← Chapters

ကြွားပြောတောင် ယုံကြတဲ့သူတွေ

Vol. 82 Ch. 1219

ကြွားပြောတောင် ယုံကြတဲ့သူတွေ

Vol. 82 Ch. 1219

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး “ အင်း... အဲ့လိုမျိုးပဲ… ဒါပေမယ့် မနေ့ညက ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုတော့ မင်း နှုတ်ပိတ်ထားမှ ရမှာ… တကယ်လို့ အပြင်ကို ပေါက်ကြားသွားခဲ့တယ်ဆိုရင် မင်းတို့ လျန်မိသားစုအတွက်လည်း ကောင်းမှာ မဟုတ်ဘူး… အဲ့တာကို မှတ်ထား…”

“ နားလည်ပြီ..” လျန်ကျင်းမင် ပြောလိုက်ပြီး “ ဒါပေမယ့် မင်းမှာ အဲ့လိုမျိုး ထူးခြားတဲ့ အထောက်အထား ရှိနေပြီ ဆိုတော့ ဆိုလိုချင်တာ ငါ နောင်ကျ ကျိုးဟိုင်မှာ လုပ်ချင်တာ လုပ်လို့ ရပြီမလား…”

“ အင်း … ဆိုပါတော့… မင်းဘက်က တရားမလွန်သရွေ့တော့ အဆင်ပြေပါတယ်…”

“ ဟားဟား… အဲ့လို ကြားရတာ စိတ်ချမ်းသာသွားပြီ…”

လျန်ကျင်းမင်နှင့် လမ်းမခွဲခင် လင်းရီ ယမန်နေ့ညက အဖြစ်အပျက်များကို လျှို့ဝှက်ထားရန် နောက်တစ်ကြိမ် ထပ်သတိပေးပြီးနောက် ကျိုကျုံး ဗီလာသို့ ပြန်လာခဲ့၏။

ကျီချင်းရန် ယမန်နေ့ညက အိမ်တွင် အိပ်မှန်း သိနေခဲ့တော့ လင်းရီ သူမအတွက် မနက်စာ တစ်ချို့ ဝယ်လာခဲ့လိုက်သည်။

ကျိုကျုံးဗီလာသို့ ပြန်ရောက်လာပြီးသည့်နောက် လင်းရီ သူ့ခေါင်းကို မော့ကြည့်လိုက်ရာ အိပ်ခန်း၏ လိုက်ကာများက ယခုတိုင် ပိတ်ထားလျက် ရှိကြောင်း မြင်တွေ့လိုက်ရလေသည်။ သို့နှင့် သူ တိတ်တိတ်လေး အခန်းထဲ ဝင်လာခဲ့လိုက်၏။

ဝယ်လာသည့် မနက်စာကို စားပွဲတွင် ချထားလိုက်ရင်း လင်းရီ ဒုတိယထပ်သို့ တက်၍ ကျီချင်းရန်၏ အိပ်ခန်းတံခါးကို အသံမမြည်အောင် တွန်းဖွင့်လိုက်သည်။

ကျီချင်းရန် အိပ်စက်သည့် ပုံစံကတော့ ထုံးစံအတိုင်း စောင်တစ်ဝက်က အောက်သို့ လျှောကျနေပြီး သူမလက်ထဲတွင်တော့ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က အနိုင်ရခဲ့သည့် ပီကာချူ အရုပ်ကို ပွေ့ဖက်ထားလေသည်။ သူမ၏ သွင်ပြင်က ပျင်းတိပျင်းရွဲနှင့် ချစ်စဖွယ်လေး ဖြစ်၏။

လင်းရီ မျက်လုံးကို အနည်းငယ် အစုန်အဆန် ကစားလိုက်ပြီး ထို့နောက် ကျီချင်းရန်၏ အိပ်ရာထက်သို့ တွားသွားတက်လာသည်။

“ ဟင့်အင်း…. လာမထိနဲ့…”

အိပ်ချင်မူးတူး လေသံဖြင့် ကျီချင်းရန် ညည်းညူပြီး လင်းရီ လက်ကို တွန်းထုတ်လိုက်သည်။

“ ဟင်… အား….”

ထို့နောက် ရုတ်တရက် သူမ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး လင်းရီကို ခြေထောက်ဖြင့် ကုတင်ပေါ်မှ ဆောင့်ကန်ချလိုက်၏။

ထိုး‌ထိုးထောင်ထောင် ဖြစ်နေသည့် ဆံပင် ပုံစံဖြင့် ကျီချင်းရန်နှင့် လင်းရီတို့ တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေကြလေသည်။

“ အား… ငါနင့်ကို သတ်မယ်…”

ကျီချင်းရန်၏ လက်သီးဆုပ် သေးသေးလေးများသည် လင်းရီရင်ဘက်ပေါ် သို့ ကျရောက်လာခဲ့တော့သည်။

“ ငါထင်တာ နှာဘူးတစ်ယောက် အိမ်ထဲ ခိုးဝင်လာတာလားပေါ့.. နင် ငါ့ကို လန့်သေအောင် လုပ်နေတာပဲ…”

“ မဖြစ်နိုင်တာတွေ.. တံခါးက ငါတို့နှစ်ယောက်ရဲ့ လက်ဗွေနဲ့ပဲ ဖွင့်လို့ရတာလေ… မေ့သွားပြီလား… ပြီးတော့ ဗီလာမှာ အစောင့်တွေလည်း ရှိနေတာကိုပဲ..”

“ နင် ပြန်လာမယ်ဆိုလည်း ဘာလို့ ငါ့ကို ကြိုမပြောတာ… နင့်ကြောင့် ငါ နှလုံးရောဂါ ရတော့မလို့ဟဲ့.. သိရဲ့လား…”

ကျီချင်းရန် ရင်ဘက်ကို လက်ဖြင့် ဖိထားလျက် ကြောက်ရွံ့စိတ် မပြေသေးသည့်‌ လေသံဖြင့် ပြောလိုက်သည်။

လင်းရီ မတ်တပ်ရပ်လိုက်ပြီး ကျီချင်းရန်၏ ဆံပင်ကို မြတ်နိုးမှုအပြည့်ဖြင့် ပွတ်သပ်ပေးလိုက်ကာ “ မြန်မြန် ထတော့ … ငါမင်းဖို့ မနက်စာ ဝယ်လာပေးတယ်…”

“ အွန်း - အွန်း…”

ယခု လင်းရီ ပြန်ရောက်လာပြီ ဖြစ်သဖြင့် ကျီချင်းရန်လည်း ဆက်လက် အိပ်စက်ချင်စိတ် မရှိတော့ချေ။

“ နင် ဂျပန်က ကိစ္စတွေ ပြီးခဲ့ပြီလား… လျန်ကျင်းမင်ရော ဘယ်လိုလဲ… အားလုံး အဆင်ပြေတယ်မလား..”

“ ဒါပေါ့… အကုန် အဆင်ပြေသွားပြီ.. မဟုတ်ရင် ငါက ဘာလို့ ပြန်လာခဲ့မှာ…”

“ အဲ့တာ ကောင်းတယ်…”

အားလုံး အဆင်ပြေကြောင်း သိလိုက်ရတော့ ကျီချင်းရန် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမ ရေချိုးခန်းထဲသွားပြီး ကိုယ်လက်သန့်စင် ဆေးကြော၍ လင်းရီနှင့်အတူ မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာသည်။

ဂျပန်ခရီးစဉ်နှင့် ပတ်သက်သည့် ကိစ္စများအား သူမ ထပ်မံ မေးမြန်းခြင်း မပြုချေ။

ကိစ္စများက အန္တရာယ်များလိမ့်မည်လို့လည်း သူမ စိတ်ကူးမရှိပါချေ။

ထို့ပြင် လင်းရီက ဘေးကင်းလုံခြုံစွာဖြင့် အိမ်ပြန်လာခဲ့သည်။ ထို့ကြောင့် သူမ၏ အာရုံကို အခြား ကိစ္စများ မေးမြန်းရင်းဖြင့် အပင်ပန်းခံမနေတော့ချေ။

“ နင် ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ..” စားနေစဉ် ကျီချင်းရန်မှ မေးမြန်းလာခဲ့၏။

“ ဟွမ်ရှီး ကျေးရွာကို သွားဖို့ရှိတယ် … အသီးတွေ အကုန် မှည့်နေပြီလေ.. အမြန်ရောင်းမှ မဟုတ်ရင် ဖန်လုံအိမ်ထဲမှာတင် ပုတ်ကုန်တော့မှာ…”

“ ငါ ကုမ္ပဏီမှာ ကိစ္စရှိလို့ နင်နဲ့ အတူ မလိုက်ခဲ့တော့ဘူးနော်.. ဒါပေမယ့် ညနေ နင်ပြန်လာရင် အသီးနည်းနည်းတော့ သယ်ခဲ့… ငါ စားချင်တယ်…”

“ ရတယ်လေ…”

စားသောက်ပြီးနောက် ကျီချင်းရန်မှာ ချောင်ရန် အုပ်စုသို့ ထွက်ခွာသွားပြီး လင်းရီကတော့ ဟွမ်ရှီး ကျေးရွာသို့ ဦးတည်လိုက်၏။

တစ်နာရီကြာပြီးနောက် လင်းရီ ဟွမ်ရှီးကျေးရွာသို့ ရောက်ရှိလာချိန်တွင် ရန်စီမှ သူမ၏ ရှိုး ရိုက်ကူးရေးကို စတင်နေပြီဖြစ်ကြောင်း လင်းရီ သတိထားမိလိုက်သည်။

ရာနှင့်ချီသည့် ရိုက်ကူးရေး ဝန်ထမ်းများမှ ပျားလုပ်သားများကတော့ သူ့ဝန်သူ ထမ်းရွက်နေလျက် ရှိ၏။

ရန်စီကတော့ ပျားဘုရင်မသဖွယ်ဖြစ်ပြီး အရာအားလုံးကို စီစဉ် ညွှန်ကြားနေလေသည်။

လင်းရီ အဝေးတစ်နေရာတွင် ရပ်၍ ခေတ္တလှမ်းကြည့်လိုက်၏။ ရှိုးရိုက်ကူးရသည်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု သူခံစားမိသည်။

အကယ်၍ တစ်ချို့အပိုင်းတွင် အမှားများ ရှိလာပြီဆိုပါက နောက်တစ်ကြိမ် ပြန်ရိုက်ကူးကြပြီး ဤဖြစ်စဉ်က ရှိုးအတွက် သဘာဝကျသည်ဟူသော ခံစားချက်ကို ဒါရိုက်တာမှ မရရှိသေးခင်အထိ ဆက်လက် ဖြစ်ပွားနေပေမည်။

လင်းရီ ထို သရုပ်ဆောင်များကို အမှန်ပင် လေးစား အထင်ကြီးမိသည်။

တက်သစ်စ အနုပညာရှင် သို့မဟုတ် ကျွမ်းကျင်သည့်သူများပင် ဖြစ်စေ အာရုံပျက်မှု တစ်ချက်မရှိပါဘဲနှင့် စရိုက်ကို ပြီးပြည့်စုံစွာ သရုပ်ဆောင်နိုင်ကြသည်။

သူတို့နောက်တွင် ဒါဇင်နှင့်ချီသည့် ကင်မရာများက လိုက်ပါနေလျက် ရှိသော်လည်းပဲ အရေးမစိုက်ပါဘဲနှင့် မိမိလုပ်ရမည်ကိုသာ သဘာဝကျကျ လုပ်ဆောင်နေလျက် ရှိလေသည်။

အကယ်၍ သူဆိုပါက ထိုသို့ ပြုလုပ်နိုင်ဖို့ရာ မသေချာပေ။ ထိုအရာသည်လည်း ပညာသားပါလှ၏။

လေးငါးဆယ်မိနစ်ခန့် ကြာအောင် ကြည့်ရှုပြီးနောက် လင်းရီ ဖန်လုံအိမ်ဘက် ဦးတည်လိုက်၏။ သူ့တွင် လုပ်စရာ အများအပြား ရှိနေသဖြင့် အချိန်တိုင်းက အဖိုးတန်သည်။

သူ ဖန်လုံအိမ်ထဲကို ရောက်တော့ လင်းရီ လက်ကျန် အသီးများအားလုံး မှည့်နေပြီကို မြင်တွေ့လိုက်ရသည်။

ပန်းသီး၊ မက်မွန်သီး၊ ချယ်ရီသီး စသဖြင့် သူ စိုက်ထားသည့် အသီးတိုင်းက ရင့်မှည့်နေပြီဖြစ်၏။

အကုန်လုံးက နီရဲရဲနှင့် လူကို ဆွဲဆောင်နေလျက်ရှိပြီး အရင်နှစ်သုတ်ထက်ပင် ပို၍ မျက်စိအကြိုက်တွေ့စရာ ဖြစ်နေတော့သည်။

မစ်ရှင် ပြီးမြောက်ရန်က နောက်ထပ် ယွမ် နှစ်သိန်းခွဲမျှသာ ရောင်းချရန် လိုအပ်သောကြောင့် လင်းရီ စိတ်ထဲတွင် တွက်ချက်မှု တစ်ချို့ ပြုလုပ်လိုက်သည်။

သူ့ ယခင် နှစ်သုတ် အသီးများ ရောင်းချပြီးရာမှ ရရှိလာသည့် အမာခံ ဖောက်သည်များလည်း ရှိပြီး ဖြစ်သောကြောင့် လွယ်လင့်တကူပင် မစ်ရှင် ပြီးမြောက်နိုင်သည်။

သို့သော် ၎င်းအပြင် လင်းရီ တစ်စုံတစ်ရာကို သွားသတိရလိုက်မိ၏။

သူ့ရှေ့ရှိ အသီးများအပြင်ကို လျန်ရူရွှယ်ပေးသည့် ဂျင်ဆင်းနှင့် လင်ဇီးမှိုများလည်း အင်မတန် အားကောင်းသည့် အရှိန်အဟုန်ဖြင့် ကြီးထွားနေလျက် ရှိကြသည်။

လင်းရီ သူ့နဖူးသူ ပြန်ရိုက်လိုက်၏။

အကယ်၍ ထို ပစ္စည်းများကို ရောင်းချလိုက်မည်ဆိုပါက ယွမ် တစ်သန်း အသာလေး ရနိုင်သည် မဟုတ်ပါလား..။

သို့ဖြစ်သည့်တိုင်အောင် လင်းရီတွင် ရောင်းချမည့် ရည်ရွယ်ချက် မရှိချေ။

အကုန်လုံးက ရွှေရောင် မြေစေး၏ အာဟာရကို စုပ်ယူမှီဝဲထားသည့်အတွက် ဆေးအာနိသင်က အပြင်တွင် ရောင်းချလျက်ရှိနေသည့် ဂျင်ဆင်းတို့ထက် ပိုထက်မည်မှာ သေချာသလောက် ရှိသည်။

သဘာဝဂျင်ဆင်းရိုင်းပင် သူ့ဖန်လုံအိမ်ထဲ စိုက်ပျိုးထားသည့် ဂျင်ဆင်းကဲ့သို့ မကောင်းမွန်နိုင်ချေ။ ထို့ကြောင့် ယခုလို တန်ဖိုးကြီး ရှားပါး ပစ္စည်းအား ငွေတစ်ခု အကြောင်းပြုလို့ ရောင်းချနေစရာ အကြောင်း မရှိချေ။

ကလင် ကလင် ကလင်…

လင်းရီ အလုပ်စတော့မည့် အချိန်တွင်ပဲ အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။ လျိုဟုန်မှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ ဝေ့… ကောင်လေး … ဘာတွေ လုပ်နေတုန်း… မစ်ရှင်က ပြီးပြီကို မင်း ပြန်လာတာလည်း ငါ မမြင်မိပါလား…”

“ ကျုပ် ခြံထဲက အသီးတွေ မှည့်ပြီမို့ ဆွတ်ပြီး ရောင်းမလို့ ဟန်ပြင်နေတာ…”

အခြားဖုန်းတစ်ဖက်တွင်ရှိ လျိုဟုန်ကတော့ လင်းရီ၏ အဖြေကို ရယ်ရအခက် ၊ ငိုရအခက် ဖြစ်နေပြီး “ ငါတော့ မင်းကို လေးစားသွားပြီ… ဒီလောက် ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ပြုခဲ့တာတောင် မင်းက လာပြီး ဆုကို လက်မခံပဲ အဲ့ဒီအစား အသီးရောင်းချင်နေတယ်… ငါ့ကို ပြောစမ်း… မင်း ဦးနှောက်က ဘယ်လိုတွေများ စဉ်းစားနေတာ…”

“ အာ…”

လင်းရီ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။

သို့သော် စိတ်ထဲတွင်တော့ လျိုဟုန်၏ အဖြေကို အကြီးအကျယ် ဖြေဆိုနေလျက် ရှိလေသည်။

‘ ကျုပ်လည်း ကျုပ်ကိုယ်ပိုင် မစ်ရှင် ပြီးအောင် လုပ်နေတာဗျ… အားယားနေတယ်များ မှတ်မနေနဲ့.. ‘

သို့သော်လည်း သူ ထိုစကားများကို လျိုဟုန်အား ပြောလိုက်၍ မဖြစ်ပါချေ။

“ ဒါကို စိတ်လွတ်မြောက်မှုပေးတယ်လို့ ခေါ်တယ်… တစ်စုံတစ်ယောက်ရဲ့ အတွေးတွေက လယ်ဗယ်တစ်ခုလောက် အထိ ရောက်သွားခဲ့ရင် သဘာဝ တရားကြီးရဲ့ ငြိမ်းချမ်း ငြိမ်သက်မှုကို ခံစားကြည့်နိုင်ပြီ…” လင်းရီ လေးနက်တည်ကြည်စွာ ပြောဆိုလိုက်၏။

ဤတစ်ကြိမ်တွင်တော့ ဖုန်းတစ်ချက်ခြမ်းရှိ လျိုဟုန် တိတ်ဆိတ်ရမည့် ကလှည့်ဖြစ်၏။

“ ငါလည်း မင်းပြောတာ အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ်… ကြည့်ရတာ ငါ တိုက်ခိုက်ရေးဌာနက လူတိုင်းကို လယ်စိုက်ပြီး သဘာဝတရားကြီးကို ခံစားကြည့်ခိုင်းမှနဲ့ တူတယ်…”

လင်းရီ “ ….. “

တကယ်လို့ လူတစ်ယောက်က အထင်ကြီးဖို့ကောင်းတဲ့ ပုံရိပ်ရှိနေပြီဆိုရင် ကြွားပြောတောင် ယုံမယ့်လူတွေ ရှိကြတာပါပဲလား…

“ ကဲ ကဲ ကဲ… အဲ့ကိစ္စတွေ ဘေးချိတ်ထားစမ်းပါ…. ခင်များ အခု ဖုန်းဆက်လာတာ ဘာပြောချင်လို့လဲ.. “ လင်းရီ မေးလိုက်၏။

“ တိုကျိုမှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် မင်း ပြန်လာပြီး မစ်ရှင် အသေးစိတ်ကို အစီရင်ခံဖို့ လိုမယ်…”

“ ချိုးယွီလော့နဲ့ နင်ချဲ့ကရော… သူတို့နှစ်ယောက်ကို ဒီတိုင်း မေးလိုက်ရင် ရနေပြီကို ကျုပ် ပြန်လာဖို့အထိ လိုသေးတာလား…”

“ သူတို့နှစ်ယောက်က မင်းလောက်တော့ အသေးစိတ် ဘယ်သိပါ့မလဲဟ… ပြီးတော့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ လူစစ်ဆေးပွဲလည်း စတင်တော့မှာဆိုတော့ အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ မင်းက မလာရင် ဘာဖြစ်သွားမလဲ..” လျိုဟုန် ပြောလိုက်ပြီး “ မင်းမှာ တခြား လုပ်စရာမရှိဘူးဆိုရင် မြန်မြန် လာခဲ့.. ဒီကိစ္စ အရေးကြီးတယ်…”

All Chapters