သိမ်းပိုက်ခြင်း အပိုင်း(၂)
Vol. 92 Ch. 1285
လေဟာနယ်က ရုတ်ချည်းဆိုသလို လှုပ်ခတ်သွားပြီး အမျိုးသမီးအများစု ပါဝင်သည့် လူငါးယောက်ထက် နည်းသည့် အဖွဲ့တစ်ခုကို ထုတ်လွှတ်လာသည်။ အဖွဲ့ထဲက တစ်ယောက်ကမူ ရှောင်ထျန်းတိ ဖြစ်၏။ အဖွဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် ဆင်းသက်လိုက်ကြပြီး ဘေးပတ်လည်ကို ကြည့်လိုက်ကြသည်။
“နန်းဆောင်သခင် ကျွန်မတို့တွေ အလယ်ပိုင်းနေရာကို တကယ်လက်လျှော့လိုက်တော့မှာလား” အမျိုးသမီးတစ်ဦးက မေးလိုက်သည်။
“အဲဒီအမျိုးသမီးက အားကောင်းလွန်းတယ်။ ငါ သူမကို နှိမ်နင်းနိုင်တယ်ဆိုရင်တောင် အချိန်ကြာလိမ့်မယ်။ အဲဒါက ငါတို့တွေအတွက် အရင်းအမြစ်တွေရဖို့ အခွင့်အရေးကို ဖြုန်းတီးနေတာနဲ့ အတူတူပဲ”
ရှုကျင်းယောင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
“ဒါပေမဲ့ ကျွန်မတို့တွေကပဲ နန်းဆောင်ကို ဝင်ရောက်နိုင်တဲ့သူတွေလေ”
“ငါတို့ရဲ့ ယှဉ်ပြိုင်မှုက အပြင်ဘက်ကလူတွေတင် မကသေးဘူး။ နန်းဆောင်ကသူတွေရောပဲ” ရွှင်းထုံက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“အခု သွေးနဂါးက သေသွားပြီဆိုတော့ လူတော်တော်များများက သစ္စာရှိမယ်များ ထင်နေလား။ သူတို့က မသိမ်းပိုက်ရသေးတာက သူတို့ခေါင်းဆောင်ရဲ့ တာအိုအမှတ်အသား အကောင်းအတိုင်း ကျန်ရှိနေဦးမယ်ဆိုတာကို မျှော်လင့်နေလို့ပဲ”
“သိပြီ” အလယ်ပိုင်းနေရာကို လက်မလျှော့လိုသည့် အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
“အဲဒီအမျိုးသမီးက ဝမ်ဝေ့ရဲ့ လူထင်တယ်” ရှောင်ထျန်းတိက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အိုး” ရှုကျင်းယောင်က ရပ်တန့်သွားလေ၏။ သူမက ဝမ်ဝေ့သည် သူမ စောင့်မျှော်နေသည့်သူဖြစ်ကြောင်း အဖြေရထားပြီးသားဖြစ်၏။
“မင်းက ဘာလို့ အဲ့လိုပြောရတာလဲ”
“သူမ ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက ကံကြမ္မာစွမ်းအား ပါဝင်နေတယ်”
“သခင်လေး ကံကြမ္မာက ရှားပါးတဲ့တာအိုဆိုပေမဲ့ ကျင့်ကြံသူ အမြောက်အများကတော့ အဲဒီလမ်းစဉ်အပေါ်မှာ ရှိကြတယ်လေ။ အဲဒီအတွက်နဲ့ သူ ဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ မလုံလောက်သေးဘူး” ရွှင်းထုံက ပြောလိုက်သည်။
“ကျုပ်လည်း အဲဒါကို သိပါတယ်” ရှောင်ထျန်းတိက မျက်လုံးကို ဝှေ့ကာ ပြန်ဖြေလိုက်သည်။
“သူမက သူ့ရဲ့လူလို့ ယုံကြည်ရတဲ့ အကြောင်းအရင်း သုံးခုရှိတယ်။ ပထမတစ်ခုက သူမရဲ့ အရှိန်အဝါက သူနဲ့ တူတယ်။ သူမက ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုပေမဲ့လည်း ခံစားမိတယ်။ ဒုတိယအချက်အနေနဲ့ သူမက ဒီရောက်နေတဲ့ အချက်ပဲ။ ဝမ်ဝေ့ရဲ့ လုပ်ဆောင်ပုံအရဆိုရင် ဆရာရဲ့ တိုက်ပွဲကို မြင်ပြီးတဲ့နောက်မှာ သွေးနဂါးရဲ့ သေဆုံးမှုကို ခန့်မှန်းကြည့်ဖို့ဆိုတာ မခက်ခဲဘူး။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်ထားလောက်တယ်”
“အခု အဲ့လိုပြောလိုက်တော့မှ တစ်စုံတစ်ယောက်က ငါ့နန်းဆောင်ကို ပိတ်ဆို့ပြီးတော့ သတင်းထွက်မသွားအောင် တားဆီးခဲ့တာပဲ” ရှုကျင်းယောင်က မှတ်ချက်ပေးလိုက်သည်။ ထိုစွမ်းအားက ကြောက်ဖို့ကောင်းသည့်အတွက် သူမက နဂါးကို သတ်ပြီးသည့်နောက် နန်းဆောင်မှ အထွတ်အထိပ်ဟွင်သွမ်းရတနာဖြစ်သည့် နန်းဆောင်မှ စွမ်းအားကို အသုံးပြုပြီး ထွက်လာခဲ့ရသည်။ သူမက သူမ၏ နန်းဆောင်ကို ပိတ်ဆို့ထားသည့် တကယ့်ဇစ်မြစ်ဖြစ်သည့် အတက်အကျလှိုင်းကို အဝေးတစ်နေရာ၌ တိုက်ပွဲအတွင်း ခံစားမိခဲ့သည်။
“ဒါက သူ လုပ်တဲ့ပုံစံပဲ” ရှောင်ထျန်းတိက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မတော့ မယုံနိုင်သေးဘူး” ရွှင်းထုံက ဆက်ပြောလိုက်သည်။ သူမက မသက်မသာဖြစ်အောင်၊ ခက်ခဲအောင် ပြုလုပ်နေခြင်း မဟုတ်ပေ။ သူမက သခင်လေးသည် ဝမ်ဝေ့အမည်ရှိ လူငယ်လေးနှင့် ပြိုင်ဖက်ဖြစ်ကြောင်း သတိထားမိခဲ့သည်။ ထိုအရာက ကိစ္စဆိုးတစ်ခုတော့ မဟုတ်ပေ။ သူမ၏ တွက်ချက်မှုအရ ထိုပြိုင်ဖက်သည် သခင်ငယ်လေး ပြောင်းလဲသွားရသည့် အဓိကအကြောင်းအရင်းတစ်ခု ဖြစ်၏။
သို့သော်လည်း သူမက သူသည် ဝမ်ဝေ့၏ စွမ်းရည်များနှင့် လုပ်ဆောင်မှုများကို ချဲ့ကားပြောဆိုတတ်ကြောင်း သတိထားမိခဲ့သည်။ သူက သူ့ပြိုင်ဖက်အား လျှို့ဝှက်ဆန်းကြယ်ပုံစံမျိုးကို မဖန်တီးစေလိုပဲ မျှော်လင့်ချက်နှင့် မကိုက်ညီသည့်အခါ စိတ်မပျက်သွားစေလိုပေ။ ရွှင်းထုံက ထိုသို့သော သဘောပေါက်မှုသည် သခင်လေးအား ယခင်နဂိုပုံစံအတိုင်း ပြောင်းလဲသွားစေမည်ကို စိုးရိမ်နေမိသည်။
“သခင့်အရိပ်နည်းစနစ်က တာအိုအခွင့်အလမ်းဂိုဏ်းက အားကောင်းပြီး သစ္စာရှိတဲ့လက်အောက်ငယ်သားကို တန်ဖိုးနည်းနည်းနဲ့ ပြုစုပျိုးထောင်နိုင်တဲ့ ကမ္ဘာသိနာမည်ကျော် နည်းစနစ်တစ်ခုပဲ” ရှောင်ထျန်းတိက ရှင်းပြလိုက်သည်။
“ဆရာက အရိပ်ဖြစ်တဲ့သူရဲ့ အမှတ်အသားနဲ့ တိုက်ခိုက်ဖို့ ခိုင်းဖူးတယ်။ အဲဒါကြောင့် အဲဒီအမျိုးသမီးဆီက အဲဒီနည်းစနစ်ကို သတိထားမိနေတာ”
ရွှင်းထုံက မျက်မှောင်ကြုတ်လိုက်သည်။
“သခင်လေးရဲ့ မိတ်ဆွေက အခုမှ တက်လှမ်းကာစလေ။ ဒါပေမဲ့ အဲဒီအမျိုးသမီးရဲ့ စွမ်းအားက ကောင်းကင်ဘုံထိပ်သီးအဆင့်တောင် ရောက်နေပြီ”
“ဝမ်ဝေ့က ထာဝရကောင်းကင်ဘုံအဆင့်ဖြစ်နေပြီ။ သူ့ရဲ့ ကျင့်ကြံဆင့်ကလည်း ထိပ်ဆုံးနီးပါးပဲ” ရှောင်ထျန်းတိက မလုံမလဲပြုံးကာ ပြန်ဖြေလိုက်သည်။ ရွှင်းထုံက တိတ်ဆိတ်သွားလေ၏။ သူမ၏ သခင်လေးက ကိစ္စများကို ပုံကြီးချဲ့ပြောသည်ဟု ထင်ခဲ့မိသော်လည်း သူက အစစ်အမှန်မကောင်းဆိုးဝါးကို ပြိုင်ဖက်အဖြစ် ရွေးချယ်ခဲ့ကြောင်း အသိအမှတ်ပြုရပေမည်။ သူမက ထိုအရာသည် ကောင်းလားဆိုးလား မသိတော့ဘဲ နန်းဆောင်သခင်ကိုသာ ကြည့်လိုက်မိသည်။ သို့သော်လည်း ထိုသူက တခြားတစ်ခုကို တွေးရင်း အတွေးနက်နေဟန်ပေါ်၏။
“ဆရာ ကျွန်တော်တို့ရဲ့ နောက်အဆင့်က ဘယ်လိုလဲ”
ရှုကျင်းယောင်က စဉ်းစားလိုက်သည်။
ကပ်ပါးတွေရဲ့ လက်စားချေမှုကို သူက ငါ့ကို ကာကွယ်ပေးခဲ့တာဆိုတော့ ပြန်ပြီးပေးဆပ်သင့်တယ်…
သူမက ဤနေရာရှိ အရင်းအမြစ်များအတွက် မယှဉ်ပြိုင်ဖို့သာ ဆုံးဖြတ်လိုက်သည်။
ဒါပေမဲ့ ငါ့အပိုင်ကိုတော့ ရဖို့လိုသေးတယ်…
သွေးနဂါး မသေဆုံးခင် သူက သူ့ဒိုင်မေးရှင်းအတွင်း သူမ၏ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ခဲ့သည်။ ထိုအရာက ယခုအခါ ရှုကျင်းယောင်၏ ပိုင်ဆိုင်မှုအတွင်း ရှိနေသော်လည်း သူမက ချမ်းသာကြွယ်ဝမှုများကို မရယူနိုင်သေးပေ။
“သွေးနဂါးရဲ့ မျိုးဆက်ကို ရှာဖို့လိုတယ်” ရှုကျင်းယောင်က ပြောလိုက်သည်။ သူမက သွေးမျိုးဆက်ကို အသုံးပြု၍ ဒိုင်မေးရှင်းကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး အလုပ်ဖြစ်လုနီးပါးဖြစ်ခဲ့သည်။ သို့သော်လည်း သွေးနဂါးက အမှန်တကယ် ကပ်စီးနည်းပြီး သူမ၏ အပြုအမူများကို တွက်ဆထားဟန်ပေါ်သည်။ ထို့ကြောင့် ကြိုတင်ကာကွယ်သည့် အပြုအမူများ ပြုလုပ်ထားခဲ့၏။ ယခု ရှုကျင်းယောင်က နောက်ထပ်နည်းလမ်းတစ်ခုဖြင့် ကြိုးစားကြည့်ရမည်။ ထိုအရာက သူ့မျိုးဆက်၏ သွေးမျိုးဆက်ကို ပုံတူပွားပြီး ထိုဒိုင်မေးရှင်းအတွင်း ဝင်ရောက်ဖို့ သူတို့ကို အသုံးချရန် ဖြစ်သည်။
“သွားကြစို့” ရှုကျင်းယောင်က ပြောလိုက်သည်။ သူက ထိုတဏှာကြီးသည့် သွေးနဂါးသည် တာအိုသက်သေမပြခင် သွေးနဂါးတချို့ရှိထားကြောင်း သိထားလေ၏။ ကံကောင်းစွာဖြင့် သူတို့ထဲက တစ်ယောက်က ကောင်းကင်ဘုံအဆင့်ဖြစ်၏။ သူမ၏ တာဝန်က သူတို့ထဲမှ တစ်ယောက်ကို ရရှိသည်နှင့် ပြီးမြောက်သွားလိမ့်မည်။
……………………………………………………………….
နန်းဆောင်အပြင်ဘက်
ဝမ်ဝေ့၏ အဖွဲ့က နဂါးနန်းဆောင်ကို ထောက်ပံ့ပေးထားသည့် ကျယ်ပြောသော သမုဒ္ဒရာထဲ ရောက်ရှိနေကြသည်။ သူတို့က အဝင်ဝနှင့် အလင်းနှစ် ၂၀မျှ ကွာဝေးနေသေးသော်လည်း သူတို့လိုလူမျိုးအတွက် ခြေတစ်လှမ်းမျှသာ ဖြစ်လေသည်။ သို့သော်လည်း တပ်သားများက ရုတ်ချည်းဆိုသလို ပေါ်ထွက်လာပြီး ငွေရောင်နဂါးချပ်ဝတ်ကို ဝတ်ဆင်ထားလေ၏။
“ကျုးကျော်သူအားလုံး သေရမယ်” တပ်မဟာက လှံများကို မြှောက်ရင်း ပြောလိုက်သည်။ သူတို့က ပြီးပြည့်စုံစွာ သဟဇာတဖြစ်နေသည့်အတွက် သူတို့ ထုတ်လွှတ်လာသည့် သတ်ဖြတ်ငွေ့ကလည်း သူတို့သည် ကောင်းမွန်စွာ လေ့ကျင့်ထားမှန်း သိသာလှသည်။
“ဧကရာဇ်နဲ့ ကောင်းကင်ဘုံအဆင့် တပ်ဖွဲ့လား” နတ်ဆိုးက ပြောလိုက်သည်။
“ကောင်းပြီလေ။ ဒီလူတွေရဲ့ အရင်းအမြစ်အရဆိုရင်တော့ မအံ့ဩမိပါဘူး”
“သူတို့ရဲ့ လက်နက်တွေက ကောင်းကင်ဘုံအဆင့်လက်နက်တွေပဲ” မီးတောက်ပန်းပဲဆရာက ပြောလိုက်သည်။ ထိုတပ်မဟာက အနည်းဆုံးလူငါးသိန်းပါဝင်ပြီး တစ်ယောက်ချင်းစီက အားကောင်းသည့် လက်နက်မျိုးကို ကိုင်ဆောင်ထားကြလေ၏။
ဝမ်ဝေ့က ထိုသူများကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
“တစ်ခုခုတော့ မှားနေတယ်” မုန့်ခယ်ကပြောလိုက်သည်။
“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“အဆိပ်၊ ခန္ဓာကိုယ် သူတို့ကို သွားပြီး စမ်းသပ်ချည်”
နတ်ဆိုးနှစ်ယောက်က တုံ့ဆိုင်းမနေဘဲ အားကုန်သုံးကာ တိုက်ခိုက်လိုက်သည်။ သို့သော်လည်း အဖျက်အဆီးက လူအများထင်ထားသလိုမျိုး ပေါ်ထွက်မလာခဲ့ပေ။ တပ်ဖွဲ့က အစီအရင်ကို အသက်သွင်းလိုက်သည့်အတွက် သူတို့၏ ခေါင်းအထက် ဓမ္မပုံရိပ်နှစ်ခု ပေါ်ထွက်လာကာ ခန္ဓာနှင့် အဆိပ်နတ်ဆိုးတို့ကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။
အဆိပ်နတ်ဆိုး၏ အဆိပ်က အမြောက်အများ သတ်ဖြတ်ရာ၌ သင့်တော်လှသည်။ သို့သော်လည်း ဓမ္မပုံရိပ်၏ သက်ရောက်မှုဖြင့်ပင် တပ်သားများစွာက သေဆုံးသွားကြလေ၏။ သို့သော်လည်း လူတစ်ယောက် သေဆုံးသွားသည်နှင့် ကောင်းကင်မှ အလင်းတန်းကျဆင်းလာကာ နောက်ထပ် တပ်သားတစ်ယောက်က အစားထိုးသွားလေသည်။
“ဒါက ပုံရိပ်ယောင် အစီအရင်ပဲ” ဒုတိယမင်းသားကျားဖျင့်က ပြောလိုက်သည်။
သူ့မျက်ဆံနှစ်ခုက အမှန်တရားကို မြင်လိုက်ရ၏။
“သူတို့တွေ ဒီလိုအားကောင်းတဲ့ တပ်ဖွဲ့မျိုးကို ဖန်တီးနိုင်မဲ့ နည်းလမ်းမျိုး မရှိဘူးလို့ပဲ ထင်နေတာ” ရုပ်သေးရုပ်နတ်ဆိုးက ခေါင်းညိတ်လိုက်သည်။
ကမ္ဘာကြီးက နောက်ဆုံးတွင် သူ့အတွက် အဓိပ္ပာယ်ရှိလာလေ၏။
“အဲ့လိုပြောတာက မင်းက မသိသေးလို့လေ” မုန့်ခယ်က ပြောလိုက်သည်။ သူက လူရိုင်းမျိုးနွယ် သို့မဟုတ် ထိုအာဏာရှင် ၁၃ ယောက်တွင်မူ ကောင်းကင်ဘုံအဆင့် တပ်ဖွဲ့များရှိကြောင်း သိထားလေ၏။
ရုပ်သေးရုပ်နတ်ဆိုးက သူ့အား ကြည့်ပြီးသည့်နောက်တွင် အကြည့်လွှဲလိုက်သည်။ သူက ထိုကောင်စုတ်ကို အနိုင်မယူနိုင်ပေ။ ထို့ကြောင့် သူနှင့် ငြင်းခုံနေ၍ အကျိုးမရှိပေ။
“အထဲက သူတွေက နောက်ထပ် အစီအရင်တစ်ခုကို အသက်သွင်းလိုက်တဲ့ပုံပဲ” တုကွန်းက မှတ်ချက်ပေးလိုက်သည်။ သူမက ခေါင်းအသာယမ်းလိုက်၏။ ထိုအရာများက သူတို့သာ ပထမဆုံး ဝင်ရောက်နိုင်သည်ဆိုပါက ဖြစ်ပျက်လာမည် မဟုတ်ပေ။
“အခုရော ဘာလဲ” မုန့်ခယ်က လက်ချောင်းများကို အညောင်းအညာဖြေရင်း ပြောလိုက်သည်။ သူက ဓမ္မပုံရိပ်နှစ်ခုနှင့် တပ်ဖွဲ့တစ်ခုလုံးကို ရှင်းထုတ်ပစ်နိုင်သည့် စွမ်းအားအမြောက်အများ ထုတ်လွှတ်လာလေ၏။ သို့သော်လည်း ထင်ထားသည့်အတိုင်း သူတို့က ချက်ချင်းဆိုသလို ပြန်လည်ဖွဲ့စည်းလာသည်။
“ဒါက ပုံရိပ်ယောင်မှန်း သိတယ်ဆိုရင်တောင် လွတ်မြောက်နိုင်တယ်လို့ ဆိုလိုတာတော့ မဟုတ်သေးဘူး”
ရန်သူ၏ ရည်ရွယ်ချက်ကား သူတို့ကို ဤနေရာတွင် ပိတ်ဆို့ပြီး ထိုပုံရိပ်ယောင်များဖြင့် အားကုန်သည်အထိ တိုက်ခိုက်ခိုင်းဖို့ရာသာ ဖြစ်သည်။ ထို့အပြင် သူတို့က ပုံရိပ်ယောင်မှန်းသိနေလျှင်ပင် ထိုတပ်သားများ၏ တိုက်ကွက်က သူတို့အတွက် အထိအခိုက်မရှိကြောင်း ဆိုလိုနေသည် မဟုတ်ပေ။
စံပြအဆင့် အစီအရင်က ထိုသို့သိသာသည့် အားနည်းချက်မျိုး ရှိမည်မဟုတ်ပေ။
“ကျားဖျင့် မင်းရဲ့ စွမ်းအားကို ငှား” ဝမ်ဝေ့က ပြောလိုက်သည်။
“အရှင် ကိစ္စမရှိပါဘူး” ကျားဖျင့်၏ မျက်ဝန်းက ရုတ်ချည်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားပြီး ဝမ်ဝေ့ကမူ မျက်ဆံနှစ်ခု ဖြစ်သွားလေသည်။ ဝမ်ဝေ့က အချိန်မဖြုန်းဘဲ အစီအရင်ထဲမှ ပြစ်ချက်များကို ရှာကာ ယာယီစည်းတံဆိပ်တချို့ ထားရှိလိုက်သည်။
တပ်သားများက ရုတ်ချည်းဆိုသလို ပုံရိပ်ယောင်ဖြစ်ပြီး ပျောက်ကွယ်သွားလေ၏။ သို့သော်လည်း အဖွဲ့က မပျော်ရွှင်ခင် တစ်စုံတစ်ခုက တိုက်ခိုက်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး သူတို့အား မလှုပ်မယှက်ဖြစ်သွားစေလေ၏။
ထို့နောက် လေဟာနယ် အက်ကြောင်းများစွာ ပေါ်ထွက်လာလေသည်။ ထို့နောက် အက်ကြောင်းများမှ ဆွဲဆောင်မှုက အင်မတန် ကြောက်ဖို့ကောင်းလှသည်။
“ဒါက နှင်ထုတ်ရေး အစီအရင်ပဲ။ တစ်ခုခုလုပ်ဦး။ မဟုတ်ရင် ငါတို့တွေ ဘယ်ပြောင်းရွှေ့ခံလိုက်ရမလဲဆိုတာ သိမှာမဟုတ်ဘူး” တုကွန်းက အလျင်အမြန် ပြောလိုက်သည်။ ထိုအက်ကြောင်းများက နေရာမရွေး ဦးတည်နေသည့်အတွက် ကမ္ဘာဦးဟွင်သွမ်း သို့မဟုတ် အရင်းအမြစ်ချီနေရာလွတ်ထဲမှ တားမြစ်နေရာများအထိ ဖြစ်နေနိုင်သည်။ ထိုအရာက ရှားပါးသော်လည်း သူတို့က တခြားဟွင်သွမ်းနေရာအထိပင် ရှိသွားနိုင်၏။
“ငါ သိပြီ” မုန့်ခယ်က ပြောလိုက်သည်။ သူ့ ကြွက်သားများက လှုပ်ခတ်လာပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အတားအဆီးများကို ချိုးဖောက်နိုင်မည့် စွမ်းအားမျိုး ထုတ်လွှတ်လာလေသည်။ ထို့နောက် သူက ဧရာမရွှေရောင် လူ့ဘီလူးကြီးကို ထုတ်လွှတ်လိုက်သည်။ ထိုလူ့ဘီလူးကြီးက လက်ဝါးချက်ကို နောက်ပြန်ရိုက်လွှတ်လိုက်ပြီး ထိုအက်ကြောင်းအားလုံးကို အတင်းအကြပ်ပိတ်ဆို့သွားစေသည်။ ထိုအခါ အားလုံးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။
“မပြီးသေးဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပြီး သူတို့အား သတင်းဆိုးကို ပြောပြလိုက်သည်။ သူတို့အထက်ရှိ ကောင်းကင်ယံက ရုတ်ချည်းဆိုသလို မဲမှောင်သွားပြီး အားလုံး၏ မျက်နှာကလည်း ဖြူဖျော့သွားကြသည်။ သူတို့၏ အန္တရာယ်ခံစားနှုန်းက အသိဝင်လာကြပြီးသည့်နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် မရဏသတိပေးချက်က သူတို့၏ စိတ်ထဲ လွှမ်းခြုံသွားလေ၏။
ဟမ် ဒါက…
ဝမ်ဝေ့က တစ်စုံတစ်ခုကို သတိထားမိသွားလေ၏။