အဆင့်ကိုးရန်ဟောင် ပါဝင်လာခြင်း
Vol. 166 Ch. 2367
လက်ကြီးက လမ်းတလျှောက်ဆင်းသက်လာပြီး ရီဖူရှင်းအနီးရှိ မဟာလမ်းစဥ် နယ်မြေကို တိုက်ရိုက် ထိုးဖောက်လာသည်။ ဗုဒ္ဓ နတ်ဘုရားစွမ်းအားဖြင့် ပဲ့ကိုင်ထားသည့် ထိုနတ်ဘုရားလက်ကို ဤမဟာလမ်းစဥ်နယ်မြေ၏ စွမ်းအားသည်ပင် သက်ရောက်စေရန် ခက်ခဲနေခဲ့ပေသည်။
ထိတ်လန့်ဖွယ် ကောင်းလှသည့် တုန်ခါသံများကို ကြားလိုက်ရပြီး လေဟာနယ်က ပြိုကျပျက်စီးလုနီးပါး ဖြစ်လာခဲ့ပေသည်။ မဟာလမ်းစဥ် နယ်မြေအတွင်းမှ ကြယ်များက ပေါက်ကွဲသွားပြီး ကြီးမားသော နတ်ဘုရား လက်ဝါးကြီး၏ အောက်၌ ဖျက်ဆီးခံလိုက်ရသည်။
လေဟာနယ်ကို ထိုးဖောက်လာသည့် ရွှေရောင်လက်၏ အခြားတစ်ဖက်တွင် ကောင်းကင်ထက်ရှိ ရွှေရောင်ခန္ဓာကိုယ်နှင့် တိုက်ရိုက်ဆက်သွယ်နေပြီး ဗုဒ္ဓနတ်စွမ်းအားတို့ကို အဆက်မပြတ် ပို့ဆောင်ပေးနေသည်။ လက်က အောက်သို့ ကျရောက်လာသောအခါ ရွှေရောင်အလင်းတန်းတစ်ခုက ရပ်တန့်၍ မရနိုင်သော အင်အားတို့ဖြင့် ကောင်းကင်အောက်ဘက်သို့ ကျဆင်းလာခဲ့သည်။
ဘုန်း... ပြင်းထန်သည့် နတ်အလင်းတို့က ရီဖူရှင်းထံမှ ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ ထွက်ပေါ်လာသော နတ်အလင်းတို့က ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားသည်။ ကြောက်မက်ဖွယ် နတ်အလင်းတို့က နတ်ဘုရားလက်ကို ရစ်ပတ်လွှမ်းခြုံလာသည့်အတွက်ကြောင့် လက်မောင်း၏ အရှိန်နှင့် စွမ်းအားကို ကြီးစွာ ထိခိုက်စေခဲ့သည်။ ၎င်းက အောက်ဘက်သို့ ဆက်လက် ဆင်းသွားနေဆဲ ဖြစ်လျှင်ပင် အရှိန်က သိသိသာသာ လျော့ကျသွားခဲ့ပေသည်။
ရီဖူရှင်း၏ နောက်တွင် ထူးခြားလှပသည့် မြင်ကွင်းများ ဖြစ်ပေါ်လာသည်။ ထိတ်လန့်ခြောက်ခြားဖွယ် စူးရှသည့် အသံနှင့်အတူ ရီဖူရှင်းက ဥဒေါင်းနတ်မိစ္ဆာအဖြစ် ဖွဲ့စည်းလိုက်သည်။ သူ၏ မျက်နှာက ပိုမို ကြောက်မက်ဖွယ် ကောင်းလာပြီး ထိတ်လန့်အံ့သြဖွယ် နတ်ဆိုးစွမ်းအားများက သူ့ထံမှ ထွက်ပေါ်လာခဲ့သည်။ လူများစွာ၏ နှလုံးတို့က ပြင်းထန်စွာ ခုန်ပေါက်နေစေခဲ့ပြီး ခမ်းနားထည်ဝါသည့် နတ်ဆိုးစွမ်းအားများက အနန္တနတ်အလင်းတို့နှင့်အတူ ပေါက်ကွဲထွက်လာသည်။
ဘုန်း... ကြီးမားသည့် လက်မောင်းက အောက်သို့ ကျဆင်းလာသည့်အခါ ၎င်းက ကြယ်အလင်းလွှာ၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရသည်။ ရီဖူရှင်းကို ဝန်းရံထားသည့် ကြယ်နတ်အလင်းတို့က ရောယှက်သွားကာ သူ့အနီးတွင် အကြွင်းမဲ့ ခုခံကာကွယ်ရေးနယ်မြေတစ်ခု ဖြစ်တည်လာ၏။ ထိုလက်က အကာအကွယ် အလင်းလွှာပေါ် ရိုက်ချလိုက်ပြီး ၎င်းကို ပြင်းထန်စွာ တုန်ခါသွားစေသော်လည်း နတ်ဘုရားလက်က အရှိန်အဟုန် ဟန့်တားခံလိုက်ရသည်။
ကျယ်လောင်သော အသံနှင့် အက်ကြောင်းများက ကြယ်အလင်းလွှာပေါ်တွင် စတင် ပေါ်ပေါက်လာသည်။ ထို့နောက် အကာအကွယ် အလင်းလွှာက ပြိုကျပျက်စီးသွားခဲ့ပေသည်။ ကောင်းကင်ထက်မှ အနန္တ ဗုဒ္ဓနတ်စွမ်းအားတို့က အကာအကွယ် အလင်းလွှာကို ချိုးဖျက်နိုင်သည့်တိုင်အောင် အဆက်မပြတ် ကျဆင်းလာနေ၏။ သို့သော် တစ်ချိန်တည်းတွင် ထိုကြီးမားသည့် ရွှေရောင်လက်ဝါးက ယင်စွမ်းအားတို့ဖြင့် လွှမ်းခြုံခံလိုက်ရပြီး ယခု ၎င်း၏ စွမ်းအားများစွာက လျော့နည်းသွားခဲ့ပေသည်။
ကောင်းကင်ထက်မှ ရွှေရောင်နတ်ရောင်ဝါတို့က ဆက်လက်ကျဆင်းလာနေပြီး နတ်ဘုရားလက်ကို စွမ်းအားများ ပြန်လည်ရရှိလာအောင် သွန်းလောင်းပေးနေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ကြယ်အလင်းလွှာအတွင်း ရှိနေသည့် ရီဖူရှင်းက လင်းလက်တောက်ပလာကာ ဖျက်ဆီး၍မရနိုင်သော နတ်ဓားအဖြစ် ပြောင်းလဲသွားပေသည်။ သူ့ခန္ဓာကိုယ်အနီး ဓားစွမ်းအားများက ဝန်းရံနေပြီး မရေတွက်နိုင်သော ကြယ်အလင်းများက သူ့ပေါ်သို့ ကျဆင်းလာကာ မိစ္ဆာနတ်ဘုရား၏ စွမ်းအားများကလည်း သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ များပြားလှသည့် စွမ်းအားများ၏ ထောက်ပံ့မှုအောက်တွင် ရီဖူရှင်း အရှိန်အဝါတို့က တဟုန်ထိုး မြင့်တက်လာခဲ့ပေသည်။
ဘုန်း... မရေတွက်နိုင်သော နတ်အလင်းတို့က ထိုကြီးမားသည့် လက်မောင်းထံသို့ တစ်ချိန်တည်း တိုးဝင်လာသည်။ ၎င်းတို့က စုစည်းလာပြီး အလင်းတန်းတစ်ခုတည်းအဖြစ် ပေါင်းစည်းကာ ဓားတစ်လက်ကဲ့သို့ ပြောင်းလဲသွားပေသည်။
ထိုဓားချက်က ကောင်းကင်နှင့် မြေကြီးအပြင် လေဟာနယ်ကို ထိုးဖောက်ကာ ချက်ချင်းပင် နတ်ဘုရား၏ လက်ဝါးကို ရိုက်ခတ်လိုက်သည်။ တိုက်ခိုက်မှုနှစ်ခုက ထိပ်တိုက်တွေ့ဆုံခဲ့သည့် အခိုက်အတန့်တွင် အချိန်နှင့် လေဟာနယ်က ရပ်တန့်သွားသလို ထင်မှတ်ရပေသည်။ သိပ်မကြာခင်မှာပင် မရေတွက်နိုင်သော အလင်းတန်းများက လက်ဝါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခွင်လုံးက ရွှေရောင်အလင်းတို့နှင့် ပြည့်နှက်နေခဲ့သည်။ ကြီးမားသော လက်ဝါးကြီးက စတင်ကာ အက်ကြောင်းများ ပေါ်ထွက်လာပြီး ဓားစွမ်းအားတို့က အရူးအမူး တိုးဝင်သွားကာ နတ်ဘုရားလက်တလျှောက် အက်ကြောင်းများသို့ ကျူးကျော်ဝင်ရောက်၍ တဖြေးဖြေး စိမ့်ဝင်သွားခဲ့ပေသည်။
ရွှစ်... ကြောက်မက်ဖွယ် ဓားစွမ်းအားတို့က ရွှေရောင်လက်တလျှောက် အထက်သို့ တက်လာခဲ့သည်။ လူတိုင်းသည် ထိုနတ်ဘုရားလက်က ကွဲထွက်သွားသည်ကို မြင်လိုက်ကြရ၏။ တစ်ချိန်တည်းတွင် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားအလင်းတို့က လက်မောင်းကို ခွဲခြမ်းကာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ကောင်းကင်ထက်ရှိ နတ်ဘုရားပုံရိပ်ထံ တိုက်ရိုက် ရိုက်ခတ်သွားပေသည်။
ဘုန်း... ဘုန်း... နတ်ဘုရားလက်က အရူးအမူး ပေါက်ကွဲထွက်လာပြီး ဖျက်ဆီးခံလိုက်ရပေသည်။ ဗုဒ္ဓစက်ကွင်းနယ်မြေက ပြင်းထန်သည့် ဓားစွမ်းအားအောက်တွင် ပြင်းထန်စွာ တုန်ခါသွားပြီး ဗုဒ္ဓနယ်မြေ၏ နတ်ဘုရားသားတော်သည်လည်း အနည်းငယ် ဖြူဖျော့သွားခဲ့သည်။
ရီဖူရှင်းက ခေါင်းကိုမော့ကာ ကြည့်လိုက်၏။ ထို့နောက် အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်။ ယခု သူ့ခန္ဓာကိုယ်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ လူအုပ်ကြီးသည် လေဟာနယ်အတွင်း ဓားအလင်းတို့ ထိုးဖောက်သွားကာ ကောင်းကင်ထက်ရှိ နတ်ဘုရားပုံရိပ်ပေါ်သို့ တိုက်ရိုက် ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ကြည်လင်သော အက်ကွဲသံတစ်ခုကို ရှင်းလင်းစွာ ကြားလိုက်ရပေသည်။ လူတိုင်းက ကောင်းကင်နှင့် မြေကြီးကြား ထိုးဖောက်လာသည့် ဓားကို မြင်တွေ့လိုက်ကြရသည်။ လေဟာနယ်ထဲမှ နတ်ဘုရားပုံရိပ်ပေါ်တွင် အက်ကြောင်းအချို့ ပေါ်ပေါက်လာကာ ဗုဒ္ဓစက်ကွင်းနယ်မြေက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ တိုက်ပွဲမြေပြင်ပေါ်ရှိ ရီဖူရှင်းက တစ်လက်မမှ ရွေ့လျားသွားပုံမရပေ။ သူက ထိုနေရာ၌သာ ရပ်နေခဲ့ပြီး တိုက်ခိုက်မှုပင် မပြုလုပ်ခဲ့သလို ထင်မှတ်ရပေသည်။
သို့သော် ရီဖူရှင်း၏ ခန္ဓာကိုယ်က တောက်ပနေခဲ့ပြီး သူ့ခန္ဓာက အဆုံးမဲ့ ကြယ်အလင်းတို့နှင့် လွှမ်းခြုံထားသည့် မဟာလမ်းစဥ် ဓားခန္ဓာအဖြစ် ပြောင်းလဲသွားသည်။ သူက တွေးလိုက်သည်နှင့် လူတိုင်းသည် ပြီးပြည့်စုံသော ဓားစွမ်းအင်တို့နှင့် နောက်ထပ် ဓားတစ်လက်က ကောင်းကင်သို့ ထိုးဖောက်သွားသည်အား မြင်တွေ့လိုက်ကြရပေသည်။ လေဟာနယ်အကွာအဝေးက မတည်ရှိသလိုပင် ဖြစ်သည်။ သူ့ခန္ဓာကိုယ်က ဓားတစ်လက်ကဲ့သို့ ဖြစ်နေခဲ့၏။
ဘုန်း.. နောက်ထပ် ဓားတစ်လက်က ဗုဒ္ဓစက်ကွင်းနယ်မြေပေါ်သို့ ကျရောက်လာပြီးနောက် တတိယ တိုက်ခိုက်မှု၊ စတုတ္ထတိုက်ခိုက်မှုတို့လည်း အဆက်မပြတ် ကျရောက်လာခဲ့သည်။ အချိန်တိုအတွင်း မရေတွက်နိုင်သည့် ဓားချက်များက ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်လာ၏။ အားလုံးသော တိုက်ကွက်များက ဗုဒ္ဓစက်ကွင်းနယ်မြေပေါ် ကျရောက်လာ၏။ ဗုဒ္ဓနယ်မြေ၏ မဖျက်ဆီးနိုင်သော နတ်စွမ်းအားတို့ ပါဝင်နေသည့် ထိုစက်ကွင်းနယ်မြေအတွင်း ပို၍ များပြားသော အက်ကြောင်းများ ထွက်ပေါ်လာသည်။
သူတို့ ရှေ့တွင် ဖြစ်ပေါ်နေသည့် မြင်ကွင်းက ဖော်ပြ၍မရနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။ မရေတွက်နိုင်သော ဓားများက ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားပုံရကာ ဗုဒ္ဓစက်ကွင်းနယ်မြေ၏ နေရာအနှံ့သို့ ရိုက်ခတ်သွားသည်။ ထိုသို့ဆက်လက်ဖြစ်ပွားနေလျှင် ဗုဒ္ဓနယ်မြေ၏ မဟာလမ်းစဥ်နယ်မြေက ဧကန်မလွဲ ပြိုကျပျက်စီးသွားပေလိမ့်မည်။ ထိုသို့ဖြစ်ပါက ဗုဒ္ဓနတ်ဘုရားသားတော်၏ နတ်ဝင်ရိုးက ကျိန်းသေ ပျက်စီးသွားရမည် ဖြစ်ပေသည်။
ကျင့်ကြံသူများစွာက နတ်ဘုရားသားတော်ရှိရာဘက်သို့ ကြည့်လိုက်ကာ ရွှေရောင်မျက်နှာကြီး၌ နာကျင်မှုအချို့ကြောင့် ရုန်းကန်နေရသည့် လက္ခဏာတချို့ကို မြင်တွေ့လိုက်ရသည်။ နောက်ဆုံးတွင် သူက ခပ်တိုးတိုး ညည်းညူလိုက်ပြီး တစ်ချက်တွေးလိုက်သည်နှင့် နတ်အလင်းတို့ကို ချက်ချင်း ပျောက်ကွယ်သွားစေခဲ့ကာ ဗုဒ္ဓစက်ကွင်းနယ်မြေကလည်း ပျက်ပြယ်သွားခဲ့ပေသည်။ အဆုံးမဲ့ နတ်အလင်းတို့က သူ့ခန္ဓာကိုယ်အတွင်း အရူးအမူးတိုးဝင်သွားပြီး သူက ဆက်လက်မတိုက်ခိုက်ရဲတော့ပေ။
ဗုဒ္ဓနယ်မြေ၏ နတ်ဘုရားသားတော်က ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ကာ လူတိုင်းသည် သူတို့ ရှေ့တွင် ဖြစ်ပွားခဲ့သည့် မြင်ကွင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်ဟု လူတိုင်းက တွေးလိုက်ကြသည်။ ဤထိပ်သီးကျင့်ကြံသူနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဗုဒ္ဓနတ်ဘုရားသားတော်က ဖိနှိိပ်ခံရကာ မဟာလမ်းစဥ်နယ်မြေကို ပြန်လည်ရုတ်သိမ်းလိုက်ရသည်။ သူက ရီဖူရှင်း၏ တိုက်ခိုက်မှုကို တောင့်မခံထားနိုင်သည်မှာ ရှင်းလင်းပေသည်။ သူက ဆက်လက်တိုက်ခိုက်လျှင် နတ်ဝင်ရိုးက ပြိုကျပျက်စီးသွားရပေလိမ့်မည်။
ရီဖူရှင်းက ဗုဒ္ဓနတ်ဘုရားသားတော် ရှိရာဘက်သို့ ကြည့်လိုက်သော်လည်း ဆက်လက်တိုက်ခိုက်ခြင်း မရှိပေ။ နောက်တခဏတွင် ယွမ်ရှီးနန်းတော်၏ ဆက်ခံသူကလည်း တိုက်ခိုက်မှုကို ဆက်မလုပ်တော့ချေ။ ဗုဒ္ဓနယ်မြေ၏ တိုက်ခိုက်ရေးနှင့် ခုခံကာကွယ်ရေး နည်းစနစ်က အလွန် ရက်စက်ကြမ်းကြုတ်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ကျော်ကြားသော်လည်း ယခု ဗုဒ္ဓစက်ကွင်းနယ်မြေသည်ပင် ဖျက်ဆီးခံလိုက်ရသည်။ သူက ဆက်လက်တိုက်ခိုက်လျှင်ပင် ရီဖူရှင်းကို ရှုံးနိမ့်စေနိုင်လိမ့်မည် မဟုတ်ပေ။
မူလဘုံ၏ နံပါတ်တစ်ပါရမီရှင်က အမှန်ပင် အလွန် အစွမ်းထက်လှသည်။
ထိုဝန်းကျင်ရှိ အခြားကျင့်ကြံသူများက ရီဖူရှင်းပေါ် အာရုံစိုက်နေခဲ့သည်။ ကြည့်ရသည်မှာ သူတို့ပါ လှုပ်ရှားမှုမပြုလျှင် ရီဖူရှင်းကို ဖိနှိပ်နိုင်မည် မဟုတ်ပေ။ ယခု ရီဖူရှင်း ထုတ်လွှတ်လိုက်သော စက်ကွင်းနယ်မြေအင်အားက အသိအမှတ်ပြုလောက်ဖွယ် ဖြစ်ပြီး ယခု အခြေအနေက ရီဖူရှင်း၏ အကန့်အသတ်သို့ နီးကပ်ပါရဲ့လားပင် သေချာမသိကြသေးချေ။
"မဆိုးဘူး။" တစ်စုံတစ်ယောက်က ချီးကျူးလိုက်သည်။ ကောင်းကင်ဒေသမှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ မေးလိုက်၏။ "မူလဘုံ နံပါတ်တစ်ပါရမီရှင်ရဲ့ ဂုဏ်သတင်းက တကယ် ထိုက်တန်ပါတယ်။ ရန်ဟောင်ရီရဲ့ အကန့်အသတ်မဲ့ အလားအလာနဲ့ စက်ကွင်းနယ်မြေကျင့်ကြံခြင်းက တကယ် ထူးခြားပြောင်မြောက်တာကိုလည်း ကျုပ်တို့ မြင်နိုင်တယ်။ ဒီမဟာလမ်းစဥ်နတ်ဝင်ရိုးကို ဘယ်လိုဖွဲ့စည်းနိုင်ခဲ့တာလဲဆိုတာ ကျုပ်တော့ သိချင်မိသား။"
ရီဖူရှင်းက စကားပြောလာသူကို ကြည့်လိုက်ပြီး ထိုသူမှာ ရှေးဟောင်းနတ်ဘုရားကလန် အနန္တတောင်တန်းမှ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူက အနန္တတောင်တန်းတွင် ကျင့်ကြံနေသည့် ထိပ်တန်းရန်ဟောင်တစ်ပါး ဖြစ်သည်။ ထို့ပြင် အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်သည်။ သူ့ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါက နက်နဲသိမ်မွေ့သော်လည်း ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုမဟာလမ်းစဥ်နယ်မြေကို သူ၏ မွေးရာပါပင်ကိုဝိညာဥ် ဖြစ်သည်။ သူက လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောရန်အထိ ရူးသွပ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူက တုန့်ပြန်ပြောဆိုရန် အပင်ပန်းမခံနေခဲ့ချေ။ ထိုကျင့်ကြံသူများက လေဟာနယ်ကို ဝန်းရံထားဆဲ ဖြစ်သည်။ သူတို့က မကောင်းသော ရည်ရွယ်ချက်များဖြင့် လာကြခြင်းဖြစ်ရာ သူက အခြေခံယဥ်ကျေးမှုများ လုပ်ဆောင်နေရန် မလိုအပ်တော့ဟု ခံစားမိပေသည်။
ရီဖူရှင်း ပြန်မဖြေသည်ကို မြင်သောအခါ အနန္တတောင်တန်းမှ ကျင့်ကြံသူက ပြုံးလိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးကြားတွင် အနန္တနတ်ဓားများ ပေါ်ပေါက်လာကာ ရီဖူရှင်းအား တိုက်ရိုက်ညွှန်ပြလာခဲ့သည်။
ယခု အဆင့်ကိုး အထွတ်အထိပ် ရန်ဟောင်သည်ပင် လှုပ်ရှားမှုပြုလုပ်လာပြီ ဖြစ်၏။
"ဒီလိုဆိုရင် ကျုပ်ကိုယ်တိုင်ပဲ ရန်ဟောင်ရီရဲ့ ကျင့်ကြံခြင်းက ဘယ်လောက် အားကောင်းလဲ စမ်းကြည့်ရတော့မှာပဲ။"