အနီရောင် ပင့်ကူ လီလီပန်း။
Vol. 160 Ch. 2229
“ ဒီနေရာက နတ်ဘုရား အလောင်းလား။ ”
လင်းယွန်က အသိစိတ် ဝင်လာခဲ့၏။ မီးနဂါးမြစ်ကို ဖြတ်ကျော်စဉ် အာကာသဆိုင်ရာ အကန့်အသတ်ကို သူ မခံစား ရချေ။
ထို့ကြောင့် သွေးကျီးကန်း လူငယ် ပြောသည်မှာ အဓိပ္ပါယ်ရှိသည်။ ဤနေရာသည် နတ်ဘုရား အလောင်း ဖြစ်နိုင်၏။
မီးတောက်နဂါးမြစ်သည် သူတို့ကို ပို့ဆောင်ပေးသော တည်နေရာပြောင်း အစီရင် တစ်ခု ပေပင်။
( ကောင်းကင်ဘုံ နိမ္ဗာန် နယ်မြေသည် နတ်ဘုရား အလောင်း၏ ကိုယ်ပိုင်ကမ္ဘာကြီး ဖြစ်နေလေသည်။ )
နောက်ထပ် မေးခွန်းအချို့ကို မေးပြီး ဤသွေးကျီးများသည် နတ်ဘုရား အလောင်း၌ မွေးဖွားလာခြင်း ဖြစ်သည်ကို သိရှိခဲ့၏။
ဤနတ်ဘုရားသည် သက်ရှိထင်ရှားရှိစဉ် အခါက အပြစ်များဖြင့် ပြည့်နှက် နေခဲ့ပေမည်။ အသတ်ခံရ ပြီးနောက် နှစ်တစ်ရာ အကြာတွင် သွေးကျီးကန်းများကို မွေးဖွား ပေးလာ၏။
ရလဒ်အနေဖြင့် သွေးကျီးကန်းများသည် နတ်ဘုရား အလောင်း ရှိနေသရွေ့ အကြိမ်ကြိမ် ပြန်လည် မွေးဖွားနိုင်မည်။
ဤနေရာတွင် အစွမ်းထက်သော သွေးကျီးများ ရှိပြီး ၎င်းတို့သည် ပြည့်စုံသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထား၏။
၎င်းတို့သည် လူသားခန္ဓာကိုယ်နှင့် ငှက်နှုတ်သီးများ ပိုင်ဆိုင်ထားပြီး သွေးကျီးကန် ဘုရင် ရာထူးကို ရယူထားကြသည်။
သွေးကျီးကန်း လူငယ်သည် သူ့ အနှစ်သာရကို ပုတီးစေ့ဖြစ်အောင် ပြုပြင်မည့် အပေါ် ကြောက်ရွံ့သည့်အတွက် ထိန်ချန်ခြင်း မပြုတော့ချေ။
“ နတ်ဘုရား အသွေးတော် သစ်သီးက ဘယ်မှာရှိလဲ။ ”
လင်းယွန်မှ မေးသည်။
“ ငါ တစ်ခါမှ မကြားဖူးဘူး။ ”
“ မင်း ကြည့်ရတာ ကောင်းကောင်း မဖြေချင်ဘူး ထင်တယ်။ ”
ခရမ်းငယ်က ဒေါသထွက်လာပြီး နှိပ်စက်ရန် ပြင်၏။
“ ငါ တကယ် မသိတာပါ၊ ကောင်းကင် နိမ္ဗာန်ကြီးက ကျယ်ပြောတယ်၊ ဘုရင်တိုင်းမှာ ကိုယ်ပိုင် နယ်မြေနဲ့ ကျွန်တွေရှိတယ်၊ ငါတို့ အချင်းချင်းတောင် မကြာခဏ ...
... တိုက်ပွဲ ဖြစ်လေ့ရှိတယ်၊ ဒါကြောင့် နယ်ကျော် သွားလာခြင်းကို တားမြစ်ထားတယ် ငါတို့နယ်မြေက ထွက်သွားလို့ မိသွားရင် ကျွန်ပြု ခံရလိမ့်မယ်။ ”
ဤအရပ်သည် ကောင်းကင် နိမ္ဗာန်၏ အစွန်းအဖျား ဒေသမျှသာ ဖြစ်ပြီး ဘုရင်များမှာ ဗဟိုဒေသ၌ ရှိပေမည်။
“ တကယ်လို့သာ ... နတ်ဘုရား အသွေးတော် ရှိတယ် ဆိုရင် သွေးမီးတောက် လွင်ပြင်မှာ ရှိနေသင့်တယ် ... အဲဒီအရပ်က နတ်ဘုရား အလောင်းရဲ့ နှလုံးသားပဲ။ ”
သွေးကျီးကန်း လူငယ်မှ ဦးတည်ချက် တစ်ရပ်ကို ညွှန်ပြ၏။ သို့သော် သူ သိရုံမျှသာ ရှိသည်။ ထိုအရပ်သို့ မရောက်ဖူးချေ။
“ ဒါနဲ့ ... မင်းက ငါ့နာမည်ကို ကြားချိန်မှာ ကြောက်နေပုံရတယ် ... ဘာလို့လဲ။ ”
“ ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင် တော်တော်များများ ကောင်းကင်နိမ္ဗာန် အတွင်း ဝင်လာဖူးတယ်၊ သူတို့က တကယ်ကို အစွမ်း ထက်တယ်၊ သွေးကျီးကန်း ဘုရင်တောင် အသတ်ခံရတယ်။ ”
သွေးကျီးကန်း လူငယ်မှ တုန်လှုပ် ခြောက်ခြားစွာဖြင့်၊
“ အဲဒီလူတွေက မင်းအကြောင်း ပြောနေ ကြတယ်၊ သူတို့ရဲ့ မဟာ သူတော်စင် တစ်ပါးက မင်းကြောင့် သေသွားတယ် ... ဒါကြောင့် မင်းအပေါ် အမုန်းတရားတွေ ပြည့်နှက် နေတယ်။ ”
ဤသည်မှာ စီနီယာ တျန်ရှင်းမှ ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကို သတ်ဖြတ်ခဲ့ခြင်း အပေါ် ဆိုလို ချင်ပုံရ၏။
“ နောက်ဆုံး မေးခွန်း ... မေးမယ် ဒီမိန်းကလေးရဲ့ တည်နေရာကို သိလား ... ။ ”
လင်းယွန်က ဆုစီယာ အသွင်အပြင်ကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။ သွေးကျီးကန်း လူငယ်က မျက်မှောင်ကြုတ်လျက်၊
“ ငါသိမယ် ထင်တယ်၊ ဒီပုံစံမျိုး တစ်စုံ တစ်ယောက် ရှိနိုင်တယ် ... ငါနဲ့ မဆုံဖူးပေမယ့် သူမကို ဝိညာဉ် နတ်မိစ္ဆာ မိသားစုတွေ လိုက်ရှာ နေသံ ကြားတယ်၊ ...
... မတွေ့သေးဘူး၊ သေချာတာတော့ ကောင်းကင် နိမ္ဗာန် နယ်မြေ အတွင်းမှာ သူမ ရှိနေတယ်။ ”
ဆုစီယာ အသက်ရှင်နေသေး သဖြင့် လင်းယွန်မှ သက်ပြင်းချလိုက်၏။
“ ငါတို့ သူ့ကို ဘာလုပ်မလဲ။ ”
ခရမ်းငယ်က မေးသည်။
“ မင်းတို့ ငါ့ကို သတ်လို့ရတယ် ... ပုတီးစေ့အဖြစ် မသန့်စင်သရွေ့ အရာအားလုံး အဆင်ပြေမှာပါ။ ”
လင်းယွန်က တုန်လှုပ်နေသော ငှက်နှုတ်သီးနှင့် လူငယ်ထံ ကြည့်လိုက်သည်။ သူ့တွင် ပုတီးစေ့အဖြစ် သန့်စင်ရန် နည်းလမ်း မရှိသလို သတ်ရန် ဆန္ဒလည်း မရှိချေ။
ထို့ကြောင့် ၎င်းခန္ဓာကိုယ် အတွင်းသို့ ငရဲ သံကြိုးများဖြင့် ချုပ်နှောင်ကာ သူ့ကို အစေခံရန် ကြိုးစားလိုက်သည်။
ဤနေရာရှိ သွေးကျီးကန်းများသည် သတ်ခြင်းတရားအပေါ် မကြောက်ကြသဖြင့် အချက်အလက်များ ရယူရန် ခက်ပေမည်။
ထို့ကြောင့် သည်လူငယ်ကို ဓားစာခံ ပြုလုပ်ထားခြင်းသည် အကောင်းဆုံးဖြစ်၏။ ၎င်းဦးဆောင်မှုဖြင့် သွေးမီးတောက် လွင်ပြင်ထံ ဦးတည် လိုက်မိသည်။
လမ်းခရီးတွင် နဂါးလေး နိုးလာပြီး သူတော်စင်နယ်ပယ်သို့ ရောက်ရှိ လာခဲ့သည်၊ ဆိုလိုသည်မှာ လင်းယွန်၏ အဖွဲ့သည် ပို၍ အားကောင်းလာပြီ ဖြစ်၏။
သွေးကျီးကန်း လူငယ်မှ မလိမ်ခဲ့ချေ။ ဘုရင်များသည် နယ်မြေစိုးမိုးမှု အားကောင်းရန် လှည့်ကင်းများ ထားလေရာ အန္တရာယ်ရှိသည်။
၎င်းတို့၏ ကျွန်များက မည်သူ့ကို မဆို တိုက်ခိုက်မည် ဖြစ်ပြီး နေရာအနှံ့၌ တိုက်ပွဲများ ဖြစ်ပွား နေခဲ့သည်။
တစ်ကြိမ်တွင် သွေးကျီးကန်း ဘုရင် တစ်ကောင်နှင့် ပက်ပင်းတွေ့၏။ နေနတ်ဘုရား ဖမ်းဆီးခြင်းကို ကန့်သတ်ချက် အထိ တွန်းထုတ် ခဲ့ရသည်။
အဆုံးမဲ့ တိုက်ပွဲများသည် သူ့ကို အားအင် ကုန်ဆုံးစေပြီး နဂါးလေး မှာမူ စိတ်လှုပ်ရှားဖွယ် အသွင်မျိုး ပြသနေ၏။
အဆုံးတွင် ၎င်းသည် သူတော်စင် ဖြစ်လာပြီးနောက် ပထမဆုံး ခွန်အား ပြပွဲကြီး ဖြစ်လေသည်။
ကြောင်တစ်ကောင် သည်ပင် အစွမ်းထက် နေသဖြင့် သွေးကျီးကန်း လူငယ်မှာ ဦးရေပြား ထုံကျင်လာ၏။ အလွန်ကြောက်သွားပြီး တုန်တုန်ယင်ယင် လေသံဖြင့်၊
“ အရှေ့မှာ အသူရာ ဘုရင်ရဲ့ နယ်မြေပဲ၊ အသူရာဘုရင်က ကောင်းကင် နိမ္ဗာန်နယ်မြေရဲ့ ရှေးဟောင်း ဓားသမား အလောင်းကို ရရှိခဲ့ပြီး မယုံနိုင် လောက်အောင် ...
... အစွမ်းထက်လာတယ်၊ ရက်စက် ကြမ်းကြုတ်ပြီး ဖမ်းမိသမျှကို ... သူ့ဓားအတွက် သန့်စင်ပစ်တယ်။ ”
ထိုစကားကြောင့် လင်းယွန်မှ အံ့ဩသွားသည်။
“ သူ့ဓားကို သွေးကျီးကန်းနဲ့ သန့်စင် ထားတာလား၊ သွေးကျီးကန်းက ဘာအသုံးဝင် လို့လဲ။ ”
လင်းယွန်မှ မေးသည်။ ထိုမေးခွန်းက သွေးကျီးကန်းလူငယ်ကို ဒေါသထွက်စေ၏။
“ ငါတို့က နတ်ဘုရား သွေးကနေ ပေါက်ဖွားလာတာ ငါတို့ကို အမြောက်အများ သန့်စင်နိုင်ရင် နတ်သွေးရတာနဲ့ အတူတူပဲ၊ ပုတီးစေ့တွေထက် ...
... အများကြီး ကောင်းတယ် ... ငါတို့က မြင့်မြတ်တဲ့ အနွယ်တော်တွေပဲ အနန္တ သင်္ချိုင်း တောင်ကြားက ကျီးကန်းရိုင်း တွေနဲ့ မတူဘူး၊ အသူရာဘုရင် သန့်စင်ထားတဲ့ ဓားဆိုရင် ကောင်းကင် နိမ္ဗာန်မှာ ရတနာပဲ။ ”
“ နားလည် ပြီ ... ။ ”
ဤတစ်ကြိမ်၌ သွေးကျီးကန်း လူငယ်ကို မည်သို့ ကိုင်တွယ် ရမည်ကို သိရှိမိ၏။ လင်းယွန် အကြည့်ကြောင့် သွေးကျီးကန်း လူငယ်မှာ ကြောက်ရွံ့လာလေသည်။
“ မလုပ်နဲ့ ... ငါ့သွေးတွေ အားလုံးကို သန့်စင်အောင် လုပ်နိုင်ရင်တောင်မှ နတ်ဘုရား သွေး အရိပ်အယောင် ရမှာ မဟုတ်ဘူး၊ ငါ့ကိုသာ သတ်လိုက်ပါ။ ”
“ ဟမ့် ... မင်းက တော်တော် သူရဲဘောကြောင်တဲ့ ကောင်ပဲ ဘယ်လိုလုပ်ပြီး ကိုယ့်ကိုကိုယ် မြင့်မြတ်သူလို့ ခေါ်တာလဲ။ ”
နဂါးလေးက လှောင်ပြောင်လိုက်၏။ သွေးကျီးကန်း လူငယ်၏ မျက်နှာ နီရဲသွားပြီး ပြန်လည် ချေပဝံ့ခြင်း မရှိတော့ချေ။
သူ့ရှေ့မှ သုံးယောက်သည် ကြောက်စရာ ကောင်းပြီး ပန်းသင်္ချိုင်းမှာ အဆိုးဆုံး ဖြစ်ချေပြီ။ ကောင်မလေး ပါးစပ်သည် အမြဲတမ်း ရက်စက် လှကာ၊ ဤကြောင်သည် စကားမပြောဘဲ သတ်ရန် မွေးလာသူ ဖြစ်၏။
တိုက်ပွဲများ ရပ်နားသည့် အချိန်တိုင်း သူ့ကို ကျီးကန်းသဲအိတ် အဖြစ် လာရောက် ရိုက်နှက် နေတတ်သည်။
လင်းယွန်က ကွေ့ဝိုက် မသွားချင်ဘဲ ဤဒေသကို ဖြတ်ကျော်ရန် ဆုံးဖြတ်လိုက်၏။
“ သွား ကြည့် ရအောင်။ ”
မိုင်ရာဂဏန်းသို့ ရောက်ရှိလာ ပြီးနောက် သူ့ဓားသည် ဤနေရာရှိ လှိုင်းဂယက် အချို့ကို ခံစားလာမိသည်။ ကျောက်တုံး တစ်တုံးပေါ် ခုန်တက်ကာ ဓားကို ဖြန့်ထုတ်ပစ်၏။
မိုင်တစ်ထောင် အချင်းဝက် အတွင်း အရာအားလုံးကို မြင်နိုင်ခဲ့၏။
“ ငါ့နောက်လိုက်ခဲ့ ... ။ ”
ကျောက်တုံးပေါ်မှ ပြန်လည် ခုန်ချကာ ခရီးဆက်လာခဲ့သည်။ နယ်မြေကို ကြိုတင်ပြီး လေ့လာထားသဖြင့် သွေးကျီးကန်း အများ အပြားကို ရှောင်ရှား နိုင်ခဲ့သည်။
များမကြာခင် ဓားသင်္ချိုင်းသို့ ရောက်ရှိလာသည်။ ရှေးကျပြီး သံချေးတက် နေသော ဓားရှည်များဘေးတွင် အလောင်း အများအပြား ရှိနေ၏။
မြေပြင်ပေါ်၌ မတ်တပ်ရပ်နေသည့် လူသား(၃)ယောက် ရှိနေပြီး အလောင်းများထံ ကြည့်ရှုနေသည်။
နဖူးရှိ တတိယ မျက်လုံးများ ဖွင့်ကာ အနက်ရောင် အလင်းများဖြင့် လူသေအလောင်း များထံ ဖုံးအုပ်ထား၏။
များမကြာမီ အလောင်းများက ပြန်၍ ပြုပြင်ပေးထားသော လူသားအရုပ်များအလား မတ်တပ် ထရပ်လာကုန်သည်။
“ ဝိညာဉ် နတ်မိစ္ဆာ မိသားစု ... ။ ”
သွေးကျီးကန်း လူငယ်သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး ‘သူတို့ ဘာလုပ် နေကြတာလဲ’ -ဟု မေး၏။
“ သူတို့ရဲ့ ဝိညာဉ်နတ်မိစ္ဆာ မိသားစုရဲ့ အလောင်းကောင် သန့်စင်ခြင်း နည်းလမ်းပဲ၊ မျက်လုံးက အနက်ရောင် အငွေ့နဲ့ နတ်ဆိုး အလောင်းကောင် အဖြစ် ...
... ပြောင်းလဲ လိုက်တာ ... ရွှေခေတ် ကုန်ဆုံးပြီးတဲ့နောက် ... သူတို့က လူသားတွေ အပေါ် ဒီနည်းလမ်းသုံးပြီး အမှောင်ခေတ်ကို ထူထောင်ခဲ့ဖူးတယ်။ ”
လင်းယွန်မှ ရှင်းပြလိုက်သည်။ သူ့ အသွင်အပြင် အရ ငြိမ်သက် နေပုံရ သော်လည်း အလွန် တုန်လှုပ်သွားမိ၏။
အပျက်အစီး နယ်မြေများ အသီးသီးတွင် နတ်ဆိုး အလောင်းများနှင့် ရင်ဆိုင် ခဲ့ဖူးချေပြီ။ သို့သော်ငြားလည်း သန့်စင်ခြင်းကို ယခုမှသာ မျက်မြင် တွေ့ကြုံရခြင်း ဖြစ်၏။
“ ဒါက နည်းနည်းတော့ ... ဒုက္ခ ဖြစ်လိမ့်မယ်၊ အခု ဒီနယ်မြေထဲကို သူတော်စင် သခင်တွေ အများကြီး ဝင်ရောက်လာခဲ့တယ်၊ သူတို့ အားလုံးကိုသာ သတ်ပြီး နတ်ဆိုး အလောင်း အဖြစ် စုဆောင်းနိုင်ရင် ...
... တစ်ချိန် နတ်ဘုရား သင်္ချိုင်း တောင်တန်းရဲ့ ကန့်သတ်ချက် ပျက်ပယ်သွားတဲ့ အခါ ... သူတော်စင် အလောင်း တပ်မကြီး ထွက်ပေါ်လာလိမ့်မယ်။ ”
ခရမ်းငယ်မှ ညည်းတွား လိုက်သည်။
“ အမှောင်တွေ ပြန်လာတော့မယ်လို့ မင်း ပြောချင်တာလား။ ”
လင်းယွန်မှ လေးနက်လာ၏။ သွေးလ ဂိုဏ်းနှင့် ဤဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်များသည် ကောင်းကင် နိမ္ဗာန်အတွင်းသို့ ရည်မှန်းချက် ကြီးကြီးဖြင့် ဝင်ရောက်လာပုံ ပေပင်။
ထိုစဉ် ကြက်သွေးရောင် အလင်းတန်းများ ရစ်သိုင်းလျက် မြေပြင်ပေါ် လူငယ် တစ်ယောက် ဆင်းသက် လာသည်။
ထိုလူငယ်သည် လူသားအသွင်နှင့် မခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ရှိ၏။ မိန်းကလေး များပင် မနာလို ဖြစ်စေမည့် အသားအရည်မျိုး ပေပင်။
အဖြူရောင် ဝတ်ရုံဖြင့် ချောမောသော အသွင်အပြင်ကြောင့် သူ့ကို ထူးထူးခြားခြား သတိ ထားမိစေမည် ဖြစ်သည်။
“ ယင်းမြစ်ဘုရင်ကို နှုတ်ဆက်ပါတယ်။ ”
( ယင်းမြစ် ဟူသည် တရုတ်နိုင်ငံ ဟွေမြစ်၏ အကြီဆုံး မြစ်လက်တက်။ )
ဝိညာဉ် နတ်မိစ္ဆာ သုံးယောက်က လေးလေးစားစား ဦးညွှတ်ကြသည်။ ထိုစဉ် တစ်စုံတစ်ခု မှားယွင်းနေ သဖြင့် လင်းယွန်မှ ဓားကို ထုတ်လွှတ်လိုက်၏။
ဤသည်မှာ ဓားသင်္ချိုင်း ဖြစ်နေသဖြင့် ကံကောင်းသွားသည်။ မဟုတ်သော် သူ့ဓားကို သတိထားမိ သွားနိုင်မည်။
“ အသူရာ ကျီးဘုရင် နယ်မြေမှာ ... ရတနာတွေ အများကြီးပါလား ... အနီရောင် ပင့်ကူ လီလီပန်းလည်း ရှိနေတယ်၊ ...
... ကောင်းပြီ ... ဒီမှာ နတ်သွေး တစ်စက်စီယူပြီး ... ဒီပန်းကို အရင်ပွင့်အောင် လုပ်ရအောင်။ ”
ယင်းမြစ် ဘုရင်က အနီရောင် ပင့်ကူ လီလီပန်းပင်ကို လက်လှိုင်းဖြင့် နှုတ်ယူလိုက်၏။ ပန်းပင်ငယ်သည် မိန်းကလေး လက်မောင်း ကဲ့သို့ သွယ်လျပြီး တောက်ပသော အဆင်း ရှိလေသည်။
၎င်းက ယိမ်းထိုးနေစဉ် ဝိညာဉ် နတ်မိစ္ဆာ သုံးပါးက ပန်းပင်ကို ဖမ်းလျက် နတ်သွေးများ သွန်းလောင်း လိုက်ကြ၏။
သည့်နောက် သာယာသော ဂီတသံများ ကြားလိုက်ရသည်။ ပန်းဖူး ပွင့်စေရန် သွေးသား စွမ်းအင်နှင့် နတ်သွေး တိုက်ကျွေးရပေမည်။
ထို့ကြောင့် သုံးယောက်သား ပန်းပင် ပတ်ပတ်လည်တွင် ထိုင်ပြီး သွေးသားစွမ်းအင် ပေးပို့လိုက်ကြ၏။
များမကြာမီ အနီရောင် ပင့်ကူ လီလီ ပန်းဖူးမှာ လှုပ်ခါလျက် အမြင့်ပေ (၁၀)မီတာသို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် ပန်းသင်္ချိုင်းဓားမှာ မြည်သံ ပြုလာ၏။ ရှားပါးသော ပန်းရနံ့ကို သည်းမခံ နိုင်တော့ချေ။ လင်းယွန်မှ အနည်းငယ် ချော့မြူလိုက် ရ၏။
ပန်းသင်္ချိုင်းမှာ ချက်ချင်း ရပ်သွား သော်လည်း လင်းယွန် မျက်နှာ ပြောင်းသွား၏။ ဓားသင်္ချိုင်းရှိ ဓားအချို့ သည်လည်း တုန်ယင် လာသဖြင့် ကံကောင်းသွားသည်။
သို့တိုင် ယင်းမြစ် ဘုရင်မှ သံသယဖြင့် သူ့ဦးတည်ရာကို စိုက်ကြည့် လာ၏။ တတိယ မျက်လုံးပွင့်လာပြီး အနက်ရောင် အငွေ့ အသက်များ လွင့်စဉ်လာသည်။
ဤလူသည် ရွှေမျက်လုံး ပိုင်ရှင် ဖြစ်ချေ၏။
“ သူတော်စင်တောင် မဖြစ်သေးတဲ့ ကြွက်စုတ် တစ်ကောင်ပဲ ... ။ ”
ယင်းမြစ် ဘုရင်က စွမ်းအင်များ လက်ဖဝါးတွင် စုစည်းလျက် ရိုက်နှက်ရန် ပြင်လိုက်၏။
ယင်းကြောင့် လင်းယွန်မှ ထွက်ပြေး တော့မည့် အချိန်၌ ကောင်းကင်မှ ဓားအလင်း တစ်လက် ပြုတ်ကျလာသည်။
“ ရွှပ် ... ။ ”
ယင်းမြစ် ဘုရင်မှ သူ့ကို ရိုက်ချိန် မရတော့ဘဲ ရှောင်တိမ်း လိုက်ရ၏။ ဤသည်မှာ ကြက်သွေးရောင် ဓားတစ်လက် ဖြစ်သည်။
“ ချွင် ... ။ ”
မြေပြင်ပေါ်တွင် ထိုးစိုက်ထားသော ဓားရှည်များ တုန်ခါလျက် သံချေးများ ကွာကျ ကုန်သည်။
ကောင်းကင်၌ လူမဟုတ် ငှက်မဟုတ် သတ္တဝါတစ်ကောင်ပျံဝဲလျက် ယင်းမြစ်ဘုရင်ထံ အေးစက်စွာ ကြည့်နေခဲ့၏။
ဤသည်မှာ သည်နယ်မြေ၏ သခင် အသူရာ ကျီးဘုရင် ဖြစ်သည်။ အသူရာ ကျီးဘုရင်က၊
“ ငါတို့ သဘောတူထားတာ ... အလောင်းတွေပဲ အနီရောင် ပင့်ကူ လီလီပန်း မပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ ငါတို့ ... ထပ်ပြီး ညှိနှိုင်းလို့ ရပါတယ်၊ အနီရောင် ပင့်ကူလီလီ အတွက် ... နတ်သွေး (၁၀)စက် ပေးမယ်။ ”
ယင်းမြစ်ဘုရင်မှ ပြုံးကာ ပြန်ပြော၏။ အသူရာ ကျီးဘုရင်မှ စကားမပြောဘဲ အနီရောင် ပင့်ကူလီလီထံ နတ်သွေးများ သွန်းလောင်း နေသည်ကို ကြည့်နေခဲ့၏။
“ အနီရောင် ပင့်ကူ လီလီက ... ငါ့ဆီမှာ အချိန်အကြာကြီး ရှိနေခဲ့တာတောင် မပွင့်တာ မထူးဆန်း ပါဘူး၊ နည်းလမ်း လိုနေတာပဲ။ ”
“ နတ်ဘုရားသွေး (၁၅)စက်။ ”
ယင်းမြစ်ဘုရင်က တန်ဖိုး တိုးမြှင့် လိုက်သည်။ အသူရာ ကျီးဘုရင် အကြည့်များ ဝင်းလက်သွား၏။
“ ငါ မေးပါရစေ ... ဒီလောက်များတဲ့ နတ်သွေးကို မင်းဘယ်က ရလဲ၊ ငါ့ကို အလောင်း အတွက် နတ်သွေး (၁၀)စက် ပေးထားတယ်၊ အခုလည်း (၁၅)စက်နဲ့ ကမ်းလှမ်းနေတယ်၊ မင်းကိုသတ်ပြီး အားလုံးယူမှ ထင်တယ်။ ”
အသူရာ ကျီးဘုရင် စကားကြောင့် ယင်းမြစ်ဘုရင်မှ ပြုံးပြီး ‘တိုက်ဆိုင်လိုက်တာ ငါလည်း အဲဒီလိုလုပ်ဖို့ စီစဉ်နေတာ၊’ -ဟု ပြောကြား လိုက်လေသည်။
စတုတ္ထအဆင့် သူတော်စင် သခင်၏ တန်ခိုးကြီးသော ရောင်ဝါကို ပေးဆောင်ပြီး ယင်းမြစ်ဘုရင်၏ နဖူးပေါ်မှ ရွှေရောင် ဒေါင်လိုက် မျက်လုံး ပွင့်လာ၏။
အသူရာ ကျီးဘုရင်မှ လက်ဝှေ့ယမ်းကာ၊
“ ရာဟု ... ”
-ဟု လှမ်းခေါ် လိုက်သည်။
ရာဟု ဟူသည် သူ့ဓားဖြစ်၏။ ဓားက ကြယ်ဓား ရည်ရွယ်ချက်ဖြင့် တောက်ပလာပြီး သူ့ထက်ထဲ ပျံတက်လာသည်။ လက်ဖြင့်ကိုင် လိုက်ရာ နဂါးငွေ့တန်းများ ရစ်သိုင်းလာ၏။
ယင်းမြစ်ဘုရင်က တိုက်ပွဲ လှိုင်းလုံးများဖြင့် အနီရောင် ပင့်ကူလီလီကို ထိခိုက်မည် စိုးရိမ်ပြီး ကောင်းကင်ပေါ် ခုန်တက်ကာ မိုင်တစ်ထောင် အကွာသို့ ဆင်းသက်လိုက်သည်။
“ ဝုန်း ... ။ ”
၎င်းတို့ တိုက်ပွဲသည် ထိုအကွာအဝေးမှပင် ကျယ်လောင်သော ပေါက်ကွဲသံများ နှင့်အတူ လှိုင်းများ ပျံ့ကားလာဆဲ ဖြစ်၏။
ထို့ကြောင့် ဝိညာဉ် နတ်မိစ္ဆာ သုံးပါးက လှိုင်းများရန်မှ ကာကွယ်ရန် လက်တစ်ဖက်စီ တွန်းထုတ်လျက် အတားအဆီး အလွှာ တစ်ခု ဖန်တီးလိုက်ရသည်။
လင်းယွန်က သွေးကျီးကန်း လူငယ်ထံ လှည့်ကြည့်ကာ၊
“ ကျိဖုန်း နတ်ဘုရား အသွေးတော် မတွေ့ခင် အနီရောင်ပင့်ကူ လီလီ တစ်ပွင့်ကို အရင် လုယူရအောင်။ ”
-ဟု ပြောကြား လိုက်လေသည်။
***