နောက်တစ်ကြိမ် အတူတကွ
Vol. 166 Ch. 2371
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများမှာ ယခု မြင်ကွင်းသို့ အသစ်ရောက်လာသူများအား သိကြပေသည်။ သူနှင့် ရီဖူရှင်းတို့မှာ ခွဲခြားရနိုင်သူများ မဟုတ်။ သူတို့သည် အကောင်းဆုံး ညီအစ်ကိုများဖြစ်ကြသည်။ သူ၏ကျော်ကြားမှုမှာ ရီဖူရှင်းကဲ့သို့ မမြင့်မားသော်လည်း ယခင်က ထိုလူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ရီဖူရှင်းထက် မနိမ့်ကြောင်း လူတိုင်း သိကြပေသည်။
ထို့အပြင် နတ်ဆိုးစစ်သူကြီးမေ့ထန်သည် သူ့အတွက်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာဖူးသည်။
နောက်ပိုင်းတွင် ဂူတုံးလျှိုနှင့် တခြားလူများ ကောင်းကင်ဒေသသို့ ထွက်သွားပြီးနောက် သူတို့သည် သူ့အား နတ်ဆိုးဘုံသို့ ခေါ်သွားကြသည်။ ယခု ကောင်းကင်ဒေသတွင် ကျင့်ကြံနေသော ဟွာဂျီယူ ပြန်လာခဲ့သလို နတ်ဆိုးဘုံတွင် ကျင့်ကြံနေသော ယူချင်းသည်လည်း ပြန်လာခဲ့ပြီ ဖြစ်သည်။
အရာအားလုံးက တိုက်ဆိုင်ခြင်း သက်သက်တော့ မဟုတ်ပေ။ လတ်တလော မူလဘုံသည် ကြီးမားသော လှုပ်ခတ်မှုများ ရှိနေရာ ကောင်းကင်ဒေသတွင်ရှိသော ဟွာဂျီယူဖြစ်စေ၊ နတ်ဆိုးဘုံတွင်ရှိသော ယူချင်းဖြစ်စေ အနည်းနှင့်အများတော့ သတင်းများကို ရကြပေသည်။ ထို့ကြောင့် သူတို့က အရေးကြီးသော အချိန်၌ လူလုံးထွက်ပြလာသည်က အံ့ဩစရာတော့ မဟုတ်ချေ။
လက်ရှိတွင် လောကအားလုံး၏အာရုံသည် မူလဘုံ၌ ရှိနေချေသည်။
နတ်ဆိုးဘုံတွင် သူ၏အဆင့်အတန်းက မည်သို့ ဖြစ်သနည်း။ တန်ခိုးရှင်များက ယူချင်းကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ နတ်ဆိုးဘုံမှ တန်ခိုးရှင်အများအပြားက သူ့ကို လိုက်လံစောင့်ရှောက်နေခြင်းက သူ၏နောက်ခံမှာ သာမန်မဟုတ်ကြောင်း ပြသနေသည်။ ရှောင်းမုက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာစဉ်ကလည်း ဤသို့ အဆင့်အတန်းမျိုး ရှိခဲ့သည်။
သူသည်လည်း နတ်ဆိုးအင်ပါယာ၏တိုက်ရိုက်တပည့်အဖြစ် လက်ခံ, ခံခဲ့ရသည်များလား။
၎င်းက သိပ်အဓိပ္ပာယ်တော့ မရှိချေ။ ယူချင်းသည် နတ်ဆိုးဘုံသို့ သွားရောက်မကျင့်ကြံမီက မေ့ထန်သည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ တကူးတက လာရောက်ဖူး၏။ ဆိုလိုသည်က ယူချင်းသည် နတ်ဆိုးဘုံနှင့် ယခင်ကတည်းက ပတ်သက်မှု ရှိသည်။
နတ်ဆိုးဘုံမှ သူ၏အဆင့်အတန်းမှာ သူ့မွေးဇစ်မြစ်နှင့် သက်ဆိုင်နေဟန်ရသည်။ သို့ဆိုလျှင် ယူချင်း၏ဇစ်မြစ်မှာ မည်သို့ ဖြစ်သနည်း။
ယူချင်း၏နောက်ကြောင်းမှာ မူမမှန်ဆိုပါက ရီဖူရှင်းကရော…။
နှစ်ဦးသား မည်သို့ အတူတကွ ကြီးပြင်းလာရသနည်း။ နောက်ကွယ်က ပုံပြင်မှာ မည်သို့ ဖြစ်သနည်း။
ရီဖူရှင်းကလည်း ထိုနေရာကို ကြည့်ကာ ပြုံးသည်။ ယူချင်းကား ပြန်ရောက်လာချေပြီ။
သူသည်လည်း ယခင်ကနှင့်မတူ ကွဲပြားခြားနားလာပြီ ဖြစ်သည်။ ယခင်က တုံးအဟန်ရှိသော သူသည် ယခင်ကထက် ကြီးမားသော အရှိန်အဝါနှင့် ဩဇာအာဏာရှိသော ဟန်ပန်ကို ပြသနေသည်။ သူကဲ့သို့ပင် ယူချင်းသည်လည်း ကျင့်ကြံခြင်းလောက၏အမြင့်ဆုံးသို့ ရောက်လာနေချေပြီ။
သူသည် နတ်ဆိုးဘုံတွင် ကြီးမားသော တိုးတက်မှုများ ရှိဟန်ရသည်။ ကြည့်ရသည်မှာ သူသည် ထိုနေရာသို့ သွားခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်၏။
သို့သော်လည်း သူ၏မွေးစားအဖေမှာ မည်သူဖြစ်သည်ကို ရီဖူရှင်း အမှန်တကယ် သိချင်၏။ ထို့အပြင် ယူချင်းသည် နတ်ဆိုးဘုံနှင့် မည်သို့ သက်ဆိုင်နေသနည်း။
သို့သော်လည်း လက်ရှိတွင် ထိုအရာများက အရေးမကြီးပေ။ မကြာခင် သူက ထိုမေးခွန်းများ၏အဖြေကို သိမည်ဟု ယုံကြည်သည်။ အရေးအကြီးဆုံးက သူ၏ချစ်ဇနီးနှင့် သူ့အကောင်းဆုံး သူငယ်ချင်းတို့ ပြန်ရောက်လာခြင်း ဖြစ်သည်။
၎င်းက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်အလား ထင်မှတ်ရသည်။
“ယူချင်း…” ရီဖူရှင်းက ပြုံးလျှက် ခေါ်သည်။
“ယူချင်း…” ကောင်းကင်ဒေသမှ အင်အားစုများက ထိုနာမည်ကို ကြားသည်တွင် သူတို့အားလုံးက လူတစ်ယောက်ကို အမှတ်ရကြသည်။ ရီဖူရှင်း၏အတိတ်ကို စုံစမ်းစစ်ဆေးစဉ်က သူတို့သည် အလွန်ထူးခြားထက်မြက်သူတစ်ဦးအား သတိထားမိခဲ့ကြ၏။ ရီဖူရှင်း၏ဇနီးနှင့် ယှဉ်ပါက ထိုလူသည် သာလွန်ထူးခြားလွန်း၏။ သူသည် ရီဖူရှင်းနှင့်အတူ ကြီးပြင်းလာခဲ့ကာ တစ်ဘက်တွင် သူ၏ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းရည်သည်လည်း ထူးခြားစွာ ရီဖူရှင်းနှင့်တန်းတူ အဆင့်အတန်း၌ ရှိသည်။
နောက်ပိုင်းတွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူငယ်မျိုးဆက်တို့သည် ကောင်းကင်ဒေသို့ သွားရောက်လေ့ကျင့်ကြရာ၌ သူသည်လည်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ကောလာဟလများအရ သူ့အား နတ်ဆိုးဘုံမှ မေ့ထန်က ခေါ်ဆောင်သွားခဲ့သည်။ သူသည် နတ်ဆိုးကျင့်ကြံသူဖြစ်လာရန် ကံကြမ္မာပါပြီးသား ဖြစ်ဟန်ရ၏။
ယခု သူပြန်ရောက်လာပြီ ဖြစ်သည်။ သူ၏အရှိန်အဝါနှင့် သူ့အစောင့်အရှောက်များ၏အဆင့်အတန်းတို့ကြောင့် သူသည် နတ်ဆိုးဘုံ၌ အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုအား ပိုင်ဆိုင်ထားကြောင်း လူတိုင်းက ရိပ်မိကြသည်။
သူသည် အမှန်တကယ် နတ်ဆိုးအင်ပါယာ၏တိုက်ရိုက်တပည့်များလား။
ဆိုလိုသည်က သူ၏နတ်ဆိုးပါရမီသည် ထင်မှတ်ထားသည်ထက် မြင့်မား၏။ မဟုတ်လျှင် သူသည် နတ်ဆိုးဘုံ၏ရွေးချယ်မှုကို ခံရကာ နတ်ဆိုးအင်ပါယာ၏တန်ဖိုးထားမှုကိုလည်း ခံရမည် မဟုတ်ပေ။
သို့သော်လည်း ရှေးနတ်ဘုရားကလန်မှ လူများ၏မျက်လုံးများက အရောင်တောက်သွားသည်။ သူတို့က နောက်ထပ် ဖြစ်နိုင်ဖွယ်တစ်ခုကို တွေးမိကြ၏။
အရာအားလုံးက ထူးဆန်းနေသည်။ အကယ်၍ ယူချင်းသည် ထိုမျှ ထူးခြားသော ပါရမီရှိသည်ဆိုပါက ရီဖူရှင်းလည်း ထို့အတူ ဖြစ်သည်။ နှစ်ဦးလုံးသည် အောက်ဘုံမှ အတူတူကြီးပြင်းလာခဲ့ကြကာ နှစ်ဦးလုံးမှာလည်း အမြင့်ဆုံးသော ပါရမီကို ပိုင်ဆိုင်ကြသည်။ ရှေးနတ်ဘုရားကလန်မှ လူများသည်ပင် သူတို့လောက် မထူးခြားပေ။ ၎င်းက တိုက်ဆိုင်လွန်းနေသည်။
ရီဖူရှင်း၏ဇစ်မြစ်မှာ သာမန်မဟုတ်သည်က သေချာသလောက် ဖြစ်နေလေပြီ။ သူသည် မည်သို့သော လျှို့ဝှက်ချက်အား ပိုင်ဆိုင်သနည်း။
“အခု ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ” ရှီးချီယောင်က ပြုံးလျှက် ပြောသည်။ ဟွာဂျီယူပြီးလျှင် ယခု နတ်ဆိုးဘုံမှ ယူချင်းလည်း ရောက်လာသည်။ အခြေအနေက ပို၍ အလေးအနက်ထားရမည့် ပုံစံ ဖြစ်သည်။
ယူချင်းက ရီဖူရှင်း၏အသံကို ကြားသည်တွင် လေထဲဆက်လက် ပျံသန်းလာသည်။ သူက မည်သည့်စကားမှ မဆိုသော်လည်း သူသည် ရီဖူရှင်းထံသို့ လှမ်းလာနေသည်။ သူ့နောက်တွင် နတ်ဆိုးဘုံမှ ထိပ်သီးတန်ခိုးရှင်များသည်လည်း မည်သည့်မစားမှ မဆိုဘဲ လိုက်လာကြသည်။ ထိုလူများ၏စောင့်ရှောင်မှုအောက်တွင် မည်သူက အတင့်ရဲစွာ လှုပ်ရှားရဲမည်နည်း။
ကောင်းကင်ဒေသမှ လူများမှာ ထိုမျှ အကြောက်အရွံ့ကင်းသည် မဟုတ်ပေ။
ယူချင်းသည် လူအုပ်များကို ကျော်ဖြတ်ကာ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ရှိနေရာ တိုက်ပွဲနေရာသို့ ရောက်လာသည်။
သူက ဟွာဂျီယူကိုလည်း မြင်သည်။ သူက သေချာပေါက် သူတို့နှစ်ဦး အတူတကွ ဆုံစည်းမှုကို ပျော်ရွှင်ရပေသည်။
“မဆိုးဘူး… မင်းအဆင့်က ငါ့ကို မှီနေပြီပဲ” ရီဖူရှင်းက ယူချင်းအား လက်သီးတစ်ချက် အသာထိုးကာ ပြုံးလျှက်ပြောသည်။ ရီဖူရှင်းသည် သူ၏အခွင့်အလမ်းများကြောင့် သူ့ကျင့်ကြံခြင်းမှာ အလွန်မြန်ဆန်နေပြီဟု တွေးထင်ခဲ့သည်။ မထင်မှတ်ထားသည်ကား ယူချင်းသည်လည်း သူ့ကျင့်ကြံဆင့်ကို အမှီလိုက်လာနိုင်သည်။
ယူချင်းသည်လည်း ရန်ဟောင်အဆင့်ခုနစ်ဖြစ်သည်။ နတ်ဆိုးဘုံတွင် သူ၏အတွေ့အကြုံများမှာလည်း သာမန်ဟုတ်ဟန် မကျပေ။
တစ်ဘက်တွင် ယူချင်းက ရှားပါးသော အပြုံးတစ်ချက်ကို မြင်ရသည်။ သူတို့မှာ နောက်ဆုံး အတူပြန်ဆုံတွေ့ရခြင်းအား သူ အလွန်ပျော်ရွှင်ရသည်။ သူ့ကျင့်ကြံဆင့်အတွက်မူကား နတ်ဆိုးဘုံသို့ ရောက်ရှိသွားသောအခါ၌ သူရရှိခဲ့သော ကျင့်ကြံခြင်းအရင်းအမြစ်မှာ ရီဖူရှင်း ခန့်မှန်းမရနိုင်လောက်အောင် များပြားပေသည်။ သူ့တိုးတက်မှုကို ရီဖူရှင်းက အံ့ဩသည်မှာ မထူးဆန်းတော့ပေ။
“ငါ နောက်ကျသွားတယ်” ယူချင်းက ပြောသည်။ သူ၏ပထမဆုံး စကားမှာ မိမိကိုယ်ကို အပြစ်တင်ခြင်း ဖြစ်သည်။
ရီဖူရှင်းသည် ကောင်းကင်ဒေသမှ လူများ၏ဝန်းရံ အနိုင်ကျင့်ခြင်းကို ခံနေရကာ သူသည် နောက်ကျမှ ရောက်လာခဲ့ရသည်။
ငယ်စဉ်ကတည်းက ရီဖူရှင်းသည် သူ၏မွေးစားအဖေရှေ့တွင် အမြဲ ကာကွယ်ပေးခဲ့သည်။ သို့သော် အရွယ်ရောက်လာသောအခါ ယူချင်းကသာ အမြဲ ရီဖူရှင်းအား ကာကွယ်ပေးခဲ့၏။ သူ့အဖေက သူသည် အနာဂတ်တွင် စစ်သူကြီး ဖြစ်လာမည့်သူဟု ပြောခဲ့သည်။ သူက ရီဖူရှင်းအား အမြဲတမ်းအားဖြင့် ကာကွယ်ပေးရမည်ဟု သူ့အဖေက ပြောခဲ့သည်။ ၎င်းသည် သာမန်ယုံကြည်မှုတစ်ခုတည်း မဟုတ်ပေ။ သူတို့နှစ်ဦး ကျော်ဖြတ်ခဲ့သော သေခြင်းရှင်ခြင်း အခိုက်အတန့်များမှ တည်ဆောက်လာခဲ့သော သစ္စာတရားနှင့် ယုံကြည်မှုသည် ညီအစ်ကိုသံယောစဉ်ထက် ပိုသည်။ သူတို့အတွက် တစ်ဦးပေါ် တစ်ဦး ကာကွယ်ရန် အသက်ကို ပေးဆပ်ရန် ဝန်မလေးပေ။
“မင်း အရမ်းနောက်မကျပါဘူး။ အချိန်ကိုက်ပဲ” ရီဖူရှင်းက ရယ်မော၍ ပြောသည် “ငါ မင်းနဲ့အတူ လက်တွဲ မတိုက်ခိုက်ရတာ ကြာပြီ။ အခု မင်းရောက်လာပြီ။ ဒီနေ့ လူတချို့က ကျင့်ကြံဆင့်မြင့်တာနဲ့ပဲ ငါတို့ကို စိတ်သဘောရှိ အနိုင်ကျင့်နိုင်မယ်လို့ ယူဆကြတယ်။ အခု မင်းရောက်လာတော့ ငါတို့ အတူ သူတို့ကို ပြန်တုန့်ပြန်ကြတာပေါ့”
ကောင်းကင်ဒေသမှ လူများသည် နောက်ဆုတ်မည့်အစား ဟွာဂျီယူကိုပင် ထိခိုက်ရန် ကြံစည်လာကြသည်။ ကြည့်ရသည်မှာ တိုက်ပွဲက ရှောင်လွှဲမရနိုင်တော့။
“ကောင်းပြီ” ယူချင်းက ခေါင်းညိတ်သည်။ ယခင်ကဲ့သို့ပင် သူ့တွင် မည်သည့်ထင်မြင်ချက်မှ ရှိမနေ။ ရီဖူရှင်းက တိုက်ခိုက်မည်ဆိုလျှင် သူက ခေါင်းညိတ်ပြီးသား…။