အလံငယ် စွမ်းအား ... ။
Vol. 160 Ch. 2237
ကျီးဘုရင်၏ ခန္ဓာကိုယ်၌ ထောင်ပေါင်း များစွာသော ဓားအပိုင်းအစများ စိုက်ဝင်ကုန် တော့သည်။
ယင်းက ဖြူကောင်နှင့် တူ၏။ ထိုဓားများသည် သူတော်စင် ရှေးဟောင်း ပစ္စည်းများထက် ပို၍ပင် ကြောက်စရာ ကောင်းသည်။
အမည်ခံ နတ်အလင်းဓား၊ ဓားတာအို၊ လေတာအိုနှင့် မိုးကြိုးတာအိုတို့ ပါရှိချေ၏။ ထို့ကြောင့် ဓားအပိုင်းအစများ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးနောက် ကျီးဘုရင်၏ အသက်မှာ လင်းယွန် လက်ထဲ ရောက်ရှိသွားသည်။
ဓားရည်ရွယ်ချက် ဟူသည် ထာဝရ မတည်မြဲနိုင်သော်လည်း အချိန်တို အတွင်း ဖယ်ရှားနိုင်သော အရာမျိုး မဟုတ်ချေ။
ကျီးကန်း တစ်ကောင်သည် သူ့ဒေါသကို မသိဘဲ အရွယ် မရောက်သေးသည့် ကလေးငယ် ကဲ့သို့ ဆက်ဆံခဲ့သည်။
သူ့တွင် အလောင်း ကောင်များ တောင်လိုပုံကာ သွေးများ မြစ်တစ်စင်းစာ ပမာဏ အထိ သတ်ဖြတ်ဖူးသည်။
သူ့ဓားဤ သွေးကျီးကန်း မည်မျှ၏ သွေးစက်များ စွန်းထင်းထားမည်ကို နတ်ဘုရား များသာ သိပေလိမ့်မည်။
“ ပန်းသင်္ချိုင်း ငါမှားပါတယ် ... ငါတခြား အတွေး မတွေးရဲတော့ပါဘူး၊ အခု ငါ သိတာကို အကုန် ပြောပြပါမယ်။ ”
ချက်ချင်း တုန်လှုပ်လာ၏။ လင်းယွန်က လက်ဝှေ့ရမ်း လိုက်ရုံဖြင့် ဓားရည်ရွယ်ချက်များ သူ့ခန္ဓာကိုယ်မှ ပြန်ထွက်ကုန်သည်။
ထို့နောက် အနားတိုးကပ်ပြီး သူ့ပခုံးကို ကိုင်လျက် အပြာရောင် စွမ်းအင်များ ပေးပို့လာ တော့၏။
များမကြာခင် မတ်တတ် ပြန်ထရပ် လာနိုင်ပြီး ခြေလက်အင်္ဂါများ လှုပ်ရှားလာနိုင် သည်ကို သတိပြုမိ လိုက်သည်။
ယခု တစ်ကြိမ်၌ အခြားအတွေးများ မတွေးဝံ့တော့ဘဲ ရိုကျိုးစွာ ရပ်နေလိုက်မိ၏။
“ ငါ … ငါ ဒီဓားအပိုင်းအစတွေကို ပြန်ပြီး စုဆောင်းခွင့်ပေးလို့ ရနိုင်မလား။ ”
သတိထားပြီး မေးသည်။
“ မင်းရဲ့ ... မာနကြီးတဲ့ ပုံကို ငါ ပိုကြိုက်တယ်။ ”
ဤစကားများသည် ရွဲ့စောင်းခြင်း ဟုတ်-မဟုတ် မသိနိုင်သောကြောင့် စကား မပြောဝံ့ဘဲ ဓားအပိုင်းအစများကို စုဆောင်းလိုက်သည်။
ထို့နောက် လက်ကောက်ဝတ် သွေးကြောဖြတ်ပြီး သွေးများ တိုက်လိုက်၏။ ဘေးမှ လှမ်းကြည့်ရုံမျှဖြင့် လင်းယွန်ကို စိတ်မသက်မသာ ခံစားရစေသည်။
ရာဟုဓား အပိုင်းအစများသည် အသက် ပြန်ရှင်လာ သကဲ့သို့ တုန်ခါသွားပြီး သွေးကို အငမ်းမရ ဝါးမြိုတော့၏။
ကျိုးသွားသော ဓားတစ်လက်ကို ပြန်လည် ပေါင်းစပ်နိုင်မည်လော။ အံ့သြစရာပင်။ ၎င်းမှာ ယခင်ကဲ့သို့ အစွမ်းထက်မြက်မှု မရှိသော်လည်း အသုံးပြုနိုင်သည့် အဆင့်သို့ ရောက်ရှိလာသည်။
“ ဒီဓားက ထူးထူးခြားခြား ပါပဲ။ ”
လင်းယွန်မှ ပြောသည်။
“ အဲဒီလောက်လည်း မဟုတ်ပါဘူး ... ဒါက သာမန်ဓား ပါပဲ၊ အရင်က မဆင်မခြင် ပြောမိတဲ့ အတွက် တောင်းပန်ပါတယ်။ ”
“ မင်းရဲ့ မောက်မာတဲ့ ပုံစံကို ငါ ပိုကြိုက်တယ်လို့ ... ပြောထားတယ် မဟုတ်လား။ ”
“ ငါ ... ငါ ... ။ ”
ကျီးဘုရင်မှ တုန်တုန်ယင်ယင်ဖြင့် စကားထစ်ငေါ့သွား၏။ ဤဓားမှာ ဓားဝိညာဉ်ကို မွေးဖွားနိုင်သောကြောင့် အမှန်ပင် ထူးထူး ခြားခြား ဖြစ်သည်။
ဝိညာဉ်ရှိသော လက်နက်များသည် အပိုင်းအစများ ဖြစ်သွားသည့်တိုင် ပြန်လည် ရှင်သန်နိုင်၏။
သည့်အပြင် ဤဓားတွင် ကြောက်စရာ ကောင်းသော မူလဇစ်မြစ် ရှိသည်။ သာမာန်ဓား တစ်လက်ဆိုက သူ့လက်၌ ဤမျှ ကြာကြာ မနေနိုင်ချေ။
“ ပြော ... သူ ဘယ်မှာလဲ။ ”
“ သွေးလဂိုဏ်းနဲ့ ... ဝိညာဉ်နတ်မိစ္ဆာ မိသားစုက အမျိုးသမီး တစ်ယောက် နောက်ကို လိုက်နေတာ ငါကြားမိတယ်၊ သူမ ဘယ်သူလဲ ဆိုတာတော့ ငါ အတိအကျ မသိဘူး၊ ...
... အဲဒီမိန်းကလေးက သူတော်စင် သခင် များစွာကို အစုလိုက်အပြုံလိုက် သတ်ပစ်တယ် တကယ်ရက်စက်တဲ့ မိန်းကလေးပဲ၊ အများကြီး မသိပေမယ့် သူမ အသက်ရှင် နေသေးတယ် ဆိုတာကို အာမခံနိုင်ပါတယ် ...
... ယင်းမြစ် ဘုရင်က သွေးလဂိုဏ်းနဲ့ ... နတ်ဆိုးမျိုးနွယ်တွေ ... သူမကို ရှာမတွေ့ဘူးလို့ တစ်ခါက မတော်တဆ ပြောခဲ့ဖူးတယ်။ ”
ထိုစကားကြောင့် လင်းယွန်က သက်ပြင်းချကာ၊
“ သူမ ဘာရသွားလဲ သိလား။ ”
-ဟု မေးလိုက်သည်။
“ နတ်ရူရ်လို့ ပြောသံ ကြားတယ် ... ဒါပေမယ့် ဘာနတ်ရူရ်လဲ အတိအကျတော့ မသိဘူး။ ”
“ လနတ်ရူရ်လား ... ။ ”
ခရမ်းငယ်မှ စကားဝင်ထောက်ပေးသည်။
“ ဟုတ်တယ် ... အဲဒါပဲ လနတ်ရူရ် လုယူခံရတဲ့ အတွက် ... ပြန်လည် ရယူဖို့ သူတို့ ကြိုးစားနေကြတယ်။ ”
ကျီးဘုရင်က ပြန်လည် မှတ်မိလာ၏။ ခရမ်းငယ်မှ လင်းယွန်ကို စိတ်လှုပ်ရှားစွာ လှည့်ကြည့် လိုက်လေသည်။
ဆုစီယာသည် အလွန် အန္တရာယ်များသော အနေအထားတွင် ရှိနေ၏။ ဂိုဏ်းနှစ်ခုမှ သူမကို မြေလှန်ရှာပေလိမ့်မည်။
“ အစ်ကိုကြီး ... တစ်ယောက်ယောက် လာနေတယ်။ ”
နဂါးလေးက လေထဲ ခေါင်းမော့ ရှူရှိုက်ပြီး ပြောကြားလာ၏။
“ မင်းတို့ လျှို့ဝှက်နယ်မြေထဲ ဝင်ကြ။ ”
“ သူ့ကိုရော ... ။ ”
ခရမ်းငယ်က တုန်လှုပ်နေသော အသူရာ ကျီးဘုရင်ကို ညွှန်ပြသည်။
“ မင်းမှာ ရှိသေးရင် ... သံသရာ ပန်းရနံ့ တစ်စက်လောက် ပေးလိုက်ပါ။ ”
လင်းယွန် စကားကြောင့် အသူရာ ကျီးဘုရင်တစ်ယောက် စိတ်လှုပ်ရှား သွား၏။ သို့သော် သူ့ခံစားချက်များကို အမြန်ဖုံးကွယ် ပစ်လိုက်သည်။
ထိုအချိန်တွင် အနက်ရောင် လှိုင်းလုံးကြီးတစ်ခု လွင့်ပျံလာပြီး ဆူညံသံ တစ်သံ ထွက်ပေါ်လာသည်။
“ သက်တံဓားရဲ့ တပည့် ... မင်းက ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ် သူတော်စင် သခင်တောင် မင်းကို မသတ်နိုင်ဘူး။ ”
လေပြင်းတစ်ချက်နှင့် လင်းယွန်ရှေ့၌ လူရိပ်တစ်ရိပ် ပေါ်လာ၏။ ထိုလူကို ကူခုန်းဟု ခေါ်ပြီး သူ့ဘေးတွင် နောက်ထပ် တစ်ယောက် ပါရှိ၏။ ၎င်းမှာ ကူထုန် ဖြစ်သည်။
၎င်းတို့အပြင် ထူးခြားသော နတ်ဆိုး အလောင်း နှစ်လောင်းလည်း ပါ၏။ အစောပိုင်း အနီရောင် ပင့်ကူလီလီကို ရင့်မှည့်အောင် တာဝန်ယူခဲ့ သူများ ဖြစ်သည်။
ထိုနှစ်ယောက်လုံးသည် သွေးသား စွမ်းအင်များ ခမ်းခြောက် သော်လည်း စူးရှသော မျက်ဝန်းများ ကျန်နေဆဲ ဖြစ်၏။ ယခုမှ ပြန်လည် သန့်စင်ထားပုံရသည်။
၎င်းတို့နောက်တွင် အခြားသော အလောင်းကောင်များ ရှိနေသေး၏။ ယခင် အခြေအနေနှင့် ယှဉ်သော် အလောင်းများမှာ အထွတ်အထိပ် စွမ်းအားများ မရှိချေ။
“ သူတော်စင် အရှင် သခင် ... ဘယ်သူတော်စင် သခင်ကို ပြောနေတာလဲ။ ”
လင်းယွန်က မသိ နားမလည် ဟန်ဆောင်လိုက်သည်။ ကူခုန်းနှင့် ကူထုန်တို့က မသေချာ မရေရာသော မျက်နှာများဖြင့် အကြည့်ချင်း ဖလှယ်လိုက်မိ၏။
“ ဒါဆို ကူဒိုကို ... မင်းမသတ်လို့၊ ဘယ်သူ သတ်လိုက်တာလဲ။ )
“ ငါ မသိဘူး ... ငါတို့အားလုံး ကောင်းကင် နိမ္ဗာန်နယ်မြေမှာ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိတယ် ... ဒါကြောင့် တိုက်ဖို့ မလိုပါဘူး။ ”
လင်းယွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ ကူခုန်းမှ ပြုံးပြီး၊
“ ထွက်သွားဖို့ အလျင်လို မနေပါနဲ့ ... ဒဏ်ရာရသွားတဲ့ ကျီးဘုရင် ... မင်းဆရာနဲ့ နတ်နဂါးအင်ပါယာကြားက မကျေနပ်ချက် တွေကို ငါတို့ ဆွေးနွေးရအောင် ...
... ငါတို့မှာ မတူညီတဲ့ ရည်မှန်းချက်တွေ ရှိကောင်း ရှိနိုင်ပေမယ့် ပန်းတိုင်တူရင် ပူးပေါင်း လုပ်ဆောင်ဖို့ အခွင့်အရေး ရှိပါတယ်၊ အခုဆိုရင် မြင့်မြတ်မြေတွေ ဝင်ရောက် လာနေကြပြီ၊ ငါ သိသရွေ့ ...
... အဲဒီအင်အားစုတွေ အားလုံးက တျန်ရွှမ်ဇီနဲ့ ဆက်ဆံရေးကောင်း ရှိကြတယ်၊ သူတို့က မင်းကိုတွေ့ရင် ငါတို့ထက် ပိုပြီး သတ်ချင်မှာကို ကြောက်မိတယ်။ ”
သူပြောသည်မှာ မမှားချေ။ မင်ဂိုဏ်း သည်သာ သူ့ကို တွေ့ခဲ့သော် အသေသတ်လို မည်မှာ သေချာ၏။
အဆုံးတွင် ကောင်းကင် နိမ္ဗာန် နယ်မြေသည် တစ်စုံတစ်ဦးကို သတ်ရန် အကောင်းဆုံး နေရာ ဖြစ်သည်။
“ ဒါက မင်းတို့နဲ့ ဘာမှ မဆိုင်ပါဘူး။ ”
လင်းယွန်က ဂရုမစိုက်ချေ။ ဤနှစ်ယောက်သည် အချိန်ကို ဝယ်ယူချင် နေသည်ဟု မှန်းဆမိ၏။
နတ်နဂါးအင်ပါယာနှင့် သူ့ကြား အဆင်မပြေမှုများ ရှိလျှင်ပင် ၎င်းတို့ကဲ့သို့ နတ်မိစ္ဆာ မိသားစုဖြင့် လက်တွဲရန် ရည်ရွယ်ချက် မရှိချေ။
ကူခုန်းမှပြုံးပြီး၊
“ ခွန်လွန် နယ်မြေရဲ့ လူတို့တွေက ... ငါတို့ကို နတ်ဆိုးလို့ခေါ်တာ ကောင်းပါတယ်၊ ဒါပေမယ့် တကယ်ဆို ငါတို့က မြင့်မြတ်တဲ့ ဝိညာဉ်မျိုးနွယ်စုပဲ ... ရှေးခေတ်တည်းက အင်အားစု များစွာ ငါတို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ် ...
... မင်းမှာ ထက်မြက်တဲ့ ... အရည်အချင်းတွေ ရှိပြီး လျင်မြန်စွာ ကြီးထွား လာအောင် ထောက်ပံ့ပေး နိုင်တယ်။ ”
လင်းယွန်က လှောင်ပြုံး ပြုံးမိ၏။ တစ်ဖက်လူသည် အချိန်ကို ဝယ်ယူ နေသည်မှာ သေချာချေပြီ။ သူသည်လည်း အတူတူ ဖြစ်၏။
ကျီးဘုရင်နှင့် တိုက်ပွဲတွင် သူ့နဂါးပြာ စွမ်းအင်များ ကုန်ဆုံး သွားခဲ့သည်။ ထိပ်တန်း ခွန်အားမျိုး ပြန်လည်ရယူရန် အနည်းငယ် လိုနေသေး၏။
“ အရင်က ရှေးဟောင်း အပျက်အစီး နယ်မြေတွေကို ငါ သွားကြည့်ဖူးပြီး ... မင်းတို့ ဘာတွေ လုပ်ခဲ့လဲ ငါသိတယ် ... ဒီတော့ ကိုယ့်လမ်းကိုယ် လျှောက်တာ အကောင်းဆုံးပါပဲ။ ”
လင်းယွန် စကားကြောင့် ကူခုန်း၏ မျက်နှာ အေးစက်လာပြီး၊
“ မင်းက ကူခုန်းကို သတ်ခဲ့တာ ဆိုတော့ နာခံမှု အပြည့်နဲ့ လိုက်လာပါ၊ မဟုတ်ရင် မင်းကို အပိုင်းပိုင်း ခုတ်မိလို့ အပြစ်မတင်နဲ့။ ”
-ဟု ပြောကြားလိုက်၏။
လင်းယွန်မှ ရပ်တည်ချက် ပြောင်းရန် ရည်ရွယ်ချက် မရှိသည်ကို မြင်ပြီးနောက် နူးညံ့ ယဉ်ကျေးခြင်း မရှိတော့ချေ။
သူတော်စင် ရောင်ဝါများ ပြန့်ကျဲကာ လူသတ်ရန် ရည်ရွယ်ချက်ကို လွှတ်ပေးလိုက် ကြသည်။
လင်းယွန်က နတ်ဆိုး အလောင်းများကို ပေါ့ပေါ့ဆဆ ရေတွက် ကြည့်လိုက်ရာ (၇၀)မှ (၈၀)ခန့် ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။
“ ကူဒိုက အထွတ်အထိပ် အခြေအနေမျိုး မရှိရင်တောင် ... သတ်နိုင်ခဲ့တဲ့ အတွက် သူ့ကို လျှော့တွက် မမိစေနဲ့။ ”
ကူခုန်းမှ ထူးခြားသော လျှို့ဝှက် ရတနာတစ်ခုကို ထုတ်ယူလျက် သတိပေး ပြောကြား လိုက်သည်။
၎င်းတွင် ရေးထွင်းထားသော သူတော်စင် ရူရ်(၉)လုံးမှ ရှေးဟောင်းရောင်ဝါများ ဖြာကျ နေခဲ့၏။
ဤသည်မှာ အလံငယ်တစ်ခု ဖြစ်သည်။ အသက်သွင်းလိုက်သောအခါ ကြက်သွေးရောင် သူတော်စင်ဝိညာဉ်များ ထွက်လာသည်။
ထိုသူတော်စင် ဝိညာဉ်များက စူးရှစွာ ဟစ်အော်လိုက်ကြ၏။ ကောင်းကင် တစ်ခွင်လုံး နီရဲနေပြီး ဖိအားအောက်၌ လင်းယွန်ဝိညာဉ်မှာ ဆုတ်ပြဲတော့မည်ဟု ခံစားလိုက်ရသည်။
၎င်းတို့၏ ခွန်အားအရ မသေခင် ဒုတိယအဆင့် သူတော်စင်သခင် အထွတ် အထိပ် ဖြစ်ပေမည်။
လင်းယွန်သည် ကူဒိုကိုသတ်ပြီး ကျီးဘုရင်ကို အနိုင်ယူ နိုင်ခဲ့သည်မှာ ၎င်းတို့၌ ဒဏ်ရာရရှိထား သောကြောင့် ဖြစ်၏။
“ တစ္ဆေတစ်ရာ ချီတက်ပွဲ ... ။ ”
ကူခုန်းက လက်ဝှေ့ယမ်းပြီး ကြက်သွေးရောင် မီးလျှံများ ကောင်းကင် အပြည့် ဖုံးလွှမ်းလာစေသည်။ ပြီးနောက် အလံငယ်ဖြင့် ပစ်ပေါက်လိုက်၏။
လင်းယွန် အပေါ် အနီရောင်များ ဖုံးအုပ်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက် သွားခဲ့သည်။
လင်းယွန်မှ ထိတ်လန့်ခြင်း မရှိချေ။ သူ့မျက်လုံးထဲတွင် ရွှေရောင် အလင်းတန်းများ ရုတ်တရက် တောက်ပလာပြီး၊
“ နတ်အလင်းဓား ... ။ ”
-ဟု ရေရွတ်လိုက်သည်။
ထို့နောက် အမည်ခံ နတ်အလင်းဓားကို ပန်းသင်္ချိုင်းအတွင်း သွန်းလောင်းလျက် ပြန်၍ ခုတ်ပိုင်းလိုက်၏။
ဓားအလင်းရောင်က ကြက်သွေးရောင် လေဟာနယ်ကြီးကို ကွဲအက်သွား စေခဲ့သည်။ ရွှေရောင် အဆင်းများနှင့် ကြက်သွေးရောင် အလင်းများကို ထိပ်တိုက်တွေ့ကုန်၏။
“ ဝူး ... ။ ”
ကြက်သွေးရောင် သူတော်စင် ဝိညာဉ်များ အော်ဟစ်စဉ် ပန်းသင်္ချိုင်းဓားနှင့် အလံငယ်မှာ မျက်နှာချင်းဆိုင် တိုက်မိသွားသည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲမှု ဖြစ်ပွားကာ အလံငယ်က မြေပြင်ပေါ် ပြုတ်ကျသွားပြီးနောက် ဖုန်မှုန့်များ ထောင်းထောင်းထ ကုန်၏။
တစ်ဖက်တွင် လင်းယွန် သည်လည်း မသက်သာချေ။ မြေပြင်ပေါ် ပြုတ်ကျသွားကာ အဟုန်ကြောင့် စွပ်ကြောင်းကြီး ထင်လာ၏။
ပတ်ဝန်းကျင် တစ်ခုလုံး တုန်ရီလျက် တန်ခိုးကြီးသော သူတော်စင် ရောင်ဝါများ ပျံ့ကား သွားလေသည်။
“ ဝိညာဉ်ရေး အလံကို ဟန့်တားဖို့ ကြိုးစားတာလား ... ပန်းသင်္ချိုင်း မင်းအတွက် နတ်ဆိုး အလောင်းတွေ ငါခေါ်လာတာ ... တကယ် မလိုတော့ဘူး ထင်တယ်။ ”
မီတာ ရာဂဏန်းရှိသော စွပ်ကြောင်းကြီး အဆုံးရှိ မီးလောင်ချိုင့်ဝှမ်းထံ ပြန်ငုံ့ကြည့်ကာ လှောင်ပြောင်လိုက်၏။
မြေပြင်ပေါ် ညင်သာစွာ ဆင်းသက်လျက် လက်ဝှေ့ယမ်းပြီး ဝိညာဉ် အလံငယ်ကို ခေါ်ယူ လိုက်လေသည်။
“ ဟား ဟား ဟား ... ကောင်းကင် နဂါးသခင် ပန်းသင်္ချိုင်း ဖြစ်ရင်တောင် ... မင်း အပါအဝင် ခွန်လွန်က လူတိုင်း ... ငါတို့ရဲ့ ကျွန်တွေပါ။ ”
ကူထုန်မှ ချိုင့်ဝှမ်းကြီးကို လှမ်းကြည့်ကာ၊
“ သူ မသေဘူးလို့ မျှော်လင့်ရအောင် ... ယင်းမြစ်ဘုရင်က သူ့ကို စိတ်ဝင်စားနေတယ် ငါတို့ အရှင် ဖမ်းမိရင် ... အဲဒီ အမျိုးသမီးကို ရှာတွေ့နိုင်မှာပါ။ ”
-ဟု လေးလေးနက်နက် ပြောကြား လိုက်သည်။
“ ဒါကတော့ မဖြစ်နိုင်ဘူး ... ဝိညာဉ် အလံငယ်ရဲ့ ပေါက်ကွဲ စွမ်းအားက အမည်ခံ သူတော်စင် မပြောနဲ့ ... တတိယအဆင့် သူတော်စင် သခင်တောင် ဒဏ်ရာ ပြင်ပြင်း ထန်ထန် ရလိမ့်မယ် ... သူ့အလောင်း မကျန်တော့မှာကို ကြောက်မိတယ်။ ”
“ ခရစ် ... ။ ”
ကူခုန်းမှ ခေါင်းယမ်းကာ ပြောကြား လိုက်သည်။ ထိုအချိန်တွင် အလံငယ်ပေါ်၌ အက်ကြောင်းများ ပေါ်လာ၏။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ငါ့ရဲ့ ဝိညာဉ်ရေး အလံငယ် ... ။ ”
သူ့ဘေးနားရှိ ကူထုန် သည်လည်း အလံငယ်ထံ လှမ်းကြည့်ကာ အံ့သြသွားသည် ။
“ ဒီလို သနားစရာ ကောင်းတဲ့ လှည့်ကွက်လေးတွေနဲ့ မင်းတို့က ငါ့ကို သတ်နိုင်မယ် ထင်နေတာလား။ ”
နှစ်ဦးသား စိတ်မသက်မသာ ဖြစ်နေ ချိန်မှာပင် အေးစက်သော စကားသံနှင့် အတူ ဓားရောင်ခြည် တစ်စင်း ကောင်းကင်ပေါ် ထိုးတက်လာ၏။
“ ဝှစ် ... ။ ”
သည့်နောက် မီးလောင်ချိုင့် အတွင်းမှ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးပြီး အပြာရောင် ဝတ်ရုံဖြင့် လူငယ်တစ်ယောက် ပျံထွက်လာ တော့သည်။
***