ကြိုတင်စီစဉ်ထားခြင်းလား
Vol. 166 Ch. 2370
“ဒါက…”
သူတို့ရှေ့မှ မြင်ရသော မြင်ကွင်းသည် ထိုတန်ခိုးရှင်များကို ကြောက်ရွံ့စေသည်။ သူတို့မျက်နှာများတွင် အထိတ်တလန့်ဟန်ပန်များကို မြင်ရ၏။ သူမက ထိုမျှအထိ သန်မာသည်လား။
ဤသည်ကား ဗုဒ္ဓသားတော်ဖြစ်သည်။ ဗုဒ္ဓစွမ်းအားဖြင့်ပင်လျှင် သူသည် တစ်ဘက်လူ၏အနီးကို မကပ်နိုင်ပေ။ တချိန်တည်းမှာပင် ဗုဒ္ဓသားတော်သည် ပြင်းထန်စွာ ဒဏ်ရာရကာ သွေးအန်ချေ၏။
ဤမတိုင်ခင်က ရီဖူရှင်းသည် ထိုရလဒ်မျိုး မစွမ်းဆောင်နိုင်ခဲ့ပေ။ ဗုဒ္ဓနတ်သားတော်အား အရှုံးဖြင့် ဆုတ်ခွာသွားရအောင် သူသည် အတော်အားထုတ်ခဲ့ရ၏။
ဟွာဂျီယူသည် ရန်ဟောင်အဆင့်ကိုးဖြစ်သော်လည်း ဗုဒ္ဓနတ်သားတော်၏တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်ကိုးရန်ဟောင်များတွင် အလွန်သန်မာအားကောင်းသူဖြစ်သည်။ သူမသည် ဘုံကိုးဘုံ၏ပါရမီရှင်ဖြစ်သည့်တိုင် သူ့အား အနိုင်ယူရန်က မဖြစ်သင့်ပေ။
ဟွာဂျီယူ အလွန်သန်မာသည်မှာ ထင်ရှား၏။
“စိတ်ဝိညာဉ်တိုက်ခိုက်မှု” အားလုံး၏အာရုံက ပြိုင်စံရှားနတ်မိမယ်ထံသို့ ရောက်နေကြသည်။ သူမအား နတ်အလင်းများ လွှမ်းခြုံထားရာ သူမသည် လူသားတို့ကမ္ဘာကို သက်ဆင်းလာသော ကျူးထျန်းနတ်မိမယ်အလား ထင်မှတ်ရသည်။ အတွေးတစ်ချက်မျှဖြင့် သူမသည် ဗုဒ္ဓနတ်သားတော်အား ဒဏ်ရာပြင်းထန်စွာ ရစေခဲ့၏။ ထိုတိုက်ခိုက်မှုတွင် သူမ၏ခွန်အား မည်မျှ ပါဝင်သည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။
“မဟာအင်ပါယာရဲ့ဝိညာဉ်စွမ်းအား…” လှပသော အမျိုးသမီးကို ကြည့်ကာ သူမထုတ်လွှတ်သော နတ်အလင်းတွင် ထူးခြားသောစွမ်းအားကို ခံစားမိကြ၏။ ၎င်းသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားဖြစ်သည်။ သူမသည်လည်း ရှေးဟောင်းနတ်ဘုရားကလန်မှ ဆက်ခံသူများကဲ့သို့ မဟာအင်ပါယာ၏အမွေအနှစ်များကို ပိုင်ဆိုင်သူ ဖြစ်နေသည်။
ကောင်းကင်ဒေသမှ နတ်ဘုရားကဒ်ဘေးအဆင့်များမှာ သည့်ထက်ပို၍ မအံ့ဩတော့ပေ။ မည်သည့်နေရာက ထွက်လာမှန်းမသိသော သည်အမျိုးသမီးသည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးစွမ်းအား ရှိနေသည်။ ထို့အပြင် သူမ၏နတ်စွမ်းအားသည် ရှီးချီယောင်ထက် အားမနည်းပေ။
ရှီးချီယောင်သည် အနောက်အင်ပါယာနန်းတော်တွင် နှစ်တစ်ထောင်တွင်မှ တစ်ခါ ထူးထူးခြားခြား ပေါ်ထွန်းလာသော ပါရမီရှင် ဖြစ်သည်။ သူမသည် အနောက်အင်ပါယာ၏နတ်မျက်လုံးအား ဆက်ခံသူဖြစ်၏။ ယခု ဟွာဂျီယူသည် ရှီးချီယောင်ထက် အားမနည်းသလို သူမသည်လည်း မဟာအင်ပါယာ၏အမွေအနှစ်များကို ပိုင်ဆိုင်သူ ဖြစ်နေသည်။
“ကြည့်ရတာ သူမဟာလည်း ကောင်းကင်ဒေသမှာ အခွင့်အလမ်းကောင်းတွေ ရှိခဲ့တာပဲ” ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းမှ လူတချို့က အချင်းချင်း တီးတိုးပြောကြသည်။ ဟွာဂျီယူသည် ဗြမ္ဘာ့သန့်စင်ကောင်းကင်သခင်မအား အနိုင်ယူကာ ထောင်ပေါင်းများစွာသော ကိုယ်ပွား ခန္ဓာကျင့်ကြံခြင်းများအား ပေါင်းစပ်ခဲ့သည်။ ယခု သူမသည် မဟာအင်ပါယာအဆင့် အမွေအနှစ်ကို ပိုင်ဆိုင်ထားကာ သူမ၏တိုးတက်မှုနှုန်းက အလွန်ပင် အံ့အားသင့်စရာ ကောင်းနေချေ၏။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့သည် ကံကြမ္မာကောင်းများ ပိုင်ဆိုင်သော ကျင့်ကြံသူများ ဖြစ်ဟန်ရသည်။ ထိုသို့သော ကံကောင်းခြင်းများအား ပိုင်ဆိုင်သူမှာ အလွန်ရှား၏။
သို့သော်လည်း ဟွာဂျီယူသည် ထိုအကြည့်များကို အနည်းငယ်မျှပင် ဂရုထားဟန်မတူ။ သူမက ဗုဒ္ဓနတ်သားတော်အား ဆုတ်ခွာစေပြီးနောက် ရီဖူရှင်းထံသို့ ဆက်သွားလိုက်သည်။ သူမ၏မျက်လုံးများမှာ ညင်သာနေဆဲ ဖြစ်သည်။ တခြားတစ်ဘက်တွင် ရီဖူရှင်းသည် ဟွာဂျီယူ၏ခွန်အားပေါ် အနည်းငယ်မျှ ဂရုစိုက်ဟန်မတူ။ မည်သည့်အရာကမှ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ သူ၏ကမ္ဘာငယ်လေး သို့မဟုတ် သူမ ပြန်လာခြင်း ဖြစ်သည်။
နတ်အလင်းများ လင်းဖြာလျှက် သူမသည် လူအုပ်ထဲကို လျှောက်လာသည်။ ထိုအခိုက်တွင် မည်သူမှ သူမအား မတားကြပေ။ သိသာစွာပင် သူမ ပြသခဲ့သော စွမ်းအားက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ သူမက ဗုဒ္ဓနတ်သားတော်အား ဆုတ်ခွာစေခဲ့သည်က အဆင့်ကိုးရန်ဟောင်အတွင်း၌ သူမအား တားနိုင်သူ သိပ်မရှိတော့သော သဘော ဖြစ်သည်။
ထိုခဏလေးသည် ထဝရအလား ထင်မှတ်ရ၏။ အလွန်ကြာမြင့်သော ကာလတစ်ခုကို ကျော်ဖြတ်ပြီးနောက်တွင် သူတို့သည် တူညီသော လမ်းကြောင်းပေါ်သို့ ရောက်လာပြီ ဖြစ်သည်။
ရီဖူရှင်းသည် သူနှင့်အလွန်နီးကပ်နေသော မျက်နှာလေးအား ကြည့်သည်။ သူ၏အပြုံးက အလွန်တောက်ပလာနေ၏။ ဟွာဂျီယူလည်း ထိုနည်းတူဖြစ်သည်။ တစ်လောကလုံးမှ အလှတရားသည် သူမ၏မျက်နှာလေး၌ တည်ရှိနေသည့်အလား…။ နှစ်ဦးလုံး လက်ချင်း ချိတ်လိုက်ကြသည်။ သူတို့တွင် အချင်းချင်း ပြောစရာ အများအပြားရှိသော်လည်း မည်သည့်စကားမှ နှုတ်မှ ထွက်မလာ။
ရီဖူရှင်းက လက်ဆန့်တန်းကာ သူမ၏ပါးပြင်လေးအား အသာပွတ်သပ်လိုက်သည်။ အရာအားလုံးက အိပ်မက်တစ်ခုအလား ထင်မှတ်ရ၏။
ကောင်းကင်ဒေသ ခရီးစဉ်သည် သူမအတွက် ခက်ခဲကြမ်းတမ်းခဲ့ပေလိမ့်မည်။
သို့သော်လည်း ကောင်းကင်ဒေသမှ တန်ခိုးရှင်များသည် ထိုလှပသော မြင်ကွင်းအား ဆက်လက်မြင်တွေ့လိုဟန်မတူ။ အားကောင်းသော အရှိန်အဝါတစ်ခုသည် တိုက်ရိုက်ဆင်းသက်လာကာ ငြိမ်သက်နေသော ပတ်ဝန်းကျင်အား ချိုးဖျက်လိုက်သည်။
“အင်ပါယာရီရဲ့တာအိုလက်တွဲဖော်က ဒီလောက် ထူးချွန်နေမယ်လို့ မထင်ထားဘူး။ ဒီလိုဆိုမှတော့ ကျုပ်တို့ကိုလည်း နည်းနည်း သင်ပြပေးပါဦး” အသံတစ်သံကို ကြားရသည်။ ပြောလိုက်သူကား အနန္တနတ်ဘုရားသားတော် ဖြစ်သည်။ သူ၏စကားနှင့်အတူ မရေမတွက်နိုင်သော နတ်ဓားများသည် လေဟာနယ်ကိုခွင်းလျှက် ရီဖူရှင်းနှင့် ဟွာဂျီယူထံသို့ ကျဆင်းလာခဲ့သည်။
ဟွာဂျီယူချင်းနှင့် ရီဖူရှင်းတို့ကား အချင်းချင်း ကြည့်နေကြဆဲဖြစ်ကာ တခြားလူများကို ဂရုစိုက်ဟန်မတူ။
ဟူး…
ဟွာဂျီယူထံမှ အလင်းလှိုင်းတစ်ခု ရိုက်ခတ်သွားသည်။ သူမ၏ဆံပင်ရှည်များသည် လေထဲ တဖျတ်ဖျတ် လူးလွင့်သွား၏။ ချက်ချင်းပင် လေဟာနယ်တစ်ခုလုံးသည် စိတ်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။
ထိုသန်းပေါင်းများစွာသော နတ်ဓားများမှာလည်း ရုတ်တရက် ရပ်တန့်သွားသည်။ လေဟာနယ်ထဲမှ အရာခပ်သိမ်းတို့သည် ရပ်တန့်သွားဟန်တူ၏။
ထိုမြင်ကွင်းအားကြည့်ကာ လူတိုင်း တုန်လှုပ်ရသည်။ အနန္တနတ်ဘုရားသားတော်သည်လည်း အဆင့်ကိုးရန်ဟောင် ဖြစ်သည်။ သူ၏စွမ်းအားမှာ ထိုသို့ အလွယ်တကူ ရပ်တန့်နိုင်သည်လား။
သို့သော်လည်း သူ၏အမူအရာက ပြောင်းလဲခြင်း မရှိပါ။ သူက ရှေ့မှ မြင်ကွင်းကို ကြည့်ကာ လက်ကို တွန်းလိုက်သည်။ ဤတွင် မရေမတွက်နိုင်သော ဓားများသည် ပြင်းထန်သော လေခွင်းသံများကိုပေးလျှက် ဆက်လက်ကျဆင်းလာကြသည်။
ဟွာဂျီယူသည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူမက နောက်လှည့်ကြည့်သည်။ သူမ၏မျက်လုံးများထဲ၌ အေးစက်သော အငွေ့အသက်များ ဖြတ်ပြေးသွား၏။ ထိုအခိုက်တွင် သူမသည် ယခင်ကနှင့် ကွဲပြားသွားဟန်ရသည်။
သူမ၏စိတ်ထဲမှ နတ်အလင်းသည် ကောင်းကင်နှင့်မြေပြင်တို့ဖြင့် ပေါင်းစပ်သွား၏။ ချက်ချင်းပင် လေဟာနယ်သည် ပိုမိုတင်းကြပ်သွားကာ ဆက်လက်ရွေ့လျားလာနေသော ဓားများသည်လည်း တဖန် ရပ်တန့်သွားကြ၏။
ဟူး...
အနန္တနတ်ဘုရားသားတော်က ရှေ့ကို လှမ်းတက်လိုက်သည်။ တချိန်တည်းတွင် ရှေးဟောင်းနတ်ဘုရားကလန်မှ တခြားလူများကလည်း စတင်လှုပ်ရှားကြ၏။ သူတို့ထံမှ ပြင်းထန်သော ဖိအားများသည် လူနှစ်ဦးထံသို့ ကျဆင်းလာသည်။
သူမသည် ဘုံကိုးဘုံ၏ထိပ်သီးအဆင့် ဖြစ်နေလျင်ပင် အဘယ်အရေးနည်း။ သူမက ရီဖူရှင်းကို ဦးတည်နေသော တိုက်ခိုက်မှုအားလုံးကို မရပ်တန့်နိုင်ပေ။
ထိုအချိန် ကောင်းကင်ထက်၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။ ကောင်းကင်ဒေသမှ ထိပ်သီးတန်ခိုးရှင်များသည် ဦးဆုံး လှုပ်ရှားသူများ ဖြစ်ကြသည်။ သူတို့က မျက်မှောင်ကြုတ်ကာ ထိုနေရာကို လှမ်းကြည့်ကြ၏။
“နောက်တစ်ယောက် လာနေတယ်” သူတို့အားလုံးက ထူးဆန်းသော ခံစားချက်ကို ရကြသည်။ ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားကို သူတို့ ခံစားမိကြ၏။ အားလုံးက သူတို့မြင်ကွင်းထဲကို ရောက်လာသော အရှိန်အဝါမြင့်တန်ခိုးရှင်အား သတိထားမိကြ၏။
“နတ်ဆိုးဘုံက လူတွေလား” ကောင်းကင်ဒေသမှ လူများက ရောက်လာသူများကို ကြည့်ကာ တွေးမိကြသည်။
သို့သော်လည်း ထိုအုပ်စု ရောက်လာသောအခါ ယခင် သူတို့ မြင်တွေ့ဖူးသော နတ်ဆိုးဘုံမှ တန်ခိုးရှင်များမဟုတ်ဘဲ တခြားအုပ်စုတစ်ခုဖြစ်ကြောင်း တွေ့ကြ၏။
ထို့အပြင် ဦးဆောင်လာသူမှာ နတ်ဆိုးအင်ပါယာ၏တိုက်ရိုက်တပည့် ရှောင်မု မဟုတ်ပေ။ သူသည် တခြားလူငယ်တစ်ဦးဖြစ်ကာ အနက်ရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသည်။ ဆံပင်ရှည်များသည် နောက်ကို ဖြန့်ကျဲချထားကာ ပြင်းထန်သော အရှိန်အဝါများ သူ့ထံမှ ထွက်ပေါ်နေ၏။
ယခု ရောက်လာသူမှာ အတော်ငယ်ရွယ်သေးသည်။ သူက မည်သူ ဖြစ်သနည်း။
ထိုလူငယ်အားမြင်သည်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များအားလုံး ထိတ်လန့်သွားကြသည်။ သူတို့အားလုံးက ယနေ့တွင် ရောက်လာရန် အချိန်းအချက်များ လုပ်ထားကြသလား။