← Chapters

မင်းသမီး၏သဘောထား

Vol. 011 Ch. 1039

မင်းသမီး၏သဘောထား

Vol. 011 Ch. 1039

ဖန်းရှောင်၏ စကားကို ကြားလျှင် မွေးနေ့ပွဲ တစ်ခုလုံး တိတ်ဆိတ် သွားသည်။ အားလုံးက သူမအား စိတ်ဝင်တစား ကြည့်ကြသည်။

လူတစ်ယောက်တည်းက လီဟန်ဓား နန်းတော်မှ ရှန့်ထို မဟုတ်သော လူတိုင်းကို အနိုင်ယူနိုင်သည်လား။

ရှောင်အဘိုးအိုက ပြုံးလျက် ပြောသည် … “လီဟန်ဓား နန်းတော်က ဝမ်ချွန်းဆိုတဲ့ ကလေးကို သိတယ်။ သူ့ကို လီဟန်ဓား နန်း‌တော်က အကြီးအကဲတွေ အများကြီး ချီးကျူး ကြရတယ်။ ရှန့်ထိုအဆင့် အောက်မှာ လီဟန်ဓား နန်းတော်က အကုန်လုံးကို အနိုင်ယူနိုင်တယ် ဆိုတော့ ဘယ်သူများ ဖြစ်မလဲ”

သူမက မည်သူ့ကို ပြောနေသည်ကို လူအများအပြားက ခန့်မှန်း မိကြသည်။ သူတို့က ရီဖူရှင်းအား လှမ်းကြည့်ကြ၏။

ရီဖူရှင်းသည် ဤမတိုင်မီက မင်းသမီး၏ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခံခဲ့ရကာ လူအများအပြား၏ သံသယ အတွေးများကို ဖြစ်ပေါ် စေခဲ့သည်။ ထိပ်သီး အင်အားစု များစွာက ထိုအခြေအနေအား အာရုံစိုက်မိခဲ့ကြ၏။

လူအများအပြားက ရီဖူရှင်းအား လှမ်းကြည့် နေသည်ကို မြင်လျှင် ရှောင်အဘိုးအို ကလည်း သူ့အား ကြည့်လျက် ပြုံးကာပြောသည် … “အာ … ဒါဆို ဒီလောက် ရည်မှန်းချက် မြင့်တဲ့သူက ရှင်းယွန်ရဲ့ ကိုယ်ရံတော်ပေါ့”

ရှားရှင်းယွန်ကလည်း ရီဖူရှင်းအား လှမ်းကြည့်သည်။ သည်အကောင်ကား တစ်ခါမှ ငြိမ်သက်စွာ မနေခဲ့ပေ။

သို့သော်လည်း သူက ကြွားဝါခြင်း မဟုတ်သည်ကို သူမသိသည်။ သူက ထိုသို့ပြောလျှင် ပြောသည့်အတိုင်း လုပ်နိုင်ပေသည်။

သူမ၏ အဖေက သူသည် ပြည်နယ် ကိုးခုလုံးထက် သာလွန်သည်ဟု ချီးကျူးခဲ့သည်။ ရီဖူရှင်းက သူ့ပညာများ အားလုံးကို မထုတ်ခဲ့လျှင်ပင် သူ့အား ဝမ်ချွန်းက အနိုင်ယူနိုင်မည် မဟုတ်ပေ။

ရီဖူရှင်းကလည်း ထရပ်ကာ ဧကရီရှောင်အား ဦးညွှတ်သည် … “ကျွန်တော်က မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်က ရီဖူရှင်းပါ … အရှင်မ”

ဧကရီရှောင်က သူ့အား ခေါင်းညိတ်ကာ ပြောသည် … “မင်းက တကယ်ပဲ လူတွေ အကြားက နဂါးတစ်ကောင်ပဲ။ အရှင်မင်းကြီးက မင်းကို ချီးကျူးတာ မဆန်းဘူး”

“ကျေးဇူးတင်ပါတယ် … အရှင်မ” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက ပြန်ထိုင်၏။

ရီဖူရှင်းကား လူငယ် မျိုးဆက်မှ ဖြစ်ကာ သူက ကြွားဝါ ပြောဆိုသည့်တိုင် ရှန့်ထိုများက မည်သို့မှ မပြောနိုင်ပေ။ ထို့အပြင် ယနေ့မွေးနေ့တွင် အိမ်ရှင်များ ဖြစ်ကြသော ရှောင်အဘိုးအိုနှင့် ဧကရီရှောင်တို့က မည်သို့မှ မှတ်ချက် မချခဲ့ကြရာ တခြားလူများကလည်း ဘာမှ မပြောကြတော့ပေ။

“လီဟန်ဓား နန်းတော်က ဝမ်ချွန်း၊ ရွှမ်းယွန်နန်းတော်က ရွှမ်းယွန်အော့၊ တိမ်တိုက် တောင်ကြားက ကုန်းစွန်းကျောင်း၊ ချင်နန်းတော်က ချင်ပေ့နဲ့ ယောင်းထိုင် နန်းတော်က ယောင်းချီတို့ အားလုံးက ရှန့်ထိုအဆင့် အောက်မှာ ပြိုင်စံရှားကြတယ်” ရှောင်ချိန်ဟေးက ပြောသည်။ သူ၏ အကြည့်က ရီဖူရှင်းထံသို့ ရောက်လာကာ ပြောသည်…“ မှန်တယ်… မင်းနဲ့ ယူချင်းတို့က ကျူးထန်ကိုးလွှာသို့ အထိ တက်ရောက် တိုက်ခိုက်ခဲ့ကြတယ်။ ဒီမတိုင်ခင် ယူချင်းကလည်း လီဟန်ဓား နန်းတော်က လုချွန်ကို အနိုင်ယူခဲ့တယ်။ မင်းတို့ နှစ်ယောက်က သူတို့နဲ့အတူ တစ်တန်းတည်း သတ်မှတ်နိုင်ဖို့ အရည်အချင်း ရှိကြတယ်။ ဒါကြောင့်ပဲ မင်းကို မင်းသမီးရဲ့ ကိုယ်ရံတော်အဖြစ် အရှင်မင်းကြီးက ခန့်အပ်ခဲ့တာပဲ။ ဒါပေမဲ့ မင်းက ငယ်သေးတယ်။ မင်းအခု ရောက်လာတဲ့နေရာကို ဘယ်လို ရောက်လာတယ် ဆိုတာ မမေ့နဲ့။ ပြီးတော့ အင်ပါယာရှားဘုံက ပါရမီရှင်တွေကိုလည်း အထင်မသေးနဲ့။ မှန်ကန်တဲ့ လမ်းစဉ်နဲ့ပဲ လေ့ကျင့်ပါ။ မင်းရဲ့ မောက်မာမှုကို ကန့်သတ်ပြီးတော့ မင်းသမီးကို ကောင်းကောင်း ခစားပါ။ ဒါဆို မင်းရဲ့ အနာဂတ်ကလည်း ကောင်းမွန်လိမ့်မယ်”

လူတိုင်းက သူ၏စကားကို ကြားကာ ခေါင်းညိတ် ကြသည်။ ရှောင်ချိန်ဟေးသည် မင်းသမီး၏ ဦးလေးဖြစ်ရာ ပုံမှန်အားဖြင့် သူ့အနေဖြင့် ရီဖူရှင်းအား သတိ ညွှန်ကြား ပေးပိုင်ခွင့် ရှိပေသည်။

သူပြောခဲ့သော စကားတွင်လည်း မသင့်တော်သော အကြောင်းအရာများ မပါဝင်ပေ။

ရှားရှင်းယွန်က ရှောင်ချိန်ဟေးအား ကြည့်သည်။ သူက ထိုသို့ ပြောလာမည်ကို သူမ မထင်ခဲ့ပေ။ သူကား သူမ၏ ဦးလေးဖြစ်ကာ သူ၏ စကားတွင်လည်း အမှား မရှိပေ။ သို့သော်လည်း ရီဖူရှင်းက တခြားလူများနှင့် ကွဲပြား ခြားနားပေသည်။ သူကား အရိုးထဲအထိ မာနကြီးမားသူ ဖြစ်သည်။ သူမနှင့် မျက်နှာချင်း ဆိုင်ရာတွင်ပင် သူသည် ဦးညွှတ်ခြင်း မရှိခဲ့သလို ရှေးနန်းတော်ရာ၌လည်း သူမနှင့်ပင် ရင်ဆိုင် တိုက်ခိုက် ခဲ့သေးသည်။

ထို့အပြင် သူမ၏အဖေက သူ့အား ကိုယ်ရံတော်အဖြစ် ခန့်အပ်ခဲ့ခြင်းမှာ သူမအား အမှန်တကယ် ခစားကာ ကာကွယ်စေလိုခြင်း မဟုတ်ပေ။ ထိုသို့ ခန့်အပ်ခြင်းက တခြားလူများအား သူ့ကို အနိုင်ကျင့်ခြင်းမပြုရန် သတိပေးခြင်းသာ ဖြစ်သည်။

ရီဖူရှင်း၏ နောက်ခံမှာလည်း လျှို့ဝှက် ဆန်းကြယ်ပေသည်။ သူမ၏အဖေက သူ့အား အဘယ်ကြောင့် ကာကွယ်ပေးသည်ကို သူမသည်လည်း နားမလည်ပေ။

ရှောင်ချိန်ဟေး၏ စကားများက ပြဿနာ သိပ်မရှိသော်လည်း ရီဖူရှင်းက သေချာပေါက် မပျော်မရွှင် ဖြစ်ပေမည်။

သူမက ရီဖူရှင်းအား ကြည့်လျှင် သူက ရှောင်ချိန်ဟေးအား ကြည့်နေသည်ကို မြင်၏။ သူ၏ နက်ရှိုင်းသော မျက်လုံးများ၌ မည်သည့် ခံစားချက်မှ မရှိသော်လည်း သူ၏နောက်မှ ယူချင်းသည်ကား မပျော်မရွှင်သော ပုံစံရှိနေသည်။

ရှောင်ချိန်ဟေးက ရီဖူရှင်းအား ညွှန်ကြား ပြောဆိုသည်ကို သူက သဘော မတွေ့သည်မှာ သေချာ၏။

ရီဖူရှင်းက ရှောင်ချိန်ဟေးအား ပြုံးလျက် ခေါင်းညိတ်သည် … “ကျုပ်က စီနီယာရဲ့ စကားကို သေချာပေါက် မှတ်သား ထားပါ့မယ်”

ရှောင်ချိန်ဟေးက သူ့အား စိုက်ကြည့်သည်။ ရီဖူရှင်း၏ အမူအရာကို ကြည့်ကာ သူကလည်း ရုတ်တရက် သဘောမကျ ဖြစ်လာ၏။

“ဒါပေမဲ့ …” သူက ထပ်ပြောရန် ပြင်သည်။

သို့သော် ရီဖူရှင်းက ဆက်ပြောသည် … “ကျုပ်က အရှင်မင်းကြီးရဲ့ အလေးပေးမှုကြောင့် မင်းသမီးရဲ့ ကိုယ်ရံတော် ဖြစ်လာခဲ့ပေမဲ့ ဒီအတွက်နဲ့တော့ ကိုယ့်ကိုယ်ကိုယ် စိတ်ကြီး မဝင်ပါဘူး။ တခြား ပါရမီရှင်တွေကို အထင်သေးတယ် ဆိုတာကတော့ … ဒီကိစ္စမှာ လီဟန်ဓား နန်းတော်က ရှုံးနိမ့်သွားတော့ သူတို့ရဲ့ ရှန့်ထိုက ပါဝင် တိုက်ခိုက်တယ်။ ဒါကို အင်ပါယာ ရှားဘုံထဲက လူတိုင်း သိတယ်။ အခု လီဟန်ဓား နန်းတော်က ရှန့်ထို မဟုတ်သေးတဲ့ သူတွေကို ကျုပ်က အနိုင်ယူနိုင်တယ်လို့ ပြောရင် ဒီစကားတွေကို ဘယ်သူကမှ မှားတယ်လို့ ပြောလို့မရဘူး”

ထိုအရာက လွန်ကဲပေသည်။

သူက မောက်မာသည်ဟု လူအများအပြားက ပြောလိုလျှင်လည်း အဆင်ပြေပေသည်။ သို့သော် ရှန့်ထိုတစ်ပါး ပါဝင်ခဲ့ခြင်းက မှန်ကန်သော အချက်ဖြစ်သည်။ သူတို့က ရီဝူချင်းအား ဝိုင်းရံ တိုက်ခိုက်ခဲ့ကြကာ လီရန်ဓားသခင်က ယူချင်းအား ဒဏ်ရာ ရစေခဲ့သည်။ သူတို့က ဘာမှ မဖြစ်ခဲ့သည့်အလား ဟန်ဆောင် လိုကြ၏။

ထိုအရာက မဖြစ်နိုင်ပေ။

“ဘယ်လောက် ခေါင်းမာလိုက်တဲ့ အကောင်လဲ …” ရီဖူရှင်းအား ကြည့်ကာ လူအများအပြားက တွေးတော မိကြသည်။ ဧကရီရှောင်နှင့် သူမ၏ အစ်ကိုရှေ့တွင်ပင် သူကား မောက်မာ ဝင့်ကြွားပေသည်။

ရီဖူရှင်းက ရှောင်ချိန်ဟေး၏ မှတ်ချက် အပေါ် လက်မခံနိုင်သည်မှာ သိပါပေသည်။

ရှောင်ချိန်ဟေး၏ အကြည့်က ရီဖူရှင်းထံသို့ ရောက်နေသည်။ ထို့နောက် သူက ပြုံးလျက် ပြောသည် … “မင်းနဲ့ လီဟန်ဓား နန်းတော်က အဆင်မပြေဘူး ဆိုတာ ငါသိတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ မင်းက မင်းသမီးအပေါ်မှာ စိတ်အား ထက်သန်စွာနဲ့ ခစားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”

ရီဖူရှင်းက ရှောင်ချိန်ဟေးအား ကြည့်သည်။ ရှောင်ချိန်ဟေးက ပြဿနာ မဟုတ်ဟု ပြောသော်လည်း သူက မိမိအား တစ်စုံတစ်ခု ကြံစည်နေသည်ဟု ခံစားရ၏။ ထို့အပြင် မိမိအား မွေးနေ့ပွဲသို့ ဖိတ်ကြားခြင်းမှာ မည်သူ ဖြစ်သနည်း။ ရှောင်အဘိုးအိုက ဂျူနီယာများ၏ ကိစ္စရပ်များကို စိတ်မဝင်စားသည်မှာ သေချာသည်။

ထို့အပြင် ယနေ့ သူ့အား မည်သူတို့က ဖိတ်ခေါ်ခဲ့သနည်း။

ရှောင်အဘိုးအိုသည် လူငယ် မျိုးဆက်များ၏ ကိစ္စကို စိတ်မဝင်စားပေ။

ဧကရီရှောင်နှင့် ရှားရှင်းယွန်တို့က ပို၍ပင် မဖြစ်နိုင်ပေ။ ရှောင်ရှမ်းသည်လည်း ထိုသို့လုပ်ရန် အင်အားမရှိပေ။

ဖြစ်နိုင်ဖွယ်ရာမှာ ရှောင်ချိန်ဟေး တစ်ယောက်သာ ကျန်တော့သည်။

သူက ဘာလုပ်ရန် ကြိုးစား နေသနည်း။

သူက မိမိအား ဖိတ်ကြားကာ အဘယ်ကြောင့် စကားအားဖြင့် ရန်စ နေရသနည်း။

“အရှင်မင်းကြီးနဲ့ မင်းသမီးက ကျွန်တော့် စိတ်သဘောကို နားလည်ပါတယ်” ရီဖူရှင်းကား အလွန် ယဉ်ကျေးစွာ ပြုမူနေဆဲ ဖြစ်သည်။ မည်သို့ဆိုစေ သူကား ဧကရီရှောင်၏ ရှေ့တွင် သူ့အစ်ကိုအား ပြန်လည် ခွန်းတုံ့ပြန်၍ မဖြစ်ပေ။

ပြင်ပတွင် သူက ရှားရှင်းယွန်ကိုလည်း လေးစား ရပေမည်။

အင်ပါယာရှားက တော်ဝင်စစ်ပွဲမှ သတင်းများအား ပိတ်ဆို့ကာ မိမိအား မင်းသမီး၏ ကိုယ်ရံတော်အဖြစ် ခန့်အပ်လျက် ကာကွယ် ပေးခဲ့သည်။ ထိုသို့သော စီစည်ပေးခြင်းကို သူက ကောင်းကောင်း သဘောပေါက် ပေသည်။ အင်ပါယာနှင့် မင်းသမီးတို့က သူ့အား ထောက်ခံ ပေးကြပေ၏။

သူ့အား ဤသို့ပြောသူမှာ လီဟန်ဓား နန်းတော်ဆိုပါက ထိုသူတို့အား ရီဖူရှင်းက သေချာပေါက် အရှက်ခွဲမည် ဖြစ်သည်။

သို့သော်လည်း ရှောင်ချိန်ဟေးကား ရှားရှင်းယွန်၏ ဦးလေးဖြစ်ကာ အင်ပါယာနှင့် ဆွေမျိုး တော်စပ်သူ ဖြစ်သည်။ ဖြစ်နိုင်မည် ဆိုပါက ရီဖူရှင်းက သူတို့အား အပြစ် မလုပ်လိုပေ။ သို့သော်လည်း တစ်ဖက်တွင် ရှောင်ချိန်ဟေးကြောင့် သူ၏ ယုံကြည်မှုများအား အပျက်ခံမည် မဟုတ်ပေ။

“ရှောင်ချိန်ဟေးက ဆရာရီအပေါ်မှာ တကယ်ပဲ အလေးထားတာပဲ …” ရီဖူရှင်း၏ ဘေးတွင် ယောင်းချီက ပြုံးလျက် ပြောသည်။

“အလေးထားတယ် …” ရီဖူရှင်းက နားမလည်ပေ။

“ရှောင်ချိန်ဟေးက သူ့သား ရှောင်ရှမ်းကို အင်ပါယာ ရှားနန်းတော်သို့ စေလွှတ် လေ့ကျင့်မယ်လို့ ပြောခဲ့တယ်” ယောင်းချီက ပြုံးလျက် ပြောသည် … “ဧကရီရှောင်ကြောင့် ရှောင်ကလန်က အင်အားကြီးပြီး အဆင့်အတန်း မြင့်လာခဲ့တယ်။ ဒါပေမဲ့ သူတို့က နောက်တစ်လှမ်း ရှေ့တိုးချင်ပုံ ရတယ်။ ရှောင်ရှမ်းက ပါရမီမြင့်ပြီးတော့ ဘုရင်မရှောင်ရဲ့ ဆွေမျိုးဖြစ်တယ်။ သူက နန်းတော်ကို ဝင်တယ်ဆိုတာ အနာဂတ်မှာ ရှားရှင်းယွန်ကို ကူညီဖို့ပဲ မဟုတ်ဘူးလား။ အနာဂတ်မှာ ရှားရှင်ယွန်က အဆင့်အတန်း မြင့်လာတာနှင့်အမျှ ရှောင်ရှမ်းကလည်း အရေးပါတဲ့ နေရာကို ရောက်လာမှာပဲ။ ဒါပေမဲ့ အခု တစ်စုံ တစ်ယောက်က ဒီလမ်းကို တားဆီးနေတယ်” ယောင်းချီက ပြုံးလျက် ပြောသည်။

သူမက ထိုသို့ပြောလျှင် ရီဖူရှင်းက သူမ ဆိုလိုသည်ကို ကောင်းကောင်း နားလည်လိုက်သည်။

သူက ဤကိစ္စကို တစ်ခါမှ မတွေးမိခဲ့ပေ။ ရှောင်ကလန်နှင့် တိမ်တိုက် တောင်ကြားတို့၏ လက်ထပ်ပွဲကပင် ဤမျှ အရေးမပါပေ။ ဤအခြေအနေတွင် ရှားရှင်းယွန်၏ ဘေး၌ တစ်စုံတစ်ယောက် ရှိနေသည်ကို ရှောင်ချိန်ဟေးက တွေးမြင်လိုမည် မဟုတ်ပေ။

ရီဖူရှင်းက အောက်ဘုံမှ ရောက်လာကာ အင်ပါယာရှား ကိုယ်တိုင်က မင်းသမီး၏ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုကိစ္စက ရှောင်ကလန်အတွက် ကောင်းသောအရာ မဟုတ်ပေ။ ဤသို့ဆိုလျှင် အင်ပါယာရှားနှင့် မင်းသမီးတို့၏ အလေးပေး ခံရခြင်းမှာ ရှောင်ချိန်ဟေး၏ သဘောမကျ ဖြစ်ခြင်းနှင့် ထပ်တူညီပေသည်။

သူ၏ ရန်ဘက်ကား မူလကတည်းက ရှိနေခြင်း ဖြစ်သည်။ ထိုအရာက လီဟန်ဓား နန်းတော်နှင့် မသက်ဆိုင်ပေ။ သူ၏ မောက်မာမှုနှင့်လည်း ပို၍ မသက်ဆိုင်ပေ။

“အခုလို သတိပေးတာ ကျေးဇူးပါပဲ …” သူက ယောင်းချီအား ပြောသည်။ သူမကြောင့်သာ မဟုတ်လျှင် ရီဖူရှင်းက သိမည် မဟုတ်ပေ။

သူတို့ နှစ်ယောက်သည် အချင်းချင်း စိတ်ပျက် စကား ပြောနေကြရာ အချိန် သိပ်မကြာခဲ့ပေ။

ရှောင်ချိန်ဟေးသည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြုံးလျက် ပြောသည် … “မင်းက ပြည်နယ်ကိုးခုမှာ ပြိုင်ဘက် ကင်းပြီးတော့ အရှင်မင်းကြီးက အများကြီး အလေးထားတယ်လို့ လူအများက ပြောကြတယ်။ အခု မင်းက ကိုယ့်ကိုယ်ကိုယ် ဒီလောက် ယုံကြည်နေမှတော့ မင်းမှာ တစ်လောကလုံးကို နာမည် ကျော်ကြားနိုင်တဲ့ အရည်အချင်း တကယ် ရှိနိုင်လောက်ပါတယ်။ ကျုပ်က ထပ်ပြောစရာ မရှိတော့ဘူး။ မင်းမှာ တစ်ခုခု ပြောစရာရှိလား … ရှင်းယွန်”

သူက နောက်လှည့်ကာ ရှားရှင်းယွန်အား ကြည့်သည်။

ရီဖူရှင်းက မျက်တောင်များကို ကွေးလိုက်သည်။ ယနေ့ကား ရှားရှင်းယွန်၏ အဘိုး မွေးနေ့ဖြစ်ကာ ယနေ့ သူ ရောက်လာခြင်းက ရှောင်ချိန်ဟေးအား ဆန့်ကျင့်ရန် ရလာသည်နှင့် တူနေလေပြီ။ ယခု သူက ရှားရှင်းယွန်၏ အမြင် သဘောထားကို မေးရာ သူမ၏ ရပ်တည်ချက်ကို မေးမြန်းခြင်းလည်း ဖြစ်သည်။

ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်သည်။ ကြည့်ရသည်မှာ လူတိုင်းက သူမသည် ရီဖူရှင်းအပေါ် မည်သို့ သဘောထားသည်ကို သိလိုကြဟန် ရ၏။

“ဒီအကောင်က မောက်မာပြီးတော့ သူ့နေရာကို သူမသိဘူး။ သူက စည်းမျဉ်းတွေ ကိုလည်း နားမလည်ဘူး …” သူမကပြောသည်။ ရှောင်ချိန်ဟေးက ထိုစကားကို ကြားလျှင် ပြုံး၏။

သို့သော် ရှားရှင်းယွန်က ဆက်ပြောသည် … “ရီဖူရှင်း … နင်က လီဟန်ဓား နန်းတော်ရဲ့ ရှန့်ထိုမဟုတ်တဲ့ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်လို့ ကြွားဝါခဲ့တယ်။ ဒါဆိုရင်လည်း ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဘာလို့ မဖြေရှင်းတာလဲ။ နင် ရှုံးသွားခဲ့ရင် ပြည်နယ်ကိုးခုသို့ ပြန်ပါ”

သူမ၏အသံတွင် ဒေါသ အငွေ့အသက်များ ပါနေသည်။

***

All Chapters