ပြင်းထန်သည့် တိုက်ပွဲ
Vol. 92 Ch. 1279
ဝူယွီက ကြောက်ရွံ့သည့် အမူအရာမျိုး ရှိနေလေ၏။ သူမက ထိုတုတ်ချောင်းကြောင့် သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ သူမက မြေကမ္ဘာခုခံကာကွယ်ရေးနည်းစနစ်ကို ဖန်တီးဖို့ များစွာ အားစိုက်ထုတ်ခဲ့ရပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနှင့် ဆက်သွယ်ပြီး ပေါင်းစည်းဖို့ရာ ယွမ်ခေတ်ကာလများစွာ ကုန်ဆုံးခဲ့ရသည်။ သူမက ထိုကျင့်စဉ်၏ အလားအလာကို မြှင့်တင်ဖို့အတွက် ရှားပါးသည့် မြေဓာတ်အရင်းအမြစ်များစွာကိုလည်း စုပ်ယူခဲ့ရသည်။ သို့သော် ထိုတိုက်ကွက်က ချိုးဖောက်ခဲ့လေ၏။
သူမက ဤအရာသည် သူမ၏ ပင်မခန္ဓာကိုယ် မဟုတ်၍ ထိုနည်းစနစ်က ယခင်ကလောက် အားမကောင်းနိုင်ကြောင်း သိထားလေ၏။ သို့သော် သူမက ထိတ်လန့်နေဆဲသာဖြစ်ပြီး ထိုအရာက မည်သို့အလွယ်တကူ ချိုးဖောက်နိုင်တာလဲဟု စဉ်းစားနေသည်။
ငါ ဒီခွေးကောင်ကို သတ်ပစ်ရမယ်…
ဝူယွီက တွေးလိုက်သည်။ သူမက ကံကြမ္မာဖန်သည့်သူသည် အင်မတန် ပါရမီထူးကဲကြောင်း သိထားသော်လည်း သူမနှင့် တခြားသူများက သူတို့တွင် အချိန်များစွာရှိကြောင်း ယုံကြည်ခဲ့ကြသည်။ တစ်ဖက်က မည်မျှပင် ပါရမီထူးကဲစေကာမူ ကြီးထွားဖို့ရာ အချိန်လိုအပ်နေဆဲသာ ဖြစ်၏။ သို့သော်လည်း ခေတ္တမျှ ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်တွင် သူမတွင် အချိန် များစွာမကျန်တော့ကြောင်း သဘောပေါက်သွားခဲ့သည်။
စံပြဝိညာဉ်နဲ့ဆိုရင် သူ့အနေနဲ့ ငါတို့အဆင့်ကို ရောက်လာဖို့ ကြာမှာမဟုတ်ဘူး…
ဝူယွီက တွေးလိုက်သည်။
ပိုပြီးဆိုးတာက သူက တားမြစ်တိုက်ခိုက်ရေးအဆင့်ကိုတောင် ရထားတယ်။ ငါတို့မှာ အချိန်လုံလုံလောက်လောက် မရှိတော့ဘူး။ သူ့ကို သတ်ပစ်ရမယ်
ဝုန်း
ဝူယွီက ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ပြီး စည်းမျဉ်း၊ ဒြပ်ထုအားလုံးကို ဖိနှိပ်ထားလိုက်သည်။
“တာအို အသက်ဝင်လာစေ” သူမက ရေရွတ်လိုက်၏။ မဟာတာအိုအရင်းအမြစ်က သူမ နောက်တွင်ပေါ်ထွက်လာကာ ဖိနှိပ်သည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်လာသည်။ ထို့နောက် ဝူယွီ၏ ဘေးနားတွင် ကိုယ်ပွားငါးခု ပေါ်ထွက်လာပြီး တစ်ယောက်ချင်းစီက ဓာတ်ငါးပါးကို ကိုယ်စားပြုသည့် အရောင်ကို ဝတ်ဆင်ထားကြ၏။
ဝမ်ဝေ့က သူမအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ဒါက စံပြတစ်ယောက်ရဲ့ စွမ်းအားလား…
သူက ထိုအရာကို ခံစားမိလေ၏။ ဝူယွီ တုံ့ပြန်လာပြီးသည့်နောက်တွင် သူမက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတစ်လျှောက် ဓာတ်ငါးပါးတာအို၏ ဗဟိုချက် ဖြစ်လာခဲ့သည်။ တခြားနည်းဖြင့် ပြောရလျှင် သူမရှေ့တွင် မည်သူကမှ ဓာတ်ငါးပါးတာအို သို့မဟုတ် စည်းမျဉ်းကို အသုံးပြုနိုင်မည် မဟုတ်ပေ။
ဝမ်ဝေ့က ဓာတ်ငါးပါးတာအိုကို ဆင့်ခေါ်ဖို့ ကြိုးစားလိုက်သော်လည်း ထင်ထားသည့်အတိုင်း အလုပ်မဖြစ်ပေ။
တကယ်လို့ သူ့ပင်မခန္ဓာကိုယ်ဆိုရင် ဖိနှိပ်မှုက ပိုပြီးတော့ ဆိုးရွားသွားနိုင်တယ်…
အကယ်၍ သူမက ဓာတ်ငါးပါးအတွက် ထိုအရာကို ပိုင်စိုးထားပါက သူမသည် ထိုတာအိုကို အသုံးပြုသည့် တခြားသူအားလုံးကို ရှင်းထုတ်နိုင်လိမ့်မည်။
ထိုအရာအားလုံးကို အဖြေထုတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကံကြမ္မာနေရာကို ရယူဖို့ ဆုံးဖြတ်ချက် ခိုင်မာလာလေ၏။ သူ့အနေနှင့် ထိုကိုင်ဆောင်သူသည် သူ့အား ထိန်းချုပ်မှု အပြည့်အဝ ဖယ်ရှားနိုင်မည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိသော်လည်း ထိုသူက သူ့တာအို၏ သက်ရောက်မှု သို့မဟုတ် စွမ်းအားကို လျှော့ချဖို့ လုပ်ပိုင်ခွင့်ရှိနေဆဲသာ ဖြစ်၏။
ဝူယွီက သူ့ဓာတ်ငါးပါးကိုယ်ပွားကို ဆင့်ခေါ်ပြီးသည့်နောက်တွင် သူတို့က သူမ ဝန်းကျင်အား ကြယ်တစ်လုံးအနား လှည့်ပတ်နေသည့် ဂြိုလ်များအသွင်ဖြစ်နေသည်။ ကိုယ်ပွားများက လက်ကိုမြှောက်ကာ ထူးဆန်းသည့်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် ဝူယွီက မန္တန်ကို ရွတ်ဖတ်လိုက်သည်။
ဓာတ်ငါးပါး အဆုံးသတ်ကမ္ဘာ
ဝမ်ဝေ့က သတိကြီးကြီး ထားထားလေ၏။ ထိုကိုယ်ပွားများ ပေါ်ထွက်လာသည်နှင့် သူက သူတို့လုပ်နေသည့်အရာကို နှောင့်ယှက်ဖို့ တိုက်ခိုက်လာလေသည်။ သို့သော်လည်း မြေကမ္ဘာကိုယ်ပွားက သူ့တိုက်ကွက်ကို တားဆီးဖို့ မမြင်နိုင်ဖွယ်ဒိုင်းကာတစ်ခု အလျင်အမြန် ထုတ်လွှတ်လာခဲ့၏။ ဝမ်ဝေ့က ဒုတိယတိုက်ကွက်ကို ပြင်ဆင်ထားသော်လည်း မန္တန်က ပြီးမြောက်သွားပြီး သူ့အလိုလိုသိစိတ်က အန္တရာယ်ကို ခံစားမိလိုက်သည်။
ဝမ်ဝေ့က အနာဂတ်ကို ချောင်းကြည့်ပြီး အန္တရာယ်အရင်းအမြစ်ကို မြင်လိုက်ရသည်။ ထို့နောက် သူက ချက်ချင်းရှောင်ရှားဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ဝူယွီက အချိန်မှတဆင့် သူ့အပြုအမူများကို ခံစားမိသည့်အလား ရှိသင့်သည်ထက် စောသည့် မန္တန် ထုတ်လွှတ်လာလေ၏။
ဝမ်ဝေ့ ဝန်းကျင်တွင်ရှိသည့် အရာအားလုံးက ပြောင်းလဲသွားပြီး သူက အမှောင်ထုအတွင်း ကျရောက်သွားလေသည်။
ပိုင်နက်လိုမျိုး နည်းစနစ်လား…
သူက အလျင်အမြန် သုံးသပ်လိုက်သည်။
မဟုတ်သေးဘူး။ ဒါက စည်းပိတ်ရေးနည်းစနစ်တစ်ခုပဲ…
အနီရင့်ရင့်အလင်းတန်းက ရုတ်ချည်းဆိုသလို အမှောင်ထုကြား ထွက်ပေါ်လာပြီး အရာများစွာကို မြင်နိုင်ခွင့်ပြုထားလေသည်။ သို့သော်လည်း ဝမ်ဝေ့က သူသည် အမှောင်ထုထဲတွင် ရှိဖို့ရာသာ ဆုတောင်းမိ၏။ ထိုသူက ချက်ချင်းဆိုသလို ပေါက်ထွက်လာနိုင်သည့် မီးတောင်ဝတွင် မြောလွင့်နေကြောင်း သဘောပေါက်သွားခဲ့သည်။ သူက အလျင်အမြန် ရှောင်ရှားလိုက်၏။
တော်သေးတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ကျောက်ရည်ပူက ရုပ်သေးရုပ်နှင့် သူ့ဝိညာဉ်ကို လောင်ကျွမ်းပစ်ဖို့ လုံလောက်ပေသည်။
ဒီလိုအန္တရာယ်များတဲ့ ကျောက်ရည်ပူ ရှိနေတာကို ငါဘာလို့ မခံစားမိခဲ့တာလဲ…
သူက ထိုပြဿနာအကြောင်းအမြစ်ကို သဘောပေါက်သွားလေသည်။
ပတ်ဝန်းကျင်မှာရှိနေတဲ့ အမှောင်ထုက ရိုးရိုးရှင်းရှင်းအလင်းရောင် ပျောက်ဆုံးနေရုံတင်မကဘူး …
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
သူက မီးက အမှောင်ထုတာအိုကို ထိန်းချုပ်နိုင်တဲ့ အလင်းဇစ်မြစ်ဆိုတဲ့ အတွေးအခေါ်ကို သုံးထားတာ။ အလင်းတိုက်ကွက်က ပုံမှန်ခံစားမှုအပေါ်မှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူး
ဝမ်ဝေ့၏ အာရုံခံနှုန်းက မည်မျှကြောက်ဖို့ကောင်းသနည်း။ သူ၏ ထိပ်တန်းတာအိုများဖြင့် သူသည် အရာများစွာကို အာရုံခံနိုင်သည့် နည်းလမ်းများစွာ ရှိနေသည်။ သို့သော် ထိုအမှောင်ထုက သူ့အပေါ် အလုပ်ဖြစ်ခဲ့၏။ ဝမ်ဝေ့က ကျောက်ရည်ပူများစွာကို ရှောင်ရှားပြီးသည့်နောက်တွင် ကိစ္စများက သူ ရှောင်ရှားနေသည်ကို ငြီးငွေ့လာဟန်ပေါ်၏။
ထို့ကြောင့် ဧရာမလက်ကြီးတစ်ခု ဖန်ဆင်းကာ သူ့ကို ရိုက်ချလိုက်သည်။ ဝမ်ဝေ့က သူ့တုတ်ချောင်းဖြင့် ယင်ယန် ပုံကားချပ်ကို ဖန်တီးလိုက်သည်။ ထို့နောက် သူ့ထိန်းချုပ်မှုအောက်တွင် သူက ကျောက်ရည်ပူအား သူ့အခြေခံဓာတ်သဘာဝဖြစ်သည့် မြေဓာတ်နှင့် မီးဓာတ်အဖြစ် ခွဲထုတ်လိုက်သည်။
သူက ထိုကွဲပြားသည့်ဓာတ်သဘာဝများကို ပိတ်ဆို့လိုက်သည့်အတွက် ကျောက်ရည်ပူကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်လိုက်သည်။
ဝမ်ဝေ့က သူ့နောက်အဆင့်ကို အဖြေထုတ်နေစဉ် သူ မတုံ့ပြန်နိုင်ခင် မူးဝေမှုကို ခံစားမိပြီး လေထဲမှ ပြုတ်ကျလုနီးပါး ဖြစ်လာလေ၏။
ဘာဖြစ်သွားတာလဲ။ ငါ အဆိပ်ခတ်ခံရတာလား … ကျစ် ပြာမှုန့်တွေ…
မီးတောင်ပေါက်ကွဲမှု၏ သေစေနိုင်သည့်အရာက ပြာမှုန့်များ ဖြစ်၏။ ထိုအရာက ပြင်းထန်လွန်းသည့်အတွက် ရုပ်သေးရုပ်ခန္ဓာနှင့် ဝိညာဉ်အထိ သက်ရောက်မှု ရှိလာစေသည်။ သူက အဆုံးမဲ့ကာလံဒေသံ အလွှာများစွာဖြင့် ဖွဲ့စည်းထားသည့် ပူဖောင်းတစ်ခုအတွင်း ဝင်ရောက်လိုက်သည်။ ထို့ကြောင့် သူ့အနား ရောက်ရှိလာမည့် အရာအားလုံးက ကာလံဒေသံအလွှာများစွာကို ဖြတ်သန်းလာရမည် ဖြစ်၏။
ကံဆိုးစွာဖြင့် ဝူယွီက ထိုသို့လုပ်ဆောင်ခဲ့သည်။
တစ်နေရာမှ သဲမုန်တိုင်းတစ်ခု ထွက်ပေါ်လာကာ ဝမ်ဝေ့ဝန်းကျင်တွင်ရှိသည့် အလွှာများစွာကို အံ့မခန်းအလျင်နှုန်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။ သူက ထိုသဲမုန်တိုင်းသည် မြေတာအိုနှင့် သတ္တုတာအိုတို့၏ ထက်ရှမှုဖြင့် ပေါင်းစည်းထားကြောင်း သဘောပေါက်လိုက်သည်။
ဝမ်ဝေ့၏ ပထမဦးဆုံးအလိုလိုသိစိတ်က တူညီသည့် နည်းဗျူဟာကို သုံးဖို့ဖြစ်၏။ တူညီသည့် အခြေခံဓာတ်သဘာဝများကို ခွဲထုတ်ကာ သူတို့ကို သီးခြားပိတ်ဆို့ဖို့ရာ ဖြစ်သည်။
သို့သော်လည်း ဝူယွီက မတုံးအပေ။ တူညီသည့်နည်းလမ်းက နှစ်ခါ အလုပ်ဖြစ်မည် မဟုတ်ပေ။ သူက ယင်ယန်တာအိုကို အသက်သွင်းလိုက်သည့်အခါ အလုပ်မဖြစ်တော့ကြောင်း သဘောပေါက်သွားခဲ့၏။
သူက အကြောင်းအရင်းကို ချက်ချင်း သဘောပေါက်သွားလေသည်။ ဝူယွီက ရေဓာတ်နှင့် မီးဓာတ်တာအိုကြားမှ အပြောင်းအလဲကို အသုံးပြုကာ ယင်ယန်တာအိုကို ထိန်းချုပ်ခဲ့လိမ့်မည်။ စံပြတစ်ယောက်က တာအိုတစ်ခုကို အသုံးပြုနေသည့်အခါ သူ့လိုမျိုး သိမ်နုတ်သည့် ကောင်းကင်ဘုံအဆင့်တစ်ယောက်က မည်သို့အသုံးပြုနိုင်မည်နည်း။
ထိုနည်းလမ်းက ကန့်သတ်ချက်များ ရှိလာလိမ့်မည်။ နမူနာအနေဖြင့် ဝူယွီက ဝမ်ဝေ့၏ ကံကြမ္မာတာအို သို့မဟုတ် တခြားအရာများကို တားဆီးဖို့ ကြိုးစားလာပါက ထိုအရာသည် သူမ၏ ကျွမ်းကျင်မှု မဟုတ်သည့်အတွက် အလုပ်ဖြစ်မည် မဟုတ်ပေ။
ယင်ယန်တာအို အလုပ်မဖြစ်ရင် တခြားတစ်ခု စမ်းကြည့်ရတာပေါ့…
ဝမ်ဝေ့က တွေးလိုက်သည်။
သူက သဲမုန်တိုင်းကို တုတ်ဖြင့် ရိုက်ထုတ်လိုက်သော်လည်း သူတို့က အကောင်းအတိုင်း ပြန်လည်ဖြစ်တည်လာသည်။ သူက ထိုသဲမုန်တိုင်း၏ ကံကြမ္မာကို မှန်မှန်ကန်ကန် မပေါင်းစည်းနိုင်အောင် ပြောင်းလဲခဲ့သည်။
ဝမ်ဝေ့က သူ့မြင့်မားသည့် တိုက်ခိုက်ရေးအတွေ့အကြုံဖြင့် မှန်ကန်သည့် ရွေးချယ်မှုမျိုး ပြုလုပ်ခဲ့လေ၏။ သို့သော်လည်း ဝူယွီက သူ့မြင့်မားသည့် တိုက်ခိုက်ရေးဉာဏ်ရည်ကို တွက်ဆထားပြီးပြီ ဖြစ်၏။ ထို့ကြောင့် သူမက သူ့ထက် အလျင်အမြန် တုံ့ပြန်ခဲ့သည်။ ဝမ်ဝေ့က မည်မျှပင် အားကောင်းစေကာမူ သူက စံပြတစ်ယောက်၏ စွမ်းအားကို ရရှိဖို့ ပြင်ပအကူအညီများကို အသုံးပြုနေရသည့်အချက်ကို မပြောင်းလဲနိုင်ပေ။
ဝူယွီက စံပြတစ်ယောက်ဖြစ်စဉ် ဝမ်ဝေ့ကမူ မပြီးပြည့်စုံသေးပေ။ သူက သူ့အတွေ့အကြုံနှင့် စိတ်ကို အသုံးပြုကာ သူမထက် ဦးအောင် ခြေလှမ်းများစွာကို တွေးတောနေရသည်။ သို့သော်လည်း သူမလိုမျိုး မြန်မြန်ဆန်ဆန် မတုံ့ပြန်နိုင်ပေ။ သူ့ ကောက်ချက်ချမှုများက သူမ၏ တုံ့ပြန်နှုန်းနှင့် နီးကပ်နေလေ၏။
ထိုအရာအားလုံးက သဲမုန်တိုင်းကို ဖြေရှင်းပြီးသည့်နောက်တွင် ဤအဆုံးသတ်ကမ္ဘာက ပြောင်းလဲသွားခဲ့သည်။ ထို့နောက် စည်းပိတ်ထားသည့်ကမ္ဘာအတွင်း ရွှံ့နွံတစ်ခု ပြည့်နှက်လာသည်။ ထိုစဉ် မိုး ရွာသွန်းလာလေသည်။ သို့သော် မိုးရေများ မဟုတ်ဘဲ စကြဝဠာကြီးထက်ပင် လေးလံသည့် သတ္တုအရည်များ ဖြစ်၏။
ဝမ်ဝေ့က ထိုသတ္တုအရည်များကို အလျင်အမြန် ရှောင်ရှားလိုက်သော်လည်း တစ်စက်ချင်းစီက ရွှံ့နွံအတွင်းကျရောက်ကာ မြင့်တက်လာစေသည်။
အချိန်မရှိတော့ဘူး။ ငါ ယခင်နည်းလမ်းတွေအကုန်လုံးက အလုပ်မဖြစ်ဘူး…
ဝမ်ဝေ့က ခေါင်းကို အလုပ်ပေးရင်း တွေးလိုက်သည်။
ရွှံ့နွံက မြေဓာတ်၊ ရေဓာတ်နှင့် သစ်သားဓာတ်တို့ ပေါင်းစည်းမှုပဲ။ သတ္တုအရည်ကတော့ ရေနဲ့ သတ္တုတာအိုပေါင်းစည်းမှု မဟုတ်သေးဘူး အလေးချိန်ပါ ပါနေတာဆိုတော့ မြေဓာတ်တာအိုပါ ပါနေတာပဲ။ ငါ သိပြီ…
ဝမ်ဝေ့က ဘာလုပ်ရမလဲသိလိုက်သည်။ သူက အစီအစဉ်ကျမှု၊ မကျမှုတာအိုကို ဆင့်ခေါ်လိုက်သည်။
အစီအစဉ်ကျမှု - ဓာတ်ငါးပါးတာအိုကဏ္ဍအားလုံး၊ ဂုဏ်သတ္တိအားလုံး လုပ်ဆောင်ချက်အားလုံးက အသုံးမဝင်တော့ဘူး။
ဝမ်ဝေ့က ထိုသို့သော အစီအစဉ်ကျမှုကို အသုံးပြု၍ ဓာတ်ငါးပါးတာအို အသုံးပြုသည့်သူများကို ရင်ဆိုင်ခဲ့ဖူးသည်။ သို့သော်လည်း သူက ယခုအခါ သူ့ထက် ဝါစဉ်မြင့်သည့်သူကို ရင်ဆိုင်နေရသည့်အတွက် ထိုသို့စည်းမျဉ်းရေးသားမှုက တန်ကြေးကြီးကြီးမားမား မပေးဆပ်လိုသရွေ့ အလုပ်ဖြစ်မည် မဟုတ်ပေ။
အစီအစဉ်မကျမှု - စိတ်စွမ်းအားတန်ပြန်သက်ရောက်မှု
ဝုန်း
ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက မိုးမြေ၏ အခြေခံစည်းမျဉ်းဥပဒေသအားလုံးကို လွှမ်းခြုံသွားပြီး ဤကမ္ဘာအတွင်း ကျရောက်နေသည့် မိုးမြေကြားမှ စည်းမျဉ်းဥပဒေသအားလုံးကို လွှမ်းခြုံသွားလေသည်။ ဝူယွီက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထဲတွင် အံ့အားသင့်သည့် အမူအရာဖြင့် ပေါ်ထွက်လာလေ၏။
ထိုစဉ် ဝမ်ဝေ့၏ မျက်နှာကမူ ဖြူဖျော့နေလေသည်။ သူက ညည်းတွားလောက်အောင် ခေါင်းကိုက်နေမိသည်။ အကယ်၍ သူ့စိတ်စွမ်းအားကြောင့်သာ မဟုတ်ပါက ချက်ချင်း မေ့မြောသွားနိုင်သည်။ နာကျင်မှုက ခေတ္တမျှကြာမြင့်သော်လည်း အချိန်တိုအတွင်း ခံစားရသည့်အတွက် ပိုမိုပြင်းထန်လာသည်။
ဝမ်ဝေ့က နှာခေါင်းမှ သွေးများကို သုတ်လိုက်သည်။
ငါ့ရဲ့ စိတ်စွမ်းအား လေ့ကျင့်ပေးလိုက်နိုင်တယ်ဆိုတော့ ပျော်သင့်တယ်လို့ ထင်တယ်။