ပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းအား
Vol. 166 Ch. 2366
"ဒါက နယ်နိမိတ်ဝင်ရိုးပဲ။" ရှေးဟောင်းနတ်ဘုရားကလန်မှ ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက်က ရေရွတ်လိုက်သည်။ သူတို့သည် ရီဖူရှင်းနှင့် သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ထိုမမြင်ရသည့် လှိုင်းများက နယ်နိမိတ်ဝင်ရိုးအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဟုတ်တယ်။ ဒါက တကယ့်ကို နယ်နိမိတ်ဝင်ရိုးပဲ။ ဗုဒ္ဓနယ်မြေက နတ်ဘုရားသားတော်ရဲ့ ဗုဒ္ဓစက်ကွင်းနယ်မြေကိုလည်း နယ်နိမိတ်ဝင်ရိုးအဖြစ် သတ်မှတ်နိုင်တယ်။ ဒါပေမယ့် မတူတာတွေ ရှိတယ်။ သူ့ရဲ့ နယ်နိမိတ်ဝင်ရိုးက သူ့ခန္ဓာကိုယ်ကို ဗဟိုပြုပြီး အပြင်ဘက်ကို ဖြန့်ကျက်လာတာ မမြင်ရလုနီးပါပဲ။ ဒါပေမယ့် သူရဲ့ နယ်နိမိတ်ဝင်ရိုး နယ်မြေက လောကတစ်ခုအဖြစ် သီးသန့်တည်ရှိနေသလိုမျိုးပဲ။" တစ်စုံတစ်ယောက်က ရှင်းပြလိုက်သည်။
နယ်နိမိတ်ဝင်ရိုးက မဟာလမ်းစဥ်နယ်မြေနှင့် ဆင်တူပြီး နယ်နိမိတ်ကို နယ်မြေတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ဗုဒ္ဓနတ်ဘုရားသားတော်သည် သူ၏ နတ်ဝင်ရိုးနှင့် မည်သည့်လေဟာနယ်ကိုမဆို ကောင်းစွာ လွှမ်းမိုးနိုင်ပြီး ဗုဒ္ဓနယ်မြေ၏ ရှေးဟောင်းနတ်ဘုရား မျက်နှာအဖြစ် ပြောင်းလဲနိုင်သည်။ ထိုဗုဒ္ဓစက်ကွင်းနယ်မြေအတွင်း ဗုဒ္ဓဘုံမှ ဆင်းသက်လာသည့် မဟာလမ်းစဥ်စွမ်းအားက ခန့်မှန်း၍မရလောက်အောင် အစွမ်းထက်လိမ့်မည် ဖြစ်ကာ သူက စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ပေသည်။ သူ့တိုက်ခိုက်ရေးနည်းစနစ်က ရက်စက်ကြမ်းတမ်းကာ ပြိုင်ဘက်ကင်းသည်။
ယခင်ကဖြစ်လျှင် ကောင်းကင်မှ လာသော ထိုတိုက်ခိုက်မှုများကို ခုခံကာကွယ်ရန်မှာ ရီဖူရှင်းအတွက်ပင် ခက်ခဲမှုအချို့ ရှိပေလိမ့်မည်။ အနန္တဗုဒ္ဓနတ်ဘုရားချိပ်စည်းတို့ တစ်ခုချင်းစီတွင် လောကကိုပင် ချေမှုန်းနိုင်သည့် စွမ်းအားများ ပါဝင်နေသည်။ အဆုံးမဲ့ နတ်ဘုရားချိပ်စည်းတို့က တစ်ချိန်တည်းတွင် ကျဆင်းလာပြီး ၎င်းတို့၏ အရှိန်အဝါတို့က ကမ္ဘာကို ဖျက်ဆီးလုနီးပါးပင် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ထိုတိုက်ခိုက်မှုများက ရီဖူရှင်းထံသို့ ချဥ်းကပ်လာပြီး သူ့ဝန်းကျင်ရှိ နယ်မြေအတွင်း ဝင်ရောက်သွားသောအခါ မထင်မှတ်ထားလောက်အောင် နှေးကွေးသွားကာ စွမ်းအားများကလည်း အားနည်းသွားပုံရသည်။ ၎င်းတို့က အရင်ဆုံး အေးခဲခံလိုက်ရပြီးနောက် မကြာခင်တွင် ဖျက်ဆီးခံလိုက်ရသည်။ ယင်းတို့က ရီဖူရှင်း၏ နယ်နိမိတ်ဝင်ရိုး နယ်မြေအတွင်း ဝင်ရောက်နိုင်ခဲ့သော်လည်း ထိုနေရာမှာ ရီဖူရှင်း၏ ကိုယ်ပိုင်လောကတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူ ထိန်းချုပ်ထားသော မဟာလမ်းစဥ်က ပို၍ အစွမ်းထက်လှပြီး ထိုနေရာသို့ ဗုဒ္ဓနတ်ဘုရားချိပ်စည်းတို့က အားနည်းသွားကာ ဖျက်ဆီးခံလိုက်ရသည်မှာ ယုံကြည်ရန် ကျိုးကြောင်းဆီလျော်ပေသည်။
"ယေဘုယျကျကျပြောရရင်တော့ သူ့ရဲ့ နယ်နိမိတ်ဝင်ရိုးက တခြားလူတွေနဲ့ မတူကွဲပြားနေတာမှ မဟုတ်ရင် နယ်နိမိတ်ဝင်ရိုးတစ်ခုက ဒီလောက် အစွမ်းမထက်နိုင်ဘူး။" မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သည့် ကျင့်ကြံသူအချို့က ခပ်တိုးတိုး ပြောလိုက်သည်။ သူက ထိုနေရာအတွင်းမှ တိုးတက်မှုအခြေအနေကို အနီးကပ်လေ့လာနေခဲ့သည်။
"ကောင်းပြီ။ ဖိနှိပ်လွှမ်းမိုးနိုင်တဲ့ အဆင့်က တူနေရင်တောင် ရီဖူရှင်းရဲ့ မဟာလမ်းစဥ် နတ်ဝင်ရိုးက နတ်ဘုရားသားတော်ထက် ပိုပြီး အဆင့်မြင့်နေတာ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် သူက မဟာလမ်းစဥ် ဖိနှိပ်မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီးတော့ ဒါကြောင့်ပဲ ကျင့်ကြံဆင့်နိမ့်နေတာတောင် သူက ဟန့်တားနိုင်စွမ်းရှိပြီး သူ့ပြိုင်ဘက်ရဲ့ အစွမ်းထက် တိုက်ခိုက်မှုတွေ လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်တာပဲ။" တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်သည်။ သူတို့သည် သူတို့ မြင်တွေ့ရသမျှ ရီဖူရှင်း၏ စွမ်းရည်တို့ကို လေ့လာဆန်းစစ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ထိုထိပ်သီးကျင့်ကြံသူများက ရီဖူရှင်းကို ပို၍ပင် စိတ်ဝင်စားလာကြပေသည်။ ထိုအချက်များကို ကြည့်လျှင် ရီဖူရှင်း၌ ဖုံးကွယ်ထားသည့် အချို့သော လျှို့ဝှက်ချက်များ ရှိနေဆဲ ဖြစ်သည်။ ထိုသည်မှာ သူက မည်သည့်အတွက် အခြားသူများနှင့် အရာအားလုံး ကွာခြားနေရသနည်းဟူသည့် အကြောင်းရင်း ဖြစ်ပေလိမ့်မည်။
ဗုဒ္ဓနတ်ဘုရားသားတော်က မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။ သူက ဗုဒ္ဓဘုံမှ ဆက်ခံသူဖြစ်ပြီး ဗုဒ္ဓဘုံအတွင်း နတ်စွမ်းအား အားလုံးကို ပိုင်ဆိုင်ထားသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက အလွန် လွှမ်းမိုးနိုင်စွမ်း ရှိပြီး သူနှင့် ယှဥ်နိုင်သည့် ထိုက်တန်သူကို ရှာတွေ့ရန်မှာ ခက်ခဲလှသည်။ သို့သော် ထိုသို့သော တည်ရှိမှုမှာ သူတို့၏ နယ်နိမိတ်ဝင်ရိုး အဆင့်ကြောင့် ရီဖူရှင်း၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး ထိုအံ့သြဖွယ် ဖြစ်ရပ်နောက်ကွယ်မှ အကြောင်းရင်းက သူ့ကို နှိုးဆွပေးရန် လုံလောက်ပေသည်။
ထိုသည်မှာ နောက်ဆုံးတစ်ခေါက်က ရှီးချီယောင် သတိပြုမိလိုက်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ သူမသည် နောက်ဆုံးတစ်ခေါက် ရီဖူရှင်းနှင့် တိုက်ခိုက်စဥ်က ခံစားချက်အား ပြန်စဥ်းစားလိုက်သည်။ အမှန်တွင် ၎င်းက သူတို့ပြောသည်နှင့် အတိအကျတူပေသည်။ သူမသည်လည်း လက်ရှိ ဗုဒ္ဓနတ်ဘုရားသားတော် ရင်ဆိုင်နေရသော တူညီသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
ထိုအချိန်တွင် သူမက အနောက်အင်ပါယာ၏ မျက်လုံးများကို အသုံးပြု၍ မဟာလမ်းစဥ်နယ်မြေတစ်ခု ဖန်တီးခဲ့ကာ ရီဖူရှင်းအား ဖိနှိပ်ကာ နှိမ်နင်းနိုင်မည်ဟု တွေးခဲ့သော်လည်း ထိုသို့ မလုပ်ဆောင်နိုင်ခဲ့ပေ။ နောက်ဆုံးအချိန်တခဏ၌ ထူးဆန်းသည့် ခံစားမှုတစ်ခု ဖြစ်တည်လာခဲ့သည်မှာ ယခု ထိုကျင့်ကြံသူများ ကောက်ချက်ချခဲ့သည့် အကြောင်းရင်းကြောင့် ဖြစ်နိုင်ပေသည်။
ရီဖူရှင်းက ထိပ်တန်းအဆင့် ပြိုင်ဘက်ကင်း မဟာလမ်းစဥ်နတ်ဝင်ရိုးများကို ထိန်းချုပ်ထားနိုင်ပြီး ထိုသည်ကပင် သူက ဗုဒ္ဓနတ်ဘုရားသားတော်၏ နတ်ဝင်ရိုးကို ဖိနှိပ်နိုင်သည့်အဆင့် မြင့်မားရသော အကြောင်းရင်း ဖြစ်နိုင်သည်။ ဤကဲ့သို့သော အခြေအနေအောက်တွင် ဗုဒ္ဓနတ်ဘုရားသားတော်၏ ကျင့်ကြံဆင့်က ရီဖူရှင်းထက် မြင့်မားနေလျှင်ပင် သူ၏ တိုက်ခိုက်မှုက ရီဖူရှင်းထံ ရောက်ရှိရန် ခက်ခဲနေပေလိမ့်မည်။ ထို့ပြင် ထိုအဆုံးမဲ့ နတ်ဘုရားချိပ်စည်းများက ဖျက်ဆီးခံလိုက်ရသေးပေသည်။
အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ရှီးချီယောင်ကို တစ်ချက် ခိုးကြည့်လိုက်ကြသည်။ အနောက်အင်ပါယာ၏ ဤနတ်မိမယ်က ယခင်တိုက်ပွဲ၌ တစ်ခုခုကို သတိထားမိသွားခဲ့သည့်အတွက် သူမ၏ ဆန္ဒအလျောက် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
တိုက်ပွဲအတွင်း ဗုဒ္ဓနယ်မြေမှ နတ်ဘုရားသားတော်သည် ဖြစ်ပျက်နေသည်ကို မြင်သောအခါ မျက်နှာပျက်သွားခဲ့သည်။ သူ၏ ရွှေရောင်မျက်လုံးများက လေဟာနယ်ကို ထိုးဖောက်ကာ ရီဖူရှင်းပေါ်သို့ ကျဆင်းလာသည်။ သူ၏ တိုက်ခိုက်မှုများက ပိတ်ဆို့တားဆီးခံလိုက်ရပြီး ပြိုကွဲပျက်စီးသွားကာ ရီဖူရှင်းကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပေ။
ထိုစဥ်တွင် အခြားတစ်ဖက်၌ ယွမ်ရှီးနန်းတော်၏ ဆက်ခံသူကလည်း တူညီစွာပင် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သည်။ ရီဖူရှင်းက ထိုမျှအထိ အားကောင်းသည်လား။
သူ၏ တိုက်ခိုက်မှုများက ရီဖူရှင်းအား တုန်လှုပ်စေနိုင်ခြင်း ရှိမရှိ သိချင်နေခဲ့သည်။
လက်တစ်ချက်ဝှေ့ယမ်းလိုက်သာ်နှင့် ကောင်းကင်ထက်ရှိ နတ်ဘုရားပြစ်ဒဏ်ဓားဝင်္ကပါမှ ဓားအလင်းတန်းများ ထိုးထွက်လာသည်။ မရေတွက်နိုင်သော ဓားအလင်းများက လေဟာနယ်ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေသကဲ့သို့ တစ်ချိန်တည်း ကျဆင်းလာပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လိမ့်မည် ဖြစ်သည်။ ထိုဓားများ၏ အောက်တွင် အရာအားလုံးက မည်သည်မှမကျန်တော့အောင် ဖျက်ဆီးခံလိုက်ရပြီး မဟာလမ်းစဥ် နယ်မြေသည်ပင် ခြွင်းချက်မဖြစ်ခဲ့ပေ။
ရွှစ်..... စူးရှသည့် ဖောက်ထွင်းသံကို ကြားလိုက်ရပြီး နတ်ဘုရားပြစ်ဒဏ်ဓားများက အောက်သို့ ကျဆင်းလာကာ ရီဖူရှင်း၏ ဝန်းကျင်ရှိ မဟာလမ်းစဥ် နယ်မြေကို ဝင်ရောက်သွားသည်။ နောက်တခဏတွင် ထိုဖျက်ဆီးခြင်းဓားများက ရုတ်တရက် အရှိန်လျော့ကျသွားပြီး ရေခဲတစ်လွှာဖြင့် ဖုံးအုပ်ခံလိုက်ရသည်။
ဓားများက အောက်ဘက်သို့ အရှိန်ဖြင့် ဆက်လက်ဆင်းသက်လာဆဲ ဖြစ်ကာ ဆက်သွားလေ စွမ်းအားက လျော့ကျလာလေ ဖြစ်လျှင်ပင် ရီဖူရှင်းကို တိုက်ရိုက် ရည်ရွယ်လာသော ဓားများက အစွမ်းထက်နေဆဲ ဖြစ်သည်။
ရီဖူရှင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး နေမင်းနှင့် လမင်းတို့မှ နတ်အလင်းများ ဖြာကျလာကာ ဖျက်ဆီးခြင်း ယင်ယန်နတ်ဓားကို သယ်ဆောင်လာသည်။ ၎င်းက နတ်ဘုရားပြစ်ဒဏ်ဓားထံသို့ တည့်မတ်စွာ တိုးဝင်သွား၏။ ထို့နောက် ၎င်းတို့က အချင်းချင်း ထိပ်တိုက်တွေ့ဆုံကာ ကျူးကျော်လာသည့် ဓားများက ဖျက်ဆီးခံလိုက်ရပေသည်။
သေချာသလောက်ပင် နတ်ဘုရားပြစ်ဒဏ်ဓားများကလည်း ဗုဒ္ဓနတ်ဘုရားချိပ်စည်းနှင့် အလားတူကံကြမ္မာကို ခံစားခဲ့ရပေသည်။ မည်သည့်စွမ်းအားမဆို ရီဖူရှင်းအနီးမှ နယ်မြေကို ချဥ်းနင်းဝင်ရောက်လိုက်သည်နှင့် သက်ရောက်မှုက စတင်အားနည်းလာသည်။ ထိုနယ်နိမိတ်အတွင်း ရီဖူရှင်း၏ မဟာလမ်းစဥ်စွမ်းအားက အလွန် မြင့်မားပြီး သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကို အလွယ်တကူ တားဆီးနိုင်စွမ်း ရှိပေသည်။
ဆိုလိုသည်မှာ ထိုအဆင့်တိုက်ခိုက်မှုက ရီဖူရှင်းကို အနိုင်ယူရန်မဆိုထားနှင့် အနီးကိုပင် မချဥ်းကပ်နိုင်ပေ။
သူတို့အနီးရှိ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများက တိုက်ပွဲမြေပြင်ကို ဝန်းရံကာ ကြည့်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက နတ်အလင်းနှင့် တောက်ပနေပြီး လေဟာနယ်အတွင်း တိုက်ခိုက်လိုစိတ်တို့နှင့် ပြည့်နေခဲ့သည်။ သူတို့ကို ကြည့်ရသည်မှာ တိုက်ပွဲအတွင်း ခုန်ဝင်၍ ရီဖူရှင်း၏ စက်ကွင်းနယ်မြေက မည်မျှ အားကောင်းကြောင်း မြင်တွေ့လိုပြီး သူက မည်သည့်စွမ်းအားအဆင့်ထိ ခံနိုင်ရည်ရှိမည်ကို သိချင်နေကြပေသည်။
နယ်မြေတစ်ခုက မည်မျှအစွမ်းထက်သည်ဖြစ်စေ ဖျက်ဆီး၍မရနိုင်သည်တော့ မဟုတ်ပေ။ တိုက်ခိုက်ရေးစွမ်းအားက လုံလောက်အောင် အားကောင်းနေသရွေ့ ထိုနယ်နိမိတ်စက်ကွင်းက ကျိန်းသေ ဖျက်ဆီးခံရလိမ့်မည်ဟု သူတို့က တွေးနေကြသည်။
"ကြိုးစားကြည့်ရင် ကောင်းမလား။" တိုက်ပွဲမြေပြင်မှ အကြည့်မလွှဲဘဲ ရှိနေသည့် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူ၏ စိတ်ဝင်စားမှုက မြင့်တက်လာသည်။ ဤနည်းစနစ်က ရီဖူရှင်း အကျွမ်းကျင်ဆုံး နည်းစနစ် ဖြစ်နိုင်သည်။ ဤကဲ့သို့ စွမ်းရည်အဆင့်သည် အဆင့်ရှစ်ထိပ်တန်း ကျင့်ကြံသူများပင် ယှဥ်ပြိုင်ရန် ခက်ခဲပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ၎င်းထိပ်သီးပုဂ္ဂိုလ်နှစ်ယောက်က ရီဖူရှင်းအား အနိုင်မယူနိုင်ရုံမျှမက အနီးပင် မကပ်နိုင်ခဲ့ချေ။
"စောင့်ကြည့်ရအောင်။" လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်လေ့လာနေသော ပြန်ပြောလိုက်သည်။ ဗုဒ္ဓ နတ်ဘုရားသားတော်နှင့် ယွမ်ရှီးနန်းတော်၏ ဆက်ခံသူတို့က သူတို့ အကန့်အသတ်သို့ မရောက်ကြသေးပေ။ လက်ရှိတွင် လူတိုင်းသည် ဤတိုက်ပွဲက မည်သို့ ပြီးဆုံးသွားမည်ကို အနည်းငယ် သိချင်နေခဲ့၏။
ထိုအခိုက်တွင် ဗုဒ္ဓ နတ်ဘုရားသားတော်က လက်အုပ်ချီလိုက်ကာ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် နတ်အလင်းတို့ ထုတ်လွှတ်လာပြီး ကောင်းကင်ထက်တွင် ရှိနေသည့် နတ်ဘုရားပုံရိပ်နှင့် ပေါင်းစည်းသွားသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ကြောက်မက်ဖွယ် အသံများ ထွက်ပေါ်လာသည်။ တခဏအတွင်း ထိတ်လန့်ဖွယ်ရာ နတ်အလင်းတို့လည်း ပေါ်ပေါက်လာ၏။ ထိုရွှေရောင်နတ်အလင်းတို့တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ထိုးဖောက်နိုင်သည့် စွမ်းအားတို့ကို ပိုင်ဆိုင်ထားပြီး ရီဖူရှင်းကို လွှမ်းခြုံလာသည်။
နောက်တခဏတွင် အကန့်အသတ်မဲ့ ကြီးမားသော လက်တစ်ဖက်က ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။ ထိုလက်ကြီးက ကောင်းကင်နှင့် နေကို ဖုံးလွှမ်းကာ ကောင်းကင်မှ ဆင်းသက်လာသည့် ကျောက်တိုင်ကဲ့သို့ အောက်ဘက်ရှိ ရီဖူရှင်းထံ ဦးတည်လာသည်။ လက်က ရှေ့သို့ တိုးဝင်လာပြီး ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လာ၏။ ကြောက်မက်ဖွယ် ပေါက်ကွဲသံက လေဟာနယ်အတွင်း အော်မြည်နေပြီး ဤကမ္ဘာက ပြိုကျပျက်စီးတော့မလို ဖြစ်လာပေသည်။ လေဟာနယ်တစ်ခွင်လုံးက တုန်ခါနေခဲ့၏။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းသည် ဤဗုဒ္ဓဘုံမှ နတ်ဘုရားသားတော်က အနိုင်ယူရန် စိတ်ပိုင်းဖြတ်လိုက်ပြီး ရီဖူရှင်း၏ နယ်နိမိတ် စက်ကွင်းနယ်မြေကို ချိုးဖျက်ချင်နေသည်ဟု သိရှိလိုက်ကြပေသည်။