ခွန်
Vol. 92 Ch. 1277
ဝူယွီဇာမဏီက လေဟာနယ်နှင့် ပေါင်းစည်းပြီး ကောင်းကင်အလှတရားနန်းဆောင်ကို ဆက်လက်စောင့်ကြည့်လိုက်သည်။ ထို့နောက် သူမက မျက်မှောင်ကြုတ်လိုက်၏။
မထူးဆန်းတော့ဘူး။ အမြဲတမ်း အိမ်ပြန်ဖို့ စိတ်လောနေတဲ့ အချိန်စားသုံးသူက ဒီတစ်ခေါက်တာဝန်ကို အတော်လေး လျစ်လျူရှုနေခဲ့တာ။ သူ တစ်ခုခု မှားနေခဲ့မှန်း သိနေတာပဲ ဖြစ်လောက်တယ်…
သူမက ထိုသူသည် ဤငတုံးနဂါးကို ကယ်တင်ဖို့ရာ ပုံရိပ်ယောင် စေလွှတ်ဖို့ ခက်ခက်ခဲခဲ တိုက်ပွဲမဝင်ရသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။
သူမက ဘယ်လိုလုပ် ဒီရောက်နေတာလဲ။
ဝူယွီက တွေးလိုက်သည်။ သူမ၏ ပုံရိပ်ယောင်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသို့ ပြန်လာပြီးသည့်နောက်တွင် ဤနေရာသို့ ရောက်ရှိလာလေ၏။ သို့သော် သူမက ဧကရီဝူ၏ အရှိန်အဝါကို ခံစားမိ၍ မဝင်ရဲသေးပေ။
သူမ၏ ရှည်ကြာလှသည့် အုပ်စိုးမှုတစ်လျှောက် ဝူယွီက တချို့ကိုသာ စိုးရိမ်ခဲ့ပြီး သူ အမှန်တကယ်ကြောက်လန့်ရသည့် လူတချို့သာ ရှိလေသည်။ ဧကရီဝူက နောက်ကဏ္ဍတွင် ပါဝင်၏။
အခု ငါ ဘာလုပ်ရမှာလဲ…
ဝူယွီက ထိုအမျိုးသမီးသာ ငတုံးနဂါးကို သတ်လိုပါက သူမအနေဖြင့် တတ်နိုင်သည့်အရာ မရှိကြောင်း သိထားလေ၏။ အကယ်၍ သူမသာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့ပါက သူမ ပုံရိပ်ယောင်၏ ကံကြမ္မာသည်လည်း တူညီစွာ အဆုံးသတ်သွားလိမ့်မည်။ ဆက်တိုက်ဆိုသလို သူမသာ ဤတာဝန်ကို ကျရှုံးပါက တခြားသူများသည် ဤအခွင့်အရေးအားယူကာ သူမအား တိုက်ခိုက်လာနိုင်ခြေရှိကြောင်း သိထားလေသည်။ တချို့က သူတို့သည် နဂါးကို ဆုံးရှုံးလိုက်ရ၍ နားလည်မှုပေးနိုင်သော်လည်း ထိုခွေးကောင် ထာဝရဇာမဏီကမူ ဤအရာမျိုးကို ဂရုစိုက်မည် မဟုတ်ပေ။
ဝူယွီဇာမဏီက မဆုတ်သာမတိုးသာ အခြေအနေသို့ ကျရောက်နေလေ၏။ သို့သော်လည်း တစ်စုံတစ်ယောက်က သူမ၏ အတွေးယာဉ်ကြောကို ဖြတ်တောက်ပြီး ဆုံးဖြတ်ချက်ချအောင် ကူညီပေးခဲ့သည်။
သူမက သူမဆီ ချဉ်းကပ်လာသည့် သတ်ဖြတ်ငွေ့ကို ကြည့်လိုက်၏။
“ဟမ် စံပြရုပ်သေးရုပ်လား” သူ့ပထမဦးဆုံးအတွေးက ထိုရှင်းလင်းရေးအတွင်းမှ လွတ်မြောက်သွားသည့် ထိုတုံးအအ လူထဲမှ တစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သူမ၏ အုပ်စိုးမှုအတွင်း ကျင့်ကြံဆင့်နိမ့်ကျသော်လည်း မတော်တဆ စံပြအဆင့် အသုံးအဆောင်၊ အစီအရင်၊ ရုပ်သေးရုပ် အစရှိသည့်အရာများကို ရရှိထားသူများဆီမှ လုပ်ကြံသတ်ဖြတ်မှုအမျိုးမျိုးကို တွေ့ကြုံခံစားခဲ့ရသည်။ သို့သော်လည်း ရလဒ်ကမူ အတူတူသာဖြစ်၏။ နောက်ဆုံးတွင် သူတို့ကသာ ပျက်စီးသွားခဲ့ရသည်။
“မဟုတ်သေးဘူး။ ဒါက ရုပ်သေးရုပ်တင် မကဘူး။ ဝမ်ဝေ့ မင်းပဲ”
“ခင်ဗျားက အတော်လေးကို အရိပ်အကဲမြန်တာပဲ”
“မင်းရဲ့ မျက်နှာ၊ အရှိန်အဝါနဲ့ အားလုံးကို ဖုံးကွယ်ထားနိုင်တယ်ဆိုပေမဲ့ မင်းရဲ့ အဲဒီရွံရှာဖို့ကောင်းတဲ့ ကံကြမ္မာကို မဖုံးကွယ်နိုင်ဘူး” ဝူယွီက လှောင်ပြောင်ကာ ပြောလိုက်သည်။
“မှတ်ထားလိုက်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက သူ့ကံကြမ္မာသည် ကပ်ပါးများနှင့် သဟဇာတဖြစ်နေသည့်အတွက် ဖုံးကွယ်ဖို့ သာလွန်သည့် နည်းလမ်းတစ်ခု လိုအပ်ကြောင်း သဘောပေါက်လိုက်၏။ နောင်အနာဂတ်တွင် သူက သူတို့ထဲမှ တစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပါက ထိုသတင်းသည် အရေးပါလာလိမ့်မည်။
ဝူယွီက ဝမ်ဝေ့ကို စိုက်ကြည့်ပြီး သူမ၏ မျက်ဝန်းများက အမုန်းတရားကို ဖုံးကွယ်ထားခြင်းမရှိပေ။
“ပုံမှန်ဆိုရင်တော့ မိန်းမလှလေးက ကျုပ်ကို ကြည့်နေတာ စိတ်ထဲမထားဘူး။ ဒါပေမဲ့ ခင်ဗျားက ရုပ်ဆိုးလွန်းတယ်။ စိုက်ကြည့်မနေနဲ့။ ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီလိုမျိုးစကားနဲ့ ငါ့ကို ရန်စချင်နေတာလား။ မင်းဆီက ထပ်ပြီးတော့ မျှော်လင့်ထားခဲ့တာ” ဝူယွီက ပြန်ဖြေလိုက်သည်။ သူမက လှပမှန်းသိထားသည့်အတွက် ထိုသို့သောစကားမျိုးက သူမအတွက် အဓိပ္ပာယ်မရှိပေ။
“ကျုပ်ပြောတာတကယ်ပဲ။ ခင်ဗျားရဲ့ မျက်နှာက ကမ္ဘာပေါ်မှာ အလှဆုံးထဲမှာ ပါရင်ပါမှာပေါ့။ ဒါပေမဲ့ ခင်ဗျားရဲ့ သဘောထားနဲ့ အတွေးက ရွံရှာဖို့ကောင်းလောက်အောင် ပုတ်သိုးနေတာလေ။ ပြီးတော့ ဒါက ခင်ဗျားရဲ့ နဂိုမျက်နှာ မဟုတ်ဘူးဆိုတာတောင် အသက်နဲ့တောင် လောင်းရဲတယ်။ ခင်ဗျားရဲ့ မျက်နှာသွင်ပြင်တချို့က ဧကရီဝူနဲ့ ကျုပ်ဘိုးဘေးဓားဧကရီတို့နဲ့ အတော်လေးကို ဆင်တူနေတယ်လေ။ တခြားသူတွေကတော့ အာရုံမခံမိလောက်ပေမဲ့ ကျုပ်က အာရုံခံမိတယ်”
“မင်း” သူမ၏ ဒေါသက ချက်ချင်းဆိုသလို အပူချိန်ကို မြင့်တက်လာပြီး ပတ်ဝန်းကျင်လေဟာနယ်ကိုပင် လောင်ကျွမ်းသွားစေသည်။
“တော်သင့်ပြီ” ဝူယွီက အချိန်မြစ်ကြောင်းကို အတွေးတစ်ချက်ဖြင့် ဆင့်ခေါ်ပြီး ဝင်ရောက်လိုက်၏။ သူမက မြစ်ကြောင်းကို ညွှန်ပြကာ လက်ဝါးအရွယ်အစားရှိသည့် ငါးငယ်လေးက မျက်နှာပြင်အထက် ကူးခတ်လာလေသည်။ သူမ၏လက်ချောင်းက အနီရောင်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ငါးလေးအား မြစ်ကြောင်းနှင့် တခြားမှ ခွဲထုတ်လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို သူမက စကြဝဠာတစ်ခုအရွယ်အစားရှိသည့် ဧရာမငါးကြီးအသွင် ပြောင်းလဲသွားပြီး ရေစီးကြောင်းကို ဆန့်ကျင်ကာ ကူးခတ်သွားလေသည်။ ဝူယွီက မြစ်ကြောင်းဆီမှ အရေးပါသည့် ထောက်ပံ့မှုမျိုးကို ရရှိထားသော်လည်း လက်ရှိအချိန်မြစ်ကြောင်းနှင့် ဆန့်ကျင်ဖို့ သူမဘာသာသူမ တွန်းအားပေးထားရသည်။
သူမက သူမ ကူးခတ်လာသည့် အချိန်ပမာဏကို သတိမထားမိဖို့ အကောင်းဆုံး ကြိုးစားခဲ့လေ၏။ ကံကောင်းစွာဖြင့် ထိုကောင်စုတ်ဝမ်ဝေ့က ငယ်ရွယ်လွန်းသည့်အတွက် သူမက သူ တာအိုသက်သေမပြခင် အချိန်ရောက်ဖို့ ကြာကြာ မကူးခတ်လိုက်ရပေ။ သူမ၏ ဦးတည်ရာသို့ ရောက်ရှိပြီးသည့်နောက်တွင် သူမက မြစ်ကြောင်းမှ ထွက်ခွာပြီး လူသားအသွင် ပြောင်းလဲလိုက်သည်။
သူ ဒိုင်မေးရှင်းအနိမ့်မှာပဲ ရှိသင့်တာဆိုတော့ ငါ သတိထားပြီး ပုံရိပ်ယောင်တစ်ခု စေလွှတ်သင့်တယ်…
ဝူယွီက တွေးပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူမက ကိုယ်ပျောက်အခြေအနေတွင်ရှိနေသည့်အတွက် မည်သူကမှ သူမ၏ တည်ရှိမှုကို မခံစားမိပေ။ သူမက အချိန်နှင့် ရှုပ်ထွေးသည့်အတွက် အကျိုးဆက်ကို သိထားလေ၏။ ထို့ကြောင့် သူမက လိပ်ပြာတောင်ပံသက်ရောက်မှုကို မဖန်တီးဖို့ရာ အကောင်းဆုံး ကြိုးစားထားရသည်။
သူမက ထိုကောင်စုတ်၏ အချိန်အမှတ်အသားကို သီးသန့်ပိုင်းခြားလိုက်၏။ ဆိုလိုသည်မှာ သူမက အကျိုးဆက်မရှိဘဲ သူ့ကို သတ်နိုင်လိမ့်မည်။
ခဏ တစ်ခုခုတော့မှားနေပြီ…
သူမက သုံးသပ်လိုက်သည်။ သူမ၏ မျက်ဝန်းက ကောင်းကင်အလိုဆန္ဒတစ်ခုရှိနေသည့် လှိုဏ်ဂူအတွင်း အသက်ကြီးကြီးအမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူက တာအိုသက်သေပြမည့် အချိန်အခိုက်အတန့်တွင် ဖြစ်၏။
အချိန်အမှတ်အသားက ဝမ်ဝေ့ဟာ မဟုတ်သေးဘူး။ တခြားတစ်ယောက်ဟာပဲ။ သူက အချိန်အမှတ်အသားကို တခြားသူတွေနဲ့ ပုန်းအောင်းဖို့နည်းစနစ်ကို ဖန်တီးပြီးသွားပြီပေါ့…
ဝူယွီက ဒေါသထွက်သွားလေ၏။ သူမက ထိုခွေးကောင်ကို ခေါ်ထုတ်ပြီး ကမ္ဘာအပေါ် လွှမ်းမိုးမှုအား ကြာရှည်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့မိသော်လည်း သူမက ကစားခံရလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။
“ကျစ်” သူမက ရေရွတ်ပြီးသည့်နောက်တွင် လက်နှစ်ဖက်ကို ရိုက်ပြီး ထိုအသက်ကြီးကြီးအမျိုးသားကို ယခုမှစ၍ အဆုံးသတ်လိုက်သည်။ ယခုမှစ၍ ဆံဖြူလက်သည်းငါးခုဧကရာဇ်က ကမ္ဘာတွင် မတည်ရှိတော့ပေ။ သူက အချိန်မြစ်ကြောင်းမှ ပယ်ဖျက်ခံလိုက်ရ၏။ ဝူယွီက အချိန်မြစ်ကြောင်းဆီ ပြန်လည်ဝင်ရောက်သွားပြီး ဤတစ်ကြိမ် သူမက ငါးအသွင် မဟုတ်ဘဲ ဇာမဏီအသွင် ပြောင်းလဲလိုက်သည်။
သူမက တစ်ကိုယ်လုံးဖြူစွတ်နေပြီး သူမ၏ ငှက်အမြီးတွင် အရောင်ငါးခုကွဲထွက်နေသည့် ငှက်အမြီးငါးခု ရှိနေသည်။ သူမက အချိန်မြစ်ကြောင်းဆီ ပျံသန်းသွားပြီး သင့်တော်သည့် နေရာတစ်ခု၌ ရပ်တန့်လိုက်၏။
“ဒါက ဒီလိုကိုး” ဝမ်ဝေ့က သူမ၏ အပြုအမူကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“အဲဒီမှာ ခွန်လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်ငါးတစ်ကောင် ရှိတာပဲ။ ရေရှိမှတော့ ငါး ရှိမှာပဲ။ အဲဒါဆိုတော့ မိုးမြေရဲ့ အတားအဆီးတွေကို ချိုးဖောက်ပြီး ပင်လယ်ကနေ ခုန်ထွက်ပြီး ငှက်အသွင် ပြောင်းလဲသွားခဲ့တာ…
ဧကရာဇ်တွေက သေခြင်းရှင်ခြင်းအနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်ပြီးတော့ မသေနိုင်စွမ်းကို ရယူနိုင်ကြတယ်။ ကောင်းကင်ဘုံအရှင်တွေက သံသရာအနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်ကြတယ်။ သူတို့ရဲ့ အစစ်အမှန်ကိုယ်နဲ့ သူတို့က အဆုံးမဲ့ ပြန်လည်တွေ့ဆုံခြင်းကို ခံစားပြီးတော့ သူတို့ရဲ့ ဇစ်မြစ်ကို မဆုံးရှုံးနိုင်တော့ဘူး။
အဲဒီနောက်မှာတော့ စံပြတွေက အချိန်အနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်ကြတယ်။ အချိန်က သူတို့အတွက် တစ်သတ်မှတ်တည်း မဟုတ်တော့ဘူး။ တစ်သတ်မှတ်တည်းကြောင့်သာမဟုတ်ရင် သူတို့က အချိန်ကို စိတ်တိုင်းကျ ကစားနိုင်မှာပဲ”
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ဉာဏ်အလင်းပွင့်မှု ရလာမိသည်။
မဟုတ်သေးပါဘူး။ စံပြတွေက အချိန်အနှောင်အဖွဲ့ကနေ လွတ်မြောက်သွားမှာ မဟုတ်ဘူး။ သူတို့က အချိန်အတားအဆီးအများစုကို ဖယ်ရှားလိုက်တာပဲ။ သူတို့သာ အပြီးတိုင်ဖယ်ရှားနိုင်မယ်ဆိုရင် သူတို့က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရောက်သွားလိမ့်မယ်။ သူတို့က အချိန်မြစ်ကြောင်းရဲ့ အထက်မှာ ရောက်ရှိသွားမှာပေါ့…
ထိုဉာဏ်အလင်းပွင့်မှုဖြင့် ဝမ်ဝေ့၏ အချိန်တာအိုအပေါ် နားလည်နိုင်စွမ်းက တိုးမြင့်လာပြီး ကံကြမ္မာအပေါ် နားလည်နိုင်စွမ်းကလည်း တိုးမြင့်သွားခဲ့သည်။ ထို့ကြောင့် သူ့ကျင့်ကြံဆင့်က ၇၈ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာလေ၏။
ဒါက အချိန်ကောင်းပဲ…
အချိန်ပုံတူပွားခြင်း
ထင်ထားတဲ့အတိုင်းပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူ့စံပြရုပ်သေးရုပ်ကို ပုံတူပွားပြီး တခြားကိုယ်ကို အပ်နှံထားလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုပုံတူကို လှုပ်ရှားဖို့ ချက်ချင်း တာဝန်မပေးသေးပေ။ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့အတွက် လေဟာနယ်ထဲတွင် ပုန်းအောင်းခိုင်းလိုက်သည်။
သူမဆီမှာ အကူအညီတောင်းစရာမလိုလို့ တော်သေးတယ်။ မဟုတ်ရင် ငါတို့ရဲ့ ပထမဦးဆုံး တွေ့ဆုံမှုအတွက် အတော်လေးကို နေရခက်နေလိမ့်မယ်…
သူ့နည်းလမ်းသာ အလုပ်မဖြစ်ပါက သူသည် ရှုကျင်းယောင်အား သူမ၏ ကူးယူရေးတာအိုဖြင့် ကူညီဖို့ တောင်းဆိုရလိမ့်မည်။
အခု အားလုံးပြင်ဆင်ပြီးသွားပြီ…
ဝမ်ဝေ့က ဝူယွီဇာမဏီကို လျှော့တွက်ထားခြင်း မရှိပေ။ အကြောင်းအရင်းကမူ သွေးနဂါး၏ လှုပ်ရှားပုံကြောင့် ဖြစ်၏။ သွေးနဂါး၏ တိုက်ပွဲတစ်ခု ဆိုးရွားသည့်အကြောင်းအရင်းကမူ သူ့ခံစားချက်ပြင်းထန်လွန်းနေ၍ ဖြစ်သည်။
သွေးနဂါးက ရှုကျင်းယောင်အား သူ့ဘဝ၏ ချစ်ခင်သူအဖြစ် မြင်မှတ်ထားခဲ့ပြီး သူမက သူ့ကို ကစားကာ စိတ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးပစ်ခဲ့သည်။ ထို့အပြင် တိုက်ပွဲအတွေ့အကြုံ နည်းပါးသည့်အချက်ကိုပါ ထည့်တွက်လိုက်ပါက တိုက်ပွဲတစ်ခုလုံးသည် သူ့စိတ်အခြေအနေဆိုးရွားမှုကြောင့် ပြက်လုံးတစ်ခု ဖြစ်လာလေ၏။ သို့သော်လည်း ဝူယွီဇာမဏီသည် သွေးနဂါး မဟုတ်ပေ။ သူတို့၏ တိုက်ခိုက်သည့်အတွေ့အကြုံက တူညီသော်လည်း သူမ၏ စိတ်အခြေအနေက အကောင်းအတိုင်းရှိနေဆဲ ဖြစ်၏။ ထို့အပြင် သူမက ပိုမိုရက်စက်လှသည်။ အကြောင်းအရင်းကမူ သူမသည် ပထမဦးဆုံးတွေ့တွေ့ချင်း သူ့အချိန်အမှတ်အသားကို ရှာတွေ့ဖို့ ကြိုးစားခဲ့၍ ဖြစ်၏။
“ကောင်စုတ်” ဝူယွီက ပြန်ရောက်ရောက်ချင်း အော်ပြောလိုက်သည်။
“ဘာတွေ စိတ်လှုပ်ရှားနေတာတုန်း။ ခင်ဗျား အလျင်စလိုပြုမူတာ ကျုပ်အမှားမှ မဟုတ်တာ။” ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်၏။
“အိုး ဒါပေမဲ့ သတိထားဦးနော်”
ဝူယွီက တစ်စုံတစ်ခုကို သတိထားမိ၍ လက်ကို မြှောက်လိုက်သည်။ ဝမ်ဝေ့၏ ကံကြမ္မာနန်းဆောင် ၁၁ခုက အစီအရင်တစ်ခုအသွင် သူမ၏ ခေါင်းအထက်ပေါ်ထွက်လာကာ ကြောက်မက်ဖွယ်ခဲဖြူရောင် အလင်းတန်းကို ထုတ်လွှတ်လာလေ၏။ ဝူယွီက ပါးစပ်ဟကာ အလင်းတန်းကို ပစ်ခတ်ပြီး တိုက်ကွက်ကို တားဆီးလိုက်သည်။
သို့သော်လည်း ဝမ်ဝေ့က ထိုအခွင့်အရေးကို လက်လွှတ်မခံပေ။ သူက သူမဘေးနားရောက်ရှိလာကာ မျက်နှာကို ရိုက်ခတ်လိုက်ပြီး မာနကြီးသည့် ဇာမဏီအား အလင်းနှစ်ရာချီ လွင့်စင်သွားစေသည်။
ဒီလောက်ဆိုရင်တော့ လုံလောက်ပါပြီ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူတို့၏ တိုက်ပွဲအား ကောင်းကင်အလှတရားနန်းဆောင်နှင့် သူ ချမှတ်ထားသည့် စည်းတံဆိပ်အပေါ် သက်ရောက်မှု ဖြစ်စေပြီး ထိုသူများက သွေးနဂါးအကြောင်း သတင်းစကား ပို့ဆောင်မည်ကို မဖြစ်စေလိုပေ။