ရှောင်ကလန်
Vol. 011 Ch. 1034
ရီဖူရှင်းတို့ ထွက်သွားပြီးနောက် စွေ့ရန်နန်းတော်ကား အပျက်အစီးပုံအဖြစ် ပြောင်းလဲ သွားခဲ့ကာ လူအများအပြားသည်လည်း သေဆုံးခဲ့ရ၏။
စွေ့ရန်နန်းတော်မှာလည်း ရှိရှိသမျှသော ရတနာများ အားလုံး လုယက်ခံခဲ့ရသည်။
လူအများအပြားမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ကြီးစွာ ထိတ်လန့်ကြသည်။
ဤနည်းဖြင့် စွေ့ရန်နန်းတော်ကား ဖျက်ဆီး ခံလိုက်ရ၏။ စွေ့ရန်နန်းတော်ကား ထိပ်သီး အင်အားစု တစ်ခုအဖြစ် မသတ်မှတ် နိုင်သော်လည်း စွမ်းအားကြီးသည်ဟု နာမည် ကျော်ကြားသော စွေ့ရန်ရှန့် ထိုဓားကို လျှော့တွက်၍ မရပေ။ သည်ဒေသ တစ်ဝိုက်တွင် စွေ့ရန်နန်းတော်သည် နာမည်ကျော်ဇောပြီး ဂုဏ်သိက္ခာ အဆင့်အတန်း မြင့်မား၏။
ထိုအရာများ အားလုံးမှာ ပေ့ချိန်ရန်၏ မိုက်မဲမှုကြောင့် ဖြစ်ခဲ့ရ၏။
သို့သော်လည်း ပေ့ချိန်ရန်၏ အောက်ဘုံမှ လူတစ်ယောက်၏ ပိုင်ဆိုင်မှုအပေါ် လောဘဇောသည် စွေ့ရန်နန်းတော်ကိုပင် ပျက်စီး စေမည်ဟု မည်သူက တွေးထင်မိမည်နည်း။
ပေ့ချိန်ရန်က ရီဝူချင်း၏ သက်စောင့်ဝိညာဉ်အား ထုတ်နုတ်ကာ ဂူတုံးလျိုတို့အား ကောင်းကင် ကိုးလွှာ၌ စောင့်စားကာ ခနဲ့ခဲ့စဉ်က ထိုအရာမှာ ပုံမှန်ကိစ္စ တစ်ခုအလား လူအများက ယူဆ တွေးထင်ခဲ့ကြ၏ တန်ခိုးရှင် လောကကား အမြဲတမ်းအားဖြင့် ရက်စက် ကြမ်းတမ်းပေ၏။ အကယ်၍ အောက်ဘုံမှ လူများသည်သာ လုံလောက်အောင် အားမကောင်းခဲ့ပါက သူတို့ အနေဖြင့် ရန်ဟောင် အမွေအနှစ်များအား ပိုင်ဆိုင်ခွင့်လည်း မရှိပေ။
သို့သော်လည်း ရီဝူချင်း၏ မိတ်ဆွေကောင်း၊ ပြည်နယ်ကိုးခုမှ ပြိုင်ဘက်ကင်း နန်းတော်သခင် ရီဖူရှင်းသည် လွန်စွာ ပြတ်သားကာ ဆုံးဖြတ်ချက် ခိုင်မာသူ ဖြစ်သည်။ ယခင်ကလည်း သူသည် ကျူးထန်နန်းတော် ကိုးလွှာသို့ တိုက်ရိုက် တက်ရောက်ကာ ပေ့ချိန်ရန်၏ ကျင့်ကြံခြင်းအား ဖျက်ဆီးခဲ့၏။ ယနေ့ သူက စွေ့ရန်နန်းတော်ကို ဖျက်ဆီးခဲ့ပြန်၏။
သူ့အပြုအမူများသည် မိုးကြိုး မုန်တိုင်းအလား မာန်ပါ ပြင်းထန်သည်။ သူသည် စစ်ကြေညာခြင်း၊ သတိပေး ပြောဆိုခြင်းများပင် မပြုလုပ်ခဲ့။ မရဏဓား နတ်မယ်က ကောာင်းကင်ထက်မှ တိုက်ရိုက် ဆင်းသက် တိုက်ခိုက်လာခဲ့ပြီး စွေ့ရန်ရှန့်ထိုဓားအား ဒဏ်ရာပြင်းစွာ ရစေကာ ထွက်ပြေး လွတ်မြောက်ရန် အခွင့်အလမ်း မဲ့စေသည်။ မည်မျှ ဆုံးဖြတ်ချက် ပြတ်သားကာ ရက်စက် လိုက်သနည်း။
သူကား မင်းသမီး၏ ကိုယ်ရံတော်အဖြစ် သတ်မှတ်ခံ ရသည်မှာ သိပ်မကြာ သေးသော်လည်း ယခု တော်ဝင်မြေ တစ်ခုအား ဖျက်ဆီး ပစ်ခဲ့ပြီဖြစ်သည်။
သတင်းများသည် မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ကာ လူအများအပြားမှာ ပျက်စီးနေသော စွေ့ရန်ဓား နန်းတော်အား လာရောက် ကြည့်ရှုကြ၏။ ထိုအထဲတွင် တခြားတော်ဝင် မြေများမှ သတင်းထောက်များပင် ပါဝင်ကြပေသည်။
အတန်ကြာလျှင် စွေ့ရန်ဓား နန်းတော် အပျက်အစီး နေရာသို့ လူတစ်စု ရောက်လာခဲ့၏။ ထိုအုပ်စုထဲမှ မိန်းမ တစ်ယောက်သည် အလွန်အေးစက်သော အမူအရာဖြင့် ပြောသည်.။
“ သူက အတင့်ရဲလှချည်လား... ”
“လီဟန်ဓားနန်းတော်က တပည့်တွေ... ” တစ်ယောက်က ထိုအုပ်စုကို ကြည့်သည်။ ပြောလိုက်သော မိန်းမသည်ကား လီဟန်ဓားနန်းတော်မှ ဖန်းရှောင်ဖြစ်၏။
ယခုထိ ပေ့ချိန်ရန်၏ အလောင်းသည် မြေပြင်ပေါ်တွင် အသက်မဲ့စွာ ရှိနေဆဲဖြစ်သည်။
လူအများအပြားက တွေးတော နေကြသည်။ သည်ကိစ္စကို လီဟန် ဓားနန်းတော်က မည်သို့ တွေးတောမည်နည်း။
သည်ကိစ္စတွင် လီဟန်ဓား နန်းတော်သည်လည်း အရေးပါသော အခန်းကဏ္ဍ တစ်ခု၌ ပါဝင်ခဲ့၏။ စွေ့ရန်ရှန့် ထိုဓားနှင့် ပေ့ချိန်ရန်တို့က လီဟန်ဓား နန်းတော်အား ပါဝင်ရန် တိုက်တွန်း သွေးဆောင်ခဲ့၍ ရီဖူရှင်းက စွေ့ရန်ရှန့် ထိုဓားအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လီဟန်ဓား နန်းတော်နှင့် စွေ့ရန်နန်းတော်တို့၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကာ ပေ့ချိန်ရန်သည်လည်း လီဟန်နန်းတော်၏ တပည့်ဖြစ်သည်။
ထိုမျှသာမဟုတ် ... အမှန်တကယ်အားဖြင့် စွေ့ရန်ရှန့်ထိုဓားနှင့် လီဟန် ဓားနန်းတော်တို့မှာ ထူးခြားသော ပတ်သက်မှု ရှိပေသည်။ စွေ့ရန်ရှန့်ထိုဓားသည် တစ်ကြိမ်တစ်ခါက လီဟန်ဓားနန်းတော်မှ ဆရာသခင် တစ်ဦး၏ တပည့်တစ်ယောက် ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် ရှန့်ထိုအဆင့်သို့ တက်လှမ်းပြီးနောက် စွေ့ရန် နန်းတော်ကို တည်ထောင်ခဲ့၏။ နောက်ပိုင်းတွင် စွေ့ရန်ရှန့်ထိုဓားက သူ့သားပေ့ချိန်ရန်အား လီဟန်ဓား နန်းတော်၌ သွားရောက် လေ့ကျင့်စေခဲ့၏။
ယခု စွေ့ရန်နန်းတော်မှာ ဖျက်ဆီးခံရရာ လီဟန်ဓား နန်းတော်သည်လည်း ရီဖူရှင်း၏ ဒေါသကို ခံစားမိကြဟန် ရကြ၏။
မကြာသေးမီကလည်း လီဟန်ဓား နန်းတော်က လူအချို့ ရီဖူရှင်း၏ လူများအား ကြံစည်ခဲ့ကြ၏။ အကယ်၍ ရီဖူရှင်းတို့သာ လုံလောက်သော စွမ်းအား မရှိပါက သူတို့မှာ သေဆုံးခဲ့ပြီး ဖြစ်ပေမည်။
“ ဂိုဏ်းတူညီမ... ဆရာဆီကို ပြန်ပြီး သတင်းပို့ရအောင်... ” မိုလီက ဖန်းရှောင်အား ပြောသည်။ ဖန်းရှောင်၏ မျက်လုံးများက အလွန်တရာ အေးစက်နေ၏။ သို့တိုင်အောင် သူမသည်လည်း ဘာမှ မတတ်နိုင်ဘဲ ခေါင်းညိတ်ရ၏။
အင်ပါယာ ကိုယ်တိုင်၏ ရာထူး အပ်နှင်းမှုကြောင့် သည်ရီဖူရှင်းကား အမှန်တကယ် မောက်မာလာခဲ့၏။
သတင်းများ ထွက်လာသောအခါ လူအများအပြားက ရီဖူရှင်းအပေါ် အမြင်တို့မှာ နက်ရှိုင်း လာခဲ့တော့သည်။ ကော့တေး၌ တစ်ခါတစ်ရံ လာရောက် စောင့်ကြည့်တတ်သော ထိုလူတို့သည်လည်း နောက်ထပ် ရောက်မလာရဲကြတော့ပေ။ စွေ့ရန်နန်းတော် ပျက်စီးခြင်းမှာ သိပ်မကြာသေးခင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လူအများအပြားမှာ လီဟန်ဓားနန်းတော်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ လီဟန်ဓား နန်းတော်မှ ဝမ်ချွန်းသည် တောင်အောက်သို ဆင်းလာနိုင်သည်ဟုလည်း လူအများအပြားက ခန်းမှန်း ပြောဆိုကြ၏။
အင်ပါယာရှား ကိုယ်တိုင်က ရီဖူရှင်းအား မင်းသမီး၏ ကိုယ်ရံတော် ခန့်ထားရာ သူသည် မင်းသမီး၏ ကာကွယ်မှု အောက်တွင် ရှိသည်ဟု ဆိုနိုင်သည်။ သူတို့အနေဖြင့် ရီဖူရှင်းအား ရှန့်ထိုများဖြင့် တိုက်ခိုက်၍ မရပေ။
သို့သော်လည်း လက်ရှိတွင် ဝမ်ချွန်းမှလွဲ၍ လီဟန်ဓား နန်းတော်မှ မည်သူတို့ ရီဖူရှင်းအား ယှဉ်နိုင်ပါမည်နည်း။
သည်တစ်ကြိမ် ပြည်နယ်ကိုးခုမှ ပြိုင်ဘက်ကင်း ရှီတန်ခိုးရှင်ကား သာမန်မဟုတ်ပေ။
သို့သော်လည်း လီဟန်ဓား နန်းတော်ကား စွေ့ရန်နန်းတော်နှင့် ကွဲပြားခြားနား ပေသည်။ လီဟန်နန်းတော် ဟူသည် မည်သို့သော အင်အားစု ဖြစ်သနည်း။ သူတို့သည် အင်ပါယာ ရှားဘုံအတွင်း၌ ဓားပညာတွင် နံပါတ်တစ် အဆင့်အတန်းရှိသော တော်ဝင်မြေ မဟုတ်ပါလား။ စွေ့ရန်နန်းတော်ကား လီဟန်ဓား နန်းတော်နှင့် ယှဉ်ပါက ဘာမှ မဟုတ်ပေ။
အားလုံးက ခန့်မှန်းငြင်းခုန် နေကြစဉ်မှာပင် ထိုကိစ္စမှာ တဖြည်းဖြည်း ပြန်လည် အေးလာခဲ့ပြီး အင်ပါယာရှားဘုံ အတွင်းမှ လူများမှာ နောက်ထပ် ကိစ္စတစ်ခုအား ပိုမိုစိတ်ဝင်စား လာခဲ့ကြသည်။
ရှောင်ကလန်၏ ခေါင်းဆောင်သည် မကြာခင် သူ၏မွေးနေ့ မင်္ဂလာအား ကျင်းပတော့မည် ဖြစ်သည်။
ဆရာသခင်ရှောင် ကိုယ်တိုင်သည် ရှန့်ထိုအဆင့် အတွင်း၌ အမြင့်ဆုံးသော အဆင့်အတန်း ရှိသူဖြစ်၏။ သို့သော် သူ့မိသားစုမှ မွေးထုတ်ခဲ့ကာ အင်ပါယာရှားဘုံ၏ နံပါတ်တစ် မိန်းမလှဖြစ်ပြီး အင်ပါယာရှား ကိုယ်တိုင်၏ ချစ်ခင် မြတ်နိုးခြင်းကို ခံရသော ဧကရီရှောင်သည် သူ့ထက် အားကောင်း ပေတော့သည်။
ထို့အပြင် သူမက အင်ပါယာရှား၏ အချစ်ဆုံး သမီးငယ် ရှားရှင်းယွန်အား မွေးထုတ် ပေးနိုင်ခဲ့သူလည်း ဖြစ်၏။
အင်ပါယာရှားဘုံ အတွင်း၌ ဆရာသခင်ရှောင်မှာ မည်သို့သော အဆင့်အတန်းအား ပိုင်ဆိုင်သည်ကို အားလုံးက ခန့်မှန်းနိုင်ပေသည်။
မွေးနေ့ပွဲနေ့တွင် သူ့အား နေရာစုံမှ အင်အားစုတိုင်းက လာရောက် ဂါရဝပြုကြပေလိမ့်မည်။
ဧကရီရှောင် ကိုယ်တိုင်ပင် ရောက်လာပေလိမ့်မည်။
ဧကရီရှောင် ရောက်လာခဲ့လျှင် သူမ၏ သမီးဖြစ်သူ၊ ဆရာသခင်ရှောင်၏ မြေးမလေး ရှားရှင်းယွန်လည်း ရောက်လာမည်မှ သေချာ၏။
ရီဖူရှင်းသည်လည်း သတင်းများကို ကြားသိရပေသည်။ အကြောင်းအရင်းမှာ သူ့အား ရှောင်ကလန်က မွေးနေ့ဖိတ်စာ ပေးပို့ခဲ့သောကြောင့်ပင်။
ကော့တေးတွင် ရီဖူရှင်းသည် လက်ထဲမှ ဖိတ်စာအား ကြည့်ကာ ပြုံးသည်... “ အခု အင်ပါယာရှား ယောက္ခမဆီက ဖိတ်စာရပြီ။ ဒါက အထက်ဘုံမှာ ကျွန်တော်တို့ကို အသိအမှတ် ပြုလာကြပြီလို့ ဆိုလိုတာပဲမလား... ”
“ရှောင်ကလန်က အထက်ဘုံမှာ ပြဿနာ လာရှာတဲ့သူကို တွေ့မြင်ချင်တာလည်း ဖြစ်နိုင်တာပဲ… ”
မျက်နှာချင်းဆိုင်တွင် ဂူတုံးလျိုက ပြောသည်။
“ မင်း သွားတက်မလား… ”
“ တက်ရမှာပေါ့… မတက်လို့မှ မရတာ… ”
ရီဖူရှင်းက သူ၏ အစ်ကိုသုံးအား ကြည့်ကာ ပြုံးသည်။
ရှောင်ကလန် … သူတို့အား တော်ဝင် မိသားစု၏ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်မည်လား။
ထို့အပြင် သူတို့ ကိုယ်တိုင်သည်လည်း ထိပ်သီးအင်အားစု တစ်ခုဖြစ်ကာ သူတို့ အဆင့်အတန်းအား ခန့်မှန်းစရာပင် မလိုတော့ပေ။
“ဟုတ်တယ်… ” ဂူတုံးလျိုက ခေါင်းညိတ်သည်။
“ဒါပေမဲ့ အထက်ဘုံက အင်အားစုတွေက ရှုပ်ထွေးတယ်။ ဆရာသခင်ရှောင်ရဲ့ မွေးနေ့က ထိပ်သီး အင်အားစုတွေ သေချာပေါက် ရောက်လာမှာပဲ။ ရာရာကို မင်းနဲ့အတူ လိုက်ပါစေ ”
“အစ်ကိုသုံး … အင်ပါယာရှားရဲ့ ရာထူးအပ်နှင်းမှု၊ ဆရာသခင်ရှောင်ရဲ့ ဖိတ်ကြားမှုတွေကို ကြည့်ရင် ရှောင်အိမ်တော်မှာ သေချာပေါက် ဘေးကင်းမှာပါ။ စိတ်မပူပါနဲ့ ” ရီဖူရှင်းက ပြောသည်။
ဂူတုံးလျိုက ထိုက်မတိုက်တွန်းတော့ဘဲ ပြောသည်။
“မင်း ရှန့်ထိုအဆင့်သို့ မြန်မြန်ရောက်အောင် ကြိုးစားတော့။ အဲဒီ အချိန်ကျရင် မင်းက ရှန့်ထိုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကူရာမဲ့ အခြေအနေ မဖြစ်တော့ဘူး ”
“မဟာလမ်းစဉ်က ကျွန်တော်နဲ့ အလှမ်းဝေး နေပါသေးတယ်” ရီဖူရှင်းက ပြောသည်။
မဟာလမ်းစဉ်က စိတ်ဓာတ် ရင့်သန်ခြင်း၊ ကျင့်ကြံခြင်း ရင့်သန်ခြင်းများမှာ အခြေခံ လိုအပ်ချက် ဖြစ်သည်။ သူ့ကျင့်ကြံခြင်းမှာ ကွန်းရှီအဆင့်သို့ ရောက်ခဲ့သည်မှာ သိပ်မကြာသေးသလို သူ့စိတ်နှလုံး ရင့်သန်မှုအတွက်လည်း အချိန်ပေးရန် လိုပေသေးသည်။
***
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ဆရာသခင်ရှောင်၏ မွေးနေ့မင်္ဂလာပွဲ ရောက်ရှိလာခဲ့၏။
အထက်ဘုံ၏ တောင်ဘက်ဒေသ၌ တည်ရှိသော ရှောင်ကလန်သည် ရုတ်တရက် အားဖြင့် စည်ကား သိုက်မြိုက်လာခဲ့၏။ နေရာအနှံ့မှ တန်ခိုးရှင်များ ရောက်လာခဲ့ကြကာ အများအပြားမှာ ရှန့်ထိုများ၏ ဦးဆောင်မှုဖြင့် လာကြ၏။ သူတို့အားလုံးကို ရှောင်ကလန်က ကလန် အတွင်းသို့ ဖိတ်ခေါ် နေရာချ၏။
ရီဖူရှင်းတို့ အဖွဲ့ ရှောင်အိမ်တော်သို့ ရောက်လာကြ၏။ ရီဖူရှင်း နှင့်အတူ ယူချင်း၊ ရီဝူချင်းနှင့် နောက်ထပ် လူငယ်အချို့လည်း ပါလာကြ၏။
“ရီဖူရှင်းက သခင်ကြီးရှောင်ကို လာရောက်ဂါရဝပြုပါတယ်… ”
ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အစောင့်များအား ပြောသည်။ ဤတွင် အစောင့်များက ရီဖူရှင်းတို့အား အတွင်းသို့ ချက်ချင်း ဝင်ခွင့်ပေးကြ၏။
အိမ်တော်ခြံဝင်း အတွင်း၌ လူအများအပြားက ရီဖူရှင်းအား စိတ်ဝင်တစား ကြည့်ကြ၏။
“ဆရာရီပါလား… ” လှပသော အစေခံမိန်းကလေး တစ်ယောက်သည် ရှေ့သို့ ရောက်လာခဲ့ကာ မေး၏။
“ဟုတ်ပါတယ် … ” ရီဖူရှင်း ခေါင်းညိတ်၏။
“သခင်လေးက ဆရာရီကို စကားစမြည်ပြောဖို့ ဖိတ်ခေါ်နေပါတယ် … ” အစေခံမိန်းကလေးက ပြုံးလျက် ပြောသည်။
“မင်းတို့ သခင်လေးက ဘယ်သူလဲ … ” ရီဖူရှင်းက မေးသည်။
“သခင်လေး ရှောင်ရှမ်း… ” အစေခံမိန်းကလေးက ပြန်ပြောသည်။
ရီဖူရှင်းက အင်ပါယာရှားဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များအား လေ့လာ ဖတ်ရှုခဲ့သော်လည်း သူက ရှောင်ရှမ်း၏ နာမည်နှင့် မရင်းနှီးပေ။ သို့သော် ဘေးမှ လို့လန်ရွှီက သူ့အား စိတ်ဖြင့် သတိပေးသည်။
“အင်ပါယာရှားဘုံထဲမှာ ရှန့်ထိုအဆင့် အောက်မှာလည်း နာမည်ကျော်ကြားတဲ့ ပါရမီရှင်တွေ ရှိတယ်။ ရှောင်ရှမ်းက ရှောင်ကလန်ရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ခံ ထားရပြီးတော့ ကလန်ထဲမှာလည်း မြင့်မားတဲ့ အဆင့်အတန်း ရှိတယ် ”
လို့လန်ရွှီပြောသည်ကို ကြားလျှင် ရီဖူရှင်းက အစေခံ မိန်းကလေးအား ပြုံးလျက်ပြောသည်။
“သခင်လေးရှောင်က ကျုပ်ကို ဘာလို့ တွေ့ချင်ရတာပါ့လဲ ”
သူက ရှောင်ရှမ်းနှင့် မသိပေ။
“သခင်လေးရီပဲ မဟုတ်ပါဘူး။ တခြားဒေသက နာမည်ကျော်ကြားတဲ့ လူငယ်တွေလည်း သခင်လေးရှောင်ရဲ့ ဖိတ်ကြားမှုကို ရကြပါတယ်။ သခင်လေး ပြောတာက လူငယ်တွေက လူကြီးတွေ အကြားထဲနေတာ ပျင်းစရာ ကောင်းတယ်။ ဒါကြောင့် လူငယ်အချင်းချင်းပဲ နှီးနှော ဖလှယ်ပြီး စကားပြောနိုင်ဖို့ အခေါ်လွှတ်တာပါ ” အစေခံမိန်းကလေးက ပြောသည်။
“ သေချာတာပေါ့ … ” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည် ။
“ လမ်းပြပေးပါ… ”
ရှောင်အိမ်တော်ကား လွန်စွာ ကြီးမားပေသည်။ အစေခံမိန်းကလေးက သူတို့အား ဥယျာဉ်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ကာ ထိုနေရာတွင် လူအများအပြား ရှိနေကြပြီး ဖြစ်သည်။ သူတို့အားလုံးမှာ ငယ်ရွယ်ကာ တက်ကြွကြ၏။
ထိုအထဲတွင် ရီဖူရှင်း တွေ့မြင်ဖူးသော သူလည်း ပါဝင်သည်။ ဥပမာ … လွန်ခဲ့သော နှစ်အနည်းငယ်က သူမြင်တွေ့ဖူးသော ကျူးထန် နန်းတော် သခင်လေး ကုမူ အားလည်း တွေ့ရ၏။
ယခင်က ကုမူသည် ပေ့ချိန်ရန်နှင့် အလွန် ရင်းနှီးသည့်ဟန် ရှိသည်။ ယခု ပေ့ချိန်ရန်မှာ သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရာ ကုမူ မည်သို့ တွေးထင်မည်နည်းဟု ရီဖူရှင်း တွေးသည်။
သို့သော်လည်း လက်ရှိတွင် ကုမူ၏ မျက်လုံးများမှာ အလွန်တရာ တည်ငြိမ်နေ၏။
ရီဖူရှင်းက တခြားလူများကိုမူ တစ်ခါမှ မမြင်ဖူးသော်လည်း ထိုသူများ အားလုံးမှာ အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြောင်း သူခန့်မှန်းမိသည်။
ရီဖူရှင်း ရောက်သွားသောအခါ လူတိုင်း၏မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်သွားကြသည်။ ယခု အထက်ဘုံ၌ ရီဖူရှင်းမှာ အတော်အတန် နာမည် ကျော်ကြားနေပြီ ဖြစ်သည်။
အိမ်ရှင်ဖြစ်သည့် ရှောင်ရှမ်း၏ မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်လာသည်။ သူက အပြာရောင် ဝတ်စုံကို ဝတ်ထားကာ မျက်လုံးများက ပြုံးရောင် သန်းနေပြီး အလွန်တရာ ချောမောသည်။
***