သာမန် ပါပဲ။
Vol. 160 Ch. 2227
ရာနှင့်ချီသော သူတော်စင် သခင်များက အရှေ့ဘက် ပျက်စီးမြေ၌ သူတော်စင် မျိုးနွယ်စု အများအပြား ရှိနေသည်ကို ပြသနေ၏။
လွန်ခဲ့သော ကာလများတွင် ခွန်လွန်၌ ရတနာများစွာ မရှိသဖြင့် သူတော်စင်များ၏ အာရုံကို ရယူရန် မလုံလောက်ချေ။
ယခုမူ နတ်သွေး အသီးအနှံများနှင့် နတ်မီးတောက်များသည် ၎င်းတို့ကို ကောင်းစွာ ဆွဲဆောင် နေနိုင်ပြီ ဖြစ်၏။
သည့်အပြင် တောင်တန်းများ အတွင်း၌ မရေမတွက် နိုင်သော ရှေးဟောင်း ဂိုဏ်းများ၏ အပျက်အစီး နယ်မြေများ ရှိသည်။
“ ခရစ် ... ။ ”
ကြည့်နေဆဲ မှာပင် အာကာသ အက်ကြောင်းသည် သူတော်စင် တစ်ပါး၏ နက္ခတ်ကို ဖျက်ဆီး သတ်ပစ်လိုက်၏။
“ ပဉ္စမအဆင့် သူတောင်စင် သခင်တောင် မဝင်နိုင်သေးဘူး။ ”
“ ပဉ္စမအဆင့် သူတော်စင် သခင်ထက် ဒုတိယအဆင့် သူတော်စင် သခင်တွေက ပိုလုံခြုံ မယ်ထင်တယ်။ ”
“ အမည်ခံ သူတော်စင်တွေ အတွက်တော့ အာကာသ အက်ကြောင်း .. ထိတွေ့မိတာနဲ့တင် သေဆုံး နိုင်ချေရှိတယ်။ ”
ဝင်ရောက်နေသော လူအုပ်ထဲရှိ မြင့်မားသော အဆင့်ရှိ သူတော်စင် သခင်များ သေဆုံးနေခြင်းကို မြင်လိုက်ရသဖြင့် လူတိုင်း ဆွေးနွေးမှုများ မြင့်တက်လာသည်။
လင်းယွန်က လူအုပ်ထဲ ရောနှောလျက် သူတော်စင် ရောင်ဝါကို ဖြန့်ကာ အာကာသ အက်ကြောင်းဆီသို့ ဦးတည်နေခဲ့၏။
“ ဝှစ် ... ။ ”
“ မြန်မြန် ... ။ ”
“ စတုတ္ထ အဆင့် သူတော်စင် သခင်တွေ အန္တရာယ်ကင်းတယ်။ ”
သူ့ကျင့်ကြံမှုကို သတိထားမိသူ များမှာ အထင် သေးဟန်ဖြင့် တစ်ချက်သာ ကြည့်ပြီး လျစ်လျူရှု လိုက်ကြသည်။
အမည်ခံ သူတော်စင်များကို အလွယ်တကူ ချေမှုန်းနိုင်သည့် အာကာသ အက်ကြောင်းသည် လင်းယွန်ရှေ့၌ ရှိနေ၏။
သို့သော် ဖိအားသည် သွေးအကျဉ်းထောင် တောင်တန်းထက် နိမ့်ကျလွန်းသဖြင့် မည်သည့် အခက်အခဲမျှ မဖြစ်စေချေ။
အက်ကြောင်းအတွင်း ဝင်လိုက်သည်နှင့် မြင်ကွင်းများ ကြက်သွေးရောင် ပြောင်းသွား၏။ အတော်ကြာ လမ်းလျှောက်ပြီးနောက် မျက်လုံးများ မှေးစင်းကာ၊
“သွေးကျီးကန်း။”
-ဟု အော်ဟစ်လိုက်သည်။
ယခင်က အနန္တ သင်္ချိုင်းတောင်ကြားတွင် နဂါး သွေးလွှတ်ကြော နယ်ပယ်ဖြင့် ၎င်းတို့ကို ကိုင်တွယ် ဖြေရှင်းခဲ့ဖူး၏။
ယခုမူ သူတို့ အားလုံးသည် ထိုနေရာမှ သွေးကျီးကန်းများထက် ပိုမိုအားကောင်းသည်။ အများစုမှာ အမည်ခံ သူတော်စင် နယ်ပယ်တွင် ရှိကြပြီး အချို့မှာ သူတော်စင်များ ဖြစ်၏။
“ ဒီသွေးကျီးတွေက အနန္တ သင်္ချိုင်း တောင်ကြားမှာ မနေဘဲ ... ဘာလာ လုပ်ကြ တာလဲ။ ”
ခရမ်းငယ်မှ တအံ့တသြ မေးလာသည်။ သူမကို အဖြေ ပြန်ပေးတော့မည့် အချိန်တွင် သွေးကျီးကန်း တစ်ကောင်နှင့် ကြုံလိုက်ရ၏။
“ ဝှစ် ... ။ ”
သူတော်စင် တာအိုကို လှည့်ပတ်ကာ လက်ဖဝါး တစ်ချက် တွန်းထုတ်ပစ် လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ရေဝဲကြီး ဖြစ်ပေါ်လာ၏။
“ မိုးပြာ နဂါး ထွက်သက် ... ။ ”
သွေးကျီးကန်းငယ်ကို ချက်ချင်း ခွဲထုတ်လိုက်ပြီး မြင်ကွင်း အနည်းငယ် ရှင်းသွား လေသည်။
ထို့ကြောင့် ဆယ်မိုင်အကွာတွင် စွမ်းအင် ကြာပန်းတစ်ပွင့်ကို နင်းလျက် သွေးကျီးကန်း များနှင့် ရင်ဆိုင်နေသော လူငယ် တစ်ယောက် ရှိနေခဲ့၏။
လူငယ်သည် အနက်ရောင် ဝတ်ဆင်ထားကာ တံဆိပ်များ ထုလုပ်လျက် သူ့အောက်ရှိ ကြာပန်းကို မီးလျှံများ တောက်လောင် လာစေသည်။
“ နဂါး ကျောက်စိမ်း မီးကြာပန်း ... ။ ”
သူ့လက်ညှိုး ထိုးရာ အရပ်သို့ မီးနဂါးကြီး တစ်ကောင် ပြေးထွက်သွားပြီး သွေးကျီးကန်း များကို ပြာချပစ်လိုက်၏။
“ သန်မာတယ်။ ”
လင်းယွန်မှ မှတ်ချက်ပေးသည်။
“ ဒါ ... ရှေးကျတဲ့ ... လျှို့ဝှက် နည်းပညာ တစ်ခုပါပဲ ... ရှေးဦးခေတ်က မျိုးနွယ်စု တစ်ခုက ထူးခြားတဲ့ ကျင့်ကြံမှု နည်းစနစ်ကြောင့် ကျော်ကြား ကြတယ် ...
... သူတို့ရဲ့ သားစဉ် မြေးဆက် တွေက သူတော်စင် ဖြစ်လာရင် သူတော်စင် ကြာပန်း တစ်ပွင့်ကို ရရှိနိုင်တယ်၊ အဲဒါက ရှားပါးတဲ့ နဂါးကျောက်စိမ်း မီးကြာပန်းပဲ ...
... သူတို့က ... ဧကရာဇ် မျိုးနွယ်စု ရှစ်ပါးထဲက တစ်ပါးဖြစ်ပြီး လီမျိုးနွယ်စု အဖြစ် လူသိများတယ်၊ ဒါဆို သူက လီမိသားစုဝင် တစ်ယောက် ဖြစ်နိုင်မလား။ ”
ခရမ်းငယ် စကားကို အနက်ဝတ် လူငယ် ကြားသွားပြီး သူတို့ထံ လှည့်ကြည့် လာလေ၏။ ကြည့်စတွင် ထူးခြားချက် မရှိခဲ့ သော်လည်း၊ မျက်နှာ ပြန်လွှဲသွားသည့် အချိန်၌ အံ့သြ တကြီးနှင့် မျက်မှောင်ကြုတ် သွားသည်။
သည့်နောက် ချက်ချင်း ထွက်ခွာ သွားတော့၏။
“ ဧကရာဇ် မျိုးနွယ်စု ရှစ်ပါးလား ... ကျန့်မိသားစု၊ မိုမိသားစု၊ ရှောင်မိစားစုနဲ့ အခု လီ ... ။ ”
လင်းယွန်မှ ရေရွတ်သည်။ ဧကရာဇ် မျိုးနွယ်စုများသည် လျှို့ဝှက် ဆန်းကြယ်ပြီး ၎င်းတို့ အနက်မှ သုံးပါးကို ထိတွေ့ ဆက်ဆံဖူး၏။
ဆရာ သခင်မှာ ကျန့်မျိုးနွယ် ဖြစ်ပြီး ထောင်စုနှစ် မီးတောက် ပိုင်ရှင်သည် မိုမျိုးနွယ် ဖြစ်သည်။
သည့်အပြင် တစ်ချိန်က ကောင်းကင် လမ်းတွင် ဆုံဖူးသော အဖြူဝတ် ဓားသမား လူငယ်သည် ရှောင်မိသားစုမှ ဖြစ်၏။
“ သူ့ကို ဖမ်းပြီး ... ဧကရာဇ် မျိုးနွယ်စု ရှစ်ပါးက ဘာလုပ်ဖို့ ကြိုးစား နေတာလဲ ဆိုတာ မေးကြည့်ရအောင်။ ”
ခရမ်းငယ်မှ မကြောက်မရွံ့ အကြံပြုသည်။
“ အဲဒီလူက သတိကြီးတယ်၊ သူနဲ့ ... ရန်ငြိုးဖွဲ့ဖို့ မလိုပါဘူး (၆)ပါးသော မြို့တော်ကို သွားကြည့်ရင် သိမှာပါ။ ”
လင်းယွန်မှ ခေါင်းယမ်းကာ အကြံပြု လိုက်သည်။ ခြောက်ပါးသော မြို့တော်သည် တစ်ချိန်က မြင့်မြတ်မြေ ခြောက်ခု၏ ထိန်းချုပ်ခြင်း ခံထားရ၏။
သွေးလဂိုဏ်းနှင့် ဝိညာဉ် နတ်မိစ္ဆာ မိသားစုက မြို့ကို ဖျက်ဆီးရန် မြင့်မြတ်မြေ ခြောက်ပါးအပေါ် မောင်းထုတ်ခဲ့ကြောင်း သတင်းကြီး နေခဲ့သည်။
ထို့ကြောင့် အဖြစ်အပျက်များကို တစ်ချက်ကြည့်ချင်သည်။ ရောက်သွားသော အခါတွင် မြို့တော်မှာ ပျက်စီးနေပြီး ယဇ်ပလ္လင် တစ်ခုသာ ကျန်ရှိတော့၏။
ယဇ်ပလ္လင်ပတ်လည်၌ အကန့်အသတ်မဲ့ အလောင်းကောင် များဖြင့် ဖုံးလွှမ်း ထားသည်။ ဤနေရာတွင် အခမ်းအနား တစ်ခု ကျင်းပ ခဲ့ကြောင်း မြင်ကွင်းက သက်သေပြနေ၏။ သို့သော် အောင်မြင်ပုံ မရခဲ့ချေ။
မြေပြင်ပေါ်ရှိ အလောင်းများသည် မြင့်မြတ်မြေများမှ ဖြစ်ကြပြီး ကြက်သွေးရောင် ချပ်ဝတ်များ ဝတ်ဆင်ထားသည့် စစ်သား အချို့ပင် ရှိနေသည်။
အခြား သက်ရှိ တစ်ကောင်မျှ မရှိချေ။ ကြက်သွေးရောင် ချပ်ဝတ် စစ်သား များသည် သွေးတပ်ရင်းမှ ဖြစ်၏။
ယင်းကြောင့် ဆိုးရွားသော ကြိုတင် သတိပေးချက် တစ်ခု ရရှိလာသည်။ အနားကပ် မကပ်ခင် ပလ္လင်ကြီး အက်ကွဲ နေသည်ကို မြင်လိုက်ရ သဖြင့် ရပ်လိုက်၏။
ဤယဇ်ပလ္လင်သည် တန်ခိုးကြီးသော တည်ရှိမှု တစ်ခုကို တံဆိပ်ခတ်ထား သလိုပင်။
“ လင်းယွန် ... ဒီပလ္လင်မှာ နိဗ္ဗာန်ဓား ရည်ရွယ်ချက် ရှိတယ်။ ”
ခရမ်းငယ်က ရွှင်မြူးသွားသည်။
“ ဒါပေမယ့် ငါတို့ အဲဒီကို မသွားသင့်ဘူး ထင်တယ်။ ”
ခရမ်းငယ် တစ်ယောက် မသေချာ မရေရာ ဖြစ်သွားသည်။ သူမသည် ကြောက်တတ်သော လူတစ်ယောက် မဟုတ်ချေ။
သို့သော် ဤနေရာနှင့် ပတ်သက်၍ ထူးဆန်းသော ခံစားချက်များ ရရှိနေခဲ့သည်။ ယဇ်ပလ္လင် တစ်ဝိုက် တိုက်ပွဲ အရိပ်အယောင် အချို့ရှိနေပြီး အန္တရာယ် အငွေ့အသက် ပေးစွမ်းနေ၏။
ထို့ကြောင့် ယဇ်ပလ္လင်သည် အန္တရာယ် ပေးနိုင်မည်။ ပေါ့ပေါ့ဆဆ မထိသင့်ဟု သူမ ဗီဇမှ ပြောပြနေ၏။
လင်းယွန်က သက်ပြင်းချလျက် ပြန်လှည့်ကြည့်ကာ၊
“ မိတ်ဆွေ ... မင်း ငါတို့နောက်ကို လိုက်နေတာကြာပြီ ထွက်မလာ သေးဘူးလား။ ”
-ဟု ပြောကြားလိုက်သည်။
သူ့အကြည့်သည် ကျိုးပဲ့ စုတ်ပြတ်နေသော နံရံတစ်ချပ်ထံ ဖြစ်၏။
“ ဒီမှာ တစ်ယောက်ယောက် ... ရှိနေတာလား ... ငါ ဘာလို့ သတိ မထားမိ ရတာလဲ ။ ”
ခရမ်းငယ် တစ်ယောက် မျက်လုံးပြူး သွားသည်။ ခဏအကြာ၌ အနက်ဝတ် လူငယ် တစ်ဦး အမှောင်ရိပ်ထဲမှ ထွက်လာပြီး၊
“ နာမည်ကြီး ပန်းသင်္ချိုင်းက ... မျှော်လင့် ထားသလို ပါပဲ ... မင်းရဲ့ ဓားရည်ရွယ်ချက်ကို ငါသဘောကျ မိပြီ။ ”
“ မင်းငါ့ကို သိနေတာလား။ ”
လင်းယွန်မှ မေးမိသည်။
“ ခွန်လွန် နယ်မြေမှာ ... ဘယ်သူက နာမည်ကြီး ပန်းသင်္ချိုင်းကို မသိတာ ရှိလို့လဲ။ ”
အနက်ဝတ် လူငယ်က ပြန်ဖြေ၏။ ဤလူငယ် ဘေးရှိ မိန်းကလေးသည် သူ့မူလကို သိသဖြင့် ထွက်သွားလို ခဲ့သည်။
သို့သော် လူငယ်သည် သက်တံဓား သူတော်စင်၏ အမွေခံတပည့် ပန်းသင်္ချိုင်းမှန်း သိပြီးနောက် မလုပ်နိုင် ခဲ့ချေ။
“ စိတ်မပူပါနဲ့ ... ငါမင်းနဲ့ ရန်ငြိုးမရှိပါဘူး၊ ဘာလို့ နာမည်ကြီး ပန်းသင်္ချိုင်းက ဒီနေရာကို လာရတာလဲလို့ပဲ သိချင်တာပါ၊ ငါ့မျိုးရိုးက လီဖြစ်ပြီး ... နာမည်က ဖေးပိုင်ပါ။ ”
အနက်ဝတ် လူငယ်က သူ့ကိုယ်သူ မိတ်ဆက်ပေး၏။
“ တကယ်ပဲ လီမျိုးနွယ်ကိုး ... ။ ”
လင်းယွန်မှ ရေရွတ်သည်။
“ မင်း မိတ်ဆွေ ကောင်မလေး ပြောတာမှန်တယ်။ ”
လီဖေးပိုင်က ခရမ်းငယ်ကို တစ်ချက် ကြည့်ပြီး၊
“ အဲဒီယဇ်ပလ္လင် အနား မသွားဖို့ အကြံပေးပါရစေ ... အန္တရာယ် ရှိတယ်။ ”
-ဟု ခေါင်းညိမ့် သတိပေးလာ၏။
“ ဒီမှာ ဘာဖြစ် သွားတာလဲ သိလား။ ”
လင်းယွန်မှ မေးမိသည်။
“ ဘယ်သူက မသိဘဲ ရှိမလဲ ... ဒါဟာ လျှို့ဝှက်ချက် မဟုတ်ပါဘူး ... ကောင်းကင် တာအို ဂိုဏ်းက (၉)ရက်နေ့ပြီး တည်းက ဘာကိုမှ ဂရု မစိုက်နိုင်တော့ ပုံရတယ်။ ”
“ စကားမများနဲ့ ... လိုရင်းကိုပြော။ ”
ခရမ်းငယ်မှ စိတ်မရှည်စွာ ငေါက်ငမ်း လိုက်လေသည်။ လီဖေးပိုင်က သူမ၏ ရိုင်းစိုင်းမှု အပေါ် ဂရုမစိုက်ဘဲ အဖြစ်အပျက် အချို့ကို ပြန်ပြောပြလာ၏။
သွေးလဂိုဏ်းနှင့် ဝိညာဉ် နတ်မိစ္ဆာ မိသားစုသည် ခြောက်ပါးသော မြို့တော်ကို သိမ်းပိုက်ပြီး တံဆိပ် ဖျက်လိုကြ၏။
သို့သော် သူတို့တွင် နေနတ်ရူရ် မရှိသောကြောင့် အခမ်းအနား ကျင်းပခြင်းသည် အန္တရာယ်များလေသည်။
ထိုအချိန်တွင် နတ်ဘုရား သင်္ချိုင်း တောင်တန်း တဝိုက်တွင် လှည့်လည်နေသော နဝမမြောက် သမီးတော်၏ သွေးတပ်ရင်း ရောက်ရှိလာ၏။
ထို့နောက် အခမ်းအနား ပျက်သွားပြီး ယဇ်ပလ္လင်ထံမှ ဓားစွမ်းအင်များ ထွက်လာကာ မြို့ကို ချေမွှပစ်လိုက်သည်။
“ ဒါက ယဇ်ပလ္လင်ကို ထိန်းချုပ်ထားတဲ့ အစီရင် ကန်သတ်ချက် အက်ကွဲပြီး ဓားရောင်ဝါ လွတ်မြောက် လာတာပဲ၊ သူက လေထဲမှာ မပျောက်ကွယ်သေးဘူး၊ ...
... ယဇ်ပလ္လင်အနီး ချဉ်းကပ်သွားရင် အဲဒီဓားရောင်ခြည်က အပိုင်းပိုင်း လှီးဖြတ်ပစ် လိမ့်မယ်၊ မြေပြင်ပေါ်က အလောင်းတွေကို ကြည့် ... ဒီလိုနည်းလမ်းနဲ့ ... သူတို့ထဲက အများစု သေဆုံးသွားကြတယ်။ ”
“ နဝမမြောက် သမီးတော်ရော အခု ဘယ်မှာလဲ။ ”
လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်သည်။
“ ယဇ်ပလ္လင် ပွင့်သွားတဲ့ အခါ နှစ်ဖက်စလုံးက ဒဏ်ရာတွေ အပြင်းအထန် ရကုန်ကြတယ်၊ နဝမမြောက် သမီးတော် ဘယ်ရောက်သွားလဲ ဘယ်သူမှ မသိကြ တော့ဘူး။ ”
ဆုစီယာ ဒဏ်ရာ ရရှိသွားသည်ကို ကြားလိုက်ရသော အခါ လင်းယွန်တစ်ယောက် နှလုံးခုန် ရပ်သွား၏။
“ လူတော်တော် များများက သူ့ကို ရှာနေကြတယ်၊ ယဇ်ပလ္လင်ကနေ ပျံထွက်လာတဲ့ ရတနာ တစ်ပါးကို ... သူမ ရသွားတယ်လို့ ငါကြားတယ်။ ”
“ ကျေးဇူး တင်ပါတယ် ... ။ ”
ဤသည်မှာ လင်းယွန် အတွက် သတင်းဆိုးပေပင်။ လီဖေးပိုင်က လင်းယွန်ကို ပြန်ကြည့်ပြီး၊
“ ငါ မမှားရင် ... မင်းက အမည်ခံ သူတော်စင်ပဲ မဟုတ်လား။ ”
“ မှန်တယ် ... ”
“ မင်း အရမ်းကြီး ... အလေးအနက် မထားတာ အကောင်းဆုံးပါပဲ ... ဒီနေရာက မင်း ထင်ထားတာထက် ပိုရှုပ်ပွနေပြီ ... ကောင်းကင် တာအိုဂိုဏ်း ကလည်း ... မင်းကို မကူညီနိုင် တော့ဘူး၊ ...
... တစ်ယောက် ယောက်က မင်းကို သတ်ချင်ရင် ... ဒီနေရာက အကောင်းဆုံး နေရာ ပါပဲ။ ”
လီဖေးပိုင်စကားကို ခရမ်းငယ်မှ မကြိုက်ဘဲ၊
“ မင်းရဲ့ စိုးရိမ်မှုကို ... ငါတို့ မလိုအပ်ဘူး အဲဒီအစား မင်းကိုယ့်မင်းသာ ဂရုစိုက်သင့်တယ်။ ”
-ဟု မကျေမနပ်နှင့် ပြောကြားလိုက်သည်။
“ မင်းငါ့ရဲ့ ဇစ်မြစ်ကို သိတာတောင် ငါ့ခွန်အားကို မယုံဘူးလား၊ ငါ ကြွားဝါနေတာ မဟုတ်ဘူး၊ ဒါပေမယ့် နတ်ဘုရား သင်္ချိုင်း တောင်တန်းမှာ ဘယ်အရာမှ ငါ့ကို မတားနိုင်ဘူး။ ”
လီဖေးပိုင်မှ တုန့်ပြန် ပြောကြားလာ၏။
“ ဘာပဲ ဖြစ်ဖြစ် ... မင်းရဲ့ အချက်အလက်တွေ အတွက် ... ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်က ခရမ်းငယ်ကို တားကာ ဝင်ပြောလိုက်သည်။ လီဖေးပိုင်မှ ခေါင်းခါပြီး၊
“ ငါ့ကို ကျေးဇူး တင်စရာ မလိုဘူး၊ ကျော်ကြားတဲ့ ပန်းသင်္ချိုင်းမှာ ... ထူးခြားမှု တစ်ခုခု ရှိ-မရှိ ကြည့်ဖို့ ... ငါဒီနေရာကို လိုက်လာခဲ့တာ။ ”
“ ဒါဆို ဘယ်လို မြင်လဲ။ ”
“ သာမန်ပါပဲ ... ။ ”
လီဖေးပိုင်မှ လင်းယွန်ကို တစ်ချက် ပြန်ကြည့်ကာ၊
“ ခေတ်တွေ ပြောင်းသွားပါပြီ ... ကောင်းကင်နဂါး သခင်တောင် ဘာမှ မလုပ်နိုင် ပါဘူး၊ မင်း ဒါကို အလေးအနက် မထားပါနဲ့ ... မဟုတ်ရင် ဘယ်လို သေသွား မှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ ”
လီဖေးပိုင်မှ တည်ငြိမ်သော လေသံဖြင့် ပြောလာခြင်း ဖြစ်၏။ အထင်သေးခြင်း မရှိသော် ငြားလည်း သူ့စကားကို လင်းယွန် မကြိုက်ချေ။
“ ဒါဆို ... ငါ အခု အနားယူတော့မယ်။ ”
စကားဆုံးသည်နှင့် တစ်ချက် လှုပ်လိုက်ရာ လီဖေးပိုင် တစ်ယောက် မိုင်တစ်ရာ အကွာသို့ ချက်ချင်း ရောက်ရှိ သွားသည်။
“ အဲဒီကောင်က ... စိတ်အနှောက် အယှက် ဖြစ်စရာပဲ။ ”
“ လောလောဆယ် ... သူ့ကို ဂရုမစိုက်နဲ့။ ”
သူ့အတွက် ဆုစီယာ သည်သာ အရေးကြီး၏။ ထို့နောက် မြို့တော်မှ ဖယ်ခွာပြီး ခရီးဆက် လာခဲ့သည်။ မကြာခင် အနီရောင် မြစ်ကြီး တစ်စင်းရှေ့ ရောက်ရှိလာ၏။
မြစ်ရေပြင်သည် မီးတောက်များ ကဲ့သို့ အပူရှိန်များ ထုတ်လွှတ်နေသည်။ ဤသည်မှာ မီးနဂါးမြစ် ဖြစ်သည်။
တစ်ချိန်က ဤမီးနဂါးမြစ်သည် အန္တရာယ်များဖြင့် ပြည့်နှက်နေကာ တားမြစ် နယ်မြေ ဖြစ်၏။
အမည်ခံ သူတော်စင် သည်ပင် သေကျ ပျက်စီးရသည်။ လက်ရှိ အချိန်၌ အတားအဆီး ပြေလျော့ သွားသဖြင့် တားမြစ် နယ်မြေ မဟုတ် တော့ချေ။
“ မြစ်ရဲ့ တစ်ဖက်ခြမ်းကို ... ကောင်းကင်ဗိမ္မာန်လို့ ခေါ်တယ် အတွင်းထဲမှာ ဘာတွေရှိလဲဆိုတာ ဘယ်သူမှ မသိကြဘူး ... ဘယ်သူမှလည်း ပြန်မလာနိုင်ကြဘူး။ ”
မြစ်ကမ်းနဘေးတွင် သူတော်စင်များစွာ စုဝေးနေခဲ့ကြပြီး အချင်းချင်း ကျယ်လောင်စွာ ဆေးနွေးနေကြ၏။
မြစ်ရေပြင်ပေါ်တွင် သူတော်စင် အလောင်းများစွာ မျောပါ နေသောကြောင့် မည်သူမျှ မရွေ့ဝံ့ကြချေ။
ထိုသူများသည် မြစ်ကို ဖြတ်ကျော်စဉ် သေဆုံးသွားသည့် သူတော်စင်များ ဖြစ်သည်။
“ မြင့်မြတ်မြေ ငါးပါး ရောက်လာပြီ။ ”
ရုတ်တရက် လူတစ်ယောက်က အဝေးမှ လျှောက်လှမ်းလာသော လူအုပ်ကို သတိထားမိ သွားလေသည်။
***