← Chapters

မစ်ဆူ မိသားစုကို သတိထား

Vol. 82 Ch. 1217

မစ်ဆူ မိသားစုကို သတိထား

Vol. 82 Ch. 1217

ခန်းဂျိတာခါယာမ၏ မျက်လုံးများ ပြူးကျယ်နေသည်။

သူ၏ အသက်မဲ့ ခန္ဓာသည် ကြမ်းပြင်သို့ လေးလံစွာ လဲကျသွားပြီး သေဆုံးသွားသည့်တိုင် သူ မည်သည့် အမှားကို ကျူးလွန်ခဲ့မိကြောင်း မသိရှိနိုင် ဖြစ်နေခဲ့သည်။

သို့သော် ရံဖန်ရံခါ မေးခွန်းပုစ္ဆာ၏ အဖြေက အရေးမကြီးချေ။

အထက်လူကြီးများက သင် မှားသည်လို့ ထင်သည်နှင့် သင်သည် အလိုအလျောက် သေသင့်သည့်လူ ဖြစ်သွားခဲ့လေသည်။

သေနတ်ပစ်ခွင်းသံက ဓာတ်ခွဲခန်းထဲရှိ နည်းပညာရှင်များအား အသံတစ်ချက် မထွက်ဝံ့သည်အထိ ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့၏။

သူတို့၏ မျက်နှာက သွေးဆုတ် ဖြူလျော်နေပြီး ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်ယင်နေသည်။ သူတို့အားလုံး ယူရှီ မစ်ဆူကို ငူငူငိုင်ငိုင်ကြီး ငေးမောကြည့်နေခဲ့ကြ၏။

သို့သော် ယူရှီ မစ်ဆူကတော့ ထိုသူများအား ရှင်းပြလိုသည့် စိတ်အခြေအနေတွင် ရှိမနေချေ။

အနက်ရောင် သေတ္တာကို လက်တစ်ဖက်တွင် ကိုင်ရင်း အခြားတစ်ဖက်မှ ဝေါ်ကီတော်ကီကို လှမ်းယူ၍ " လူတိုင်း... စုကြမယ်... "

ပြောပြီးနောက် ယူရှီမစ်ဆူသည် သတ္တုရိုင်းကို သယ်ဆောင်၍ အလျင်စလို ထွက်ခွာသွားခဲ့လေသည်။

သို့သော်လည်း ဓာတ်ခွဲခန်းတံခါး ပွင့်လျှင်ပွင့်ခြင်း ယူရှီ မစ်ဆူ၏ လှမ်းလတ္တံ့ခြေလှမ်းများသည် အလိုအလျောက် ရပ်တန့်သွားခဲ့တော့၏။ သူ၏ အမူအရာမှာ အေးခဲနေပြီး ရှေ့ဆက် မတိုးဝံ့တော့ချေ။

ယင်းက ဘာကြောင့်လဲဆိုတော့ လင်းရီသည် တံခါး အပြင်ဘက်တွင် ရပ်တန့်နေသောကြောင့် ဖြစ်လေသည်။

သို့ပေမယ့်လည်း လင်းရီက သူ့ကိုယ်သူ ရုပ်ဖျက်ထားပြီး အင်္ကျီစ တစ်ခုကိုဖြဲ၍ မျက်နှာတွင် စည်းနှောင်ထား၏။

သို့သော် ထိုအချင်းအရာက ယူရှီမစ်ဆူ၏ အမြင်အား ဟန့်တားနိုင်ခြင်း မရှိခဲ့ပါချေ။ အကယ်၍ လင်းရီ ပြာအဖြစ် ပြောင်းလဲသွားခဲ့မည် ဆိုလျှင်ပင် သူ ကောင်းကောင်းကြီး မှတ်မိနေပေလိမ့်ဦးမည်။

သို့သော် ထိုအခိုက်အတန့်တွင်တော့ လင်းရီ တစ်ကိုယ်တည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။ နင်ချဲ့က သူနှင့်အတူ ပါမလာချေ။

" မင်း ငါ့ကို စိတ်မပျက်စေဘူးပဲ.. တကယ်ကြီး ရောက်ချလာတယ်... " ယူရှီ မစ်ဆူ ပြုံးလျက် ပြော၏။

လင်းရီ အကြည့်ကို အောက်ပို့လိုက်တော့ ယူရှီမစ်ဆူ လက်ထဲတွင် အနက်ရောင် သေတ္တာတစ်လုံး ကိုင်ထားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သွေးအိုင်ထဲတွင် လဲလျောင်းနေသည့် ခန်းဂျိတာခါယာမကို မြင်တွေ့လိုက်ရ၏။

" ကြည့်ရတာ ကျုပ်လာမယ်မှန်း ခင်များ ကြိုသိနေတဲ့ ပုံပဲ..."

" မင်းရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အခွင့်အရေး သေးသေးလေး ရှိတယ်ဆိုရင်တောင် အလွှတ်ခံမှာ မဟုတ်ဘူး.... သူ မင်းဆီကနေ လွတ်မြောက် မလာခဲ့သင့်ဘူး... "

" ဆေးပညာ နိုဘယ်ဆုရပြီး မစ်ဆူမိသားစုရဲ့ ခေါင်းဆောင် သိပ္ပံပညာရှင် ဖြစ်လာတာ မဆန်းတော့ပါဘူး... ခင်များက တော်တော်ကြီးကို ထူးတယ်... " လင်းရီ ပြောလိုက်သည်။

" ဒါပေမယ့် ခင်များရဲ့ သမိုင်းက ဒီနေ့ အဆုံးသတ်ပြီ.. ကျုပ်ကို ပစ္စည်းပေးလိုက်... အေးအေးချမ်းချမ်းနဲ့ ငရဲကို ပို့ပေးမယ်... "

" ဟားဟား... "

ယူရှီ မစ်ဆူ ထေ့ငေါ့သံစွက်၍ ရယ်မောလိုက်ပြီး " ငါ ယူရှီ မစ်ဆူ ၊ မစ်ဆူ မိသားစုမှာ ကိန်း၀ပ်နေခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့တယ်... ပြီးတော့မှ အချိန် ၁၄ နှစ်ယူပြီး ယာမာ ဂူချီဂိုဏ်းကို ဒီနေ့လိုမျိုး ကြီးထွားလာအောင် တိတ်တိတ်လေး ကြိုးပမ်းခဲ့တယ်... ဒီ လျှို့ဝှက် ဓာတ်ခွဲခန်းကို တည်ဆောက်ဖို့လည်း နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရတယ်... ဒီလိုအရာတွေကို ငါ လွယ်လွယ်ကူကူနဲ့ လက်လျော့မယ်လို့ မင်းထင်လား... "

" မထင်ဘူး..." လင်းရီ ပြောလိုက်ပြီး " ပိုးမွှားတွေ ဆိုရင်တောင် သေခါနီး ရုန်းကန်သွားခဲ့ကြသေးတာပဲလေ... ခင်များဆိုရင်တော့ ဘာပြောကောင်းမလဲ... "

ယူရှီ မစ်ဆူ နောက်သို့ လှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လင်းရီ၏ စော်ကားမှုကို မကြားလိုက်သည့်သဖွယ် သဘောထားလိုက်သည်။

" ဟိုဒင်းကြောင့် ငါ့ရဲ့ ကောင်းကံလေးတွေ ပျက်စီးသွားခဲ့ပြီ... ဒါ ငါ့ရဲ့ သတိကင်းမဲ့မှုကြောင့်လည်းပါတယ်... ဒါပေမယ့် အအခွင့်အရေးဆိုလည်း မမှားဘူး.. ဒီနေ့ တစ်ယောက်ယောက်ကတော့ ဒီမှာ သေရမှာပဲ... မစ္စတာလင်း.. မင်းနဲ့ ငါ့ကြားက ကစားပွဲ ဒီနေ့ ဒီနေရာမှာတင် အဆုံးသတ်ကြမယ်..."

" အဲ့လိုမပြောနဲ့.. ကျုပ်နဲ့ ခင်များဆိုတာ ထွေထူး ရန်ငြိုးရန်စတွေ ရှိတာမဟုတ်ဘူး.. ကျုပ် ခင်များကို သတ်ဖြတ်ဖို့လည်း ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး.... " လင်းရီ ခေတ္တရပ်တန့်၍ " ဒါပေမယ့် ခင်များက ကျုပ်ကို စကတည်းကနေ မျက်လုံးဒေါက်ထောက် ကြည့်နေပြီးမှ ကျုပ်ရဲ့ ညီကို ကိုတောင် ဖမ်းလိုက်သေးတယ်... ပြီးတော့ သတ္တုရိုင်းနဲ့ လဲလှယ်ခိုင်းတယ်.. အဲ့တာပြီးလို့တောင်မှ လူလွှတ်ပြီး နှုတ်ပိတ်ခိုင်းလိုက်သေးတယ်.... ကျုပ်ကို ခင်များ အသာစီး ယူချင်တိုင်း ယူလို့ရတဲ့ကောင်များ ထင်နေလား... ဒါမှမဟုတ် ယာမာဂူချီဂိုဏ်းက သောက်ရမ်းတွေ အံ့ဩဖို့ ကောင်းလွန်းလို့ ကျုပ်ကို သတ်နိုင်တဲ့ အစွမ်းအစ ရှိတယ်များ ထင်နေတာလား... ခင်များ မကျော်သင့်တဲ့ စည်းတွေ ကျော်ခဲ့တယ်..."

" ဘာလို့ မဖြစ်နိုင်မှာ... ဒီ ဓာတ်ခွဲခန်းက ငါ နှစ်ပေါင်းများစွာ လျှို့ဝှက်တည်ဆောက်ထားတဲ့ ငါ့ရဲ့ ပိုင်နက်... ငါ မင်းကို ကြောက်မယ်များ ထင်နေတာလား... "

ထိုစကားများ ပြောပြောပြီးချင်း လင်းရီ အနောက်မှ ရှုပ်ယှက်ခက်နေသည့် ခြေသံများစွာကို ကြားလိုက်ရသည်။

လင်းရီ ခေါင်းလှည့်ကြည့်လိုက်တော့ အပေါ်ထပ်မှ နေပြီး လူတစ်အုပ်စု ပြေးဆင်းလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

လူက စုစုပေါင်း ၂၄ ယောက်ရှိ၏။

သို့သော် လူ မည်မျှက ဗီဇ သွေးရည်ကြည် ထိုးသွင်းထားမှန်း သူမသိချေ။

ယင်းကို လင်းရီ ဂရုအစိုက်ဆုံး ဖြစ်၏။ သို့သော် သူမြင်မိသလောက်တော့ ဗီဇသွေးရည်ကြည် ထိုးသွင်းထားသည့် လူက တစ်၀က်ပင် မရှိပါချေ။

သို့ပေမယ့် မလွယ်ကူသည်က ထိုလူများ၏ လက်ထဲတွင် သေနတ်များ ကိုင်ဆောင်ထားခြင်းပင်။

ကျည်တစ်တောင့် သူ့ကို ထိမှန်မည်ဆိုပါက ကိစ္စမရှိသော်ငြား ကျည်အစုလိုက် အပြုံလိုက် ပစ်ခတ်လာမည်ကိုတော့ သူ တောင့်ခံနိုင်မည် မဟုတ်ချေ။

" တကယ်လို့ မင်းသာ တစ်မိနစ်လောက်များ နောက်ကျပြီး ရောက်လာမယ်ဆိုရင် ငါ ဒီနေရာကနေ ထွက်သွားပြီးပြီ.. ဒါပေမယ့် မင်းက တကယ့် အချိန်ကောင်းမှ ရောက်လာခဲ့တာပဲ... "

ယူရှီ မစ်ဆူပြောပြီးနောက် လင်းရီကို အကျည်းတန်စွာ ပြုံးပြရင်း " မင်းက D အဆင့်ဆိုရင်တောင် သေနတ်ရဲ့ ပြိုင်ဘက်တော့ မဟုတ်သေးပါဘူးကွာ... "

" အဲ့တော့.... ဒါက ခင်များ ကျုပ်ရှေ့မှာ မောက်မာပြနေတဲ့ ယုံကြည်မှုပေါ့... "

" ဟုတ်တယ်... ဒါ ငါ့အကြောင်းပြချက်ပဲ... ."

ယူရှီ မစ်ဆူ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးတက်သွားခဲ့ပြီး ကောက်ကျစ်သည့် အပြုံးက ထွက်ပေါ်လာခဲ့ကာ " မင်း အခု ငါနဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် မင်း မသေဘူးလို့ ငါ ကတိပေးတယ်... ယာမာ ဂူချီ ဂိုဏ်းထဲ မင်းရဲ့ အဆင့်အတန်းက ငါနဲ့ တန်းတူ ဖြစ်စေရမယ်လို့လည်း ကတိပေးတယ်... ဒါပေမယ့် မင်းရဲ့ စရိုက်နဲ့ လက်ခံမှာ မဟုတ်ပါဘူး.. ဒီတော့ .. နှုတ်ဆက်ပါတယ်... "

ပြောပြီးနောက် ယူရှီ မစ်ဆူ အချက်ပြလိုက်၏။

" ပစ်.... "

ဘုန်း ဘုန်း ဘုန်း ...

ယူရှီ မစ်ဆူ၏ လူများ စတင် ပစ်ခတ်တော့မည့် အချိန်တွင်ပဲ သူတို့ ရုတ်တရက် ပေါက်ကွဲသံ အတွဲလိုက်ကို ကြားလိုက်ကြရသည်။

ဤ မြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစသည်။

လင်းရီကတော့ ခြွင်းချက်ဖြစ်၏။

သူတို့ ရုတ်တရက် လှေကားဘက်ကို လှမ်းကြည့်လိုက်တော့ ထိပ်တွင် အမျိုးသမီးတစ်ယောက် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမက မီးပုလင်း နှစ်ပုလင်းကို ကိုင်ဆောင်ထားပြီး သူတို့ရှိသည့် နေရာသို့ ပစ်ပေါက်နေလျက်ရှိ၏။

ပေါက်ကွဲသည့် အသံက ထပ်မံ ထွက်ပေါ်လာပြီး မီးပင်လယ်ကြီးမှာ စတင်ပျံ့နှံ့လာတော့သည်။

ယူရှီ မစ်ဆူ၏ နှစ်ဆယ်ကျော်သော လက်အောက်ငယ်သားတို့မှာ မီးစွဲလောင်သွားကြတော့၏။

ဘန်း ဘန်း ဘန်း ဘန်း..

ရုန့်ရင်းဆန်ခတ် ဖြစ်နေသည့် အတွင်းမှာပဲ အကုန်လုံးက နင်ချဲ့ထံ မချိန်ရွယ်ဘဲ စတင် ပစ်ခတ်လိုက်ပြီး သူတို့အား ပြဿနာ လာရှာသည့် အနှီအမျိုးသမီးကို သတ်ရန် ကြိုးပမ်းကြတော့သည်။

ဓာတ်ခွဲခန်းထဲတွင် ရှိနေသည့် ယူရှီ မစ်ဆူမှ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့တော့၏။

သူ သွေးထွက်လုမတတ် အံကြိတ်မိလိုက်သည်။

လင်းရီတွင် လှည့်ကွက်တစ်ချို့ ရှိနေလိမ့်မည်လို့ သူ မထင်မှတ်ထားခဲ့ပါချေ။

လင်းရီ ခါးနောက်ရှိ ဓားမြောင်ကို ဆွဲထုတ်၍ ယူရှီ မစ်ဆူထံ တစ်ဟုန်ထိုး ပြေး‌၀င်လာသည်။

ထို့နောက် သူ၏ ၀မ်းဗိုက်တည့်တည့်သို့ ထိုးသွင်းပစ်လိုက်၏ ။

ဖူး....

ယူရှီ မစ်ဆူ၏ နှုတ်ခမ်းမှ သွေးတစ်လုတ် ပန်းထွက်လာခဲ့၏။ သူ၏ မျက်၀န်းများမှာ ပြူးကျယ်နေပြီး သက်လုံမှာလည်း စတင် လျော့ကျလာခဲ့လေသည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ လင်းရီထံ ယိမ်းယိုင်လာခဲ့၏။

" အဆုံးသတ်ကျတော့... ငါ မင်းကို ရှုံးသွားသေးတာပဲ... "

" ခင်များက ပြိုင်ဘက်ကောင်းပဲ... နောက်ဘ၀ဆိုတာ ရှိခဲ့ရင် ထပ်ပြီး တိုက်ခိုက်ကြတာပေါ့... "

" ဟားဟား.... " ယူရှီ မစ်ဆူ နာကျင်စွာ ပြုံးရယ်လိုက်ပြီး " ကောင်လေး... မင်း မစ်ဆူ မိသားစုကို သတိထား... မစ်ဆူ...... "

ဘုတ်...

သူ စကားဆုံးသည်အထိ မပြောလိုက်နိုင်ခင်တွင်ပဲ ယူရှီ မစ်ဆူမှာ အသက်ရှူရပ်တန့်သွားခဲ့ကာ သွေးအိုင်ထဲ လဲကျသွားခဲ့တော့၏။

" မဟုတ်ဘူး.. ငါ့ကို မသတ်ပါနဲ့... "

ယူရှီ မစ်ဆူ၏ သေဆုံးမှုက သူ့လူများ အဖို့တော့ သေစေနိုင်လောက်သည့် ထိုးနှက်ချက်ကြီး တစ်ခုပင်။ အကုန်လုံးမှ စိတ်ဓာတ်ရေးရာ လဲပြိုကုန်ကြ၏။

ဓာတ်ခွဲခန်းထဲရှိ သုတေသီများဆို ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး တဆတ်ဆတ် တုန်ယင်နေကြလေသည်။

သူတို့ အကုန်လုံးက သာမန်လူများ ဖြစ်ကြပြီး သေခြင်းတရားကို ကြောက်ရွံ့မှုက ၎င်းတို့၏ တည်ငြိမ်မှုအား ပျက်ပြားသွားအောင် ပြုလုပ်နေသည်။

" မင်းတို့ မသေချင်ဘူးဆိုရင် ကွန်ပျူတာ hard drive တွေ အကုန် ထုတ်လာခဲ့.. မဟုတ်ရင် မင်းတို့အားလုံး ဒီ အဘိုးကြီးလို ဖြစ်သွားမယ်... "

" ကောင်း... ကောင်းပါပြီ ငါတို့ အခုပဲ လုပ်ပေးပါ့မယ်... "

ထိုလူများကို အမိန့်ပေးပြီးနောကိ လင်းရီ အပြင်သို့ ထွက်၍ နှစ်ဖက်ညှပ်ပစ်ခံနေရသည့် နင်ချဲ့အား သွားရောက်ကူညီပေးသည်။ လင်းရီ၏ အကူအညီဖြင့် နင်ချဲ့မှ ဖိအားများစွာ လျော့နည်း သက်သာသွားလေသည်။

သူမ၏ အရေးမသာသည့် အနေအထားမှ တိုက်စစ်ဆင်သည့် အသွင်သို့ ကူးပြောင်းလာခဲ့တော့၏။ D အဆင့်ရှိ ဟွာရှန့်လူမျိုး နှစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ဤလူများက ဘာမျှ မဟုတ်ကြချေ။

ယင်းက ဘာကြောင့်လဲဆိုတော့ အများစုက သာမန် လူများသာ ဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရေး ခွန်အားသည်လည်း သဘာ၀ အလျောက် အကန့်အသတ်နှင့် ဖြစ်၏။

ဆယ်မိနစ် အတွင်းမှာပဲ ယူရှီမစ်ဆူ၏ လူများအားလုံးကို ရှင်းလင်းလို့ ပြီးသွားခဲ့သည်။ သို့သော်လည်း မီးများ အပြင်းအထန် လောင်ကျွမ်းနေသဖြင့် ချက်ချင်း လက်ငင်းတော့ အပြင်ထွက် မရသေးချေ။

" ဒီမှာ ခဏစောင့်နေ.. ငါ ချက်ချင်း ပြန်လာခဲ့မယ်... "

ညွှန်ကြားချက် ပေးပြီးနောက် လင်းရီ ဓာတ်ခွဲခန်းထဲသို့ ပြန်ရောက်ချလာသည်။ ထိုအခိုက်အတန့်တွင် ကွန်ပျူတာ ဆယ်ခုကျော်မှ Hard drive များအားလုံး စားပွဲပေါ်တွင် စုစည်း ရောက်ရှိနေပြီး ဖြစ်၏။

" လုပ်တာ မဆိုးဘူး.... ဒီထဲက လွတ်တာ မလွတ်တာကတော့ မင်းတို့နဲ့ပဲ ဆိုင်တယ်... ."

Hard drive များကို အိတ်ကပ်ထဲ သိမ်းကျုံးထည့်ရင်း လင်းရီ အနီးရှိ မီးသတ်ဘူးကို ယူ၍ ထွက်သည့် အပေါက်သို့ အလျင်အမြန် ပြေးထွက်လာခဲ့လိုက်သည်။

All Chapters