အင်ပါယာရှားဘုံအတွင်းမှ အင်အားစုများ
Vol. 011 Ch. 1035
ရှောင်ရှမ်းသည် … ရှောင်ကလန်၏ ဆက်ခံသူ၊ ဧကရီရှောင်၏တူ၊ ရှားရှင်းယွင်၏ဝမ်းကွဲအစ်ကို။
သူ၏ နတ်ဘုရားပေးသော ပါရမီကိုပင် ထည့်မတွက်ဘဲ သူ၏အဆင့်အတန်း တစ်ခုတည်းက အင်ပါယာရှားဘုံ အတွင်း၌ အနည်းငယ်သောလူများသာ ယှဉ်နိုင် လောက်ပေသည်။
အင်ပါယာရှားကား သူ၏ဦးလေး ဖြစ်သည်။
သည်ကဲ့သို့သော နောက်ခံ အင်အားကား အင်ပါယာရှားဘုံ အတွင်း၌ပင် မနာလိုဖြစ်ရန် လုံလောက်ပေသည်။
ရီဖူရှင်း ရောက်လာသည်ကို မြင်လျှင် ရှောင်ရှမ်းက ပြောသည်။
“ကျုပ်က အစ်ကိုရီရဲ့ နာမည်ကို ကြားဖူးခဲ့တာ ကြာပါပြီ။ ဒါကြောင့် ခင်ဗျားနဲ့ ရင်းနှီးချင်လို့ ဖိတ်ခေါ်လိုက်တာပါ။ ခင်ဗျားရဲ့ နာမည်ကျော်ကြားမှုက နည်းနည်းနောနောမှ မဟုတ်တာ။ ထိုင်ပါဦး … ”
“ခင်ဗျားက အရမ်းဖော်ရွေတာပဲ … ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်လည်၍ နှုတ်ဆက်သည်။ အစေခံ မိန်းကလေးက သူ့အား ထိုင်ခုံနေရာများ ပြင်ဆင်ပေးလျှင် ယူချင်းနှင့် ရီဝူချင်းတို့ အားလုံးကလည်း ရီဖူရှင်း ဘေးတွင် ထိုင်ကြသည်။
ရီဖူရှင်းက ထိုင်လိုက်စဉ်မှာပင် အသံတစ်သံအား ကြားလိုက်ရသည်။
“ သာမန် သက်တော်စောင့် တစ်ယောက်က ဘယ်လိုလုပ် အဓိကဧည့်သည်တွေ ထိုင်တဲ့နေရာမှာ ထိုင်ခွင့်ရတာလဲ။ သခင်လေးရှောင်က သူ့ကို အရမ်း အလေးပေးလွန်းပြီ ”
ရီဖူရှင်းက လှမ်းကြည့်လိုက်လျှင် လီဟန်ဓား နန်းတော်မှ ဖန်းရှောင်နှင့် မိုလီတို့အား မြင်၏။ စကားပြော လိုက်သူကား သူတို့နှစ်ယောက် မဟုတ်ဘဲ သူ့အနီးတွင် ဒုတိယတန်းစား လူများအတွက် ပြင်ဆင်ထားသောခုံများတွင် ထိုင်နေသူများထဲမှ တစ်ယောက်ဖြစ်သည်။
လီဟန်ဓား နန်းတော်ကား အင်ပါယာရှားဘုံ အတွင်းမှ အဆင့်အတန်း အမြင့်ဆုံးသော ဓားပညာများကို သင်ကြားနိုင်သော နေရာဖြစ်ရာ လီဟန်ဓား နန်းတော်သို့ ဝင်ရောက် နိုင်သူများမှာလည်း အကောင့်တကာ့ အကောင်းဆုံး များထဲတွင် ပါဝင်ကြ၏။ ထို့ကြောင့် အင်ပါယာရှားဘုံ အတွင်း၌ သူတို့၏ အဆင့်အတန်းများမှာလည်း မြင့်မားပေသည်။
ရီဖူရှင်းက ပြန်ပြောရန်ပင် စိတ်မဝင်စားပေ။ သို့သော် ယူချင်းက တစ်ဖက်သို့ အေးစက်စွာ ကြည့်ကာ ပြောသည်။
“သူက အင်ပါယာရှားရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာရှိတဲ့၊ ပြည်နယ်ကိုးခုကို အုပ်ချုပ်တဲ့ တော်ဝင်ကျဲ နန်းတော်သခင်ပဲ။ မင်း ဘယ်သူလဲ ”
ထိုလူက ရီဖူရှင်းအား ပြန်စိုက်ကြည့်လျှင် သူ့မျက်လုံးများထဲ၌ တစ်ဖက်လူအား ပြန်လည် ဖိအားပေးနိုင်သော ဓားအငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ သူက ယူချင်း၏ အကြည့်အား ရှောင်လွှဲခြင်း မရှိဘဲ ပြန်ကြည့်သည်။
“ ဒါက အထက်ဘုံပဲ… အောက်ဘုံမဟုတ်ဘူး ”
“အထက်ဘုံလား… ” ယူချင်းက တုံးတိတိ ပြောသည်။
“ ရှန့်ထိုက ဝင်ကယ်ရတဲ့ ကြွက်စုကလေးတွေကများ … ”
“ မင်း … ” ထိုလူက မည်သို့ ပြန်ပြောရမည်မသိတော့ပေ။
ထိုနေ့တိုက်ပွဲ၌ လီရန်ရှန့်ထိုဓားကသာ ဝင်မပါခဲ့လျှင် လီဟန်ဓား နန်းတော်မှ တပည့်များမှာ သေချာပေါက် အဆုံးသတ် ရပေလိမ့်မည်။
သူက နောက်လှည့်ကာ ဖန်းရှောင်အား မိုလီအား ကြည့်လျှင် ဖန်းရှောင်က သူ့အား ထူးမခြားနားစွာ ပြောသည်။
“ ပါးစပ်ပိတ်ထား… ”
ထိုလူ၏မျက်နှာက ပြာနှမ်းသွား၏။ သူက လီဟန်ဓား နန်းတော်အတွက် ပြန်လည်၍ လက်စားချေ ပြောဆိုလိုသော်လည်း ယူချင်း၏ အရှက်ခွဲမှုကိုသာ ကြုံခဲ့ရ၏။
လီဟန်ဓား နန်းတော်မှ တန်ခိုးရှင်များ အားလုံး မျက်နှာပျက် နေကြ၏။
တခြားသော လူများ အားလုံးကလည်း ယူချင်းအား ကြည့်ကြသည်။ လုချွန်အား အနိုင်ယူခဲ့သူမှာ သည်လူ ဖြစ်ဟန်ရသည်။
သူကလည်း ရီဖူရှင်းနှင့်အတူ လိုက်ပါကာ ကျူးထန်နန်းတော် ကိုးလွှာသို့ တက်ရောက် လာခဲ့သူ ဖြစ်သည်။
“ ဒီနေ့က ကျုပ်အဘိုးရဲ့ မွေးနေ့ပဲ။ ဒါကြောင့် ကျုပ်က အချင်းချင်း ရင်းနှီးရအောင် အကုန်လုံးကို ဖိတ်ခေါ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် ထိခိုက် နာကျင်ရအောင် မပြောဘဲ နေကြရအောင်လားဗျာ”
ရှောင်ရှမ်းက ပြုံးလျက် ကောင်းမွန်စွာ ပြောသည်။
“ သခင်လေးရှောင်က နန်းတော် သခင်ရီကို ဒီကလူတွေနဲ့ မိတ်ဆက်ပေးတာ မကောင်းဘူးလား ”
ဖန်းရှောင်က ရီဖူရှင်းအား တိုက်ခိုက် ပြောဆိုခြင်း မပြုတော့ပေ။ သူမတို့ အနေဖြင့် ပြော၍ အသာစီး မရနိုင်သည်ကို သိပြီးဖြစ်သည်။ မည်သို့ဆိုစေ ရီဖူရှင်းနှင့် ယူချင်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်များမှာ သူမတို့ထက် များစွာ သာပေသည်။
“သေချာတာပေါ့… ” ရှောင်ရှမ်းက ခေါင်းညိတ်သည်။
“ကျုပ်ကိုတော့ အစ်ကိုရီနဲ့ မိတ်ဆက်ဖို့ မလိုတော့ပါဘူး။ ပြီးတော့ အစ်ကိုရီကလည်း အကုန်လုံးက သိနေကြပြီ။ ဒါကြောင့် ဒီနေ့ ရောက်လာ သူတွေကိုပဲ တစ်ယောက်ချင်း မိတ်ဆက် ပေးပါ့မယ်”
ရှောင်ရှမ်းက ပြောကာ သူ့ဘယ်ဘက် အခြမ်းတွင် ရှိသော တစ်ယောက်အား ကြည့်သည်။ လူငယ်သည် ထူးခြား ကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါရှိပြီး သူ့အသားအရေများမှာ မိန်းမတစ်ယောက်အလား နူးညံ့ချောမွတ်၏။ သူသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ထားသော်လည်း သူ့တွင် အလွန် လှပသွယ်လျသော လက်အား ပိုင်ဆိုင်သည်။ သူ့မျက်လုံးများမှာ အသက်ဓာတ်များဖြင့် ပြည့်နှက်နေ၏။
“ခင်ဗျားက အင်ပါယာရှားဘုံက မဟာဗိုလ်ချုပ် ရှစ်ပါးကို ကြားဖူးမှာပဲ။ သူက ဗိုလ်ချုပ်ရန်ရဲ့ သား ရန်ယန်ပဲ။ ရှောင်ရှမ်းက မိတ်ဆက် ပေးသည်။ ရီဖူရှင်းက ခေါင်းညိတ်၏။ သူက မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီး ခြောက်ယောက်အား ဖတ်မှတ်ခဲ့ဖူးပေသည်။
ရန်ယင်သည် အလွန်လှပစွာဖြင့် ရီဖူရှင်းအား ပြုံးလျက် ခေါင်းညိတ်သည်။
“ကုန်စွန်းကျောင်း … နတ်ဘုရား တိမ်တိုက် တောင်ကြား ”
ရှောင်ရှမ်းက နောက်တစ်ယောက်အား မိတ်ဆက် ပေးသည်။ ကုန်စွန်းကျောင်းကား တိမ်တိုက် တောင်ကြား၏ တိုက်ရိုက်မျိုးဆက်မှ ဖြစ်ကာ သူ့အဆင့်အတန်းကို ထပ်ပြောနေစရာ မလိုတော့ပေ။
“ ကုမူ … ကျူးထန်နန်းတော် … ” ရှောင်ရှမ်းက ကုမူကို လက်ညှိုးထိုးပြသည်။
“ ကျုပ်တို့ တွေ့ဖူးကြတယ် … ” ကုမူက ပြုံးလျက် ရီဖူရှင်းအား ခေါင်းညိတ်သည်။ သူက ပေ့ချိန်ရန်နှင့် ပတ်သက်၍ တစ်ခွန်းမှ မဟပေ။ သူသည် ကျူးထန်နန်းတော်၏ ဆက်ခံသူ တစ်ယောက် အနေဖြင့် အလားအလာ များစွာရှိသော ပါရမီရှင် တစ်ယောက်အား သေလူတစ်ယောက်အတွက် ရန်သူဖြစ်စေမည် မဟုတ်ပေ။
“ရွှင်ယွမ်နန်းတော်… ရွှမ်ယင်…” ရှောင်ရှမ်းက မိတ်ဆက်ပေးလျှင် ရီဖူရှင်းကလည်း ရွှေရောင်ဝတ်စုံ ဝတ်ထားသော လူငယ်အား ခေါင်းညိတ် ပြသည်။
တခြား လူများကလည်း သူ့အား ခေါင်းညိတ်ပြသည်။
ရွှမ်ယွမ် နန်းတော် … အတိတ်တွင် ကြီးကျယ် ခမ်းနားခဲ့ဖူးသော အင်အားစု တစ်ခုဖြစ်သည်။ သူတို့သည် အင်ပါယာရှား သည်မြေများကို အုပ်ချုပ်မင်း လုပ်ခြင်း မပြုမီက သူတို့၏ ဘိုးဘေးများသည် ရန်ဟောင်များဖြစ်ကြ၏။ နောက်ပိုင်း ရန်ဟောင် မျိုးဆက်ပြတ် သွားခဲ့ကာ သူတို့နေရာ အစား အင်ပါယာရှားက အစားဝင်ယူခဲ့၏။ သို့တိုင်အောင် သူတို့ အင်အားစုမှာ အလွန်ဂုဏ်သိက္ခာ ကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်နေဆဲပင်။
“ကျုပ်က လီဟန်ဓား နန်းတော်ကိုတော့ မိတ်ဆက်ဖို့ မလိုလောက်တော့ဘူး ” ရှောင်ရှမ်းက ပြုံးလျက် ပြောသည်။ ထို့နောက် သူက တာအိုဝတ်စုံနှင့် လူငယ် တစ်ယောက်အား ညွန်ပြသည်။ ထိုလူငယ်က ဦးစွာပင် လက်နှစ်ဘက်ကို ဆုပ်ကိုင်ကာ ရီဖူရှင်းအား ပြုံးလျက်ပြောသည်။
“ ထန်ကျိအဆောင်… မိုဝမ်… ”
စွေ့ရန်ရှန့်ထိုဓားနှင့် ပေ့ချိန်ရန်တို့သာ အသက်ရှင် နေသေးပါက သူတို့သည် သည်လူငယ်အား သေချာပေါက် မှတ်မိပေမည်။ သူကား စွေ့ရန်နန်းတော်သို့ သတင်းများ လာရောက် ပို့ဆောင်သော လူငယ်ဖြစ်သည်။
ထျန်ကျိနန်းတော်ကား အမြဲတမ်းအားဖြင့် အင်အားစုတိုင်းနှင့် ငြိမ်းချမ်းသော ဆက်ဆ့ရေးရှိကာ စီးပွားရေး ပိုင်းကိုသာ အားသန်ကြ၏။ ထို့ကြောင့် မိုဝမ်၏ နာမည်မှာ သိပ်ကျော်ကြားခြင်း မရှိပေ။
အမှန်တကယ်အားဖြင့် ရီဖူရှင်း အကြောင်းကို သူ အသိဆုံးဖြစ်သည်။ တိတိကျကျ ပြောရလျှင် အောက်ဘုံ၌ ရီဖူရှင်း၏ သတင်းများကို လိုက်ရန် သူ့အား တာဝန်ပေးထားခြင်း ဖြစ်သည်။
“ချင်နန်းတော်.. ချင်ပေ့… ” ရှောင်ရှမ်းက နောက်ဆုံးတွင် ထိုင်နေသူအား မိတ်ဆက်သည်။ ချင်ပေ့ဘေးတွင် နောက်တစ်ယောက် ရှိကာ ထိုသူကို ရီဖူရှင်းသိသည်။ သူ၏နာမည်မှာ ချင်ချီဖြစ်ကာ ရီဖူရှင်းက ကျူးထန်နန်းတော်၌ တွေ့ဖူး၏။
“အစ်ကိုရီက အခု တော်ဝင်မြေ တစ်ခုရဲ့ နန်းတော်သခင် တစ်ယောက်ပဲ။ ပြီးတော့ မင်းသမီးရဲ့ ကိုယ်ရံတော်လည်း ဖြစ်တယ်။ မှန်တယ်။ တစ်နေ့မှာ အစ်ကိုရီက မဟာဗိုလ်ချုပ်ကြီး တစ်ယောက်တောင်မှ ဖြစ်နိုင်တာပဲ” ရှောင်ရှမ်းက ပြုံးလျက် ဆက်ပြောသည်။
“ ဒါပေမဲ့ ကျုပ်ဝမ်းကွဲအစ်မက တော်တော် မာနကြီးတယ်။ အစ်ကိုရီက သူ့ဘေးမှာ နေရတာ တော်တော် ခက်ခဲမှာပဲ ”
“မင်းသမီးက ပွင့်လင်းလွတ်လပ်တဲ့ စိတ်နေသဘောထား ရှိတယ်။ သူမအနီးမှာ လေ့ကျင့်ရမယ် ဆိုရင်တောင် ဒါက သိပ်ပြဿနာ မရှိလောက်ဘူး”
ရီဖူရှင်းက ပြန်ပြောသည်။ သူက ထိုသို့ ပြောသော်လည်း မင်းသမီးဘေးတွင် မည်သည့် နည်းနှင့်မျှ လေ့ကျင့်ဖြစ်မည် မဟုတ်သည်ကိုတော့ သေချာသည်။ ရှားရှင်းယွန်သည် မည်သည့်နည်းနှင့်မျှ ငြိမ်းချမ်းစွာ လေ့ကျင့်နိုင်မည် မဟုတ်ပေ။
“အဆင်ပြေတယ်လား… ” ရှောင်ရှမ်းက အနည်းငယ်တော့ အံ့အားသင့် သွားဟန်ရသည်။
“ဒီမှာ တော်တော် ပျော်စရာ ကောင်းတာပဲ… ” သာယာသော ရယ်သံလေးတစ်ခု ထွက်ပေါ်လာခဲ့လျှင် လူမမြင်ရပါဘဲနှင့်ပင် အားလုံးမှာ နှလုံးများ အခုန်မြန် လာကြရသည်။
လူအများအပြားက သူမ၏ အသံကို ကြားရုံမျှက မည်သူ ရောက်လာသည်ကို သိကြပေ၏။
အားလုံး၏ အာရုံက အသံလာရာ ဘက်သို့ ရောက်သွားလျှင် ပါးလျသော အပြာရောင် ဝတ်စုံရှည်ဖြင့် မိန်းကလေး တစ်ယောက် လျှောက်လာသည်ကို မြင်ကြ၏။ ချက်ချင်းပင် ထိုနေရာ တစ်ခုလုံးမှာ သူမတစ်ယောက်တည်း ရှိသည်ဟု ထင်မှတ်သွားရပေသည်။
သူမ၏ ပြီးပြည့်စုံသော သွင်ပြင်သည် လှုပ်ရှားမှုတိုင်းမှာ ပတ်ဝန်းကျင်အား ယစ်မူးစေတတ်၏။ သူမ လမ်းလျှောက်လျှင် မြေပြင်မှာ ပန်းပွင့်များ ညွတ်ဆင်း ဦးညွှတ်ရပေမည်။ ပြုံးလိုက်လျှင် တစ်လောကလုံးမှာ လှပ အသက်ဝင်ရ၏။ သူမသည်သာ တစ်လောကလုံး၌ တစ်ဦးတည်းသော မိန်းမဖြစ်သည့် အလား လှပလွန်းပေသည်။
“ဒီမှာ ရောက်နေတဲ့သူ အများစုက ယောက်ျားတွေပဲ။ အခု နတ်မိမယ် ရောက်လာတော့ တစ်လောကလုံးက အရောင်မှိန် သွားသလိုပဲ” ရှောင်ရှမ်းက ပြုံးသည်။
ရီဖူရှင်း၏ အကြည့်က ထိုမိန်းမထံသို့ ရောက်သွားသည်။ သူသည်လည်း တိတ်တဆိတ် ချီးကျူးမိ၏။ အလွန်လှသော မိန်းမပါတကား။
သူက ချက်ချင်းပင် အင်အားစု တစ်ခုအား အမှတ်ရမိသည်။ ယောင်းထိုင် နတ်ဘုရား နန်းတော် … ။
မှတ်တမ်းများအရ ယောင်းထိုင် နန်းတော်သခင်သည် မိန်းမတစ်ယောက် ဖြစ်ကာ သူမ၏ အလှသည် ဧကရီရှောင်နှင့်ပင် နှိုင်းယှဉ်နိုင်၏။
မှန်သည်.. လက်ရှိ ရောက်လာသူမှာ ယောင်းထိုင် နန်းတော်သခင် မဟုတ်ဘဲ လူငယ်မျိုးဆက်မှ ယောင်းထိုင် နန်းတော်၏သမီးတော် ယောင်းချီဖြစ်သည်။
အနာဂတ်တွင် ယောင်းချီသည် အင်ပါယာရှားဘုံ၌ နံပါတ်တစ် မိန်းမလှဘွဲ့ထူးအား ရနိုင်သည်ဟု လူအများအပြားက ပြောဆိုကြသည်။ ထိုအရာကပင် သူမ မည်မျှလှသည်ကို ခန့်မှန်းနိုင်၏။
ရီဖူရှင်းက ယောင်းချီအား ကြည့်လျှင် ယောင်းချီသည်လည်း လူအများအပြားအား တစ်ချက် ဝေ့ကြည့်ကာ သူမ၏မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်လာခဲ့ပြီး တစ်ချက်ပြုံးပြသည်။ သူမ၏ အလွန်လှပသော မျက်လုံးလေးများသည် ထူးခြားသော ဆွဲငင်အား တစ်ခုကို ပိုင်ဆိုင်ကာ သန့်စင်လှပလွန်း ပေသည်။
***