ဧကရီရောက်လာခြင်း
Vol. 011 Ch. 1037
ကုန်စွန်းကျောင်း၏ လေသံကား တည်ငြိမ်ကာ ထိုအထဲ၌ မည်သည့် ခံစားချက်မှ မတွေ့ရ။ သူက ရီဖူရှင်းအား သဘောကျခြင်း၊ မကျခြင်းများကို ပြောနေရန်ပင်မလို။ သူ့အနေဖြင့် သည်လူငယ်၏ ဇာစ်မြစ်ဖြင့်ပင် သူ့အနေဖြင့် အာရုံစိုက်ရန် မလိုတော့။
ရီဖူရှင်းကဲ့သို့သော အထူး ပါရမီပါသောသူများ သိပ်များသည် မဟုတ်ပေ။ သို့သော် ထိုသို့သော လူများကိုပင် တိမ်တိုက် တောင်ကြားက သိပ်အလေးမထား။
အင်ပါယာရှားဘုံ အတွင်းမှ နံပါတ်တစ် ချပ်ဝတ်လက်နက် ပညာရှင်အင်အားစု ဖြစ်သလို အင်ပါယာရှားနှင့် ကောင်းမွန်သော ဆက်ဆံရေးလည်း ပိုင်ဆိုင်ထားသူများ ဖြစ်ရကား သူတို့အနေဖြင့် ခြွင်းချက်မရှိ ထိပ်သီး ပါရမီရှင်အချို့မှလွဲ၍ တခြား လူများအား သူတို့က မျက်လုံးထဲ မထည့်ပေ။
သို့သော်လည်း ရီဖူရှင်း၏ စည်းလွတ်ဝါးလွတ် စကားက သူ့အား တစ်နည်းနည်းဖြင့် သဘောမကျ ဖြစ်စေသည်။ သူ့တွင် ထူးခြား ကောင်းမွန်သော ပြိုင်ဘက်ကင်း ပါရမီကို ပိုင်ဆိုင်ထားသည့်တိုင် သူ့အနေဖြင့် အောက်ဘုံမှ လာသည် ဟူသော အချက်ကို ငြင်းပယ်၍ မရပေ။ အင်ပါယာရှားက သူ့အား မင်းသမီး၏ ကိုယ်ရံတော်အဖြစ် သတ်မှတ်ကာ လုံလောက်သော ချီးမြှောက်မှုများ ပြုလုပ်ထားသည့်တိုင် သူလုပ်သင့်သည် မလုပ်သင့်သည်များ ရှိပေသည်။ သူက စကားလုံးကြီးများဖြင့် လီဟန်ဓား နန်းတော်ကို ရန်စ တိုက်ခိုက်နေမည့်အစား အင်ပါယာရှား နန်းတော်ထဲ၌ပင် မင်းသမီး၏ဘေး၌ တိတ်ဆိတ်စွာ လေ့ကျင့် နေခဲ့သင့်သည်။
ထို့ကြောင့် ကုန်စွန်းကျောင်းက သူမေးလိုသည်ကို မေးလိုက်၏။
ရီဖူရှင်းက ကုန်စွန်းကျောင်းကို တစ်ချက် ကြည့်ကာ ရှင်းလင်းစွာ ပြောသည်... “ကျုပ်က ဝမ်ချွန်း တစ်ယောက်တည်းကို ပြောနေတာ မဟုတ်ဘူး။ ကျုပ်က လီဟန်ဓား နန်းတော်က ဘယ်ရှန့်ထို အဆင့်အောက် တန်ခိုးရှင်ကိုမဆို ပြောနေတာ”
ထိုတုံးတိတိ မှတ်ချက်က ကုန်စွန်းကျောင်းအား အတန်ကြာ တိတ်ဆိတ် သွားစေပြီးမှ သူ့မျက်နှာတွင် ခနဲ့ပြုံးတစ်ခု ပေါ်လာစေသည်။
လီဟန်ဓားနန်းတော်မှ ရှန့်ထိုအဆင့်အောက် တန်ခိုးရှင်များ အားလုံးတဲ့လား။
ဒါဆို မင်းက ရှန့်ထိုအဆင့် အောက်မှာ ပြိုင်ဘက်ကင်းလို့ ပြောနေတာလား။
ရီဖူရှင်းက တစ်ဖက်သို့ လွှဲသွားသည်။ သူကား လီဟန်ဓား နန်းတော်နှင့် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ကုန်စွန်းကျောင်းကသာ သူ့စကားများကို ခံစားချက်များ ဖြစ်ပေါ်လာကာ ဝင်ရောက် ခနဲ့သည်ဆိုလျှင်လည်း သူ့နေဖြင့် ရှင်းပြပြောဆိုရန် စိတ်မပါပေ။
“ဘာကိစ္စတွေကို ပြောနေကြတာလဲ.. ” မိန်းမ အသံတစ်သံကို ကြားကြရသည်။ အားလုံးက လှမ်းကြည့်လိုက်လျှင် လူနှစ်ယောက် သူတို့ထံသို့ လျှောက်လာသည်ကို မြင်ကြရ၏။
မိန်းမ နှစ်ယောက်သည် အလွန်တရာ လှပချောမော၏။ နှစ်ယောက်လုံးမှာ ရုပ်ရည်ပိုင်း၌ ယောင်းချီနှင့် ယှဉ်ရန် အနည်းငယ် လိုအပ်ချက် ရှိသည် ဆိုသော်လည်း ထူးထူးခြားခြား လှပချောမော ကြသူများဟု ပြောနိုင်ပေသည်။
“ကုန်စွန်းရွှမ်... သူမက မင်းသမီးနဲ့အတူ လေ့ကျင့်ရေးခရီးသို့ လိုက်ပါဖူးတယ်။ ငါသိတာကတော့ အဲဒီတုန်းက မင်းသမီး သူမကို တော်တော် ဂရုစိုက်တယ်။ ဘယ်လိုပြောပြော သူမက အထက်ဘုံရဲ့ နံပါတ်တစ် ချပ်ဝတ် လက်နက်ပညာရှင် မိသားစုကပဲ” စုချွဲက ငယ်ရွယ်သော မိန်းကလေးအား ကြည့်ကာ ရီဖူရှင်းအား စိတ်ဖြင့် လှမ်းပြောသည်... “ပြီးတော့ လျိုဖန်းက သူမကို သွားကြိုက်ပြီးတော့ တော်တော်ကို ရက်ရက်စက်စက် ငြင်းပယ်ခဲ့တယ်”
ထိုစကားကို ကြားကာ ရီဖူရှင်း ဆွံ့အ သွားရသည်။ အစ်ကို၅သည် လေကြီးသည်ကို သူသိ၏။ လျိုဖန်းက ထိုမိန်းမနှင့် ကလူကျီစယ်သော စကားများ ပြောဆိုမည်မှ သေချာ၏။
ထိုနှစ်များမှ ဖြစ်ပျက်ခဲ့သည်များအား သူ တစ်ခါမှ မမေးခဲ့ပေ။ သူ့အနေဖြင့် သေသေချာချာ မှတ်မိသည်မှာ ဝူချင်းနှင့် ပေ့ချိန်ရန်တို့ကိစ္စသာ ဖြစ်၏။ တခြားသော ကိစ္စရပ်များအား သူ သိပ်မသိပေ။
မှန်သည် … လေ့ကျင့်ရေး ခရီးစဉ်သို့ နှစ်များစွာ အတူတူ သွားခဲ့သည့် အလျောက် သူတို့ အချင်းချင်း ရင်းနှီး ခင်မင်လာခြင်းမှာ ပုံမှန်ဖြစ်၏။
ရှောင်ရှမ်း၏ မျက်လုံးများက စကား ပြောလိုက်သော မိန်းမထံသို့ ရောက်သွားသည်။ ကုန်စွန်းရွှမ်နှင့် ကုန်စွမ်းနီတို့သည် တိမ်တိုက် တောင်ကြား၏ မျိုးဆက်များ ဖြစ်ကြသည်။ ညီအစ်မ နှစ်ယောက်လုံးမှာ ရုပ်ရည်နှင့် အရည်အချင်း နှစ်ခုလုံး ထူးခြား ကောင်းမွန်သူများ ဖြစ်ကြ၏။
“ကျုပ်တို့က ဒီအတိုင်း စကားစမြည် ပြောနေကြရုံပါပဲ။ အစ်ကိုရီက သူဟာ လီဟန်ဓား နန်းတော်က ရှန့်ထို အဆင့်အောက် ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ် ပြောတယ်။ ကျုပ်တို့က အခွင့်အရေးရရင် တကယ်ပဲ တွေ့မြင်ချင်မိတယ် ” ရှောင်ရှမ်းက ပြုံးလျက် ပြောသည်။ သူကလည်း ရီဖူရှင်း၏ စကားကို မယုံပေ။
ကုန်စွန်းနီက ရီဖူရှင်းအား တည်ငြိမ်စွာ ကြည့်သည်။ သူမက ရီဖူရှင်းနှင့် ပတ်သက်၍ သိပ်မသိရာ မည်သည့် မှတ်ချက်မှ မပေးပေ။ သူမက ရိုးရှင်းစွာ ပြောသည်... “မွေးနေ့ပွဲ စတော့မယ်။ ငါတော့ သွားကြတော့မလား …”
“ကောင်းတယ်...” ရှောင်ရှမ်းက ပြုံးလျက် ခေါင်းညိတ်သည်။ သူကလည်း အားလုံးကို ကြည့်ကာ ပြောသည်... “အခွင့်အရေးရရင် ကျုပ်ကလည်း စိန်ခေါ်ပွဲကို ကြည့်ချင်တယ်။ အခုတော့ မွေးနေ့ပွဲကို သွားကြရအောင် …”
သူက ထရပ်ကာ ယဉ်ကျေးစွာဖြင့် လက်ကမ်းပြသည်။ ဤတွင် အားလုံးကလည်း ထရပ်ကြ၏။
ရှောင်ရှမ်းက ကုန်စွန်းနီထံသို့ လျှောက်သွားကာ ပြောသည်... “သွားကြမယ် …”
ကုန်စွန်းနီက အသာအယာ ခေါင်းညိတ်သည်။ ရှောင်ကလန်သည် တော်ဝင်မိသားစု၏ ဆွေမျိုးများ ဖြစ်ကြကာ တိမ်တိုက် တောင်ကြားနှင့် အင်ပါယာရှားတို့၏ ဆက်ဆံရေးတို့ မှာလည်း အလွန် ကောင်းမွန်ပေသည်။ ထို့ကြောင့် သူတို့ အင်အားစု နှစ်ခုလုံးမှာ ရင်းနှီးသော ဆက်ဆံရေးများ ရှိကြ၏။ ထို့ကြောင့် သူမသည်လည်း ရှောင်ရှမ်းနှင့် အတော် ရင်းနှီးပေသည်။
ကုန်စွန်းကျောင်း ကလည်း ရှေ့သို့ လျှောက်သွား ခဲ့သည်။ သို့သော် ကုန်စွန်းရွှမ်သည် နောက် ခပ်လှမ်းလှမ်း၌ ကျန်ခဲ့၏။
ရီဖူရှင်းနှင့် သူ့လူများကလည်း ရှောင်ရှမ်းနှင့် အတူ ထရပ်ကြလျှင် လီဟန်ဓား နန်းတော်မှ လူများက သူ့အား အေးစက်စွာ ကြည့်ကြသည်။
အစ်ကိုဝမ် ရောက်လာသောအခါ ရီဖူရှင်း အနေဖြင့် သူကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ပါးစပ်ပိတ် ရပေမည်။
“ကျွန်မတို့ အတူတူ သွားကြမလား... ဆရာရီ …” ရီဖူရှင်း ဘေးတွင် ထိုင်နေသော ယောင်းချီကလည်း ထရပ်ကာ ပြုံးလျက် မေးသည်။
“ကောင်းပြီ …” ရီဖူရှင်းက ခေါင်းညိတ်သည်။ နှစ်ယောက်သား ရှေ့သို့ လှမ်းသွား လိုက်ကြသည်။ ထိုအခိုက်တွင် ငွေရောင်ဆံပင်ဖြင့် လူငယ်သည် မှင်တက် ငေးမောဖွယ် ကောင်းအောင် လှပသော မိန်းကလေး ယောင်းချီနှင့် ယှဉ်တွဲကာ ရပ်လျှင် အလွန်တရာ လိုက်ဖက် ညီနေသည်။
ထိုအခိုက်တွင်ပင် သူတို့အား စောင့်နေဟန်ရသော ကုန်စွန်းရွှမ်အား သူ မြင်သည်။ ထိုအခိုက်တွင် လျိုဖန်းသည် တစ်စုံတစ်ခု အမှားအယွင်း လုပ်ထားသည့်အလား ရီဖူရှင်း၏ နောက်တွင် ကိုယ်ကို ယို့လျက် ပုန်း၏။
“ဘာလဲ … အခု ငါ့ကို မသိတော့ဘူးလား …” လျိုဖန်း၏ အမူအရာကို မြင်လျှင် ကုန်စွန်းရွှမ်က မေးသည်...“ အရင်တုန်းက နင် ဘယ်လောက်တောင် သတ္တိ ကောင်းလိုက်သလဲ ”
လျိုဖန်းက ခေါင်းညိတ်ကာ ကုန်စွန်းရွှမ်အား ပြုံးလျက် ပြောသည်... “ဟင် … မင်းကို ငါ စတွေ့ကတည်းက ထူးခြားတယ်လို့ သိခဲ့ပေမဲ့ တိမ်တိုက် တောင်ကြားက မှန်းတော့ မသိခဲ့ဘူးလေ။ ဒါကြောင့် မင်းရဲ့မီးတောက် ပညာက အရမ်း ကောင်းနေတာကိုး ”
နှစ်ယောက်သား၏ အမူအရာထံမှ ရီဖူရှင်းက အခြေအနေကို ရိပ်မိလိုက်သည်။ ထို့နောက် သူက သူတို့နှစ်ယောက်အား အလေးမထားတော့ဘဲ ရှေ့သို့ ဆက်လျှောက် သွားခဲ့သည်။
ကုန်စွန်းရွှမ်က လျိုဖန်းအား ကြည့်ကာ ပြောသည်... “နင် အထက်ဘုံသို့ လာမယ်လို့ မထင်ထားဘူး။ ရီဖူရှင်းနဲ့ ယူချင်းတို့ သတင်းတွေ အများကြီး ကြားရတယ်။ သူတို့ ဘယ်အင်အားစုကလဲ။ ဘာလို့ သူတို့နှစ်ယောက် လေ့ကျင့်ရေး ခရီးတုန်းက မလိုက်ခဲ့ကြတာလဲ”
“ညီငယ်နဲ့ ယူချင်းတို့က အံ့ဖွယ်ပါရမီရှင်တွေပဲ။ သူတို့အတွက် လေ့ကျင့်ရေးခရီးသို့ လိုက်ခြင်း မလိုက်ခြင်းက အရေးမပါဘူး” လျိုဖန်းက ပြောသည်။
“ညီငယ်လေး…” ကုန်စွန်းရွှမ်က နားမလည်စွာ မေးသည်။ နှစ်ဦးသား စကားပြောရင်းဖြင့် ရှေ့သို့ လျှောက်သွားကြ၏။
“အင်း…” လျိုဖန်းက ခေါင်းညိတ်သည်… “ညီငယ်လေးက ကော့တေး တပည့်တွေထဲ အငယ်ဆုံးလေ။ ကျုပ်တို့ အစ်ကိုကြီး၊ အစ်မ၂၊ အစ်ကို၃နဲ့ အစ်ကို၄ တို့ အားလုံးကို မင်း မြင်ဖူးပြီးပြီပဲ မလား”
ကုန်စွန်းရွှမ်က ခေါင်းညိတ်သည်။ သူမက လေ့ကျင့်ရေး ခရီးစဉ်၌ လိုက်ပါခဲ့သော အောက်ဘုံမှ လူတိုင်းအား သိပေသည်။ သို့သော်လည်း အတော်များများနှင့် ရင်းနှီးခြင်းတော့ မရှိပေ။
“ရွှမ်…” ကုန်စွန်းကျောင်းသည် ရှေ့သို့ လျှောက်သွားရင်း ကုန်စွန်းရွှမ်က လျိုဖန်းနှင့် စကားပြောဆို နေသည်ကို သိသွားဟန်ရကာ နောက်လှည့် ခေါ်သည်။
“သွားလိုက်ဦးမယ် …” ကုန်စွန်းရွှမ်က လျိုဖန်းအား ပြောလျှင် သူက ခေါင်းညိတ်သည်။ ကွန်စွန်းရွှမ်က သူ့အစ်ကို အစ်မများထံသို့ မြန်မြန် လျှောက်သွားခဲ့၏။
“မင်း သူ့ကို သိလား …” ကုန်းစွန်းကျောင်းက မေးသည်။
“အမှန်ပဲ … လေ့ကျင့်ရေး ခရီးစဉ်ထဲမှာ …” ကုန်းစွန်းရွှမ်က ဖြေသည်။
“သူ့ကို သာမန် နှုတ်ဆက်တာလောက်နဲ့ လုံလောက်တယ်။ အရမ်း နီးနီးကပ်ကပ် မဆက်ဆံနဲ့” ကုန်းစွန်းကျောင်းက သတိပေး၏။ တိမ်တိုက် တောင်ကြား၏ သမီးပျိုများ ဖြစ်ကြသော ကုန်းစွန်းနီနှင့် ကုန်းစွန်းရွှမ်တို့ကို လက်ထပ်ရမည့် သူများမှာ သေချာပေါက် အင်ပါယာရှားဘုံ၏ အကောင်းဆုံးသောသူများ ဖြစ်ရပေမည်။
ရှောင်ရှမ်းက ကုန်းစွန်းနီအပေါ် သဘောကျ ကြိုက်နှစ်သက်ခြင်း အပေါ် သူက ဘာမှ မပြောလိုသော်လည်း လျိုဖန်းမူကား ကွဲပြား ခြားနားပေသည်။
ထို့အပြင် ရီဖူရှင်းအပေါ် သူက သိပ်အမြင် မကြည်ပေ။ ရီဖူရှင်းက လီဟန်ဓား နန်းတော်နှင့်လည်း ရန်ငြိုးရန်စ ရှိ၏။ အင်ပါယာရှား သဘောကျမှု ရှိသည် ဆိုသည့်တိုင် လီဟန်ဓား နန်းတော်အား အပြစ် လုပ်ထားသည့် ရီဖူရှင်းမှာ သက်ဆိုးရှည်မည် မဟုတ်ပေ။
“ ကျွန်မ ဘာလုပ်ရမလဲ ကိုယ့်ကိုယ်ကိုယ် သိတယ် ” ကုန်းစွန်းရွှမ်က ဖြေသည်။
နှစ်ဦးလုံးက အချင်းချင်း ပြောစကားမျာအား ကွယ်ဝှက်ခဲ့ခြင်း မရှိခဲ့ကြရာ အားလုံးမှာ အတိုင်းသား ကြားနေကြရ၏။ သူတို့အားလုံးက ရီဖူရှင်းတို့ အဖွဲ့အား သဘောကျစွာ ကြည့်ကြသည်။
ကုန်းစွန်းကျောင်းသည် ရီဖူရှင်းနှင့် တိုက်ရိုက်အားဖြင့် ကတောက်ကဆ မဖြစ်ခဲ့သော်လည်း သူက ရီဖူရှင်းအပေါ် သဘောမကျသည်ကို အားလုံးက မြင်ကြရ၏။
လျိုဖန်းက တစ်ဖက်ကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်သည်။
ရီဖူရှင်းက လျိုဖန်း၏ အမူအရာကို မြင်လိုက်ကာ စိတ်ဖြင့် လှမ်းမေးသည်… “ဒါဆို အစ်ကို၅က သူမကို ကြိုက်နေတာပေါ့ …”
“အာ … အရင်နှစ်တွေက သူမနဲ့ နည်းနည်း စနောက် ပြောဆိုခဲ့ရုံတင်ပါပဲ။ ငါတို့ အချင်းချင်း အဲဒီလောက် မရင်းနှီးကြဘူး” လျိုဖန်းက ပခုံးတွန့်ကာ ပြောသည်။
“သူမက သိပ်မဆိုးဘူး …” ရီဖူရှင်းက ပြုံးလျက် ပြောသည် … “သူမက တကယ်ပဲ အစ်ကို၅ ဆီ လာစကားပြောတယ်။ သူမကလည်း အစ်ကို၅ကို သဘောကျနေရမယ်”
“မင်းက ငါ့ကို အစ်ကို၄ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ကောက်ချက် ချနေတာ။ ဟုတ်တယ်မလား” လျိုဖန်းက ဒေါသတကြီး ပြောသည်။
“ပြောရမယ်ဆိုရင် အစ်ကို၅နဲ့ အစ်ကို၄တို့က ဝါသနာ တူကြတာပဲ။ အစ်ကို၄က အာခီမီမြို့က မြို့စားသမီးကို ကြိုက်တယ်။ အစ်ကို၅ကလည်း ချပ်ဝတ်လက်နက် အင်အားစုက သမီးကို ကြိုက်တယ်”
သူ၏အစ်ကို နှစ်ယောက်လုံးမှာ အချင်းချင်း ပိုရင်းနှီးကြပြီး အမြဲတမ်း အားဖြင့်လည်း တပူးတွဲတွဲ ဖြစ်သည်။ ယခု သူတို့ကြိုက်သော သူများမှာလည်း ဆင်တူသော နောက်ခံရှိ၏။
“အရင်နှစ်တွေတုန်းက ငါလည်း လေ့ကျင့်ရတာတွေ အရမ်း ပျင်းလာတာနဲ့ မီးတောက် လောကဓာတ်မှာ ကျွမ်းကျင်တဲ့ မိန်းကလေး တစ်ယောက်ကို သွားပြီးတော့ စနောက်မိတာပဲ။ ဒါပေမဲ့ မင်းအစ်ကို၅က မိန်းကလေးတွေ အပေါ်မှာ ဆွဲဆောင်မှု ရှိတယ်ဆိုတာ သိတယ်မလား။ မိန်းကလေးတွေက ငါ့ကို ကြိုက်တာ သဘာဝပဲ ” လျိုဖန်းက အရှက်မဲ့စွာ ပြောသည်။
“အစ်ကို၄က ပိုတော်တယ်။ သူက တွေ့တာနဲ့ ကိစ္စပြတ်သွားတာပဲ မလား။ အစ်ကို၅လည်း သူ့လို ကြိုးစား ကြည့်ပါလား။ ” ရီဖူရှင်းက ပြောသည်။
“ပါးစပ်ပိတ်ထား…” လျိုဖန်းက စကား နှစ်လုံးတည်းဖြင့် ပြောနေသည်ကို ဖြတ်လိုက်သည်။ သူက ထိုသို့ သွားလုပ်ပါက သေရန်သာ ရှိပေမည်။ ထိုစဉ်က ရွှီယီမှာ ထိုသို့ အလုပ်ကောင်း၍ သေမလိုပင် ဖြစ်ခဲ့သေး၏။
ယခု မွေးနေ့ပွဲသို့ ရောက်လာသူများ အားလုံးမှာ တော်ဝင်မြေများမှ ဖြစ်ကြ၏။
ရီဖူရှင်းကား လူအုပ်ထဲတွင် သိပ်ထင်ပေါ်ခြင်းပင် မရှိပေ။ ထိုအခိုက်တွင် ကောင်းကင်ထံမှ ရထားလုံးများနှင့် လူအများအပြား ပျံသန်းလာသည်ကို မြင်ကြသည်။
“ ဧကရီရှောင် အိမ်ပြန်လာပြီ ” အဝေးမှ အသံတစ်သံကို ကြားကြရသည်။
ဘုရင်မရှောင်ကား အင်ပါယာရှား၏ မိဖုရားဖြစ်ကာ ဧကရီဘွဲ့ကို ခံယူရရှိသူ ဖြစ်၏။ သူမ၏ အဆင့်အတန်းမှာ မြင့်မားလွန်းရကား ရှောင်အိမ်တော်သို့ ပြန်လာခြင်းမှာပင် အလွန်တရာ အလေးထား ရသည့်ကိစ္စ ဖြစ်ပေသည်။
ရှောင်မိသားစု ခေါင်းဆောင်နှင့် တခြား အကြီးအကဲများ အားလုံးက ဧကရီအား ကိုယ်တိုင် ထွက်ရောက် ကြိုဆိုကြရသည်။
ရထားလုံးသည် ကောင်းကင်၌ ရွေ့လျားကာ ရထားလုံးပေါ်၌ မိန်းမနှစ်ယောက် ထိုင်နေကြသည်။ တစ်ယောက်မှာ ဧကရီရှောင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ရှားရှင်းယွန် ဖြစ်၏။
ရှားရှင်းယွင်က အောက်ကို ကြည့်လိုက်လျှင် ရင်းနှီးသော မျက်နှာတစ်ခုအား မြင်လိုက်ရပြီး သဘောမကျ ဖြစ်သွားသည်။ သူ အဘယ်ကြောင့် သည်နေရာသို့ ရောက်နေရသနည်း။
ထို့နောက် ရီဖူရှင်း၏ဘေးတွင် အလွန်တရာ ချောမောလှပသော မိန်းကလေး တစ်ယောက်အားလည်း သူမမြင်၏။ နှစ်ယောက်သားမှာ စကားများ ပြောနေကာ ရင်းနှီးသော ဆက်ဆံရေး ဖြစ်ဟန်ရ၏။
***