ညစာစားပွဲ
Vol. 011 Ch. 1038
ရှားရင်းယွန်က ထိုနေရာကို အေးစက်စွာ ကြည့်ကာ သဘောမကျသော အငွေ့အသက် တစ်ခု သူမ၏ မျက်နှာပေါ်၌ ပေါ်လာ၏။ ထို့နောက် သူမက အကြည့်ကို လွှဲလိုက်၏။
ရထားလုံးသည် ရှေ့သို့ ဆက်သွား နေခဲ့ကာ စင်မြင့်ထက်သို့ ကျရောက် လာသည်။
စင်မြင့်ထက်တွင် မွေးနေ့ရှင် ရှောင်အဘိုးအိုသည် ပြုံးလိုက်၏။ သူ့အနီးမှ လူအားလုံး သည်လည်း ဦးညွှတ်လိုက်ကြကာ ပြောသည်… “ဘုရင်မကို ကြိုဆိုပါတယ်။ မင်းသမီးကို ကြိုဆိုပါတယ်”
ထိုလူများ အားလုံးမှာ ဘုရင်မနှင့် မင်းသမီးတို့၏ အကြီးအကဲများ ဖြစ်ကြသော်လည်း သူတို့အားလုံးမှာ အရိုအသေ ပေးရပေသည်။
“အဖေ … သမီးက အဖေ့ရဲ့ မွေးနေ့ပွဲကို လာပြီးတော့ ဂုဏ်ပြုတာပါ” ဧကရီရှောင်က ရထားလုံးပေါ်မှ ဆင်းသက် လာခဲ့လျှင် မင်းသမီး ရှားရှင်းယွန်ကလည်း နောက်မှ လိုက်ပါလာသည်။
“အဘိုး …” ရှားရှင်းယွန်က ခေါ်သည်။ သူမတို့နှင့် လိုက်ပါလာသော သက်တော်စောင့်များက လက်ဆောင်များအား သယ်ဆောင် လာသည်။ ဧကရီရှောင်က ပြုံးလျက် ပြောသည် … “ဒါတွေက အင်ပါယာ ကိုယ်တိုင် ပေးလိုက်တာတွေပါ”
“အရမ်း ကောင်းတယ် … အရမ်း ကောင်းတယ် … ကျုပ်က အင်ပါယာရဲ့ ရက်ရောမှုအပေါ် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်” ရှောင်အဘိုးအိုက ပြုံးလျက် ပြောသည်။ အင်ပါယာက သူ့အား ကိုယ်တိုင် လက်ဆောင် စီစဉ်ပေးခဲ့သလို ဧကရီနှင့် မင်းသမီးတို့ကလည်း ကိုယ်တိုင် တက်ရောက် လာခဲ့ကြ၏။ အင်ပါယာရှားဘုံ အတွင်းမှ ထိပ်သီး အင်အားစုများလည်း ကိုယ်တိုင် တက်ရောက် လာခဲ့ကြသည်။ ယခုတွင် အင်ပါယာရှားဘုံ၌ ရှောင်ကလန်သည်သာ အင်ပါယာရှား နန်းတော်မှလွဲ၍ အကြီးမြတ်ဆုံးသော ဂုဏ်အား ပိုင်ဆိုင်ဟန် ရသည်။
အောက်တွင် အင်ပါယာရှားဘုံ အတွင်းမှ ထိပ်သီး အင်အားစုများ၏ လူများသည် တိတ်တခိုး သက်ပြင်းချကြ၏။ ရှောင်ကလန် ကိုယ်တိုင်က အလွန် အားကောင်းသည် ဆိုသော်လည်း သူတို့ ကိုယ်တိုင်အားဖြင့် အင်ပါယာရှားဘုံ အတွင်း၌ ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိပေ။ အနည်းဆုံး ရွှမ်ယွင်နန်းတော်၊ လီဟန်ဓား နန်းတော်နှင့် တိမ်တိုက် တောင်ကြားတို့က သူတို့အား ခြိမ်းခြောက် နိုင်ပေသည်။
သို့သော်လည်း ဧကရီရှောင်သည် အင်ပါယာရှား၏ မိဖုရား ဖြစ်လာကတည်းက ရှောင်ကလန်၏ ကံကြမ္မာမှာ တဖြည်းဖြည်း မြင့်မားလာခဲ့ပြီး အင်ပါယာရှားဘုံ၏ အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ မရေမတွက်နိုင်သော လူများသည် ရှောင်ကလန်၌ လာရောက် လေ့ကျင့်လိုခဲ့ကြ၏။
ယခု ရှောင်ကလန်တွင် အင်ပါယာရှား၏ အချစ်ဆုံးသော သမီးနှင့် ဇနီးတို့အား ပိုင်ဆိုင်သည်။ ထိုအရာက သူတို့အတွက် အဖိုး မဖြတ်နိုင်သောဂုဏ် ဖြစ်သည်။
ထို့အပြင် ဧကရီရှောင်၏ ဉာဏ်ပညာ ကြီးမြတ်မှု၊ မင်းသမီး ရှားရှင်းယွန်၏ ပါရမီတို့ဖြင့် ဆိုပါက ရှောင်ကလန်သည်သာ ရူးမိုက်သော ကိစ္စရပ်များအား မလုပ်သရွေ့ သူတို့မှာ ပိုမို မြင့်မားသော အနေအထားများသို့ ရောက်လာ နိုင်ပေသည်။
မည်သို့ဆိုစေ ဧကရီရှောင်၏ ကျင့်ကြံမှုဖြင့် သူမမှာ အသက်ကြီးရင့်သည့်တိုင် ရုပ်မရင့်နိုင်ပေ။ ရှားရှင်းယွန်၏ ပါရမီမှာလည်း သူ့ထက်မြင့်သည်ဟု အင်ပါယာ ကိုယ်တိုင်က အသိအမှတ် ပြုခဲ့သည်။ ကြီးကြီးမားမား အပြောင်းအလဲ မရှိခဲ့ပါလျှင် ရှောင်ကလန်၏ ထွန်းတောက်မှုမှာ သည့်ထက် ကြာရှည် နိုင်ပေလိမ့်မည်။
“ကျုပ်က ဧကရီကို ကြိုဆိုပါတယ်” သက်လတ်ပိုင်း လူကြီး တစ်ယောက်က ဘေးမှ ပြုံးလျက် ပြောသည်။ သူကား ဧကရီဘုရင်မ၏အစ်ကို ရှောင်ချိန်ဟေး ဖြစ်သည်။
“ထုံးတမ်းစဉ်လာတွေ မလိုပါဘူး … အစ်ကို” ဧကရီရှောင်က အနည်းငယ်ပြုံးကာ ပြောသည်။
“ထိုင်ပါ …” ရှောင်အဘိုးအိုက ပြုံးလျက် ပြောလျှင် အားလုံးက ခေါင်းညိတ် ကြသည်။ ဧကရီရှောင်က နောက်လှည့်ကာ လူအုပ်ကြီးအား ကြည့်သည်။ သူမကား ထိုနေရာတွင်ပင် ရပ်နေသည့်တိုင် တစ်လောကလုံး၏ မိခင်တစ်ပါးအလား အကြီးမြတ်ဆုံးသော ဂုဏ်ရှိန်ဝါအား ပိုင်ဆိုင်သည်။
မရေမတွက်နိုင်သော မျက်လုံးများက သူမထံသို့ ရောက်နေသည်။ သူမကား ဖီးနစ်ဝတ်စုံနှင့် သရဖူတို့အား ဝတ်ဆင်ထားကာ သိမ်မွေ့လှပခြင်းများဖြင့် ပြီးပြည့်စုံသော ရုပ်ရည်ကို ပိုင်ဆိုင်သည်။ သူမ၏ လင်းလက်မှုတွင် နေနှင့်လတို့၏ အရောင်များပင် မှေးမှိန်ရသည်။ သူမကား အင်ပါယာရှား၏ ဇနီးဖြစ်ပေ၏။
“ဧကရီရှောင်ကို နှုတ်ဆက်ပါတယ် …” လူအုပ်ကြီးက ဦးညွှတ်ကြသည်။ သူတို့အနေဖြင့် မည်သို့သော အဆင့်အတန်းအား ပိုင်ဆိုင်ပါစေ ဧကရီအား ဦးညွှတ်ရပေမည်။
“ဒီနေ့က အဖေ့ရဲ့မွေးနေ့ပဲ။ မင်းတို့အားလုံး လွတ်လွတ်လပ်လပ် နေကြပါ” ဧကရီရှောင်က ပြုံးလျက် ပြောသည်။ ထို့နောက် သူမကလည်း စင်မြင့်ထက်တွင် ပင်မ ထိုင်ခုံနေရာအား ရှောင်အဘိုးအို အတွက် ချန်ထားကာ ဘေးမှ ထိုင်ခုံမှာ ထိုင်သည်။ ရှားရှင်းယွန်က သူမဘေး၌ ထိုင်၏။
“မင်းတို့အားလုံး တက်ရောက်လာခဲ့တာ တကယ်ပဲ ဂုဏ်ယူစရာပါပဲ။ အားလုံး ထိုင်ကြပါ” ရှောင်အဘိုးအိုက ပြုံးလျက် လက်ဝှေ့ယမ်းသည်။ အားလုံးကလည်း ဦးညွှတ်ကာ ထိုင်ခုံတွင် ထိုင်ကြ၏။
ရီဖူရှင်းကလည်း လူအုပ်ထဲတွင် မိမိထိုင်ခုံ၌ ထိုင်သည်။
ယောင်းချီသည် သူ့ဘေးတွင် ထိုင်နေဆဲဖြစ်ရာ ရီဖူရှင်းမှာ ထူးဆန်းသလို ခံစားရသည်။ သူက ပြောသည်… “မင်းက မင်းရဲ့ အကြီးအကဲတွေ နောက်ကို လိုက်မသွားဘူးလား”
“ဒီကို လာတာ ယောင်းထိုင်နန်းတော်က လူနည်းနည်းနဲ့ ကျွန်မပဲ ရှိတယ်။ အကြီးအကဲတွေ မပါဘူး” ယောင်းချီက တီးတိုးပြောသည်။ သူမက ရီဖူရှင်းအား လှပသော မျက်လုံးများဖြင့် ကြည့်သည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ဘာမှ မပြောပေ။ သူက ဘေးတွင် ထိုင်နေသော မိန်းမလှ တစ်ယောက်အား နှင်မထုတ်နိုင်ပေ။ ထို့အပြင် သူမသည် စိတ်ဝင်စားဖွယ် ကောင်း၏။ သူမနှင့် မသင့်တော်ဟူသော အရာမရှိပေ။ သူမကား နတ်သမီးကဲ့သို့ ထင်မှတ်ရ၏။
“မင်းသမီးက ရှင့်ကို ကြည့်နေတယ်လို့ ထင်တယ်” ယောင်းချီက တီးတိုး ပြောသည်။
“မင်း မှားနေပြီ ထင်တယ်” ရီဖူရှင်းက ဖြေသည်။
“မင်းသမီးက ယောက်ျား အဝတ်အစားတွေကို ဝတ်တယ်။ ဒါပေမဲ့ သူမရဲ့ အလှတရားကို မဖုံးကွယ်ထားနိုင်ဘူး။ သူမကသာ မိန်းမ အဝတ်အစားကို ပြန်ဝတ်ခဲ့ရင် အားလုံးက မူးမေ့လဲသွား နိုင်တယ်” ယောင်းချီက မင်းသမီးရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်။
ရီဖူရှင်းက ဘာမှ မပြောပေ။ သို့သော်လည်း သူတွေးသည်မှာ ရှားရှင်းယွန်သည် မိန်းမလို ဝတ်စားပါက ယောင်းချီ၏ အလှနှင့် ယှဉ်နိုင်လောက် ပေသည်။
ထိုအခိုက်တွင် မွေးနေ့ပွဲ၌ ပုဂ္ဂိုလ်ကြီးများသည် အေးအေးလူလူ စကားပြောဆို နေကြသည်။ အစေခံလေးများက လူအုပ်ထဲတွင် သွားလာကာ စားသောက်ဖွယ်ရာများဖြင့် ဧည့်သည်များအား ဧည့်ခံနေကြသည်။
အင်အားစု များစွာကလည်း သူတို့၏ လက်ဆောင်များအား ရှောင်မိသားစုကို ပေးအပ်ကာ ဂုဏ်ပြုစကား ဆိုကြ၏။ သူတို့အားလုံး၏ လက်ဆောင်များမှာ ထူးခြား ကောင်းမွန် ကြပေ၏။
တိမ်တိုက် တောင်ကြားမူကား ထူးထူးခြားခြား တော်ဝင် ရတနာတစ်ခုအား လက်ဆောင် ပေးခဲ့ကြ၏။
“လတ်တလော အစ်ကိုကုန်းစွန်း ဘာတွေ လုပ်နေလဲ” ရှောင်အဘိုးအိုက တိမ်တိုက် တောင်ကြားမှ သက်လတ်ပိုင်း လူကြီး တစ်ယောက်အား မေးသည်။ သူကား တိမ်တိုက်တောင်ကြား၏ ဒုတိယမျိုးဆက် ခေါင်းဆောင် ကုန်းစွန်းကျင့် ဖြစ်သည်။ ထိပ်သီး အင်အားစု၏ ခေါင်းဆောင်များ ဖြစ်သည့် အလျောက် သူတို့အနေဖြင့် မွေးနေ့ပွဲလို သာမန် ပွဲလမ်းသဘင် အခမ်းအနားမျိုးအား တက်ရောက်ခြင်း မရှိပေ။ သူတို့အနေဖြင့် လက်အောက်မှ လူများအား စေလွှတ်ကာ လက်ဆောင်များ ပေးပို့ရုံဖြင့် လုံလောက် ပေသည်။
အင်ပါယာရှား ကိုယ်တိုင် ပြုလုပ်သော အခမ်းအနားများသာ ထိပ်သီး အင်အားစုများ၏ ခေါင်းဆောင်များ တက်ရောက် ပေသည်။
“အဖေ နေကောင်းပါတယ်။ သူက အင်ပါယာအတွက် အကောင်းဆုံးသော ရတနာတွေကို သွန်းလုပ်နေဖို့ နေ့ညမပြတ် ကြိုးစား နေပါတယ်” ကုန်စွန်းကျင့်က ယဉ်ကျေးစွာ ပြောသည်။
“ဒါက သူ့အတွက် ကောင်တယ်။ အစ်ကိုကုန်းစွန်းက အင်ပါယာ အတွက် ဒီလို ကြိုးစားနေတာ မြင်ရတော့ ကျုပ်လည်း ဝမ်းသာ ရပါတယ်” ရှောင်အဘိုးအိုက ပြုံးလျက် ခေါင်းညိတ်သည်။
“တိမ်တိုက် တောင်ကြားက ဒီလောက် မလုပ်ပေးနိုင်ပါဘူး။ တကယ်တမ်း အင်ပါယာကို ကာကွယ် ပေးနေတာက နတ်ဘုရား စစ်သူကြီးရှစ်ပါးပါပဲ။ လတ်တလောမှာ အင်ပါယာလီဘုံ၊ ဒီမွန်းကမ္ဘာတို့နဲ့ ကတောက်ကဆ ဖြစ်နေတယ်လို့ ကြားရတယ်” ကုန်စွန်းကျင့်က ပြောသည်။
မဟာလမ်းစဉ်၏ ဘုံသုံးထောင်၌ အင်ပါယာလီဘုံ၊ အင်ပါယာရှားဘုံနှင့် ဒီမွန်းကမ္ဘာတို့မှာ နယ်မြေချင်း ဆက်စပ်နေရာ မကြာခဏ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ ရှိပေသည်။
“မဟာလမ်းစဉ်ရဲ့ ဘုံသုံးထောင်ထဲမှာ ခိုက်ရန် ဖြစ်ပွားတာတွေ ကတော့ ရှောင်ဖယ် မရတာတွေပါပဲ” ရှောင်အဘိုးအိုက ပြုံးလျက် ပြောသည်။ လွန်ခဲ့သော နှစ်သုံးထောင်က မဟာ အင်ပါယာနှစ်ပါးသည် ကောင်းကင်ဒေသ တစ်ခုလုံးအား ပေါင်းစည်း နိုင်ခဲ့ကြ၏။
“လီဟန်ဓားသမားက ပျောက်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။ သူက ဘုံသုံးထောင်သို့ လျှောက်သွား နေပြီးတော့ သူ့ဓားပညာတွေကို တိုးတက်အောင် လုပ်နေတယ်။ သူ ဘယ်လောက်တောင် တိုးတက်နေပြီလဲ ကျုပ် မသိဘူး” ရှောင်အဘိုးအိုက လီဟန်ဓားနန်းတော်မှ တန်ခိုးရှင်များအား ပြောသည်။ ထိုအထဲတွင် ရှန့်ထိုတစ်ပါးလည်း ပါဝင်သည်။
“လီဟန်ဓား အရှင်သခင်က ဘယ်ရောက်နေလဲ ဆိုတာ မသိရသေးပါဘူး။ ဒါကြောင့် သူ့ကျင့်ကြံခြင်းက ဘယ်အဆင့် ရောက်နေလဲ ဆိုတာလည်း မသိသေးပါဘူး” ရှန့်ထိုတန်ခိုးရှင်က ဖြေသည်။
“အာ …” ရှောင်အဘိုးအိုက ခေါင်းညိတ်သည် … “အင်ပါယာရှားဘုံက တန်ခိုးရှင်တွေ အကုန်လုံး ပိုပြီးတော့ သန်မာလာဖို့ ကျုပ် မျှော်လင့်တယ်”
“ဒါက အရှင်မင်းကြီး စိတ်ပူရမဲ့ကိစ္စပဲ။ အဖေက စိတ်အေးလက်အေးပဲ နေပါ” ဘုရင်မရှောင်က ပြုံးလျက် ပြောသည်။
“အမှန်ပဲ … ကျုပ်တို့က အဘိုးကြီး အရွယ်ဖြစ်နေပြီ။ နောက်ထပ် မျိုးဆက်တွေ နာမည်ကျော်ကြား လာတာကိုပဲ စောင့်ကြည့် ရတော့မယ်” ရှောင်အဘိုးအိုက ပြောသည်။
“အဖေ … ရှင်းယွန်ကလည်း အရမ်း ပါရမီမြင့်တယ်။ နောက်မျိုးဆက်အတွက် ဘာလို့ စိတ်ပူနေတာလဲ” ရှောင်ချိန်ဟေးက ပြုံးလျက် ပြောသည်။
“အမှန်ပဲ … မင်းသမီးရဲ့ပါရမီက ပြိုင်ဘက် ကင်းတယ်။ ပြီးတော့ အရှင်မင်းကြီး ကိုယ်တိုင်ကလည်း သူမကို လေ့ကျင့်ပေးတယ်။ အနာဂတ်မှာ သူမက သေချာပေါက် အရှင်မင်းကြီး အတွက် အထောက်အကူ ဖြစ်မှာပဲ” လူအများအပြားက ချီးကျူး ပြောဆိုကြသည်။
ရှားရှင်းယွန်က ထိုသို့ ချီးကျူး ပြောဆိုမှုများဖြင့် အသားကျနေဟန် တူကာ မည်သို့မျှ ထူးခြားဟန် မရှိပေ။ သူမက ရုတ်တရက်အားဖြင့် ရီဖူရှင်းကို တစ်ချက် လှမ်းကြည့်သည်။
ဤလူများထဲ၌ တစ်စုံ တစ်ယောက်က သူမအား အနိုင်ယူခဲ့သည်ကို သိကြသည့်ဟန် မရှိပေ။
သူမက လှမ်းကြည့် နေသည်ကို ရီဖူရှင်း မသိပေ။ သူက ယောင်းချီနှင့် အေးအေးလူလူ စကားပြောနေသည်။ သူက ဖိတ်ကြားခံရမှတော့ ငြိမ်သက် အေးဆေးစွာ စားသောက် နိုင်ပေသည်။ သူက လက်ဆောင် မယူလာခြင်းကိုမူ ရှောင်အဘိုးအိုက သတိထားမိဟန် မတူ။
“မင်းတို့ အားလုံးက သူမကို အရမ်း ချီးကျူးလွန်နေပြီ …” ဧကရီရှောင်က ပြုံးလျက် ပြောသည် … “ရှောင်ရှမ်း ဘယ်မှာလဲ”
သူမက လူအုပ်ထဲကို ကြည့်လျှင် လူတစ်ယောက်က ထရပ်ကာ ဦးညွှတ်လျက် ပြောသည် … “ကျွန်တော် ဒီမှာပါ”
ဧကရီရှောင်က ရှောင်ရှမ်းအား ကြည့်ကာ သူ့ဘေးမှ မိန်းကလေးအား ကြည့်သည်။ သူမက ရုတ်တရက် နားလည် ဟန်ဖြင့် ပြောသည် … “သူမက တိမ်တိုက် တောင်ကြားက သမီးလား”
“အရှင်မကို နှုတ်ဆက်ပါတယ်။ ကျွန်မက ကုန်းစွန်းနီပါ …” ကုန်းစွန်းနီက ပြောသည်။
“ကောင်းတယ် … မင်းက တိမ်တိုက် တောင်ကြားရဲ့ ဂျူနီယာ တစ်ယောက် ဖြစ်ဖို့ တကယ်ထို က်တန်တယ်” ဧကရီရှောင်က သူမအား ချီးကျူးကာ ဆက်ပြောသည် … “မင်းက အရွယ် ရောက်လာပြီပဲ … ရှောင်ရှမ်း။ မင်းက မကြာခင် ရှန့်ထို အဆင့်သို့ ရောက်တော့မှာပဲ။ မင်းတို့နှစ်ယောက် တူတူ လေ့ကျင့် သင့်တယ်”
“ကျင့်ကြံခြင်း လမ်းစဉ်က ခရီးလမ်း ရှည်ကြာတယ်။ သူ့အနေနဲ့ မိန်းကလေး တစ်ယောက် အပေါ်မှာ ခံစားချက်တွေ အများကြီး ထားပြီး အချိန်ပေးမှာကို ကျုပ်က သိပ်မလိုလားဘူး။ ပြီးတော့ အနာဂတ်မှာ သူက အရှင်မင်းကြီးကို ခစားရမှာ” ရှောင်ချိန်ဟေးက ပြောသည်။
“ဒါက ပြဿနာ မရှိဘူး။ သူက ကျင့်ကြံခြင်းမှာ သူနဲ့ သင့်တော်တဲ့ တစ်စုံ တစ်ယောက်ကို တွေ့လျှင် ငါ့ဆီ လာပြောပါ။ သူတို့ နှစ်ယောက်ကို လက်ထပ်နိုင်ဖို့ ငါက ဘုရင်ကြီးဆီကို တောင်းဆိုပေးပါ့မယ်” ဧကရီရှောင်က အလွန်တရာ ဉာဏ်ပညာ ကြီးပေသည်။ ရှောင်ရှမ်းမှာလည်း သူမ၏ စကားကို ကြားကာ စိတ်လှုပ်ရှား ရ၏။ သူ ဘာလိုသည်ကို သူမက သိနားလည်ကာ ကူညီလိုသော ဆန္ဒရှိပေသည်။
“ကျွန်တော်က သင့်တော်တဲ့ လက်တွဲဖော်တွေ့ခဲ့ရင် သေချာပေါက် ပြောပါ့မယ်” ရှောင်ရှမ်းက ဧကရီရှောင်အား ဦးညွှတ်သည်။ အားလုံးက သူ့အား အားကျစွာ ကြည့်ကြသည်။ ဘုရင်မ ကိုယ်တိုင်က သူ၏ လက်ထပ်ပွဲအား စီမံပေးခြင်းမှာ အလွန် ဂုဏ်ယူဖွယ်ရာ ကောင်းသော ကိစ္စဖြစ်သည်။ ဧကရီရှောင်၏ ဆွေမျိုး တစ်ယောက်ဖြစ်သော ရှောင်ရှမ်းသည် ရွှေဇွန်းကိုက်ကာ မွေးဖွားလာြခင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ရှောင်ကလန်နှင့် တိမ်တိုက် တောင်ကြားတို့သည် လက်ထပ်ခြင်းဖြင့် မဟာမိတ်ဖွဲ့ နိုင်လောက်ပေသည်။ ဤသို့ဆိုလျှင် ရှောင်ကလန်မှာ ပိုမို၍ပင် ထွန်းတောက် လာနိုင်ပေသည်။
ထို့အပြင် ရှောင်ချိန်ဟေး၏ စကားအရ သူက ရှောင်ရှမ်းအား အင်ပါယာရှားထံ၌ ခစားစေမည့်ပုံ ရှိသည်။ ဤသို့ ဆိုလျှင် ရှောင်ကလန်၏ ဂုဏ်သိက္ခာမှာ ပိုမိုမြင့်မား လာနိုင်ပေလိမ့်မည်။
ဧကရီရှောင်၏ ဆိုလိုရင်းကို တိမ်တိုက်တောင်ကြား ကလည်း သိနားလည်ကာ ငြင်းဆိုခြင်း မပြုကြပေ။ ထိုအရာက အင်အားစုနှစ်ခုအား ပိုမို၍ နီးကပ် စေနိုင်ပေသည်။
“ဒီမျိုးဆက်မှာ တိမ်တိုက် တောင်ကြားမှာလည်း ပါရမီရှင်တွေ အများကြီးရှိတယ်။ ကုန်းစွန်းကျောင်းကလည်း ရှန့်ထိုအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး။ လီဟန်ဓား နန်းတော်မှာလည်း ဝမ်ချွန်းရှိတယ်။ ရွှမ်ယွင်နန်းတော် မှာလည်း ရွှမ်ယွင်အော့ ရှိတယ်။ ကျူးထန်နန်းတော် မှာလည်း ပါရမီရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတယ်။ အားလုံးက နောက်ထပ် မျိုးဆက် အသစ်တွေ ပေါ်လာမှာကို လိုလားကြတယ်” ရှောင်အဘိုးအိုက သူ၏ ရှောင်ကလန်ကိုသာ မဟုတ်ဘဲ တခြား အင်အားစုများကိုလည်း ချီးကျူးသည်။
“စီနီယာက တစ်စုံ တစ်ယောက်ကို ညွှန်းဆိုဖို့ ကျန်နေခဲ့ပါတယ် …” ဖန်းရှောင်က ဦးညွှတ်လျက် ပြောသည်။
“အာ … ဘယ်သူ့ကို ပြောတာလဲ …” ရှောင်အဘိုးအိုက လီဟန်ဓား နန်းတော်မှ လူများဘက်သို့ ကြည့်ကာ ပြောသည်။
“မကြာသေးခင်က ရှန့်ထို အဆင့်အောက်မှ ပြိုင်ဘက် ကင်းတယ်လို့ တစ်စုံတစ်ယောက်က ကြွားဝါခဲ့တယ်။ သူကိုယ်တိုင်က လီဟန်ဓား နန်းတော်မှာ ရှန့်ထိုမဟုတ်တဲ့ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်လို့ ပြောခဲ့တယ်” ဖန်းရှောင်က ပြောသည်။ တိတ်ဆိတ်စွာ ထိုင်နေသော ရီဖူရှင်းက ခေါင်းမော့ကာ ဖန်းရှောင်အား အေးစက်စွာ ကြည့်သည်။
***