အတိတ်နှင့် ပစ္စုပ္ပန်။
Vol. 160 Ch. 2240
ကျီးဘုရင်၏ ဦးဆောင်မှုဖြင့် လမ်းခရီးမှာ ချောမွေ့လာသည်။ တားမြစ်နယ်မြေများ အပေါ် ရှောင်ရှားနိုင်သဖြင့် အချိန်ကုန် သက်သာ ခဲ့သည်။
ဒုတိယ အနေနှင့် သွေးကျီးကန်း ဘုရင် ဖြစ်သောကြောင့် မလိုလားအပ်သည့် တိုက်ပွဲကို ရှောင်ရှားရန် နယ်မြေပိုင် ကျီးဘုရင်များနှင့် ဆက်သွယ် ညှိနှိုင်းနိုင်ခဲ့သည်။
“ သူ့ရဲ့ ခွန်အားက တစ်နေ့မှာ ... အပြည့်အဝ ပြန်ကောင်းလာ လိမ့်မယ်၊ အဲဒီ အချိန်မှာ အန္တရာယ် အရှိဆုံးပဲ။ ”
နတ်ဆိုး သားရဲများကို ရှေ့မှ သတ်ဖြတ်နေသော ကျီးဘုရင်ထံ ကြည့်ကာ ခရမ်းငယ်မှ ပြောကြားလာ၏။
ရက်အနည်းငယ်အတွင်း ၎င်းရာဟုဓား အတွက် နတ်ဆိုးသားရဲများ သတ်ကာ သွေးများ သောက်သုံးစေခဲ့သည်။
ထို့ကြောင့် ဓားသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာမည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။
“ ငါသိတယ် ... ။ ”
“ ဒါဆို နင်ဘာတွေ စီစဉ်နေတာလဲ ... ။ ”
“ သူ ဘာလုပ်ချင်လဲ ... ငါသိချင်တာ ... သူ့ခွန်အား ပြန်ရလာလေလေ ပိုကောင်း လေလေ ပါပဲ ။ ”
“ နင် ... အရမ်း ရဲရင့်တယ်။ ”
“ ဒါက သူ့ရွေးချယ်မှု အပေါ် မူတည်လိမ့်မယ်။ ”
လင်းယွန်က ယုံကြည်မှု ရှိရှိဖြင့် ပြန်ဖြေလိုက်၏။ ကျီးဘုရင်သည် ရှေ့မှလမ်းကို လေ့လာပြီးနောက် ပြန်ရောက်လာသည်။
“ ငရဲမိုးကြိုး ဘုရင်က ... ငါတို့ကို သွားခွင့်ပြုတယ်၊ သူ့နယ်မြေကို ဖြတ်ကျော် ပြီးရင် ငါတို့ သွေးမီးတောက် လွင်ပြင်ရဲ့ ... အစပ်ကို ရောက်ပြီ... သွေးမီးတောက် လွင်ပြင်မှာ တပ်ဖွဲ့တွေ အများအပြား စုဝေးနေကြတယ် လို့လည်း ...
... သူ့ဆီက သတင်းကြားတယ် ... မင်ဂိုဏ်းက ပြိုင်ဘက် မြင့်မြတ်မြေရဲ့ တပည့် တွေကို ဖိနှိမ်ချုပ်ခြယ် သတ်ဖြတ် နေတယ်၊ သွေးလဂိုဏ်းလည်း ရောက်လုနီးပြီ။ ”
ထိုလူများ အားလုံးသည် နတ်သွေးနှင့် နတ်ဘုရား သွေးတော် အသီးအနှံများ အတွက် လာခြင်း ဖြစ်ပေမည်။
အသူရာကျီးဘုရင် ကြောင့်သာ အမည်ခံ သူတော်စင်နယ်ပယ်ဖြင့် လင်းယွန်တစ်ယောက် ဤမျှ မြန်မြန်လာနိုင်ခြင်း ဖြစ်သည်။
ရုတ်တရက် လင်းယွန်က တစ်ခုခုကို တွေးမိလာပြီး၊
“ ငါ မင်းကို မေးစရာရှိတယ်။ ”
-ဟု လှည့်ပြောလိုက်သည်။
“ မေးပါ ... ငါသိသမျှ ပြောပြမယ်။ ”
“ အရင်က နတ်ဆိုး အလောင်းကောင် တချို့ကို တိုက်ခဲ့ဖူးတယ်၊ ဒါပေမယ့် အခုက ထင်သလောက် မသန်မာကြပါလား။ ”
“ ဒီအကြောင်းကို နည်းနည်းသိတယ် ... ဝိညာဉ်နတ်မိစ္ဆာ မိသားစုရဲ့ နတ်ဆိုး အလောင်း သန့်စင်ခြင်း လုပ်ငန်းစဉ်က ရှည်လျားတယ်၊ ...
... သူတို့ အဆိုအရ ... နတ်ဆိုး အလောင်းတွေ အားကောင်းလာဖို့ အချိန်ပေးပြီး အဆက်မပြတ် သန့်စင်ရတယ် ... နောက်ဆုံးမှာ ညာဏ်ရည် ဉာဏ်သွေးနဲ့ ... အသက်ရှင်ချိန်က ခွန်အား တစ်ဝက်အထိ၊ ...
... ပြန်ရလာလိမ့်မယ်၊ ဒါပေမဲ့ အဲဒီ အဆင့်ရောက်ဖို့ နတ်ဘုရားသွေးနဲ့ အရင်းအမြစ် အများကြီး လိုအပ်တယ်။ ”
“ ဒါဆို သွေးကျီးကန်းတွေ ကရော ... ။ ”
လင်းယွန်မှ မေးသည်။
“ ငါတို့က သူတို့နဲ့ မတူပါဘူး ... တကယ်ဆိုရင် ငါတို့အားလုံးက ကပ်ပါးကောင် လေးတွေ ပါပဲ ... နတ်သွေးကနေ မွေးဖွားပြီး ဒီနယ်မြေက အလောင်းတွေနဲ့ ပေါင်းစပ် နိုင်တယ် ... အန္တရာယ်လည်း ရှိတယ်။ ”
“ ဒါဆို မင်း သိမ်းယူထားတဲ့ ... ဒီခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အမှတ်တရတွေ ပြန်ရနိုင်လား။ ”
လင်းယွန် မေးခွန်းကြောင့် အသူရာ ကျီးဘုရင်ခမျာ နှလုံးခုန်သံ မြန်လာတော့၏။ သို့သော် တည်ငြိမ်အောင် ထိမ်းလျက်၊
“ နည်းနည်းတော့ ပြန်သတိရတယ် ... ကျင့်ကြံမှု အပိုင်းအစတွေပါ ... ဒါပေမယ့် အများစုက မှုန်ဝါးနေပြီ။ ”
လင်းယွန်က ခေါင်းညိတ်ပြီး၊
“ ဒါဆို သွားကြရအောင် ... ။ ”
-ဟု ပြောလိုက်သည်။ သို့မှသာ ကျီးဘုရင်က သက်သာရာ ရသွား၏။ သူက လမ်းပြရန် အမြန် လှမ်းထွက် သွားလေသည်။
နောက်တစ်နေ့တွင် ငရဲမိုးကြိုးဘုရင်၏ နယ်မြေကို ဖြတ်ပြီး သွေးမီးတောက် လွင်ပြင် နယ်စပ်သို့ ဝင်ရောက်လာ၏။
လင်းယွန်က တောင်ကုန်းပေါ်တွင် ရပ်နေကာ ပတ်ဝန်းကျင်ရှိ အင်အားစုများကို အာရုံခံ လိုက်သည်။
ကြက်သွေးရောင် ၀တ်စုံဖြင့် ကျိကျစ်ရှီကို ထင်ရှားစွာ မြင်၏။ သူမ ၀တ်စုံပေါ်၌ ဖီးနစ်ပုံကို ရင်သပ်ရှုမောဖွယ် ပုံဖော်ထားသည်။
ပတ်ဝန်းကျင်ရှိ အကြည့်များ အားလုံးက သူမထံ ဦးတည်နေ၏။ သူမဘေး၌ သူတော်စင် အကြီးအကဲများလည်း ရှိနေသည်။
“ နတ်ဖီးနစ်တောင်က ... နတ်မီးတောက်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။ ”
လင်းယွန်က သုံးသပ်လိုက်၏။ နတ်ဖီးနစ် တောင်တန်းသည် အရှေ့ဘက် ပျက်စီးမြေတွင် ကျော်ကြားပြီး အသန်မာဆုံး ဖြစ်သည်။
၎င်းတို့သည် နိမ့်ကျသော ပုံရိပ်ကို ထိန်းသိမ်းထား၏။ ကျိကျစ်ရှီသည် စစ်မှန်သော မင်းသမီး ဖြစ်လာရန် အခွင့်အလမ်းကို ရှာဖွေ နေပုံရသည်။
“ လင်းယွန် ... ကြည့်စမ်း ။ ”
ခရမ်းငယ်က လမ်းကြောင်း တစ်ခုကို ညွှန်ပြသည်။ လင်းယွန်မှ ခေါင်းလှည့်ကြည့် လိုက်ရာ သွေးလ နတ်သားတော်ကို တွေ့လိုက်ရ၏။
“ ကျောက်တျန်းယွီ ... ။ ”
မတွေ့ရသည့် ရက်များအတွင်း ကျောက်တျန်းယွီ တစ်ယောက် အစွမ်းထက် လာသည်။
သူ့ဝန်းကျင်တွင် ထူးထူးခြားခြား လူဆယ်ယောက်ရှိ၏။ ၎င်းတို့သည် သူတော်စင် အကြီးအကဲများ ဖြစ်ချေပြီ။
“ နတ်သားတော် ... ဒါက သွေးမီးတောက် လွင်ပြင်ပဲ၊ နတ်မီးလျှံက ဒီအရပ်မှာ ရှိသင့်တယ်၊ နတ်ဘုရား အလောင်းရဲ့ နှလုံးသား ဖြစ်တာမို့ ဒါက ရတနာပဲ ... သူတော်စင် စွမ်းအင် အများအပြား ရှိလိမ့်မယ်၊ ဒါပေမယ့် ...
... သွေးမီးတောက် ကျီးဘုရင်က ကြောက်မက်ဖွယ် ကောင်းပြီး ... သူတော်စင် နယ်ပယ် လက်အောက် ငယ်သားတွေ အများကြီး ရှိတယ်၊ ငါတို့ ဝင်သွားရင် အန္တရာယ်တွေကို ခန့်မှန်းလို့ မရဘူး။ ”
သူတော်စင် အကြီးအကဲ တစ်ပါးမှ ပြောကြားလာ၏။ ကျောက်တျန်းယွီသည် သူတော်စင် သခင် ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် အရင်းအမြစ်များ အလွန် လိုအပ်နေ၏။
“ အခွင့်အလမ်းတွေက အန္တရာယ်နဲ့ တွဲလာတတ်တယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့ အဲဒီကို သွားရအောင်။ ”
ကျောက်တျန်းယွီက သွေးလဂိုဏ်း၏ အဖွဲ့နှင့်အတူ သွေးမီးတောက် လျှံလွင်ပြင်ထံသို့ ဦးတည်သွားတော့၏။
လင်းယွန်က သူ့ရောင်ဝါကို ဆုတ်ခွာ လိုက်မိသည်။ ထင်ကြေး မှန်၏။ သွေးလဂိုဏ်း ရောက်ရှိ လာခြင်းသည် ဆုစီယာ ရှိမည်ဟု အဓိပ္ပါယ်ရလေသည်။
အဆုံးတွင် သူမသည် ဤမျှ အန္တရာယ် ကြီးမားသော အနေအထားမျိုး တစ်ကြိမ်မျှ မကျရောက်ဖူးချေ။
“ ရောက်ပြီ ... ငါ ဆက်မလိုက်တော့ဘူး။ ”
အသူရာ ကျီးဘုရင်မှ ဂရုတစိုက် ပြောကြားလာသည်။ သူသည် အထွတ်အထိပ် ခွန်အားမျိုး ပြန်လည် ရရှိနေပြီ ဖြစ်သည်။
သို့သော် လင်းယွန်မှ တစ်စုံတစ်ရာ ဝှက်ထားခြင်း ရှိ-မရှိ အကြိမ်ကြိမ် စစ်ဆေးကာ မဝံ့နိုင်သေးချေ။
“ ဟမ့် ... မင်းမလိုက်ဘူးလား။ ”
ခရမ်းငယ်မှ ပြန်မေးသည်။
“ သွေးမီးတောက် လွင်ပြင်က အန္တရာယ်များတယ် ... မြင့်မြတ်မြေတွေနဲ့ သွေးလ ဂိုဏ်းလည်း ရှိတယ်၊ ငါ ဝင်သွားရင် ဆိုးဆိုးရွားရွား သေရလိမ့်မယ်။ ”
အခွင့်အရေးရသော် လင်းယွန်ကို သတ်နိုင်သဖြင့် သွေးမီးတောက် လွင်ပြင်သို့ အတူ လိုက်ပါသွားသင့်သည်။
အနီရောင် ပင့်ကူလီလီနှင့် လျှို့ဝှက် ဆန်းကြယ်သော ဤဓားသေတ္တာက သူ့ကို သွေးဆောင်ချေ၏။ သို့သော် လက်လျှော့ရန် ဆုံးဖြတ် လိုက်သည်။
တစ်ဖက်လူသည် အသက်ငယ် သော်ငြားလည်း ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်။ ပတ်သက်ချင်စိတ် မရှိတော့ချေ။
“ မင်း သေချာလား ... သွေးမီးတောက်လွင်ပြင်က အန္တရာယ်များပေမယ့် ရတနာတွေ ရှိတယ်၊ မင်း အောင်မြင်မှုတွေ ရယူဖို့ မဝေးဘူးလို့ ငါပြောနိုင်တယ်။ ”
လင်းယွန် မေးခွန်းကြောင့် အတွေးထဲ နစ်မြုပ်နေသော ကျီးဘုရင်မှာ ပို၍ တုန်လှုပ် သွားသည်။ ၎င်းနှင့် မပတ်သက်ရန် ဟူသော ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာလာ၏။
“ ငါ ဆက် မလိုက်တော့ပါဘူး ... ငါ့ခန္ဓာကိုယ်ထဲက ကန့်သတ်ချက်တွေကို မင်း ပြန်သိမ်း ပေးရမယ် ... သံသရာ ပန်းရနံ့ ကိုလည်း ထပ်မပေးနဲ့တော့ ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြပြီး၊
“ ကောင်းပြီ မင်းပြန်နိုင်တယ် ... မင်းခန္ဓာကိုယ်ထဲမှာ ကန့်သတ်ချက်တွေကို မရှိတော့ပါဘူး ... မယုံရင် မင်းရဲ့ စွမ်းအင် လှည့်ပတ် ကြည့်ပါ။ ”
ကျီဘုရင်က အံသြစွာဖြင့် ဓားသုတ္တန်ကို လှည့်ပတ်ကြည့်လိုက်သည်။ လိမ်ပုံ မပေါ်ချေ။ သူ့ တုံ့ဆိုင်းနေ သည်ကို မြင်ချိန်၌ လင်းယွန်က ပြုံးပြီး၊
“ မင်း အခုချိန် လှုပ်ရှားရင် ... အနိုင်ရဖို့ အခွင့်အရေးရှိသလို သေဖို့လည်း နီးစပ်ပါတယ်၊ မင်းကို ဘာလို့ မသတ်ဘဲ သံသရာ ပန်းရနံ့ ပေးခဲ့တာလဲ သိချင်လား ...
... မင်းကို ထိန်းချုပ်ဖို့ ... ကန့်သတ်ချက် တစ်ခုထားနိုင်ပေမယ့် ငါမလုပ်ဘူး၊ ဓားသမား တစ်ယောက်က တခြား ဓားသမားကို ဘယ်တော့မှ မလိမ်ဘူး ... မင်းငါနဲ့ တိုက်တုန်းက သခင့်ဓား သုံးခဲ့တာလား။ ”
“ မင်းဘယ်လို သိလဲ။ ”
ကျီးဘုရင်မှ ထိတ်လန့်သွားသည်။
“ မျှော်လင့်ထား သလိုပါပဲ။ ”
လင်းယွန်က ခေါင်းညိမ့်၏။ ကျီးဘုရင်၏ ဓားရေးကို သူ ရင်းနှီးနေသဖြင့် မှတ်ဉာဏ်များ ပြန်ဖော် ခဲ့ရသည်။
၎င်းသည် သခင့်ဓား၏ မပြည့်စုံသော သူတော်စင်ပုံစံ ဖြစ်သည်။ အစောပိုင်း ပုံစံကို ဓားနန်းတော်၌ သူ လေ့ကျင့်ဖူး၏။
ဆိုလိုသည်မှာ ကျီးဘုရင် ကပ်တွယ် ထားသောခန္ဓာသည် ဓားဂိုဏ်းမှ ဓားသူတော်စင် တစ်ပါး ဖြစ်ပေမည်။
“ ငါဘယ်လိုလုပ် သိတာလဲ ဆိုတော့ ... ငါ့နာမည်က ပန်းသင်္ချိုင်းပဲ ... ပန်းသင်္ချိုင်းက သက်တံဓားရဲ့ တပည့် ဓားဂိုဏ်းရဲ့ အဖွဲ့ဝင် ဆိုတာကို မင်းသိထားရမယ်၊ ဝါစဉ်အရ ဆိုရင်တော့ မင်းက ငါ့ဘိုးဘေးပါ၊ ...
... သံသရာ ပန်းရနံ့က ခန္ဓာကိုယ် မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို ပြန်ရစေပြီး ... ခွန်အားနဲ့ နားလည်နိုင်စွမ်း မြင့်မားစေတယ် ... ဒါက မင်းဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ လျှို့ဝှက်ချက် မဟုတ်လား။ ”
ဓားဂိုဏ်းသည် ထိုအချိန်က အသန်မာဆုံး ဓားဂိုဏ်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ရှေးဦးခေတ် တိုက်ပွဲတွင် ပါဝင်ခဲ့ကြ၏။
နောက်ဆုံးတွင် ဓားသူတော်စင်များကို ဆုံးရှုံးကာ မြင့်မြတ်မြေ အဖြစ်မှ ဆင်းပေးခဲ့ရ လေသည်။
ကျီးဘုရင် တစ်ယောက် လျှို့ဝှက်ချက်များ ဖော်ထုတ်ခံလိုက်ရသဖြင့် တုန်လှုပ် ခြောက်ခြား သွား၏။ မမျှော်လင့် ထားချေ။
အချိန်အတော်ကြာ ငြိမ်သက်နေပြီးမှ သက်ပြင်းချကာ၊
“ ငါက မင်းရဲ့ ဘိုးဘေး မဟုတ်ပါဘူး ... အသူရာ ကျီးဘုရင်ပဲ ဒီခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ် အပိုင်းအစ အချို့သာ ရှိတယ်၊ ငါတကယ် ဓားသူတော်စင် မဟုတ်ဘူး။ ”
-ဟု ငြင်းဆန် လိုက်၏။
“ ငါသိတယ် ... ဒီမှာ သံသရာ ပန်းရနံ့ အစက်(၁၀)စက်ပါတယ် ... မင်းသုံးနိုင်တယ်၊ အတိတ်က မင်းဘာတွေ လုပ်ခဲ့လဲ ... ငါ စိတ်မဝင်စားဘူး၊ ...
... အနာဂါတ်မှာ ဓားဂိုဏ်းက ... ဘယ်သူ့ကိုမဆို ဒုက္ခမပေးပါနဲ့ ... မဟုတ်ရင် မင်းဘဝကို ငါကိုယ်တိုင် လာယူမယ်။ ”