ကပ်ပါးများနှင့် ပထမဦးဆုံးတိုက်ပွဲ
Vol. 92 Ch. 1278
ဝူယွီ၏ မျက်နှာအထက် မီးတောက်တစ်ခု ပေါ်ထွက်လာကာ သူမ၏ ပုံပျက်သွားသော ဦးခေါင်းခွံက ပုံမှန်ပြန်ဖြစ်သွားလေသည်။ သူမ၏ အရေပြားကလည်း လရောင်အောက်ရှိ ရေမျက်နှာပြင်မှ ရောင်ပြန်ဟပ်နေမှုအလား ချောမွေ့နေလေ၏။ သူမက သူ့ကို မျက်လုံးနီဖြင့် ကြည့်ကာ သတ်ဖြတ်ငွေ့တို့က လေဟာနယ်ကို ပြိုကွဲသွားစေသည်။ သို့သော် ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွားပြီး လေဟာနယ် အက်ကြောင်းများက ဝူယွီ၏ ဘေးနားတွင် ဆက်တိုက်ပေါ်ထွက်လာလေသည်။
“နင့်လို နိမ့်ကျတဲ့အရာမျိုးက ငါ့ကို ဒဏ်ရာပေးရဲတယ်လား”
“နိမ့်ကျတယ်တဲ့လား”
ဝမ်ဝေ့က သူမကို ကြည့်ပြီးသည့်နောက်တွင် အတားအဆီးမရှိ ရယ်မောလိုက်သည်။ သူက ကောင်းကင်နှင့် အသင်္ချေကမ္ဘာကြားတွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုး ဖြစ်၏။
“မင်းတို့လူတွေက ငါ့ကို နိမ့်ကျတယ်လို့ ခေါ်ရဲတယ်လား။ ငါ့ဆီမှာ မင်းတို့ အိပ်မက်မက်နေရတဲ့ ပါရမီဆိုတာ ရှိတယ်။ ငါ့ရဲ့ ဘိုးဘေးတွေက ဟွင်သွမ်းစကြဝဠာတစ်လျှောက် ဖြန့်ကျက်ထားတဲ့ အခြေခံအုတ်မြစ်ကို ဖန်တီးခဲ့ပြီးသား။ ဒီကမ္ဘာထဲမှာ အဆုံးမဲ့သက်ရှိတွေကြားမှာ မိုးမြေက ငါ့ကို နောက်ခေတ်ကာလစတင်ဖို့ ကံကြမ္မာအဖြစ် ရွေးချယ်ခဲ့တယ်။ ငါ့ကို နိမ့်ကျတယ်လို့ ခေါ်ရဲတယ်လား”
ဝမ်ဝေ့က သူမအား လှောင်ပြောင်မှုဖြင့် ကြည့်လိုက်သည်။
“ငါနဲ့ ရင်ဆိုင်နိုင်တာ ဘာရှိလို့လဲ။ မင်းရဲ့ ကျင့်ကြံဆင့်လား။ ငါက မင်းကို ကျော်သွားပြီး ပုရွက်ဆိတ်လိုမျိုး ဆက်ဆံနိုင်ဖို့ အချိန်တစ်ခုပဲ ကြာလိမ့်မယ်။ မင်းက လမင်းခုနစ်စင်းနဲ့ ကမ္ဘာရဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်နေလို့လား။ ဒါပေမဲ့ မင်းက နေမင်းနှစ်စင်း မဟုတ်သေးဘူး … နေမင်းနှစ်စင်းရဲ့ အစောင့်ခွေးသာသာပဲဆိုတာကို မင်းရော ငါရော သိကြတာပဲ။ အဲဒါဆိုတော့ မင်းရဲ့ မောက်မာမှုက ဘယ်နေရာကများ ရောက်လာတာလဲ”
ဝူယွီက လက်ကို ဆုပ်ထားလိုက်သည်။ သူမက မာနထိခိုက်သလို ခံစားနေရ၏။ ဝမ်းနည်းဖို့ အကောင်းဆုံးအရာက ထိုသူသည် အမှန်အတိုင်း ပြောနေသည့်အတွက် သူမ၏ မာနကို ပိုမိုထိခိုက်စေသည်။ သူမ၏ သတ်ဖြတ်ငွေ့တို့က ရုတ်ချည်းဆိုသလို တိုးပွားလာလေ၏။
“မင်း ပြောချင်တာပြော မင်းက အားနည်းတဲ့ ကောင်းကင်ဘုံအရှင် တစ်ယောက်ဆိုတာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ မင်းကို သတ်ပြီးရင်တောင်မှ မင်းဘေးနားမှာရှိနေတဲ့ ဂုဏ်ကျက်သရေကြီးမားတဲ့ ရောင်ဝါကလည်း ဘာမှအဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး”
“ခင်ဗျားဆီမှာ အဲ့လိုစွမ်းအားရှိလား ကြည့်ကြတာပေါ့” ဝမ်ဝေ့က ပြုံးလိုက်သည်။ သူက တုတ်ကို စက်ဝိုင်းသဏ္ဌာန်ရွေ့လျားပြီး တိုက်ခိုက်ဖို့ ပြင်လိုက်၏။ လီကျွင်းက လက်နက်ဆရာသခင် တစ်ယောက်ဖြစ်သည့်အတွက် ဝမ်ဝေ့က သူနှင့် အိပ်မက်နည်းစနစ်ကို အသုံးပြု၍ အကြိမ်များစွာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သူက လက်နက်အားလုံးကို ကိုင်ဆောင်ဖို့ သယ်ယူထားလေ၏။ ထို့အပြင် သူက ဒိုင်မေးရှင်းအနိမ့်အတွင်း ကျင့်ကြံရေးနည်းစနစ်အားလုံးကို ဖတ်ရှုခဲ့သည့်အတွက် တုတ်တာအိုကျင့်စဉ်များလည်း ပါဝင်နေသည်။
ဝူယွီက ဆက်လက် ဆော့မနေတော့ပေ။ သူမက ဝမ်ဝေ့အား ဒေါသထွက်နေပြီဖြစ်သည့်အတွက် သူ့စကားများက သူမအား အဆုံးစွန်အထိ တွန်းပို့လိုက်သလို ဖြစ်သွားလေသည်။ သူမ တွေးနိုင်သည့်အရာက သူ့ကို တတ်နိုင်သမျှ မြန်မြန်သတ်ပစ်ဖို့ရာသာ ဖြစ်၏။ သူမက လက်ကိုမြှောက်ကာ အချိန်မြစ်ကြောင်းကို ဆင့်ခေါ်ပြီး အချိန်မုန်တိုင်းကို ဆင့်ခေါ်ဖို့ စွမ်းအားကို ထိန်းချုပ်လိုက်သည်။
အချိန်မုန်တိုင်း ဖြတ်သန်းသွားသည့်အချိန်တိုင်း ကာလံဒေသံက ဖရိုဖရဲ ဖြစ်လာလေသည်။ မြက်ပင်များက ချက်ချင်းဆိုသလို နှစ်သန်းချီ ကြီးရင့်သွားပြီး တချို့ကမူ ခြောက်သွေ့ကာ သေဆုံးသွားလေသည်။ တချို့ကမူ အချိန်ကာလနှင့်အမျှ ဆင့်ကဲပြောင်းလဲလာလေ၏။ မြစ်နှင့် တောင်တန်းများကလည်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ အချိန်မြစ်ကြောင်းက မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲပစ်ခဲ့၏။ တချို့သော နေရာများက အချိန်သည် သူတို့မတည်ရှိဖူးသည့် အချိန်နေရာတစ်ခုသို့ ရောက်ရှိဖူးသည့်အခါ ပျောက်ကွယ်သွားကြသည်။ တချို့ကမူ ဆန့်ကျင်ဖက်သက်ရောက်မှုကြောင့် ပေါ်ထွက်လာကြ၏။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုတိုက်ကွက်သာ ထိမှန်ပါက ဘာဖြစ်သွားနိုင်ကြောင်း ချက်ချင်းဆိုသလို ကောက်ချက်ချလိုက်သည်။ သူက အသက်ကြီးရင့်သွားပြီး လူအိုကြီးတစ်ယောက်လိုမျိုး ဖြစ်သွားနိုင်သလို လူငယ်ဘဝအသွင်ပြောင်းလဲသွားပြီး သူ့စွမ်းအားကို လျော့ကျသွားနိုင်သည်။ သို့မဟုတ် ဆက်တိုက်ဆိုသလို ပြောင်းလဲနေခြင်းကြောင့် သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားနိုင်သည်။
သူက အနာဂတ်ဗုဒ္ဓကိုယ် ၃၃ခုကို ဆင့်ခေါ်ပြီး ထိုအချိန်မုန်တိုင်းကို ဖိနှိပ်ထားနိုင်သည့် အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဝူယွီက ထိုအခွင့်အရေးကို လက်မခံဘဲ သူမ၏ အားအကောင်းဆုံးနည်းစနစ် တစ်ခုကို ထုတ်သုံးလာခဲ့သည်။
ပင်ကိုဓာတ်ငါးပါး - အလင်းရောင်
သူမက မီး သို့မဟုတ် ရေခဲအစား ဓာတ်ငါးပါးစွမ်းအားဖြင့် မွေးဖွားလာသည့် ရှားပါးသော ဇာမဏီဖွား ဖြစ်လေသည်။ ပင်ကိုဓာတ်ငါးပါးအလင်းရောင်က သူမ မွေးဖွားလာကတည်းက တည်ရှိလာသည့် အံ့ဖွယ်စွမ်းရည်တစ်ခုဖြစ်ပြီး နှစ်ကြာလာသည်နှင့်အမျှ သူမက ကြောက်မက်ဖို့ကောင်းသည့် အနေအထားတစ်ခုအထိ မြှင့်တင်ထားခဲ့သည်။
ဝမ်ဝေ့က သတိကြီးကြီးထားလိုက်၏။ သူက တူညီသည့် နည်းစနစ်တစ်ခုကို တွေ့ကြုံဖူးသော်လည်း မည်သည့်အရာမှ ထိုအရာလောက် မသေစေနိုင်ပေ။ ဓာတ်ငါးပါးက ပြီးပြည့်စုံစွာ လည်ပတ်နေပြီး သူတွေ့ကြုံဖူးသည့်အရာများနှင့်မတူဘဲ အဖျက်စွမ်းအားတစ်ခုကို ဖန်တီးလာလေ၏။
ဒါက ဓာတ်ငါးပါးတာအိုမဟုတ်တော့ဘူး။ ဖျက်ဆီးရေးတာအိုဖြစ်နေပြီ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ အလင်းတန်းက လမ်းကြောင်းတွင် ရှိသမျှအရာများကို ဖျက်ဆီးပစ်လေသည်။ ဒြပ်ထု၊ အလင်း၊ ကာလံ၊ အချိန်၊ စွမ်းအင်နှင့် အယူအဆသဘောတရားများပင် အပါအဝင် ဖြစ်၏။
ထို့အပြင် ထိုအရာက လျင်မြန်စွာ ရွေ့လျားနေသည့်အတွက် ဝမ်ဝေ့က တုံ့ပြန်နိုင်ရုံမျှသာ ဖြစ်လေသည်။ ထိုအလင်းတန်းက သူ့ကို ပစ်မှတ်ထားသည့်အတွက် သူ လွတ်မြောက်ရာလမ်းကြောင်း အားလုံးနီးပါးကို ဖယ်ရှားထားလေသည်။
သူမကို လျှော့မတွက်မိတာ မှန်နေတာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ ဝူဟုန်က တစ်ခါတုန်းက ထိုသူများသည် မည်မျှပင် ဆိုးရွားစေကာမူ စံပြများဖြစ်ကြောင်း ပြောခဲ့ဖူးခဲ့သည်။ ထိုအချက်တစ်ခုတည်းဖြင့် သူတို့က အစစ်အမှန်ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလေ၏။ သာမန်သူများက စံပြ ဖြစ်မလာနိုင်ကြပေ။
ဝမ်ဝေ့က ကပ်ပါးများကို ရွံရှာပြီး ဝူဟုန်နှင့် ယန်အိုက်ကဲ့သို့ သူများကလည်း ကပ်ပါးများကို စက်ဆုပ်ကြသည်မှာ သူတို့၏ စံနှုန်းက မြင့်မားလွန်းနေပြီး သူတို့က မူမမှန်မှုများ ဖြစ်နေ၍ ဖြစ်သည်။
ဝမ်ဝေ့က သူ့တုတ်ကို ကိုင်ရင်း အလင်းတန်းကို တားဆီးလိုက်သည်။ ဝူယွီက နှာခေါင်းရှုံ့ပြီး ထိုကောင်စုတ်လေးက ငယ်ရွယ်ကာ မောက်မာပြီး စံပြနှင့် ကောင်းကင်ဘုံအရှင်ကြားက ကွာဟချက်ကို မဖမ်းဆုပ်မိသေးကြောင်း တွေးလိုက်မိသည်။ နှမြောဖို့ကောင်းလှစွာဖြင့် သူမကသာ တစ်ဖက်သူကို လျှော့တွက်မိသည့်သူ ဖြစ်နေလေ၏။
ဝမ်ဝေ့၏ တိုက်ကွက်က အလင်းတန်းအား သူမဆီ ပြန်လည် ကန်ထွက်လာစေသည့်အတွက် တုန်လှုပ်သွားစေသည်။ ထိုအရာက မဖြစ်သင့်ပေ။ သဘောတရားအရ သူမ၏ အတွေးက မှန်ကန်နေလေ၏။ သူမ၏ တိုက်ကွက် ပြန်လည်ကန်ထွက်လာမည့် ဖြစ်နိုင်ချေက နည်းပါးလွန်းလှသည်။ နည်းပါးလွန်းသည့်အတွက် မဖြစ်နိုင်ဘူးဟုပင် ယူဆ၍ရနိုင်၏။
နှမြောဖို့ကောင်းလှစွာဖြင့် တစ်စုံတစ်ယောက်က ကံကောင်းမှုတာအိုကို ဝမ်ဝေ့လို အနေအထားထိ ထိန်းချုပ်နိုင်သည့်အခါ သူက ထိုမဖြစ်နိုင်မှုများအား လက်တွေ့သဖွယ် ဖြစ်လာအောင် လုပ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများကို ဖန်တီးလာလေသည်။
ဝူယွီက တုန်လှုပ်နေရာမှ ပြန်လည်နိုးထလာသည်။ သူမက လက်ကိုဝှေ့ကာ အလင်းတန်းကို ပျောက်ကွယ်စေလိုက်သည်။ သူမက ထိုနည်းစနစ်ကို ဖန်တီးဖို့ ယွမ်ခေတ်ကာလများစွာ အချိန်ကုန်ဆုံးခဲ့ရသည့်အတွက် ထိုအရာက သူမအား မည်သို့ထိခိုက်အောင် လုပ်နိုင်မည်နည်း။
သို့သော်လည်း ဝမ်ဝေ့၏ ရည်ရွယ်ချက်က သူမကို ထိခိုက်အောင် လုပ်နိုင်ဖို့ မဟုတ်ပေ။ တစ်ဖက်သူ၏ တာအို သို့မဟုတ် နည်းစနစ်ကို အသုံးပြု၍ သူတို့ကို အနိုင်ယူခြင်းက တစ်ဖက်သူ၏ စိတ်ကို ရှုပ်ထွေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း သူက စံပြတစ်ယောက်ကို ထိုသို့လုပ်နိုင်လောက်အောင် မောက်မာမနေပေ။ သူ့ အဓိကရည်ရွယ်ချက်က တိုက်ပွဲ၏ စည်းချက်ကို ပြောင်းလဲဖို့ရာသာ ဖြစ်၏။ ယခုမှ စတင်ကာစဖြစ်သော်လည်း ဝူယွီက လွှမ်းမိုးမှုကြီးကာ ရက်စက်နေပြီး တိုက်ကွက်တစ်ခုတည်းဖြင့် သူမက သူ့အား ခုခံရေးအနေအထားသို့ တွန်းပို့ခဲ့သည်။ သူက ဤသို့ဆက်ဖြစ်နေခွင့် မပေးနိုင်ပေ။
သူ့တုတ်ချောင်းက ရုတ်ချည်းဆိုသလို ဝူယွီ၏ ခေါင်းအထက် ရှည်လျားလာပြီး ရိုက်ချလိုက်သည်။
လှပသည့် ဇာမဏီ၏ မျက်နှာထားက ပြောင်းလဲသွားလေ၏။ ထိုတိုက်ကွက်က ရိုးရိုးရှင်းရှင်း လက်နက်ရိုက်ချမှုတစ်ခုပင် မဟုတ်ပေ။ ပြောရလျှင် ထိုအရာက ဝမ်ဝေ့ဖန်တီးထားသည့် နည်းစနစ်တစ်ခု ပါဝင်နေလေ၏။
သူက အထိအခိုက်ပြင်း ရိုက်နှက်ချက်လမ်းစဉ်ဟု ခေါ်ဆိုသည့် တုတ်ချောင်းတာအိုဧကရာဇ် ကျမ်းတစ်ခုကို ဖတ်ရှုခဲ့ဖူးသည်။ ထိုကျမ်း၏ နောက်ကွယ်က အတွေးအခေါ်ကမူ မိုးမြေကြားတွင် လျှို့ဝှက်ဆန်းကြယ် လမ်းကြောင်းများစွာ တည်ရှိနေခြင်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ လက်နက်များဖြင့် ထိုလမ်းစဉ်အတိုင်းလိုက်ပါက သူတို့သည် အထိအခိုက်ပြင်းရိုက်ချက်ကို ဖန်တီးနိုင်လိမ့်မည်။ ထိခိုက်ပြင်းရိုက်ချက်များက တိုက်ကွက်၏ စွမ်းအားကို တိုးမြှင့်ပေးလေသည်။ သို့သော်လည်း ထိခိုက်ပြင်းရိုက်ချက်က မြင့်မားလေလေ လိုက်နာဖို့လိုအပ်သည့် လမ်းကြောင်းက ပိုမိုများလေလေ ဖြစ်၏။
ထိုကျင့်စဉ်၏ ဖန်တီးသူကပင် ရှုပ်ထွေးလှသည့် လမ်းကြောင်းများကြောင့် အကြိမ်နှစ်ဆယ်ကျော်မျှသာ ရောက်ရှိခဲ့သည်။ ထိုကျင့်စဉ်က အလားအလာရှိသည့်အတွက် ဝမ်ဝေ့က တိုးတက်အောင်လုပ်ဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း သူက ၃၃ ကြိမ်ရောက်ရှိပြီးသည့်နောက်တွင် လက်လျှော့လိုက်လေ၏။ ထိုအရာက သူ့အားကောင်းလွန်းသည့် စိတ်အတွက်ပင် များပြားလွန်းနေသည်။
ထို့အပြင် ကျင့်ကြံဆင့် မြင့်မားလာလေလေ သူတို့က ပိုမိုရှုပ်ထွေးလာလေလေ ဖြစ်လေ၏။ ဧကရာဇ်အဆင့်တွင် သူက ၃၃ကြိမ်ထိ ရောက်ရှိခဲ့သော်လည်း ကောင်းကင်ဘုံအဆင့်တွင် ၂၈ကြိမ်အထိ လျော့ကျသွားလေသည်။ သူက ယွမ်ခေတ်ကာလမည်မျှပင် ကြိုးစားစေကာမူ နဂို၃၃ကြိမ် အနေအထားထိ ပြန်လည်မရောက်ရှိနိုင်ပေ။
ဝူယွီက သူ မြေဓာတ်ကို ဆင့်ခေါ်ပြီး ကျောက်တုံးအမျိုးသမီးအသွင် ပြောင်းလဲလိုက်သည်။ တုတ်ချောင်းက သူမ ဦးခေါင်းအထက် ကျရောက်လာသည့်အခါ ထိုအရာက ပြိုကွဲသွားပြီး သူမက မြေကြီးထဲ ရောက်ရှိသွားလေ၏။ သို့သော်လည်း သူမက ပြန်လည်ရပ်နိုင်သည့်အခါ ဒဏ်ရာက အသေးအဖွဲမျှသာ ဖြစ်လေသည်။
ဒီနည်းစနစ်က အလားအလာအများကြီး ရှိတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ထိုရိုက်ချက်က အသုံးမဝင်ဟန်ထင်ရသော်လည်း ဝမ်ဝေ့က ထိုသို့မထင်ပေ။ ဝူယွီအသုံးပြုသွားသည့် မြေဓာတ်တာအိုခုခံကာကွယ်ရေးနည်းစနစ်က သူမ၏ ကယ်တင်ရေးနည်းလမ်းများထဲမှ တစ်ခု ဖြစ်လိမ့်မည်။ သူမက အဆုံးမဲ့တက်လှမ်းခြင်းမြေကမ္ဘာ၏ နည်းလမ်းနှင့် ဆက်သွယ်ပြီး သူမကိုယ်သူမ ကာကွယ်လိုက်ခြင်း ဖြစ်၏။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက မည်မျှကျယ်ပြောသနည်း။ မြေဓာတ်ကရော မည်မျှကြီးမားသနည်း။ သူမကရော ထိုစွမ်းအားကို ဆင့်ခေါ်နိုင်ဖို့အတွက် သူမက ကမ္ဘာ၏ အုပ်ချုပ်သူ အနေအထားအဖြစ် အဆင့်အတန်းနှင့် ကြမ္မာကို အသုံးပြုခဲ့ရလိမ့်မည်။
သို့သော် ထိုတိုက်ကွက်ဖြင့်ပင် သူက သူမ၏ ခုခံမှုကို ချိုးဖောက်နိုင်ဆဲသာ ဖြစ်၏။
ဆိုးကျိုးကလည်း များလွန်းတယ်…
ဝမ်ဝေ့က ညည်းတွားလိုက်၏။ ထိုအရာက သူ့အနေဖြင့် ထိခိုက်ပြင်း ရိုက်ချက်ကို ရရှိဖို့ များစွာ အာရုံစိုက်ပြီး တွက်ချက်မှုများ လိုအပ်လေသည်။ အခု သူ့တိုက်ကွက်က စံပြအဆင့်အနေအထားသို့ ရောက်ရှိနေသည့်အတွက် သူ့ဝိညာဉ်က ဝမ်ဝေ့ပင် တောင့်မခံနိုင်တော့သည့် ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ထားရလေသည်။
ဒီနည်းစနစ်က ရှေးဦး မဟုတ်သေးဘူး။ ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်မှာ အသုံးဝင်လာလိမ့်မယ်လို့ ခံစားချက်ရနေတယ်…
ဝမ်ဝေ့က သေချာမှတ်ထားပြီး တွေးလိုက်သည်။ သူက ထိုနည်းစနစ်ကို တန်ဖိုးထားသော်လည်း ယခုလောက်ထိ မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူက ဤနည်းစနစ်ကို အချိန်ယူကာ လေ့လာဖို့ ဆုံးဖြတ်လိုက်၏။
ဇာမဏီက အတော်လေးကို ပါရမီရှိတယ်။ အထူးသဖြင့် ထိုငတုံးသွေးနဂါးနဲ့ ယှဉ်လိုက်တဲ့အခါမျိုးပေါ့…
သူက တွေးလိုက်သည်။ သူမ ပြခဲ့သည့် နည်းစနစ်အားလုံးက ထူးကဲလွန်းသည့်အတွက် ဝမ်ဝေ့အနေဖြင့် သူမအပေါ် အကဲဖြတ်ချက် အတော်လေး မြင့်တက်သွားစေသည်။