မင်းဘယ်လို ထင်လဲ။
Vol. 160 Ch. 2235
“ မင်း ပြန်လာမယ်ဆိုတာ ငါသိတယ်။ ”
လင်းယွန်စကားကို ကျီးဘုရင်က မတုန့်ပြန်နိုင်သေးချေ။ မောပန်း နွမ်းနယ်ခြင်း၊ ဒေါသထွက်ခြင်းနှင့် ထိတ်လန့်ခြင်း တို့ကို တပြိုင်နက်တည်း ခံစားရသည်။
သာမာန် သွေးကျီးကန်း တစ်ကောင် သည်ပင် သူ့အသက်ကို ယူနိုင်သည် အထိ အားနည်းနေပြီ ဖြစ်၏။
အဆုံးမရှိ လူသတ်လိုစိတ်များဖြင့် လင်းယွန်ကို မော့ကြည့်မိသည်။ သူ့တွင် ဘုရင် ဟူသော မာနရှိ၏။
ရာဟုဓားဖြင့် ရန်သူများကို သတ်ကာ ကောင်းကင် နိမ္ဗာန် နယ်မြေ၌ ကျော်ကြားသော ဓားကျီးကန်း တစ်ကောင် ဖြစ်ခဲ့သည်။
ယခုကဲ့သို့ လူပြက် တစ်အုပ်မှ အနိုင်ကျင့်ခြင်း ခံရသည်မှာ ပထမဆုံး အကြိမ် ပေပင်။
ကျီးဘုရင်သည် ဒူးမထောက် သဖြင့် နဂါးလေးက ဒေါသတကြီး ဆောင့်ကန်ရန် ပြင်လိုက်၏။
“ ဘာကြည့်နေတာလဲ ... အစ်ကိုကြီး စကားပြောနေတယ် မင်းပါးစပ် မပါဘူးလား ... ။ ”
“ ဘုန်း ... ။ ”
“ အား ... ။ ”
“ ဟမ့် ... ဒီလက်သီးကို ဘာလို့ ဆုပ်ထားတာလဲ၊ မင်းက ငါ့အစ်ကိုကြီးကို ထိုးချင်နေတာလား ... ။ ”
“ ဘုန်း ... ။ ”
“ အား ... ။ ”
ကျောပြင်ကို နှစ်ချက် ဆင့်ကန် ခံလိုက်ရသဖြင့် ကျီးဘုရင်ခမျာ နာကျင်စွာ အော်ဟစ်မိလေသည်။
ဘုရင်တစ်ပါး၏ မာနမျိုး ထားနိုင်ခြင်း မရှိတော့ဘဲ ကရုဏာတရားသာ တောင်းခံရန် ဆုံးဖြတ် လိုက်တော့၏။
“ သခင်ကြောင် ... ရပ်ပါ ... ရပ်ပါ၊ ငါမှားပါတယ် ... မဟုတ်ဘူး ... မဟုတ်ဘူး ကျွန်တော် မှားသွားပါတယ်။ ”
နာကျင်မှုကြောင့် သာမက ဂုဏ်သိက္ခာကြောင့်ပါ မျက်ရည်များ စီးကျလာ လေသည်။ ကြောင်တစ်ကောင် လက်၌ ဤသို့ တောင်းပန်တိုးလျှိုးရ လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားချေ။
“ ကောင်းပြီ ... မင်း စကားပြောရမယ့် အချိန်ရောက်ပြီ။ ”
“ အဟွတ် ... ဟွတ် ... ၊ ပန်းသင်္ချိုင်း မင်းငါ့အသက်ကို မယူထဲက မင်းတစ်ခုခုတော့ လိုချင်တာရှိတယ် မဟုတ်လား။ ”
“ ထက်မြက်တယ် ... ငါ့မှာ မေးခွန်း နှစ်ခုရှိတယ်၊ မင်းအသက် ယူခြင်း-မယူခြင်းက အဖြေအပေါ် မူတည်တယ်။ ”
လင်းယွန်ထံမှ စကားကြောင့် သူ့ထံမှ အဖြေမရမချင်း မသတ်ဝံ့ဟု ယုံကြည်လာ၏။ ထို့ကြောင့် မာနဖြင့် ချက်ချင်း မြေပြင်ပေါ် တံတွေး ထွေးလိုက်သည်။
“ ထွီ ... မင်းလို လူသားတွေရဲ့ ... ယုတ်မာမှုကို ငါမသိဘူးများ ထင်နေတာလား ... မင်းသိချင်တာ သိခွင့်ရပြီးရင် ငါ့ကို သတ်ပစ်မှာ ငါသိတယ်၊ ...
... မင်းငါ့ကို အရှက်ခွဲပြီး ... သတ်ပစ်နိုင်တယ်၊ ဒါပေမယ့် ... ငါ့ဆီကနေ ဘာသတင်း အချက်အလက်မှ မရဘူးမှတ်။ ”
“ ဟမ့် ... ကျီးကန်းကောင် မင်းထပ်လုပ်ပြန်ပြီလား။ ”
သူ့အဖြေကြောင့် နဂါးလေးက နောက်တစ်ကြိမ် ရိုက်နှက်ရန် ထွက်လာခဲ့သည်။ ကျီးဘုရင်မှာ ကြောက်ရွံ့မှု အရိပ်အမြွက်များ ဖြစ်ပေါ်လာသော်လည်း သူ့မျက်လုံးထဲတွင် ခေါင်းမာမှုများ ရှိနေသေး၏။
လင်းယွန်၏ မေးခွန်းများကို ပြန်လည် ဖြေဆိုမည် မဟုတ်ဟု ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ချေပြီ။
“ အစ်ကိုကြီး ... ငါ ဒီကျီးကန်းကို ရိုက်နှက်ပြီး ကင်စားချင်တယ် မဟုတ်ရင် သူက ဘေးဆိုး ဖြစ်လာလိမ့်မယ်။ ”
လင်းယွန်မှ စကားတစ်ခွန်းမျှ မပြော တော့ဘဲ ကျီးဘုရင်ထံ ကြည့်သည်။ ကျီးဘုရင် ခမျာ ကြောက်စိတ်ဖြင့် ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွား၏။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်က ရိပ်ခနဲ လှမ်းတက်လျက် ၎င်းပခုံးကို ဆွဲကိုင်လိုက် လေသည်။
အော်ဟစ်ရန် ပြင်နေစဉ် ထူးခြားသော စွမ်းအင်တစ်ခု စီးဝင်လာပြီး ဒဏ်ရာများမှာ သက်သာ လာခဲ့သည်။
“ ဘာလဲ ... ။ ”
ဤစွမ်းအင်သည် အံ့ဖွယ်ကောင်းပြီး ပြင်ပဒဏ်ရာများစွာကို ချက်ချင်း ပျောက်ကင်း သွားစေ၏။
ကျိုးသွားသော လက်မောင်းရိုးနှင့် ဒဏ်ရာများ ပျောက်ကင်းကုန်သည်။ သို့သော် လိုက်လျောညီထွေ ဖြစ်စေရန် အချိန်တစ်ခု လိုနေသေးသည်။
များမကြာခင် နာကျင်မှု အားလုံး ဒဏ်ရာများနှင့်အတူ ပျောက်ကွယ်သွားကာ ပူနွေးသော စီးကြောင်းသာ ကျန်ရှိခဲ့၏။
“ ဟမ့် ... ဒီလို အသေးအမွှားလေးနဲ့ ... အဆင်ပြေမယ်လို့ ထင်ထားခဲ့ရင် ... မင်းငါ့ကို အထင်သေးရာ ရောက်နေပြီ။ ”
လင်းယွန်မှ လက်ပြန်ရုတ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ကျီးဘုရင်က သူ့ကိုယ်သူ စစ်ဆေးပြီး လင်းယွန်ကိုဖမ်းရန် ခွန်အားစုဆောင်းမိ၏။
“ ဒါက ဘာမှ မဟုတ်ပါဘူး ... မင်းကြိုက်သလို ယူဆနိုင်တယ်။ ”
လင်းယွန်မှ ပြောသည်။
“ ဟား ဟား ဟား ... မင်း အရင်က မရေမတွက်နိုင်တဲ့ လှည့်ကွက်တွေ သုံးခဲ့တာ ငါသိပါတယ်၊ ဒါကို ငါယုံမယ် ထင်လား။ ”
ကျီးဘုရင်က လင်းယွန်ကို မယုံချေ။ စကားဆုံးသည်နှင့် မျက်ဝန်း၌ ကြက်သွေးရောင် အဆင်းများ လင်းလာပြီး လင်းယွန် ရင်ဘတ်ထံ လှမ်းထိုးလိုက်သည်။
“ ရွှပ် ... ။ ”
သူ့လက်ချောင်းများက ဓားအဖြစ် ဝင်သွား၏။ ဤမျှ နီးကပ်သော အကွာအဝေး၌ လင်းယွန် နှလုံးသားကို ခွဲထုတ်နိုင်မည်ဟု ယုံကြည်ထားသည်။
“ အား ... ဝေါ့ ... ။ ”
သို့သော် ထိုအဆင့် မရောက်ချေ။ သူတော်စင် စွမ်းအင်ကို ဖြန့်ကျက်လိုက်သည့် အခိုက်တွင် နာကျင်မှုများ ခံစားလိုက်ရပြီး ပါးစပ်အပြည့် သွေးအန်မိ၏။
မျက်နှာအမူအရာ ပျက်ယွင်းလျက် ဒူးထောက်ကျ သွားသည်။ လက်နှစ်ဘက်ကို မြေပြင်ပေါ် ထောက်ကန် လိုက်ရ၏။
“ ဝှစ် ... ။ ”
လင်းယွန်က နောက်သို့ ခြေလှမ်း အနည်းငယ် လှမ်းယူကာ ကျောက်တုံးကြီး တစ်တုံးပေါ် ပျံတက် ထိုင်ချလိုက်သည်။
“ မင်းဟာ အနည်းဆုံးတော့ ... ဘုရင်တစ်ပါးပဲ မဟုတ်လား ... ဘာလို့ ငါ့ကို ဒူးထောက်ချင် ရတာလဲ။ ”
ကျီးဘုရင်ခမျာ လင်းယွန် စကားကို အာရုံ မစိုက်နိုင်သေးချေ။ ခန္ဓာကိုယ်အတွင်း၌ ဓားကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။
ဤဓားသည် အလွန် အစွမ်းထက် သောကြောင့် အပ်စိုက်မှတ်များနှင့် အတွင်း အင်္ဂါများကို ကြေမွှနိုင်၏။
သူတော်စင် စွမ်းအင်ကို မဖြန့်ကျက်သော် ထိုဓားရှိနေသညိမှန်း သိမည် မဟုတ်ချေ။
“ နဂါးပြာရောင်ဝါက ဒဏ်ရာကို ထိရောက်စွာ ကုသပေးနိုင်ပေမယ် ... အမည်ခံ နတ်အလင်းဓား ကတော့ မဟုတ်ဘူး၊ ငါ့ဓားကို သူတော်စင် တာအိုနဲ့ မြှောက်ထားတဲ့ အတွက် အစွမ်းထက်တယ် ငါတောင် ...
... ပြန်ဖယ်ထုတ်ချင်ရင် ... အခက်တွေ့ ရလိမ့်မယ်၊ ဒါကြောင့် ... မင်းရဲ့ စွမ်းအင်တွေကို ခဏလောက် လည်ပတ် မမိစေဖို့ အကြံပြုပါတယ်။ ”
သို့မှသာ ကျီးဘုရင်က နားလည်သွားသည်။
“ ပြောရမယ် ဆိုရင် ... မင်းလည်း ဓားသမားပဲ၊ ဒါကြောင့် ဒီဓားအကြောင်းကို ကောင်းကောင်း သိသင့်တယ်။ ”
ဤတစ်ကြိမ်၌ ကျီးဘုရင် ခမျာ မာနများ အရည်ပေျာ်သွားလေသည်။
“ ကျွန်တော် မဆင်မခြင် လုပ်မိပါတယ် တောင်းပန်ပါတယ် သူတော်စင် စွမ်းအင်တွေ ဖြန့်ကျက်မှာ မဟုတ်တော့ပါဘူး။ ”
ကျီးဘုရင်က ချက်ချင်းပြုံးပြီး ထရပ်ကာ လင်းယွန်ကို မျက်နှာချို သွေးလိုက်၏။ အရှက်မဲ့ ချေပြီ။ ရှိပင်-ရှိပုံ မရချေ။
“ ကောင်းပြီ ... သွေးမီးတောက် လွင်ပြင်ကို မင်းသိလား ... ဟိုမှာ နတ်ဘုရား အသွေးတော် အသီး ရှိလား။ ”
“ သွေးဘုရင် ... ။ ”
ကျီးဘုရင် မျက်လုံးများတွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာပြီး ချက်ချင်း ကောက်ကျစ်စွာ ပြုံးတော့၏။
“ ဟုတ်ကဲ့ ... ရှိနိုင်မယ် ထင်ပါတယ်၊ ဒါပေမယ့် အဲဒါက သွေးဘုရင်ရဲ့ နယ်မြေဖြစ်ပြီး သူ့ကို ဘယ်သူမှ စိန်ခေါ်ဝံ့မှာ မဟုတ်ပါဘူး။ ”
“ သွေးဘုရင်ရဲ့ စွမ်းအား ဘယ်လောက် မြင့်သလဲ။ ”
လင်းယွန် တစ်ယောက် စိတ်ဝင်စား လာပြီမှန်း သိလိုက်သဖြင့် ကျီးဘုရင်မှ ပို၍ ရဲတင်းလာခဲ့သည်။
“ အဲဒါကို မစဉ်းစားနဲ့ ... မင်းရဲ့ လက်ရှိခွန်အား အရဆိုရင် သူ့လက်တစ်ချောင်း တည်းနဲ့ မင်းကို နှိပ်စက်နိုင်တယ်၊ နှစ် တစ်ရာလောက် ပြန်ပြီး ကျင့်ပါ။ ”
လင်းယွန်ကို သတိပေး လိုက်၏။ ဤနည်းဖြင့် ရည်ရွယ်ချက် ရှိရှိ တွန်းပို့နေခြင်း ဖြစ်သည်။ လင်းယွန် တစ်ယောက် မည်သို့ သေဆုံးရမည်ကို အတွေးထဲ ပုံဖော်မိ၏။
သို့သော် လင်းယွန် မျက်နှာတွင် သူ မျှော်လင့်ထားသကဲ့သို့ မခံချင်စိတ်မျိုး ရှိမနေ သည်ကို သတိပြုမိပြီး စိတ်ပျက်လာသည် ။
လင်းယွန်က ငြိမ်သက် သွားသည်။ ဓားသေတ္တာကို ထမ်းပိုးလျက် အပြာနုရောင် ဝတ်ရုံဖြင့် သူ့အသွင်မှာ မှော်ဆန်နေခဲ့၏။
ယင်းကို ခိုးကြည့်မိသော ကျီးဘုရင်မှ ဤလူငယ်သည် ဓားတစ်လက်နှင့် တူသည်ဟု ခံစားရကာ ထိတ်လန့်လာသည်။
မနည်းပင် တည်ငြိမ်အောင် ထိန်းယူနေရ၏။ လင်းယွန်မှ ဖြတ်ခနဲ သူ့ထံ လှည့်ကြည့် လာစဉ် တံတွေး မျိုချလိုက်မိသည်။
“ ဝိညာဉ်နတ်မိစ္ဆာ မိသားစု အကြောင်း မင်းဘယ်လောက် သိလဲ ... ။ ”
လင်းယွန်မှ အကြောင်းအရာ ပြောင်းပြီး မေးသည်။ ကျီးဘုရင်၏ မျက်လုံးများ မှေးစင်း သွား၏။ ပြန်မဖြေချေ။ သူ့ဗီဇအရ ဤအချက် အလက်သည် တန်ဖိုးရှိ၏။
“ မင်း ဒါလိုနေတာ မဟုတ်လား။ ”
လင်းယွန်က နားလည်သဖြင့် ဝတ်ရုံထဲမှ သံသရာရနံ့ ပုလင်းကို ထုတ်ယူပြ လိုက်သည်။ ၎င်းထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး မှုန်ဝါးလာ၏။
“ အနီရောင် ပင့်ကူ လီလီရဲ့ ဝတ်ရည် ... ။ ”
ကျီးဘုရင်ခမျာ မှင်တတ်သွားသည်။
“ ဟုတ်တယ် ... ဒါက သံသရာ ရနံ့ပဲ … ။ ”
“ ဒေါင် ... ။ ”
“ အား ... ။ ”
သူ့မျက်ဝန်းများ၌ လောဘရောင်များ လင်းလက်လာ သဖြင့် နဂါးလေးက လက်ကိုင် တုတ်ကို ထုတ်ယူပြီး ခေါင်းခေါက် လိုက်ခြင်း ဖြစ်၏။
“ ဘယ်လို ပြုမူ နေထိုင်မလဲ သင်ယူပါ။ ”
“ ဟုတ်ကဲ့ ... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာတည်းက ... ဝိညာဉ်နတ်မိစ္ဆာ မိသားစုနဲ့ ငါတို့က အရောင်းအဝယ် လုပ်တယ် ... အလောင်းတွေကို သူတို့ ယူပြီး ...
... အရင်း အမြစ်တွေကို ... ငါတို့ဆီ ပံ့ပိုးပေးတယ်၊ အရင်တုန်းက သူတို့ ဒီကိုလာဖို့ အဆင်မပြေ ခဲ့ကြဘူး၊ အခုတော့ အစီရင် ကန့်သတ်ချက်တွေ ဖြေလျှော့သွားပြီမို့ ...
... အရောင်းအ၀ယ်တွေက ပိုပြီး-ပိုပြီး စိတ်လာကြတယ်၊ ပြီးတော့ သူတို့မှာ ခိုင်မာတဲ့ အုတ်မြစ်ရှိတယ်၊ ကြောက်မက်ဖွယ် ကောင်းပြီး နတ်သွေးတောင် ပေးနိုင်တယ်။ ”
“ မင်းတို့ ... အပေးအယူ လုပ်တာ နှစ်တစ်ထောင်တောင် ကျော်နေပြီလား ... ။ ”
လင်းယွန်မှ တွေးတွေးဆဆဖြင့် မေးလိုက်သည်။
“ ဒါဆို သူတို့ အလောင်းတွေ ဘယ်လောက်များ ရသွားပြီလဲ။ ”
“ ဟမ့် ... ဒီနတ်ဘုရား သင်္ချိုင်း တောင်တန်းကြီးမှာ ကောင်းကင် နိမ္ဗာန်လို ထူးခြား နယ်မြေတွေ အများကြီး ရှိတယ်၊ မင်းဘယ်လို ထင်လဲ။ ”
လင်းယွန် မေးခွန်းကို ပြန်မဖြေဘဲ ကျီးဘုရင်က လှောင်ပြောင်လိုသော အပြုံးဖြင့် မေးခွန်း ပြန်မေးလာ တော့သည်။
***