်ခိုက်ရန် ဖိအားပေးပြီး သူ့တိုက်ပွဲစွမ်းရည်ကို စစ်ဆေးလိုကြခြင်း ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် သူတို့က ရီဖူရှင်း၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကို ရှာဖွေချင်နေကြသည်။ ရီဖူရှင်းက သူတို့ကို တိုက်ခိုက်ခဲ့လျှင် သူ့လက်ထဲရှိ ဝှက်ဖဲများအားလုံးကို အကုန်အသုံးပြုပြီး သူ၏ စွမ်းရည်များအားလုံးကို လူတိုင်းရှေ့ ထုတ်ဖော်ပြသရမည်မှာ အနှေးနှင့်အမြန်သာ ဖြစ်ပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ ဇဝေဇဝါ ဖြစ်သွားကြသည်။ ထိုကျင့်ကြံသူများထဲ၌ အချို့က ထိပ်တန်းအဆင့်ပါရမီရှင်များ ဖြစ်ကြသည်။ ရီဖူရှင်းက မည်မျှအားကောင်းနေပါစေ သူတို့အားလုံးကို ရင်ဆိုင်ရန်မှာ မလွယ်ကူလှပေ။
ထိုအချိန်တွင် အဝေးမှ အစွမ်းထက်သည့် ကျင့်ကြံသူတစ်စုက အလောတကြီး ရောက်ရှိလာကြသည်။ ထိုလူစုသည် ထူးခြားဆန်းကြယ်သည့် စွမ်းရည်နှင့် ခွန်အားတို့ကို ပိုင်ဆိုင်ထားသည်။ ဦးဆောင်လာသူက စစ်ခုန်းနန် ဖြစ်ပြီး စွန့်ပစ်ခံကလန်မှ လူများ စစ်ကူအဖြစ် ရောက်ရှိလာကြောင်း ပြသနေသည်။
ကောင်းကင်ဒေသ၏ အင်အားစုအသီးသီးမှ ကျင့်ကြံသူများက သူတို့ကို ကြည့်လိုက်သော်လည်း သိပ်အာရုံစိုက်မနေခဲ့ပေ။ ဤနေရာက ရှန်းယိကုန်းမြေမှ စွန့်ပစ်ခံကလန်တွင် မဟုတ်သည့်အတွက် ရှန်းယိကုန်းမြေကို ထောက်ပံ့ပေးထားသော ဝင်္ကပါအစီအရင်၏ အကူအညီ ရှိလိမ့်မည်မဟုတ်ဘဲ ထိုလူစုက ကောင်းကင်ဒေသမှ အင်အားစုများအတွက် များများစားစား ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။
သူတို့သည် ရီဖူရှင်း၏ မဟာမိတ်များဖြစ်သော စွန့်ပစ်ခံကလန် ကျင့်ကြံသူများက မည်သည်ကို အသုံးပြုမည်အား သိချင်နေခဲ့ကြသည်။
"ဖူရှင်း" စစ်ခုန်းနန်က ခေါ်လိုက်သည်။
ရီဖူရှင်းက အဝေးရှိ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး သူတို့အား လှုပ်ရှားမှုပြုရန် မလိုအပ်ကြောင်း အချက်ပြလိုက်သည်။ သူက ကောင်းကင်အမြင့်သို့ မျောလွင့်သွားပြီး ထိုအနီးဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်လိုက်ကာ ထိုလူများကလည်း သူ့အား ပြန်ကြည့်နေခဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှ နတ်အလင်းတို့က ပို၍ပင် တောက်ပလင်းလက်လာသည်။ သူတို့က နတ်ဘုရားများ၏ မျိုးဆက်များ ဖြစ်သည်။
"တစ်ယောက်ချင်းလာမှာလား။ တပြိုင်တည်း တိုက်ချင်လား။" ရီဖူရှင်းက မေးလိုက်သည်။ ဤနေရာ၌ရှိနေသော ကျင့်ကြံသူများအားလုံးက ကောင်းကင်ဒေသ၏ နယ်မြေများထဲ၌ ကျော်ကြားသော ကျင့်ကြံသူများ ဖြစ်ကြပေသည်။ အမှန်တကယ်တွင် သူတို့က ရီဖူရှင်းကို အတူပူးပေါင်း၍ အလျင်စလို အနိုင်ယူကြမည် မဟုတ်ပေ။ သူတို့က သူ့ကို ဖိအားပေးချင်သော်လည်း သတ်ဖြတ်လိုခြင်း မဟုတ်ချေ။
ယနေ့ ရီဖူရှင်း သေသွားခဲ့လျှင် မင်းသမီးဒွန်ဟောင်ကို ဖြေရှင်းချက်ပေးရန် သူတို့အတွက် လွယ်ကူလိမ့်မည် မဟုတ်သလို ရီဖူရှင်း၏ နောက်ကွယ်၌ ထူးခြားဆန်းကြယ်လှသည့် ကျင့်ကြံသူဖြစ်သော လေးမျက်နှာကျေးရွာ၏ ဆရာသခင် ရှိနေသေးသည်။
အနီးဝန်းကျင်ရှိ ကျင့်ကြံသူများ ကိုယ်ပေါ်မှ အလင်းတို့က ပို၍ တောက်ပလာခဲ့သည်။ သူတို့သည် မည်သူက အရင်ဆုံးလှုပ်ရှားမည်ကို တစ်ယောက်နှင့် တစ်ယောက် အခြေအနေ စောင့်ကြည့်နေကြပေသည်။