ပုံရိပ်ယောင်နှင့် တုံ့ပြန်မှု
Vol. 92 Ch. 1275
ပွဲအခမ်းအနားကို တက်ရောက်လာသည့်သူအားလုံးက အံ့အားသင့်သွားကြသည်။
သူတို့က ဘာကိုမြင်လိုက်ရတာလဲ …
သူတို့နတ်ဘုရားက လမင်း၇စင်းထဲမှ တစ်စင်းဖြစ်သည့် သွေးနဂါးနှင့် တူသည့် မြွေသက်ရှိနှင့် တိုက်ခိုက်နေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ထိုသူအားလုံးက သူတို့ဘဝတစ်လျှောက် ထိုလူများ၏ ဖိနှိပ်မှုကို ခံစားခဲ့ရသည့်အတွက် သွေးနဂါး၏ အရှိန်အဝါကို ပြီးပြည့်စုံစွာ သိထားလေသည်။ သို့သော် ဉာဏ်ရှိသူများက ထိုသူသည် အဘယ်ကြောင့် ဤသွင်ပြင်ကို ပြောင်းလဲသွားကြောင်း ကောက်ချက်ချနိုင်ခဲ့ကြ၏။
ဒုတိယအထပ်တွင် ဝမ်ဝေ့က ထိုပုံရိပ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုကို တွေးမိကာ ဝမ်ချီနှင့် အနီရောင်ကံကြမ္မာမျက်နှာဖုံးကို ဆက်သွယ်လိုက်သည်။
“ခေါင်းဆောင် တစ်ခုခုများဖြစ်လို့လား” ဝမ်ချီက ထိုသူသည် အရေးပေါ်ဆက်သွယ်ရေးနည်းလမ်းကို အသုံးပြုလာသည့်အတွက် မေးလိုက်၏။
“အဖွဲ့ကို ဆက်သွယ်ပြီးတော့ သွေးနဂါးရဲ့ ပိုင်နက်ထဲကို သွားဖို့ပြောလိုက်။ သူတို့တွေ အရိပ်အမြွက်ကို မြင်တာနဲ့ ချက်ချင်းတိုက်ခိုက်ပြီး အရင်းအမြစ်တွေအားလုံးကို သိမ်းဆည်းရမယ်။ ပြီးတော့ လူတွေပါ ခေါ်သွား”
“ဘယ်လို ဘယ်လိုဖြစ်သွားတာလဲ”
“အဲဒီကောင်စုတ်က သေတော့မယ်” ဝမ်ဝေ့က လှောင်ပြောင်ကာ ပြောလိုက်သည်။
“တကယ်လား” ဝမ်ချီက အကြည့်များ တောက်ပလာလေ၏။
“တကယ်လို့ အမှန်သာဆိုရင် ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ”
သူက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“တော်လှန်ရေးဖက်ကိုရော အကြောင်းကြားပေးရဦးမလား”
“ဘယ်ဟုတ်ပါ့မလဲ။ ငါတို့ ယှဉ်ပြိုင်သူတွေ ထပ်မလိုဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ယှဉ်ပြိုင်သူတွေလား”
“တကယ်လို့ ငါ မှန်းဆတာသာ မှန်မယ်ဆိုရင် ရှုကျင်းယောင်ရဲ့ လူတွေက အဲဒီနေရာကို ရောက်ပြီးတော့ သိမ်းပိုက်ဖို့ ပြင်နေပြီ”
“ရှုကျင်းယောင်လား။ သူမက ဒီဖရိုဖရဲကိစ္စအတွက် တာဝန်ရှိတဲ့သူလား” ဝမ်ချီက ရေရွတ်လိုက်သည်။
“ခေါင်းဆောင်နဲ့ ပတ်သက်တဲ့ မိန်းမတိုင်းက ဘာလို့ အန္တရာယ်များတယ်လို့ ခံစားမိနေပါလိမ့်”
“စကားကို ကြည့်ပြောစမ်း” ဝမ်ဝေ့က ဝူဟုန်ကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်ကာ ဝမ်ချီအား သတိပေးလိုက်သည်။
“အနီရောင်မျက်နှာဖုံး … သွေးနဂါးနန်းဆောင်ထဲကို ကျူးကျော်နေမှုက ဘယ်လိုလဲ”
“ကျွန်မတို့က အပြင်ပိုင်းမှာ လူတချို့ရှိပေမဲ့ အထဲထိတော့ မရောက်သေးဘူး” အနီရောင်မျက်နှာဖုံးက ပြန်ဖြေလိုက်သည်။ သွေးနဂါးနန်းဆောင်က သွေးနဂါး၏ အဓိကပိုင်နက်တစ်ခုဖြစ်ပြီး သူ့ပင်မနေရာလည်း ဖြစ်ပေသည်။ သူတို့အဖွဲ့က အစောပိုင်းအဆင့်တွင် ရှိနေသည့်အတွက် သူတို့အောင်မြင်မှုများက မပြောပလောက်သေးပေ။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူတို့၏ အဖွဲ့က စတင်ကာစဖြစ်သည့်အတွက် အောင်မြင်မှုရရှိဖို့ လိုအပ်နေသေးကြောင်း နားလည်လေ၏။
“ဒီလိုဆိုရင် ငါတို့တွေ စွန့်စားပြီးတော့ တိုက်ရိုက်လှုပ်ရှားမယ်။ သွေးနဂါး သေတာနဲ့ နန်းဆောင်ထဲမှာ ဖရိုဖရဲဖြစ်လာလိမ့်မယ်။ အဲဒီအခွင့်အရေးကို ယူပြီးတော့ အထဲကို ကျူးကျော်ပြီး စံပြအဆင့် အစီအရင်တွေကို ထိန်းချုပ်ရမယ်။ ရှုကျင်းယောင်ဘက်က တိုက်ခိုက်မှုတွေနဲ့ ငါတို့ဘက်က တိုက်ခိုက်မှုတွေက အဲဒီဖရိုဖရဲကို ပိုပြီးတော့ ရှည်ကြာစေလိမ့်မယ်။ အဲဒါကို သေချာအသုံးချ”
“ဟုတ်ကဲ့ပါ” အနီရောင်မျက်နှာဖုံးက တိုက်ရိုက် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
ဝမ်ဝေ့က စကားဝိုင်းကို အဆုံးသတ်လိုက်၏။ သို့သော်လည်း သူ့အလုပ်က ပြီးဆုံးဖို့ရာနှင့် အလှမ်းဝေးနေသေးသည်။ သူ့ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်သွားကာ ခေါင်းအထက် အနည်းငယ် မြောလွင့်နေ၏။ ထို့နောက် ဝိညာဉ်အထက် အသင်္ချေသင်္ကေတနှင့် သံကြိုးများစွာ ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ ဝမ်ဝေ့၏ ဝိညာဉ်က ရှေ့ကို တိုးသွားပြီး နန်းဆောင်တစ်ခုလုံးအနှံ့ စည်းတံဆိပ်တစ်ခုကို ထားရှိလိုက်သည်။
ယခုမှစ၍ မည်သူကမှ ဤနေရာကို ဝင်ထွက်နိုင်ခြင်းမရှိသလို ထွက်သွားနိုင်ခြင်းလည်းရှိမည်မဟုတ်ပေ။ ထိုအရာက သွေးနဂါးပင် အပါအဝင် ဖြစ်၏။ အကယ်၍ ရှုကျင်းယောင် ကျရှုံးခဲ့ပါက သူက ထိုကိစ္စကို အဆုံးသတ်ပေးရမည်။
သူမက သူ့ကို အားနည်းအောင်လုပ်ဖို့ပဲ လိုတယ်။ အဲဒါမှ သူမ ကျရှုံးသွားတယ်ဆိုရင်တောင် ငါက ငါ့ရဲ့ ရုပ်သေးရုပ်နဲ့ စံပြဝိညာဉ်နဲ့ အလုပ်ကို အဆုံးသတ်နိုင်လိမ့်မယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ထို့နောက် သူက ကံကြမ္မာပြောင်းလဲရေးခန်းမမှ ကိုယ်ပွားကို ဆက်သွယ်ပြီး ကမ္ဘာ့အဆင့် တာဝန်အကြောင်း ထုတ်ဖော်ခဲ့သည်။ ထိုသူများက သူ့စွမ်းအားကို တိုးမြှင့်ပေးနိုင်ပြီး ပိုမိုကောင်းမွန်သည့် အာရုံလွှဲပြောင်းမှုကို ဖန်တီးပေးနိုင်သည့်အတွက် အနီရောင်မျက်နှာဖုံးက သူမ၏ တာဝန်ကို ပိုမို အောင်မြင်လိမ့်မည်။
လူများစွာက အံ့အားသင့်ရာမှ အသက်ဝင်လာပြီးသည့်နောက်မှ ရောပြွန်းသည့် တုံ့ပြန်မှုမျိုး ရှိနေကြ၏။ အများစုက သူတို့သည် ဤအစီအစဉ်၌ အသုံးချခံလိုက်ရကြောင်း သဘောပေါက်သွားကြသည်။ သူတို့က လမင်း၇စင်းကို ရွံရှာစက်ဆုပ်ကြသော်လည်း ပွင့်ပွင့်လင်းလင်း အာမခံနိုင်ကြပေ။ အများစုက ပါဝင်ပတ်သက်မိမည်ကို စိုးကာ တိတ်တဆိတ်ပင် မလုပ်ဆောင်ရဲကြပေ။
ထို့အပြင် သူတို့၏ လူများကို ပါဝင်ဆွဲသွင်းမိမည်ကို စိုးရိမ်နေကြသည့် အားကောင်းသော အင်အားစုများလည်း ရှိ၏။ သူတို့က ထိုကပ်ပါးများသည် အကြောင်းပြချက်မျိုးစုံကို သုံးပြီး သူတို့၏ ရှေးဟောင်းမျိုးနွယ်များကို သိမ်းပိုက်ဖို့ကြိုးစားနေကြောင်း သိထားကြသည်။ ဤသည်ထက် ပိုမိုကောင်းမွန်သည့် အကြောင်းပြချက်ဟူ၍ မရှိပေ။ ထို့နောက် တချို့ကမူ သွေးနဂါး၏ သေဆုံးမှုမှ အခွင့်အရေးကို ကြိုမြင်ကာ ထိုအရာမှ အကျိုးအမြတ်ရယူဖို့ ချက်ချင်း စဉ်းစားနေကြသည်။
ထို့ကြောင့် ထိုသူများ၏ တုံ့ပြန်မှုကို သုံးပိုင်း ခွဲခြားနိုင်၏။ တစ်ခုက ရှုကျင်းယောင်၏ အပြုအမူက မည်သို့ဖြစ်စေကာမူ သူမကို ထောက်ခံပေးနေကြသည့်သူများ ဖြစ်သည်။ ဒုတိယအုပ်စုကမူ ချက်ချင်း ထွက်ပြေးကြသည့်သူများဖြစ်ပြီး အများစုကမူ ဖရိုဖရဲကာလမှ သိမ်းပိုက်ဖို့ ပြင်ဆင်ဖို့ရာ အပြင်ဘက်ကို ဆက်သွယ်ဖို့ ကြိုးစားနေသည့်သူများ ဖြစ်၏။ နှမြောဖို့ကောင်းလှစွာဖြင့် ဝမ်ဝေ့က သူတို့၏ တုံ့ပြန်မှုများကို ကြိုတင်မြင်ကာ ဤနေရာကို ပိတ်ဆို့ထားပြီးသား ဖြစ်သည်။
………………………………………..
တိုက်ပွဲကမ္ဘာ
ရှုကျင်းယောင်က ကံကြမ္မာလှံကို ကူးယူပြီးသည့်နောက်တွင် သွေးနဂါး၏ တိုက်ကွက်ကို ရှောင်ရှားကာ လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပြီး သူ့ဆီ ပြေးဝင်သွားလိုက်သည်။ သွေးနဂါးက ထိုလှံတံကိုးခုသည် သူ့ကို ပစ်မှတ်ထားကြောင်း သိထားသည့်အတွက် သူမည်သို့ပင် လုပ်စေကာမူ ထိုနေရာမှ မလွတ်မြောက်နိုင်ကြောင်း သိထားလေ၏။ တခြားနည်းဖြင့် ပြောရလျှင် သူက ထိမှန်ဖို့ ကံကြမ္မာဖန်လာခဲ့သည်။
သွေးနဂါးက အော်ဟစ်ပြီး ဒိုင်းကာနှင့်တူသည့် အသုံးအဆောင်ပစ္စည်းတစ်ခုက သူ့ရှေ့တွင် ပေါ်ထွက်လာလေ၏။ ထိုဒိုင်းကာက နဂါးအသွင်ပြောင်းလဲသွားကာ သွေးနဂါး၏ အရေခွံနှင့် ပေါင်းစည်းသွားခဲ့သည်။ ထို့နောက် ကံကြမ္မာလှံ ၉ ချောင်းက ထိမှန်လာသည့်အခါ နဂါးက အကောင်းအတိုင်းရှိနေဆဲ ဖြစ်၏။
ကောင်းပြီလေ …
ရှုကျင်းယောင်က တွေးလိုက်သည်။ သူမက ဤတိုက်ပွဲ၏ အနေအထားအကြောင်း သိထားလေသည်။ ထိုသူများတွင် မည်မျှချမ်းသာကြောင်း၊ သူတို့၏ ရတနာသိုက်ထဲ၌ စံပြအဆင့်ရတနာမည်မျှရှိကြောင်း ခန့်မှန်းကြည့်နိုင်မည်မဟုတ်ပေ။ အကယ်၍ ထိုနဂါးက သူမနှင့် ရင်ဆိုင်ဖို့ ချမ်းသာကြွယ်ဝမှုကို အသုံးပြုလာပါက သူမသည် တစ်စုံတစ်ယောက် တစ်ခုခုကို သတိမထားမိခင် သူ့ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
ထို့ကြောင့် သွေးနဂါးက ဒိုင်းကာကို ဆင့်ခေါ်လိုက်သည့်အချိန် ရှုကျင်းယောင်က သူ့ရတနာအားလုံးကို သိမ်းဆည်းထားသည့် ဒိုင်မေးရှင်းကို တွေ့ရှိသွား၏။ သူမက ဧကရီဝူ၏ စည်းတံဆိပ်တာအိုကို ကူးယူကာ အလားအလာကောင်းသည့် စည်းတံဆိပ်တစ်ခုကို ထားရှိပြီး သူ့ကို ထိုနေရာမှ ရယူခြင်းအား တားဆီးလိုက်သည်။
“မင်း”
“ကျွန်မ ပြောခဲ့တယ်လေ။ ဒီနေ့က ရှင့်ရဲ့ သေနေ့ စေ့ပြီလို့” ရှုကျင်းယောင်က လှောင်ပြောင်လိုက်သည်။
သွေးနဂါးက တိုက်စားရေးသွေးပင်လယ်ကို ဆင့်ခေါ်လိုက်၏။ ထိုပင်လယ်ဟု ခေါ်ဆိုသည့်အရာက ဤစကြဝဠာအနှံ့ ပျံ့နှံ့သွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုနေရာ ပျံ့နှံ့သွားသည့်နေရာတိုင်း ကြယ်တာရာများက မှေးမှိန်သွားကာ ကြယ်စင်များက ပျောက်ကွယ်သွားပြီး ကာလံဒေသံနှင့် ပြိုလဲပျက်စီးသွားလေသည်။
သို့သော်လည်း ရှုကျင်းယောင်က တည်ငြိမ်နေလေ၏။ သူမက အလင်းတာအိုကို ပုံတူပွားပြီး လက်တစ်ချက်အဝှေ့တွင် တောက်ပသည့် ရွှေရောင်အလင်းတန်းက တိုက်စားရေးသွေးကို သန့်စင်ပစ်ခဲ့သည်။ ထို့နောက် သူမက အလင်းဓားအဖြစ် ပြောင်းလဲကာ ပြိုင်ဖက်ကင်းအလျင်ဖြင့် ပြေးဝင်သွားလေ၏။
နဂါးက သူမအား သူ့ကို တိုက်ခိုက်မှုလုပ်ခြင်းဖြင့် ဉာဏ်ရှိသည့် ရွေးချယ်မှုမျိုး လုပ်ဆောင်ခဲ့သည်။ သူ့ခုခံရေးရတနာက သူမကို တားဆီးလိုက်သည်နှင့် သူက လက်စသတ်နိုင်လိမ့်မည်။
သူ့အတွက် နှမြောဖို့ကောင်းလှစွာဖြင့် ရှုကျင်းယောင်က နေနှင့် မိုးတို့ဖြင့် သက်ရောက်ခံရသည့် အလှပန်းပွင့်တစ်ခု မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် ပြောရလျှင် သူမက သေသေချာချာ လေ့ကျင့်ထားပြီး ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်ရေးဉာဏ်ရည်ရှိသူ ဖြစ်၏။
ဒိုင်းကာက ရှုကျင်းယောင်၏ တိုက်ကွက်ကို တားဆီးလာပြီးသည့်နောက်တွင် သွေးနဂါးက သွေးနည်းစနည်ကို သုံးပြီး သူမ၏ ခန္ဓာကိုယ်မှ သွေးနှင့် အသက်ဓာတ်အားလုံးကို စုပ်ယူခဲ့သည်။ ထိုအရာက အောင်မြင်ဟန်ထင်ရသော်လည်း တကယ်တမ်း၌မူ ပြီးပြည့်စုံစွာ ဖန်တီးထားသည့် ကိုယ်ပွားတစ်ခုသာ ဖြစ်နေလေ၏။
ရှုကျင်းယောင်က စံပြဒိုင်းကာကို ရင်ဆိုင်ပြီး ရတနာခိုးယူရေး ကောင်းကင်ဘုံအရှင်ဖြစ်သည့် နာမည်ကျော်သူခိုး၏ နည်းစနစ်ကို ပုံတူပွားကာ ရင်ဆိုင်ခဲ့ခြင်း ဖြစ်၏။
ရတနာရယူရေးပညာရပ်က လူတစ်ယောက်၏ အသုံးအဆောင်များကို ထိန်းချုပ်နိုင်သည့် ရှားပါးနည်းစနစ်တစ်ခု ဖြစ်ပေသည်။ ထိုအရာက ဧကရာဇ်လမ်းစဉ်အပေါ်တွင် ရှိနေသည့် တာအိုသက်သေပြပစ္စည်းပင် အပါအဝင် ဖြစ်သည်။
ရှုကျင်းယောင်က ထိုနည်းစနစ်ကို ရာနှုန်းပြည့် မကူးယူနိုင်ပေ။ မိန်းကလေးဝူက သူမကို လေ့ကျင့်ပေးသည့်အခါ သူမအား ထိုနန်းဆောင်အတွင်း စေလွှတ်ပြီး အားကောင်းသည့် တည်ရှိမှုများ၏ အမှတ်အသားဖြင့် တိုက်ခိုက်ခိုင်းခဲ့ပြီး သူမ၏ စွမ်းရည်အပြည့်ဖြင့် သူတို့၏ စွမ်းအားများကို ကူးယူဖို့ ပြောခဲ့သည်။ ထို့ကြောင့် သူမက ရတနာရှာဖွေရေးကောင်းကင်ဘုံအရှင်၏ နည်းစနစ်သည် အသုံးအဆောင်ပစ္စည်းအပေါ် အလုပ်ဖြစ်မည်လား မသိပေ။ အထူးသဖြင့် သူမက ၉၅ ရာခိုင်နှုန်းသာ ကူးယူနိုင်သည့်အခါတွင် ဖြစ်၏။ ထို့ကြောင့် သူမက အသုံးအဆောင်ပစ္စည်းကို ထိန်းချုပ်ဖို့ မကြိုးစားဘဲ သေချာသည့် အနေအထားတစ်ခုအထိသာ သုံးစားမရအောင် လုပ်လိုက်ခြင်း ဖြစ်သည်။
သူမက ရည်မှန်းချက် အောင်မြင်သွားသည့်အခါ ကောင်းကင်ဖြိုခွင်းရေး လက်ဝါးနည်းစနစ်ကို သုံးပြီး နဂါး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ သူ့အတွင်းအင်္ဂါများကို ဖျက်ဆီးပစ်ခဲ့သည်။
သွေးနဂါးက အော်ဟစ်လိုက်၏။ သူ့မြွေအမြီးက ရှုကျင်းယောင်ကို အားပြင်းပြင်းဖြင့် ထိမှန်လာပြီး အလင်းနှစ်ထောင်ပေါင်းများစွာ လွင့်စင်သွားစေသည်။ ထို့နောက် သူက သွေးတာအိုကို အသုံးပြုလျက် ရှင်သန်ခြင်းတာအိုကို ထိန်းချုပ်လိုက်သည်။ သွေးက ခန္ဓာကိုယ်ထဲတွင် ရှင်သန်ရေး ပင်မဇစ်မြစ်တစ်ခုအဖြစ် မှတ်ယူနိုင်လေ၏။
သွေးနဂါးက အသက်ဓာတ်မြစ်ကြောင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ မြစ်ကြောင်းမှ သွေးတစ်စက်ကပင် ဒိုင်မေးရှင်းအနိမ့်၏ အရွယ်အစားတူ စကြဝဠာလောက် ရှင်သန်မှုကို ပေးစွမ်းနိုင်သည်။ သို့သော်လည်း ထိုအရာကို စုပ်ယူပြီးသည့်နောက်တွင်ပင် သူ့ဒဏ်ရာများက ပြောင်းလဲသွားခြင်း မရှိပေ။ အကြောင်းအရင်းကမူ ရိုးရှင်းလှ၏။
ရှုကျင်းယောင်က ထာဝရကောင်းကင်ဘုံအဆင့် တစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်လေ့ကျင့်ရေးတွင်ပင် အောင်မြင်မှုတချို့ ရရှိထားသည့်အတွက် သူမက သူ့ခန္ဓာကိုယ်ထဲ အစစ်မှန်ဆန္ဒကို ထည့်ထားနိုင်ခဲ့သည်။ သွေးနဂါးက သူ့တာအိုဆန္ဒနှင့် စံပြဆန္ဒတို့ကို မသုံးနိုင်တော့ပေ။
ရှုကျင်းယောင်က သူ့တာအိုကို ယင်ယန်အဖြစ် ပြောင်းလဲလိုက်၏။ သူမက အသက်ဓာတ်မြစ်ကြောင်းကို လက်ညှိုးထိုးကာ မရဏချီမြစ်ကြောင်းအဖြစ် ပြောင်းလဲလိုက်သည်။ သွေးနဂါးက ခုခံခဲ့သော်လည်း မြစ်ကြောင်းက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ဖြစ်လာပြီး အဖြူရောင်မှ အနက်ရောင် ပြောင်းလဲသွားလေသည်။
ရှုကျင်းယောင်က ထိုအခွင့်အရေးကို အရယူကာ တာအိုတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ သူမ၏ အမူအရာက မိုးမြေကပင် သည်းမခံနိုင်လောက်သည့် အထွတ်အထိပ် ဓားသမားတစ်ယောက်အသွင်ပြောင်းလဲသွားခဲ့၏။ ထို့နောက် သူမ၏ ညာဖက်လက်ထဲတွင် ဝါးတုတ်တစ်ချောင်း ပေါ်ထွက်လာသည်။ ထို့နောက် ထိုဝါးတုတ်ကို အသာဝှေ့ယမ်းလိုက်၏။
နဂါးက ထိုဝါးဓားကို မြင်ပြီးသည့်နောက်တွင် အမူအရာ ပျက်ယွင်းသွားလေ၏။
တိုက်ပွဲကမ္ဘာတစ်ခုလုံးက ထိုဓားချက်အောက်တွင် အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။ သွေးနဂါးက အလျင်အမြန် ပြုမူခဲ့ပြီး ပါးစပ်ဩဟကာ သူ့တာအိုသက်သေပြပစ္စည်းကို ထုတ်ဖော်လိုက်သည်။ ထိုအရာက သူ့အသိစိတ်ပင်လယ်အတွင်း ရှိသည့်အတွက် ယခင်စည်းတံဆိပ်မှ သက်ရောက်ခြင်း မခံရပေ။ သူက ထိုအရာ၏ စွမ်းအားဖြင့် သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားလိုက်သည်။