သနားစရာ ပန်းငယ်။
Vol. 160 Ch. 2232
ကူဒို၏ ခန္ဓာကိုယ် အစိတ်စိတ် အမွှာမွှာ စုတ်ပြဲကာ သနားစရာ ကောင်းလောက်အောင် သေဆုံးသွားခဲ့သည်။
လင်းယွန်၏ ဓားရည်ရွယ်ချက်သည် သူတော်စင် မူလနှင့် တတိယမျက်လုံး အတွင်းရှိ ဝိညာဉ် အကြွင်းအကျန် ကိုပင် ချေမွှ ပစ်လိုက်၏။
“ အစ်ကိုကြီး သိုလှောင် လက်ကောက်။ ”
လင်းယွန်မှ အလောင်းကို ရှာဖွေနေသော နဂါးလေး စကားကို အာရုံ မရချေ။ အတွေးထဲ နစ်မျောနေခဲ့သည်။
နဂါးလေးမှ နတ်ဆိုး အလောင်းများထံ ဆက်လက် ရှာဖွေ၏။ ခရမ်းငယ်က သိုလှောင် လက်ကောက်ကို ဖွင့်ကြည့်သည်။
စွမ်းအင်လုံးများ၊ သူတော်စင် ဆေးလုံးများ၊ ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စု၏ နည်းစနစ် အချို့၊ သူတော်စင် လက်ရာနှင့် လျှို့ဝှက် ရတနာ အချို့ ပါရှိ၏။
“ နတ်ဘုရားသွေး မရှိဘူး။ ”
လင်းယွန်က တစ်ခုမှ စိတ်မဝင်စားချေ။
“ ဒီနေရာကနေ အရင် ထွက်သွားရအောင်။ ”
လင်းယွန်က အဖွဲ့နှင့်အတူ ထွက်ခွာ သွားတော့၏။ အသူရာ ကျီးဘုရင်နှင့် ယင်းမြစ် ဘုရင်တို့ မည်သူ နိုင်မည်ကို သိချင်မိသည်။
သို့သော် အနီရောင် ပင့်ကူ လီလီပန်းကို ရရှိပြီး ဖြစ်သဖြင့် အန္တရာယ် မယူလိုတော့ချေ။ မိုင်ထောင်ပေါင်းများစွာ ခရီးနှင် ပြီးနောက် ပြိုကျနေသော နန်းတော် တစ်ခုကို တွေ့ရှိလိုက်သည်။
သုံးယောက်သား အနားယူရန် ဓားသေတ္တာထဲသို့ ဝင်ရောက် လိုက်ကြ၏။ အိုင်းရစ် နယ်မြေထဲတွင် ကြီးထွားနေသော အနီရောင် ပင့်ကူ လီလီပန်းကို မြင်လိုက် ရသည်။
၎င်းသည် ဆယ်ပေကျော် အရွယ်အစား အထိ ကြီးထွားလာပြီး အံ့သြဖွယ် ကောင်းစွာ အနီရောင်အဆင်းများ ထုတ်လွှတ်၏။
“ အိုး ... ဒီပန်းက သူ ရှိရာအရပ်ကို သူ့အိမ်အဖြစ် ပြောင်းလဲ နိုင်တာလား၊ ဖီးနစ် သစ်ပင်တောင် ဒီလို အစွမ်းမရှိဘူး။ ”
ခရမ်းငယ်မှ မပျော်မရွှင် ဖြစ်လာသည်။
“ ဘာလို့ ဒီလောက် မြန်မြန် ကြီးထွား လာရတာလဲ။ ”
လင်းယွန်က အံ့အားသင့်သွား၏။
“ ဒါဟာ နတ်သွေး သုံးစက်ကို သန့်စင် လိုက်လို့ဖြစ်မယ် ... မကြာခင် ပြန်ငယ်သွားပြီး အသွင်ပြောင်း လိမ့်မယ်၊ အဲဒီအချိန်မှာ ရိတ်သိမ်းရတယ်။ ”
“ ချွင် ... ။ ”
ခရမ်းငယ်မှ ရှင်းပြသည်။ အနီရောင် ပင့်ကူ လီလီကို မြင်လိုက်သည်နှင့် ပန်းသင်္ချိုင်း ပျံထွက် သွားလေသည်။
ကောင်းကင်တွင် ပျံဝဲလျက် ပန်း၏ အနီရောင် အဆင်း ရနံ့များကို ဝါးမြိုတော့၏။ လင်းယွန် လက်သို့ ပြန်လာချိန်၌ ယခင်ထက် ပို၍ ထက်ရှ နေချေပြီ။
“ ဘုန်းဝိညာဉ် သုံးပါးပဲ ရှိသေးတယ်၊ စတုတ္ထမြောက် ဝိညာဉ်ကို နှိုးဖို့ ... နည်းလမ်း ရှာရမယ်။ ”
ပန်းသင်္ချိုင်းကို ကိုင်လိုက်ပြီး ဓားရှိ အနီရောင်ဖျော့ဖျော့များ လင်းလက်နေသည့် အဆင်းထံ လှည့်ပတ်ကြည့်မိသည်။
ယခုအချိန်၌ ဘုန်းဝိညာဉ် သုံးပါးသည် လုံလောက်သော်လည်း သူ့ကျင့်ကြံမှု မြင့်တက် လာသော် ကျန်ခဲ့မည် ဖြစ်၏။
“ တစ်နေ့မှာ မင်းက ဘုန်းဝိညာဉ် ခုနစ်ပါးလုံး နိုးပြီး အုပ်စိုးရှင် လက်ရာ တစ်ပါး ဖြစ်လာအောင် ငါလုပ်မယ်၊ မင်းက ပြိုင်ဘက်ကင်း ဓားတစ်လက်ပဲ။ ”
လင်းယွန်က ဓားကို ပွတ်သပ်ပြီး ပြောကြားမိသည်။ သူ့တွင် အုပ်စိုးရှင် လက်ရာ အချို့ ရှိသေးသော်လည်း စွမ်းအားအပြည့် မထုတ်နိုင်ချေ။
ပန်းသင်္ချိုင်းသည်သာ ခရီး တစ်လျှောက် လိုက်ပါလာသည့် သူ့အဖော် ဖြစ်၏။ ဤဓားနှင့် သူ့ ဆက်ဆံရေးသည် အချိန်အတော်ကြာအောင် ဆက်နွယ်နေချေပြီ။
“ လင်းယွန် နင်သန်မာလာတယ် ... အခု ဒုတိယ အဆင့် သူတော်စင် သခင် ကိုတောင် သတ်နိုင်နေပြီ။ ”
ခရမ်းငယ်မှ တအံ့တဩ ဆိုလာသည်။ ထိုစကားကို လင်းယွန်မှ ခေါင်းယမ်းပြလိုက်၏။
“ သူတို့က ပန်းပွင့်အောင် လုပ်နေတော့ ပင်ပန်း နေခဲ့လို့ ငါကံကောင်း သွားတာပါ။ ”
“ ဟမ့် ... ဒီပွဲက နင့်ခွန်အား အကုန် မဟုတ်သေးဘူး၊ အခြားဝှက်ဖဲတွေ အများကြီး ကျန်သေးတယ် ဆိုတာ ငါသိတယ် ဟုတ်တယ် မဟုတ်လား ... ။ ”
“ ထင်ရတာပဲ ... ။ ”
လင်းယွန် အဖြေကြောင့် ခရမ်းငယ်မှာ မကျေမနပ်ဖြစ်လာ၏။
“ အဲဒါ ခဏထားပါ အခု ... ဓားကို နောက်တစ်ဆင့် မြှင့်ချင်တယ်၊ အနီရောင် ပင့်ကူ လီလီပန်းက အသုံးဝင် သေးလား။ ”
“ ကြည့်လိုက်ဦးမယ် ... ။ ”
ခရမ်းငယ်က အနီရောင် ပင့်ကူ လီလီထံ လှည့်ကြည့်လိုက်၏။ ပျော်ရွှင်နေသော ပန်းငယ် ခမျာ တုန်လှုပ်သွားသည်။
“ ဒီလို လုပ်ရအောင် ... ယင်းမြစ်ဘုရင်မှာ နည်းလမ်း ရှိသလို ငါ့မှာလည်း ... သူ ပွင့်လာဖို့ နည်းလမ်းရှိတယ် ... အဲဒီအချိန်မှာ အမွှေးဆုံး ရနံ့ကို သူ ထုတ်လွှတ်ပေးလိမ့်မယ်။ ”
“ ကောင်းပြီ ... ဆက်လုပ်ပါ။ ”
“ ဒါပေမယ့် ... ဒီနည်းလမ်းက ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်။ ”
ခရမ်းငယ်မှ အနီရောင် ပင့်ကူ လီလီကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။
“ သဘောတူဖို့ လိုတာလား ... ။ ”
လင်းယွန် သည်လည်း ပန်းငယ်ထံ လှည့်ကြည့်လိုက်မိ၏။
“ နင့်ရဲ့ နတ်ခန္ဓာကို ... သူ့အတွက် ဝေမျှ ပေးလိုက်ရင် အများကြီး အကျိုးရှိလာနိုင်တယ်၊ နေဦး ... ငါစကား နည်းနည်း ပြောကြည့်မယ်။ ”
ခရမ်းငယ်က အနီရောင် ပင့်ကူ လီလီကို ထိလိုက်ပြီး စကားပြောနေ၏။ ခဏအကြာတွင် သူမက ပြုံးလျက် လင်းယွန်ထံ လှည့်ကာ၊
“ သူ သဘောတူတယ် ... ဒီကိုလာ ။ ”
-ဟု ပြန်ကြားလာ၏။
လင်းယွန်က သူမ ညွှန်ကြားချက်အတိုင်း ပန်းငယ် နဘေးသို့ ဆင်းကာ မြေပြင်ပေါ် ထိုင်ချ လိုက်သည်။ ထို့နောက် ‘ငါ အခု ဘာလုပ် ရမှာလဲ’ -ဟု မေးမြန်းမိ၏။
“ ဘာမှ လုပ်စရာ မလိုဘူး ... သူတော်စင် တာအိုကို နားလည်ဖို့ပဲ ကြိုးစားပါ ... နတ်နဂါး သူတော်စင် သွေးရည်ကြည် သောက်လိုက်။ ”
ခရမ်းငယ်မှ ဝိညာဉ်ရေးရာ ရူရ်အချို့ ရေးဆွဲလျက် လင်းယွန် ထိုင်နေသည့် နေရာတွင် ရှုပ်ထွေးသော အစီရင်တစ်ခု ခင်းကျင်း၏။
“ ဝှစ် ... ။ ”
သည့်နောက် နတ်ရူရ်နှစ်လုံးကို အသက်သွင်းပြီး ကောင်းကင်ပေါ် ပျံတက်သွား လေသည်။
လင်းယွန်က နတ်နဂါး သူတော်စင် သွေးရည်ကြည် ကီလိုဂရမ် (၅၀)ကို ထုတ်ယူ မော့သောက် လိုက်၏။
ခွန်အားများ တိုးလာသည်နှင့် အမျှ အနီရောင် ပင့်ကူ လီလီပန်း၏ နှာမောင်းများက ဓားကဲ့သို့ သူ့အသားကို ဖောက်ဝင်လာသည်။
တစ်ချိန်တည်းမှာပင် ပန်းသင်္ချိုင်း ဓားသည်လည်း သူမ ထုတ်လွှတ်သော ရနံ့ကို စုပ်ယူတော့၏။
မြင်ကွင်းအရာ လင်းယွန်၏ သွေးသား စွမ်းအင်များကို ပန်းမှ စုပ်ယူကာ သူ့ရနံ့များကို ပန်းသင်္ချိုင်းထံ ပေးပို့နေ၏။
ထိုစဉ် ထူးခြားမှု အနေဖြင့် အနီရောင် ပင့်ကူလီလီမှ ပိုလျှံသော စွမ်းအင်များ ထုတ်ပေး လာပြန်သည်။
၎င်းသည် ကောင်းကင် စက်ဝန်း ဘုံကျောင်းရှိ သူတော်စင် စွမ်းအင်နှင့် ယှဉ်နိုင် ချေ၏။ ထို့ကြောင့် လင်းယွန်၏ ကျင့်ကြံမှုကို အကျိုးပြုလေသည်။
မှော်ဆန် ချေပြီ။ ယင်းမြစ် ဘုရင်မှာ ဤသက်ရောက်မှုကို သိရှိပြီး ဖြစ်ရပေမည်။ ပန်းငယ်သည် ရတနာသိုက် ဖြစ်၏။
များမကြာခင် အောင်မြင်မှု တစ်ခု ပြုလုပ် တော့မည့် အရိပ်အယောင်များ ပြသလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ သင်္ချိုင်း ဟူသော သူ့နက္ခတ်ကို ပြီးပြည့်စုံအောင် လုပ်ယူရန် ကြံရွယ်မိ၏။
ဆယ်ရက် အကြာတွင် နောက်ထပ် ကီလိုဂရမ်(၅၀)ကို ထပ်မံ သောက်သုံးလိုက်ကာ ကောင်းကင်ဘုံ မူလ၏ ဒုတိယအဆင့်သို့ ရောက်ရှိ သွားခဲ့သည်။
သူတော်စင် ဝိညာဉ်ကို စုစည်းပြီးနောက် စိတ်စွမ်းအင်များ တိုးလာသည်ဟု ခံစားလိုက် ရ၏။
ထို့ပြင် သူ၏ ခရမ်းရောင် နန်းတော်ရှိ ရောင်ဝါ ပင်လယ်သည်လည်း များစွာ ကျယ်ပြန့် လာသည်။
သူတော်စင် ရောင်ဝါသည် ရောင်ဝါ အဆင့်၌သာ ရှိသေးသော်လည်း အရည်အသွေး အရ သူတော်စင် စွမ်းအင်ထက် မယုတ်လျော့ တော့ချေ။
“ အခုချိန် ... ဗုဒ္ဓ ဧကရာဇ် ရွှေကြာပန်း လှံတံကို ... သုံးချင်ရင် ပိုလွယ်မယ် ထင်တယ်။ ”
မျက်လုံး ဖွင့်ကြည့်လိုက်ရာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်း စွမ်းအားများ ပြည့်နှက်နေခဲ့ သကဲ့သို့ ခံစားလိုက်ရ၏။
“ ဟမ့် ... ။ ”
သူ့ဝန်းကျင်၌ အနီရောင် ပင့်ကူ လီလီပန်းကို မမြင်ရတော့ချေ။
“ ဘယ်ရောက်သွားတာလဲ။ ”
ခရမ်းငယ်က ဖီးနစ်သစ်ပင်မှ ဆင်းသက်လာကာ၊
“ နင် အရမ်း နှေးတယ် ... အနီရောင် ပင့်ကူလီလီလေးက လွန်ခဲ့တဲ့ သုံးရက်တည်းက အသွင်ပြောင်း သွားပြီ ... ဟိုမှာကြည့်။ ”
ဆယ်မီတာ အကွာတွင် အနီရောင် ပန်း တစ်ပွင့် ပွင့်နေ၏။ ပန်းပွင့်ရှိရာ မြေပြင်ပေါ်တွင် ညှိုးနွမ်းနေသော အရွက်အချို့ ပုံကျနေသည်။
၎င်းက အသွင်ပြောင်း ပြီးနောက် အိမ်မက်ဆန်သော ခံစားချက်များ ပေးစွမ်း၏။ အခိုးအငွေ့များနှင့် ထူးခြားသော တေးသံများ ထုံမွှန်းနေသည်။
“ ဘယ်လောက်တောင် မှော်ဆန်လိုက်လဲ။ ”
“ ကောင်းပြီ ... အခု ရနံ့ စုဆောင်းဖို့ အချိန်တန်ပြီ။ ”
ခရမ်းငယ်မှ မယဉ်ကျေးဘဲ ကျောက်စိမ်း ပုလင်းတစ်လုံး ထုတ်ကာ ချဉ်းကပ် သွားခဲ့၏။ ပန်းငယ်က ကြေကွဲစွာဖြင့် ဝတ်မှုန်နှင့်အတူ မွှေးရနံ့ကို ထုတ်လွှတ်ပေးသည်။
ရနံ့သည် စိတ်ကို ကြည်လင်စေပြီး သူတော်စင် ဝိညာဉ်မှာ လင်းယွန် ခန္ဓာကိုယ်မှ လွင့်ထွက် လုနီးပါး ဖြစ်လာတော့၏။
“ ဒါက ... လူတိုင်းကို အိပ်မက်ထဲ ဆွဲသွင်းနိုင်တဲ့ သံသရာ ပန်းရနံ့ မဟုတ်လား ... ငါတောင် မေ့မျောလု နီးနီးပဲ။ ”
လင်းယွန်မှ တုန်လှုပ်စွာဖြင့် ကြယ်ဓားကို ချက်ချင်းထုတ်လိုက်ရသည်။ ဓားသာ မထုတ်က ဖြစ်စဉ်အတွင်း နစ်မြုပ်သွားပေလိမ့်မည်။
အနီရောင် ပင့်ကူ လီလီသည် သူ့ကို ရည်ရွယ်ချင်းမျိုး မဟုတ်သော်မှ ရနံ့အစွမ်းသည် ကြောက်စရာ ကောင်းနေခဲ့၏။
“ ရှိသေးလား ... ။ ”
အနီရောင် ပင့်ကူ လီလီပန်းက ခရမ်းငယ် မေးခွန်းအပေါ် မကျန်တော့ဟု ပြောနေသကဲ့သို့ ဝှေ့ယမ်းပြီး ဝမ်းနည်းပြလေသည်။
“ ကောင်းပြီ ... လုံလောက်ပြီ ... ဘယ်လောက်တောင် တွန့်တိုနေလဲ ဆိုတာ ကြည့်စမ်း။ ”
လင်းယွန်မှ ပြုံးကာ ဝင်ပြောမိသည်။ အနီရောင် ပင့်ကူ လီလီပန်းက လင်းယွန် စကား ကြားပြီးနောက် ကျေးဇူးတင်ကြောင်း ဖော်ပြ နေသည့် အနေဖြင့် ပွင့်ချပ်များ လှုပ်ယမ်း၏။
“ ဟမ့် ... ပန်းငယ်လေး မင်းမှာ ထပ်ရှိဦးမှာပါ ... နည်းနည်း ညှစ်ကြည့်စမ်း ... ။ ”
ခရမ်းငယ်မှ သဘာဝအတိုင်း အလွတ် မပေးလိုချေ။ ဤအရာက အနီရောင် ပင့်ကူ လီလီကို ထိတ်လန့်စေ၏။
ချက်ချင်းပင် မြေပြင်မှ ကျွတ်ထွက်ကာ အမြစ်များကို ခြေထောက် ကဲ့သို့ အသုံးပြုလျက် လင်းယွန် နောက်သို့ ဝင်ပုန်းလေသည်။
“ ဟမ့် ... မင်းက ဘာလို့ သူ့နောက်မှာ ပုန်းနေတာလဲ ... သူ့နာမည်က ပန်းသင်္ချိုင်းတဲ့ မင်း မကြောက်ဘူးလား။ ”
အနီရောင် ပင့်ကူ လီလီပန်းက ထွက်မလာဘဲ ခေါင်းခါပြသည်။
“ စုစုပေါင်း ဆယ့်ငါးစက် ... ပန်းသင်္ချိုင်း ဘုန်းဝိညာဉ်လေးပါး ဖြစ်ဖို့ လုံလောက်သင့်ပါပြီ။ ”
ခရမ်းငယ်က ဆက်မပြော တော့ဘဲ ပုလင်းကို လွှဲပြောင်းပေးလိုက်၏၊ လင်းယွန်မှ ပုလင်းထဲရှိ ပန်းဝတ်ရည်ကို ငုံ့ကြည့်ကာ၊
“ များလှချေလား ... ဘယ်လို လုပ်လိုက်တာလဲ။ ”
“ သနားစရာ ကောင်းပေမယ့် ... သူက အကျင့် မကောင်းတာကို ... နင့် အမြင်ပဲလေ၊ ဒါကြောင့် ငါ နည်းနည်း ညှစ်ထုတ်ခဲ့တာ။ ”
ထိုအရာက ပန်းတစ်ပွင့်၏ လည်ပင်းကို ညှစ်ခြင်း မည်၏။ ရက်စက်လွန်း ချေပြီ။ သနား စရာ ပေပင်။
***