← Chapters

တစ်ဖန် တွေ့ဆုံခဲ့ပြီ

Vol. 166 Ch. 2369

တစ်ဖန် တွေ့ဆုံခဲ့ပြီ

Vol. 166 Ch. 2369

"သူမက ဘယ်သူလဲ။"

ကောင်းကင်ဒေသမှ ကျင့်ကြံသူများက သူမကို တိတ်တဆိတ် လေ့လာနေကြသည်။ သူတို့က ရီဖူရှင်းကို ကြည့်လိုက်သည်နှင့် သူမ၏ မျက်လုံးများက သူ့ပေါ်သို့ လျင်မြန်စွာ ကျရောက်လာခဲ့သည်။

ရီဖူရှင်းကလည်း သူမကို ကြည့်နေခဲ့သည်။ ကောင်းကင်ထက် လေဟာနယ်၌ ရပ်နေသည့် ထိုဆံပင်အဖြူရောင်နှင့် ရန်ဟောင်က ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းပါရမီရှင်၊ ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ်၊ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်၊ လေးမျက်နှာကျေးရွာ၏ ဆရာတစ်ပါး ဖြစ်ပြီး စီဝေ့မဟာအင်ပါယာ၊ မဟာအင်ပါယာရှန်ကျားနှင့် မဟာအင်ပါယာရှန့်ရင်းတို့၏ ဆက်ခံသူလည်း ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ မောက်မာသော မျက်လုံးများထဲ၌ အဆုံးမဲ့ သိမ်မွေ့နူးညံ့မှုများသာ ရှိနေခဲ့၏။ အလွန် တောက်ပသည့် အပြုံးတစ်ခုက သူ့မျက်လုံးများ၏ ထောင့်တွင် ပေါ်ပေါက်လာသည်။

အပြုံးက အလွန် သန့်စင်ပြီး မျက်လုံးများက အလွန် ကြည်စင်နေသည်။ ဤမျှအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သော ကျင့်ကြံတစ်ယောက်အတွက် ဤကဲ့သို့ သန့်စင်လှသည့် ခံစားချက်တို့ကို ထိန်းသိမ်းထားနိုင်ရန်မှာ ခက်ခဲလှပေသည်။ အဖြစ်အပျက်တို့အား သေချာမသိသူများသည်ပင် ယခု ထွက်ပေါ်လာသည့် အမျိုးသမီးက ရီဖူရှင်း၏ ချစ်ရသူ ဖြစ်လိမ့်မည်ဟူသည့် အဖြစ်ကို နားလည်လိုက်ကြသည်။

လေဟာနယ်အတွင်း ပေါ်ပေါက်လာသည့် နတ်မိမယ်၏ လှပသော မျက်လုံးများကလည်း ရီဖူရှင်းကို ပြန်၍ စိုက်ကြည့်နေခဲ့ကြသည်။ ထိုနှစ်ယောက်က လေဟာနယ်ကို ဖြတ်ကာ အချင်းချင်း ကြည့်နေကြပြီး တစ်ယောက်နှင့် တစ်ယောက် အဆုံးမဲ့သော ချစ်ခြင်းခံစားချက်များကို ဖလှယ်နေကြသည်။ သူမက မည်သည့် အေးစက်မှုနှင့် မာနထောင်လွှားမှုမှ မရှိဘဲ အလွန်နူးညံ့သိမ်မွေ့သော ခံစားချက်ကိုသာ ပေးစွမ်းပေသည်။ သူမထံ၌ ကျန်နေခဲ့သည့် အရာအားလုံးမှာ သန့်စင်ကာ ရိုးစင်းလှသည့် လှပမှုသာ ဖြစ်လေသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် သူတို့က တစ်သက်တာ ဝေးကွာခဲ့ရသလို ခံစားမိပေသည်။ သူ့စိတ်ထဲတွင် သူတို့ ပထမဆုံးအကြိမ် မျက်လုံးချင်းဆုံမိခဲ့သည့် အချိန်ကို မတွေးမိဘဲ မနေနိုင်ခဲ့ပေ။

သူသည် သူ နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့ရသူက နောက်ဆုံး၌ သူ့ထံသို့ ကိုယ်တိုင် ပြန်ရောက်လာခဲ့ပြီဖြစ်​ကြောင်း သိလိုက်သည်။ သူမက သူမ၏ ခန္ဓာကိုယ်ကို ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် သူမကိုယ်သူမ ပြန်ရှာတွေ့ကာ သူ့ထံ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

"သူမ ပြန်လာပြီ။"

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများ ရှိရာဘက်မှ အရှင်ထိုက်ရွှမ်က တီးတိုးရေရွတ်လိုက်သည်။ ပိုပြီး အရေးကြီးသည်မှာ ယခု ပြန်ရောက်လာသူက သူ တစ်ချိန်တစ်ခါက ကောင်းကင်အာဏာစက်ကျောင်းတော်၌ သူ သိရှိခဲ့ဖူးသော ဟွာဂျီယူမဟုတ်ဘဲ ရီဖူရှင်း တလျှောက်လုံး သိရှိကာ ချစ်မြတ်နိုးခဲ့ရသည့် ဟွာဂျီယူ ဖြစ်လေသည်။ သူမသည် ယခင်က သူ ဆုံတွေ့ခဲ့ဖူးသည့် အချိန်နှင့် အတော်လေး ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

ယခင်က သူတို့သည် ရီဖူရှင်းက ဟွာဂျီယူကို ဂရုစိုက်ပေးခဲ့သည့်အတွက် သတိပေးခဲ့ဖူးသည်။ ယခင်က ဗြဟ္မာ့သန့်စင်ကောင်းကင်ဘုံမှ ဧကရီ၏ ကျင့်ကြံခြင်းက အထွတ်အထိပ် ရန်ဟောင်ဖြစ်ပြီး သူမ ကျင့်ကြံသည့် နည်းစနစ်က အတော်လေး ထူးခြားပေသည်။ သူမသည် ရှေးယခင်ကပင် ပျောက်ဆုံးသွားခဲ့သည့် လျှို့ဝှက်ကျင့်စဥ်အား ကျင့်ကြံခဲ့ပြီး မူလရင်းမြစ်ကို မည်သူမှ မသိရှိခဲ့ပေ။ မဟာလမ်းစဥ် ဘုံသုံးထောင်ကို အတွေးတစ်ချက်နှင့် သိရှိနိုင်ပြီး အသုံးပြုသူ၏ ကိုယ်ပိုင်ရည်ရွယ်ချက်နှင့် အခြားတစ်စုံတစ်ယောက်၏ ရုပ်ခန္ဓာကို လုယက်ယူငင်နိုင်စွမ်း ရှိသည်။  ထိုအချိန်က သူတို့သည် ဟွာဂျီယူက ဗြဟ္မာ့သန့်စင်ကောင်းကင်ဧကရီ၏ အသုံးချခံဖြစ်ပြီး ရီဖူရှင်းက ထောင်ချောက်မိကာ သူမ၏ အသုံးချခံရမှုနှင့် အဆုံးသတ်သွားမည်ကို စိတ်ပူနေခဲ့သည်။

ထိုအချိန်က ဟွာဂျီယူသည် ရီဖူရှင်းနှင့် အမှန်တကယ် ရင်းနှီးခြင်းမရှိဘဲ ဗလာ စက္ကူတစ်ရွက်ကဲ့သို့ပင် ဖြစ်ပေသည်။ ရီဖူရှင်းက သူမကို အတော်လေး ဂရုတစိုက် ကာကွယ်ခဲ့ရသည်။

သို့သော် ယခုတွင် ဟွာဂျီယူ၏ အပြုံးကို မြင်သောအခါ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် ရီဖူရှင်း အမှန်တကယ် လွမ်းဆွတ်နေခဲ့ရသည့် သူ့ဇနီးက နောက်ဆုံး၌ ပြန်ရောက်လာပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ကြည့်ရသည်မှာ သူမ ထိုအချိန်က ကောင်းကင်ဒေသသို့ သွားရောက်ခဲ့ခြင်းက မှန်ကန်ပုံရလေသည်။ ရီဖူရှင်း သတ်ဖြတ်ခံခဲ့ရသည့် တိုက်ပွဲတွင် သူမက ပြင်းထန်သော တုန်လှုပ်ချောက်ချားမှုကြောင့် သူမကိုယ်သူမ ပြန်လည် အမှတ်ရသွားခြင်း ဖြစ်ပုံရပေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင် ဧကရီက သူမ၏ အသိစိတ်ကို မစိုးမိုးနိုင်ရုံမျှမက သူမသည်သာ ဟွာဂျီယူ၏ အပိုင်စီးခြင်းကို ခံလိုက်ရပေသည်။

ထိုနှစ်က ကောင်းကင်ဒေသသို့ သွားခဲ့သော လူစု၌ ဟွာဂျီယူမှလွဲ၍ ကျန်သည့် လူများအားလုံး ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်ရောက်လာခဲ့ကြပြီး ဖြစ်သည်။ သူတို့၏ စကားများအရ ဟွာဂျီယူသည် သူမ ကိုယ်ပိုင်ကျင့်ကြံရေးလမ်းစဥ်ကို လိုက်စားရန် ထွက်ခွာသွားခဲ့ပြီး သူမ မည်သည့်နေရာသို့ သွားသည်အား မည်သူမှ မသိကြပေ။

ယနေ့ သူမက ရီဖူရှင်း ကောင်းကင်ဒေသမှ ကျင့်ကြံသူများအားလုံး၏ ဝန်းရံကာ ဖိနှိပ်ခံနေရချိန်၌ တစ်ယောက်တည်း ပြန်လာခဲ့သည်။

ရီဖူရှင်းက မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ သူ၏ နူးညံ့သိမ်မွေ့သော မျက်လုံးများထဲ၌ ဝမ်းနည်းမှုတို့ တစ်စွန်းတစ်စ ရှိနေခဲ့သည်။ သူတို့သည် ဤနှစ်များတလျှောက် ခွဲခွာနေခဲ့ရသည့်အတွက် ယခုအခိုက်အတန့်၌ ဝမ်းနည်းမနေသင့်တော့ပေ။ ဤနှစ်များတလျှောက် သူတို့က အတူတူနေရသည်ထက် မကြာခဏ ခွဲခွာနေခဲ့ရသည်။ ယခု သူတို့က အနှစ်နှစ်ဆယ်ကျော်ပြီးနောက်မှ တစ်ဖန်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

"မြေခွေးမလေး မတွေ့ရတာ ကြာပြီ။" ရီဖူရှင်းက တောက်ပစွာပြုံးရင်း လက်ကို ဆန့်ထုတ်လိုက်သည်။ လေဟာနယ်ကို ဖြတ်သန်း၍ပင် သူက သူမ၏ လက်ကို ဆွဲယူရန် အလိုအလျောက် လက်ဆန့်ထုတ်လိုက်မိသည်။

ထိုရင်းနှီးသော်လည်း ထူးဆန်းဟန်ရှိသော အကြင်နာစကားကို ကြားသောအခါ ဟွာဂျီယူ၏ တောက်ပသော အပြုံးများနှင့် ပြည့်နေခဲ့သော မျက်လုံးများထဲ၌ ရုတ်တရက် မျက်ရည်တို့ဖြင့် ပြည့်နှက်လာသည်။ မျက်ရည်နှစ်စက်က သူမ၏ နူးညံ့လှပသော မျက်နှာထက်သို့ စီးကျလာကာ စိုစွတ်နွေးထွေးသော မျက်ရည်စီးကြောင်းတို့ ဖြစ်ပေါ်လာသည်။

သူမကို မည်သူကမှ 'မြေခွေးမလေး' ဟု မခေါ်တော့သည်မှာ တစ်သက်တာ ကြာမြင့်သွားပြီဟု ထင်မှတ်ရပေသည်။

သူမသည် ထိုအခေါ်အဝေါ်အား မကြားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ထိုစဥ်က သူတို့ အလွန် ငယ်ရွယ်လွန်းခဲ့ကြသေးသည်။

ယခု သူတို့က အဖြစ်အပျက်များစွာကို တွေ့ကြုံခံစားခဲ့ကြရပြီး ဖြစ်၏။

"အချိန်အတော်ကြာသွားခဲ့ပြီ။" ဟွာဂျီယူက ငိုရင်းနှင့် ပြုံးလိုက်သည်။ သူမက ရီဖူရှင်းထံ လျှောက်သွားခဲ့သည်။ အကွာအဝေးက တိုတောင်းသော်လည်း မိုင်ပေါင်းထောင်ချီ ကွာဝေးနေသလို ထင်မှတ်ရသည်။

သေဆုံးခြင်းနှင့် ခွဲခွာမှုများပြီးနောက် သူမသည် ဧကရီ၏ ကျူးကျော်ခံရပြီးနောက် ကျင့်ကြံရန် ဖိအားပေးခံခဲ့ရသည်။ သူမ၏ မှတ်ဉာဏ်များ ပြန်ရအောင် ကြိုးစားရင်း ရီဖူရှင်းသည် သူမတို့ အတူတူ ရှိခဲ့စဥ်က နေရာများဆီ ခေါ်ဆောင်သွားခဲ့ဖူးသည်။ သို့သော် သူမ တစ်ဖန်နိုးထလာသောအခါ သူမသည် ရီဖူရှင်းကို လူများစွာက ဝန်းရံပြီး သတ်ဖြတ်ပစ်လိုက်သည်ကို မြင်တွေ့ခဲ့ရပေသည်။ သူမအတွက် ၎င်းက ပြောပြ၍ မရနိုင်လောက်သော ခံစားချက်ကို ဖြစ်စေခဲ့သည်။

ကျင့်ကြံခြင်းလောကတွင် ဆယ်စုနှစ်များမှာ ဘာမှမဟုတ်ဘဲ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပေသည်။ ဤဆယ်စုနှစ်ခုက သူမအတွက် မည်သည့်အဓိပ္ပါယ်ရှိကြောင်း မည်သူမှ မသိနိုင်ကြပေ။

သူမ နိုးထလာသည့်အခါ သူက သွားနှင့်ပြီ ဖြစ်သည်။

သူမက ရီ​ဖူရှင်းဘက်သို့ လျှောက်သွားခဲ့သည်။ နတ်အလင်းတို့ ဝန်းရံခံထားရသည့် သူမက အလွန် ကျက်သရေတင့်တယ်နေခဲ့၏။

သို့သော် ဤပျော်ရွှင်ဖွယ် မြင်ကွင်းက ရီဖူရှင်းအား ဝန်းရံထားသော ကောင်းကင်​ဒေသမှ ကျင့်ကြံသူများကို မျက်မှောင်ကြုတ်စေခဲ့သည်။ သူတို့သည် အားလုံး တပြိုင်တည်း ရီဖူရှင်းကို ရင်ဆိုင်ပြီး သူ၏ လျှို့ဝှက်ချက်အား အောက်ခြေအထိ တူးဖော်နိုင်ရန် သူ့စွမ်းရည်များကို အဆုံးထိ ထုတ်လွှတ်လာအောင် ဖိအားပေးဖို့ရာ စီစဥ်ထားကြခြင်း ဖြစ်သည်။ သို့သော် အရေးကြီးသည့် အခိုက်အတန့်တွင် သူတို့က ဟွာဂျီယူ၏ ပေါ်ထွက်လာမှုကြောင့် နှောက်ယှက်ခံလိုက်ရပေသည်။

သူမ၏ ရုတ်တရက် ထွက်ပေါ်လာမှုက လျစ်လျူရှု၍ မရလောက်အောင် အသက်ရှုမှားလောက်ဖွယ် ဖြစ်သည်။ သူမသည် ကောင်းကင်အပြင်ဘက်မှနေ၍ နတ်အလင်းများ ခြံရံကာ ရောက်ရှိလာပြီး ကျိုထျန်းနတ်မိမယ်က လောကသို့ ဆင်းသက်လာသလို ထင်မှတ်ရပေသည်။ သူမက ပြိုင်ဘက်ကင်းသော အလင်းတို့နှင့်အတူ ရောက်ရှိလာခဲ့သည်။ သို့သော် သူမက ဤလောက၏ အပြင်ဘက်မှ ဖြစ်တည်မှုဖြစ်သော ကျိုထျန်းနတ်မိမယ် မဟုတ်သည်မှာ ရှင်းလင်းနေပြီး သူမက ရီဖူရှင်း၏ ချစ်ရသူဖြစ်သော အမျိုးသမီး ဖြစ်ပေသည်။

ထို့ပြင် နတ်အလင်းများ အောက်မှ ထိုအမျိုးသမီးက သူမ၏ အရှိန်အဝါက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အထွတ်အထိပ်ရန်ဟောင်၏ အရှိန်အဝါ ဖြစ်သည်။ နတ်အလင်းက အလွန်တောက်ပနေခဲ့သည့်အတွက် ကြည့်ရှုနေသူများက မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်ခြင်း မရှိပေ။

ရီဖူရှင်း၏ ချစ်ရသူက သူ့ထက်ပင် ပို၍ ကျင့်ကြံဆင့်မြင့်မားနေသည်လား။

ရီဖူရှင်းကိုယ်တိုင်က ကောင်းကင်အာဏာစက်ဘုံ၏ နံပါတ်တစ် ထိပ်တန်းပါရမီရှင် ဖြစ်နေခဲ့ပြီး ဖြစ်သည်။ သူက ထူးချွန်နေခဲ့ပြီး ဖြစ်သည်။ သူ၏ ချစ်ရသူက မည်သည့်အတွက်ကြောင့် သူ့ထက်ပိုပြီး အားကောင်းသန်မာရသနည်း။

ကောင်းကင်ဒေသမှ အင်အားစုများက ရီဖူရှင်း၏ အတိတ်နှင့် သူ့ ကျင့်ကြံရေး သမိုင်းကြောင်းကို စစ်ဆေးကြည့်ခဲ့ဖူးသည်။ သူတို့က သူ့အကြောင်း တစ်စိတ်တစ်ဒေသကို သိရှိပြီး သူ့တွင် ဇနီးရှိကြောင်းလည်း သိပေသည်။ သို့သော် သူတို့ရရှိနိုင်သည့် သတင်းအချက်အလက်များအရ ရီဖူရှင်း၏ ဇနီးမှာ ထိုမျှ ထူးချွန်လှသည့် လူမျိုးဖြစ်ပုံမရသည့်အတွက်ကြောင့် သူတို့က ထပ်မံစုံစမ်းခြင်း မရှိတော့ပေ။ သူတို့က ဟွာဂျီယူအကြောင်း အနည်းငယ်မှ မသိခဲ့ဘဲ ရီဖူရှင်း၏ အဆင့်ထက် မည်သည့်အတွက်ကြောင့် ပိုမို မြင့်မားနေရကြောင်း မသိကြချေ။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသာလျှင် ထိုအကြောင်းကို သိရှိပေသည်။ သူတို့သည် ဟွာဂျီယူကို ဖန်တီးခဲ့သူမှာ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ဧကရီ ဖြစ်ကြောင်း သိထားသည်။

သို့သော် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ဧကရီ ဤနေရာသို့ ရောက်လာလျှင်ပင် သူမ ထုတ်ပြနိုင်ခဲ့သော အရှိန်အဝါမျိုး လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သူတို့သည် ယခု ဟွာဂျီယူက ယခင်ကနှင့် အလွန် ကွာခြားသွားကြောင်း ခံစားမိပေသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူ၏ မျက်နှာထက်၌ အပြုံးများနှင့် တစ်ယောက်ထံ တစ်ယောက် လျှောက်လာနေကြသည်။ သူတို့ကို ဝန်းရံထားသည့် လူတိုင်းက သူတို့နှင့် မည်သို့မှမဆိုင်သလို ထင်မှတ်ရသည်။ သူတို့၏ မျက်လုံးများအတွင်းတွင် သူတို့နှစ်ယောက်သာလျှင် ရှိပုံရသည်။

သေခြင်းတရားနှင့် ခွဲခွာခြင်းတို့ကို တွေ့ကြုံခဲ့ရပြီးနောက် နှစ်နှစ်ဆယ်မကကြာပြီးသောအခါ သူတို့က တစ်ဖန် ပြန်ဆုံတွေ့ခဲ့ပြီ ဖြစ်သည်။ သူတို့က နောက်တစ်ခါ ပြန်ခွဲခွာရန် မရည်ရွယ်ခဲ့ပေ။

ယနေ့ သူတို့ကြား၌ မည်သူက ကြားဝင်ချင်နေပါစေ ၎င်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ကောင်းကင်ဒေသမှ ထိုထိပ်သီးကျင့်ကြံသူများသည်ပင် ဝင်ရောက်စွက်ဖက်နိုင်လိမ့်မည် မဟုတ်ပေ။

ဟွာဂျီယူက ထိုနေရာသို့ ရောက်ရှိလာသည်ကို မြင်ပြီး ကောင်းကင်​ဒေသမှ ကျင့်ကြံသူများ သူမအား အေးစက်စွာ ကြည့်လိုက်ကြသည်။ သိပ်မကြာခင်မှာပင် ဗုဒ္ဓ နတ်ဘုရားသားတော်က သူမအား ဆူငေါက်လိုက်သည်ကို ကြားလိုက်ကြရသည်။ "နောက်ဆုတ်လိုက်။"

သူ့အသံက အစွမ်းထက်ခေါင်းလောင်းတစ်ခုကဲ့သို့ ဖြစ်ကာ ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်လာသည်။ ဗုဒ္ဓဘုံ၏ နတ်စွမ်းအားက ရက်စက်ပြင်းထန်စွာ တိုးထွက်လာပုံရပြီး ဟွာဂျီယူအား ပြင်းထန်စွာ ရိုက်ခတ်မိသွားပုံပေါ်သည်။ လေဟာနယ်အတွင်း ဗုဒ္ဓ နတ်ဘုရားချိပ်စည်းတို့ ဖြစ်တည်လာကာ ၎င်းတို့ထဲတွင် သူ ရီဖူရှင်း၏ အနိုင်ယူခံရစဥ်မှ ခံစားခဲ့ရသော ဒေါသတို့ ကိန်းအောင်းနေခဲ့သည်။

ဟွာဂျီယူက ခေါင်းကို ငုံ့​ကာ ဗုဒ္ဓနတ်ဘုရားသားတော်အား တစ်ချက်ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူမ၏ အဆုံးမဲ့ သိမ်မွေ့နူးညံ့မှုများဖြင့် ပြည့်နေသည့် လှပသော မျက်လုံးများက ရုတ်တရုက် အေးခဲလာခဲ့၏။ အနန္တနတ်အလင်းတို့က ထွက်ပေါ်လာသည်။ ချက်ချင်းပင် ဤကျယ်ပြောသော လောကက ရပ်တန့်သွားပြီး ထိုဗုဒ္ဓနတ်ဘုရားချိပ်စည်းတို့က လေဟာနယ်ကို တိုက်ခိုက်ရန် ကြိုးစားနေခြင်းမှ ရပ်တန့်ခံလိုက်ရပေသည်။ နတ်ဘုရားသားတော်၏ စိတ်ထဲသို့ မရေတွက်နိုင်သော ပုံရိပ်များ ကျူးကျော်ဝင်ရောက်လာသည်နှင့် သူ့ မျက်လုံးများတွင် ကြီးစွာသော အကြောက်တရားတို့ဖြင့် ပြည့်နှက်လာသည်။ ကောင်းကင်ထက်မှ နတ်အလင်းတို့က သူ့ပေါ်သို့ ကျရောက်လာ၏။

ဘုန်း... ဟွာဂျီယူက အောက်သို့ ဆက်လက်ခြေလှမ်းလိုက်သည့်အခါ ဗုဒ္ဓနတ်ဘုရားသားတော်က နာကျင်စွာ ညည်းညူလိုက်ရပြီး မျက်နှာက ဖြူဖျော့သွားကာ ပါးစပ်အပြည့် သွေးတို့ အန်ထုတ်လိုက်ရပေသည်။

All Chapters