ကျွန်တော်တို့ ဘယ်သူဆိုတာ သူသိပါတယ်
Vol. 82 Ch. 1220
“ လူရွေးတာကို ခင်များ တော်သလိုသာ ရွေးလိုက်… ခင်များရဲ့ ရွေးချယ်မှုကို ကျုပ်ယုံကြည်တယ်… ကျုပ်ကတော့ အသီးတွေ ရောင်းရဦးမှာပဲ…”
“ ဘာအသီးရောင်းမှာတုန်း…” လျိုဟုန် ချက်ချင်းဆိုသလို လင်းရီ၏ စကားကို ပယ်ချလိုက်ပြီး “ မင်း တကယ်ကြီး ရောင်းချင်တယ်ဆိုရင် အဲ့အသီးတွေကိုပါ ရန်ကျင်းသယ်ခဲ့… ဒီမှာ ကျိုးဟိုင်ထက်ပိုပြီး သူဌေးတွေများတယ်… ဒီမှာလာရောင်းလည်း အတူတူပဲ… ဒီတော့ မြန်မြန်လာခဲ့…”
လျိုဟုန် လင်းရီကို ပြန်ပြောရန်ပင် အခွင့်အရေး မပေးဘဲ ဖုန်းချပစ်လိုက်၏။
“ ငိုးမ… ဘယ်လိုလူပါလိမ့်…”
ဖန်လုံအိမ်ထဲရှိ အသီးများကို ကြည့်ရင်း လင်းရီတွင် ရွေးချယ်စရာ မရှိပေ။ သူ ရန်ကျင်းတွင် သွားရောင်းချရပေမည်။
မည်သို့ပင်ဆိုစေ လူရွေးပွဲကလည်း အတော်လေးကို အရေးကြီး၏။ သူ့လိုအပ်ချက်နှင့် အမှန်တကယ် ကိုက်ညီသည့် အဖွဲ့သားများကိုသာ ရွေးချယ်ရမည်။ အကယ်၍ ဗရုတ်သုတ်ခ လူတစ်သိုက်သာ သူ့အသင်းထဲ ဝင်လာမည် ဆိုပါက သူ့ကိုပါ ရောပြီး ဂုဏ်ပျက်စေနိုင်သည်။
လင်းရီ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး အစီအစဉ် အသစ်ကို အကောင်အထည်ဖော်ရန် စတင် ပြင်ဆင်တော့၏။
သူ မနက် စောစောထ၍ အသီးများဆွတ်ပြီး ရန်ကျင်းသို့ ပို့ရန်အတွက် လေဆိပ်သို့ ပို့ပေးလိုက်မည်။
‘ သေစမ်း… ငါ့မှာ ပိုက်ဆံရှိနေတာ ကံကောင်းသွားတယ်.. မဟုတ်လို့ကတော့ ဒီအသီးလေး ရောင်းရတဲ့ ငွေနဲ့ ဆီဖိုးတောင် လောက်ငှမှာ မဟုတ်ဘူး…’
အသီးများ ဆွတ်ရန်အတွက် လင်းရီ အလျင်မလိုသဖြင့် အရင်ဦးဆုံး အမှည့်လွန်နေပြီး ဖြစ်သည့် အသီးတစ်ချို့ကို လိုက်လံ ရှင်းလင်းလိုက်သည်။ ထို့နောက် ပေါင်းများကို သတ်ပြီး အပင်များကို ရေလောင်း၏။ နေ့လည်သို့ ရောက်သည်အထိ သူ ဖန်လုံအိမ်ထဲတွင် အလုပ်များနေသည်။
အလုပ်များအားလုံး ပြီးစီးသွားတော့ လင်းရီ မြို့ထဲသို့ သွားပြီး အသီးထည့်သည့် အပေါက်ပါခြင်း အနည်းငယ် သွားဝယ်ရန် ဆုံးဖြတ်လိုက်သည်။
“ ပြန်ရောက်နေပြီပေါ့…”
လင်းရီ ဖန်လုံအိမ်ထဲမှ ထွက်လာသည့်အချိန်တွင်မှာပဲ ရန်စီ သူ့ဘက်သို့ လှမ်းလာနေသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။
သူမက ယနေ့ တော်တော်ကြီးကို သာမန်ဆန်စွာ ဝတ်ဆင်ထားလေသည်။
ဂျင်း၊ စနိကာနှင့် လေကာ အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း မြင်းမြီးသဏ္ဌာန် စည်းနှောင်ထား၏။ သူမ၏ သွင်ပြင်က အလုပ်ကြမ်းလုပ်ရန် အဆင်သင့်ဖြစ်နေသည့် ပုံပင်။
“ ဒီမနက်တင် ပြန်ရောက်တာပဲ… ဒါကြောင့်မို့ ဒီကို တစ်ချက် လာကြည့်တာလေ… အသီးတွေကလည်း မှည့်ကုန်ပြီဆိုတော့ ရောင်းဖို့ပဲ ကျန်တယ်…”
ရန်စီ ခစ်ကနဲ ရယ်မောလိုက်ပြီး “ ငါ ဒီတလော နင့်အသီးတွေ အများကြီး ခူးစားထားတာ နင် ငါ့နား ပိုက်ဆံတောင်းတော့မှာလား…”
“ ပိုက်ဆံ စကားပြောတာ သူစိမ်းဆန်လွန်းပါတယ်… ခန္ဓာကိုယ်နဲ့ ပေးလိုက်ရင် အဆင်ပြေပြီ…”
ရန်စီ လင်းရီကို မျက်လုံးလှန်ကြည့်လိုက်၏။ “ ပေါက်တတ်ကရတွေ ဇွတ်မပြောနဲ့.. ဒီနားမှာ နားတွေရှိတယ်….”
လင်းရီ ခြေဖျားထောက်လျက် မလှမ်းမကမ်း တစ်နေရာရှိ ရှုတင်ရိုက်ကွင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ “ ရှုတင်က ကြည့်ရတာ အလုပ်ရှုပ်နေတဲ့ပုံပါလား… မင်း မပါဘဲနဲ့လည်း ဖြစ်တယ်ပေါ့…”
“ ခုက နေ့လည်စာ ခဏနားတာလေ… နှစ်နာရီကျရင် ဆက်ရိုက်ကြမှာ… “ ရန်စီ ဆံနွယ်များကို သပ်ရင်း ပြောလိုက်ပြီး “ စွယ်စုံပါမယ့် variety show ဆိုပေမယ့် အချိန်ပြည့် ရိုက်ကူးနေလို့တော့ ဘယ်ရမှာ… ရိုက်ပြီးမှ စုပေါင်း ပြန် edit လိုက်ရင် ရပြီ…”
“ အင်း … မင်းပြောတာ မှန်တယ်…”
“ စကားမစပ် ငါ နင့်ကို ရှေ့နှစ်ရက်တုန်းက ဖုန်းဆက်တာ ဆက်သွယ်လို့လည်း မရဘူး.. ဒါကြောင့်မို့ ငါ့သဘောနဲ့ငါ နင့်ဝက်ကို ရိုက်ကူးရေးထဲ ထည့်လိုက်တယ်နော်…”
“ အာ…. အဲ့ကောင်က ကင်မရာပေါ် ရောက်သွားသေးတာပေါ့…”
“ ဒါက ကျေးလက်ဘဝစတိုင် ရှိုးပါဆိုနေမှ ဝက်မွေးတဲ့ အခန်း မပါဘူးဆိုရင် တစ်ခုခု လိုနေမှာပေါ့… နင်ကလည်း ဝက်မွေးထားတယ်ဆိုတော့ အံကိုက်ဖြစ်သွားတယ်…”
“ အင်း… ဒါလည်း ဟုတ်တာပဲ…” လင်းရီ ခေါင်းညိမ့်ပြီးနောက် “ ဘယ်လိုနေလဲ… ရိုက်ကူးရတာ အဆင်ပြေတယ်မလား…”
“ လူငယ်လေးတွေက ဒီလို သဘာဝပတ်ဝန်းကျင်နဲ့ နေသားမကျဘူးဆိုပေမယ့် ဝါရင့် သရုပ်ဆောင် နှစ်ယောက်ကတော့ အဆင်ပြေပါတယ်… သူတို့က အဲ့လူငယ်လေးတွေ မြန်မြန် နေသားကျပြီး သင့်မြတ်သွားအောင် ကူညီပေးကြတယ် ဆိုပေမယ့် ရယ်စရာတော့ ကောင်းနေသေးတုန်းပဲ…”
“ သာမန်ပါပဲ… သူတို့ အရင်တုန်းက ဒါမျိုး တစ်ခါမှမှ မကြုံဖူးကြတာ…”
လင်းရီ နာရီကို ငုံ့ကြည့်၍ “ နေ့လည်စာ စားဖို့ အချိန်ကျပြီ.. ငါ မြို့ထဲသွားပြီး ဝယ်စရာ ရှိလို့ မင်း လိုက်ဦးမလား…”
“ ဟင့်အင်း… ငါ ဒီမှာ လုပ်စရာတွေ ရှိသေးတယ်…”
“ ဒါဆိုလည်း ငါသွားတော့မယ်…”
“ သွား သွား… ဒီကလည်း နင့်ကို နှောင့်ယှက်မယ့် ရည်ရွယ်ချက် မရှိပါဘူး… ဒီတိုင်း နင့်ကားရပ်ထားတာကို မြင်လို့ လာကြည့်ကြည့်တာ…”
“ အဲ့လောက်ကြီးလည်း အသည်းအသန် ဖြစ်မနေစမ်းပါနဲ့… ညကျ အချိန်တွေ အများကြီး ရတယ်… မင်း ကျိန်းသေပေါက် စိတ်ကျေနပ်စေရမယ်..”
“ ဟွန့်…. အဲ့ဦးနှောက်က ဒီလိုမျိုး ပေါက်တတ်ကရတွေနဲ့ပဲ ပြည့်နေ…. တရားကိုလွန်တယ်…”
လင်းရီ ရယ်မောလိုက်ရင်း မြို့ထဲသို့ မောင်းသွားရန် ဟန်ပြင်လိုက်သည်။
“ ဒါရိုက်တာရန်…”
လင်းရီ မောင်းထွက်သွားတော့မည့် အချိန်တွင်ပဲ မလှမ်းမကမ်းမှ ရန်စီ၏ နာမည် အော်ခေါ်သည့် အသံကို သူ ရုတ်တရက် ကြားလိုက်ရလေသည်။
မသိစိတ်အရ လှည့်ကြည့်မိလိုက်တော့ လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရန်စီ့ထံ လျှောက်လှမ်းလာနေကြသည်ကို မြင်နေရသည်။
ရန်စီလည်း လှည့်ကြည့်လိုက်တော့ သူတို့ နှစ်ယောက်ကို မြင်တွေ့သွားခဲ့လေသည်။
“ ဒါရိုက်တာရန်….”
ပြောလိုက်သူကတော့ ကြည့်ကောင်းသည့် ဘဲဥပုံသဏ္ဌာန် မျက်နှာ အချိုးအစားနှင့် မိန်းမငယ်လေး တစ်ယောက်ဖြစ်၏။ သူမက ပိုနီတေးပုံစံ ဆံပင်စည်းထားပြီး လျှာထုပ်ဦးထုပ်ကို ဆောင်းထား၏။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကလည်း ခြုံငုံကြည့်လျှင် အကုန်လှ၏။ အရပ်အမောင်း အနည်းငယ် ပုအိုက်အိုက် ဖြစ်နေသည်ကလွဲ၍ တခြား အပြစ်ပြောစရာပင် မရှိချေ။
တစ်ခုဝမ်းနည်းဖို့ကောင်းသည်က လင်းရီ၏ အမြင်တွင်တော့ သူမ၏ ပိုင်ဆိုင်မှုတို့က သေးငယ်နေခြင်းပင် ဖြစ်သည်။
အထူးသဖြင့် ရန်စီနှင့် ယှဉ်ရပ်လိုက်သည့် အခါတွင် ကွာဟမှုက ပို၍ သိသာနေတော့၏။
သူမဘေးရှိ ကောင်လေးကလည်း ကြည့်လို့ဆိုးသည့်ထဲ မပါချေ။ မျက်ခုံးထူထူ ၊ မျက်ဝိုင်းကြီးကြီးနှင့် မျက်နှာက နူးညံ့ချောမောနေပြီး ခေတ်စားနေသည့် ဆံပင်ပုံစံနှင့်ဖြစ်၏။
လင်းရီ ဤနှစ်ယောက်ကို မသိရှိသော်လည်းပဲ သူတို့၏ ပုံပန်းသွင်ပြင်မှတစ်ဆင့် ထုတ်လုပ်ရေး အသင်း၏ ဧည့်သည်တော်များ ဖြစ်ကြောင်းကိုတော့ သူ ပြောနိုင်သည်။
“ ဒါရိုက်တာရန်… သူက …” စကားစပြောလိုက်သည့် ကောင်မလေးမှာ လင်းရီကို မြင်တော့ ရင်ခုန်နှုန်းတို့ မြန်ဆန်သွားခဲ့ရလေသည်။
‘ သူက အရမ်းချောတာပဲ … အထူးသဖြင့် သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါပေါ့… သူက အရင်မြင်ဖူးခဲ့တဲ့ တခြားကောင်လေးတွေနဲ့လည်း မတူဘူး..’
“ ငါ နင်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးရဦးမယ်.. သူ့နာမည်က လင်းရီတဲ့… ဒီရဲ့ ဖန်လုံအိမ်နဲ့ ငါတို့ ရိုက်ကူးရေးမှာ သုံးနေကြတဲ့ ငါးကန်က သူ့ရဲ့ ပိုင်ဆိုင်မှုလေ… “ ရန်စီ ပြောလိုက်ပြီး “ နင့်ကို ငါပေးခဲ့တဲ့ မက်မွန်သီးကိုလည်း သူကပဲ စိုက်ထားတာ…”
ပြောပြီးနောက် ရန်စီ တစ်ဖက်သို့လှည့်ပြီး သူမကို လင်းရီနှင့် မိတ်ဆက်ပေးလိုက်၏။
“ သူ့နာမည်က ကျောက်ရှစ်ချီ… သူကျတော့ ဝန်ကျွင်း… နှစ်ယောက်လုံးက ဒီရှိုးရဲ့ ဧည့်သည်တော်တွေပဲ…”
“ မင်္ဂလာပါ…” လင်းရီ နှုတ်ဆက်သည့် အနေဖြင့် ခေါင်းညိမ့်ပြလိုက်၏။
“ ဒါရိုက်တာရန်ကလည်း ကျွန်တော်တို့ကို မိတ်ဆက်ပေးနေစရာတောင် မလိုဘူးမလား… “ ဝူဝန်ကျွင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ကျွန်တော်တို့က အနုပညာနယ်ပယ်မှာ ထိပ်တန်း ကြယ်ပွင့်တွေလို့တောင် သတ်မှတ်လို့ရတယ်.. မမှတ်မိတဲ့လူဆိုတာ ခပ်ရှားရှားရယ်…”
“ အဓိကက သူက သူ့ကိစ္စနဲ့သူ အလုပ်များလွန်းတော့ ဖုန်းလိုင်းသုံးဖို့ အချိန်သိပ်မရှိလို့… ဒါကြောင့်မို့ အနုပညာနယ်ပယ်ထဲမှာ ဘာတွေ ဖြစ်နေလဲ မသိဘူး..”
ဝူဝန်ကျွင်း လင်းရီကို ပြုံးလျက် ကြည့်လိုက်၏။
“ ဒါလည်း မှန်တာပဲ… သူက ပုံမှန်ဆို နေ့တိုင်း ဝက်မွေးပြီး အပင်စိုက်နေရတော့ အင်တာနက် ကြည့်ဖို့ ဘယ်အချိန်ရှိတော့မှာ…”
လင်းရီ မျက်ခုံးပင့်၍ အနှီငနဲ ဝူဝန်ကျွင်းအား ကြည့်လိုက်သည်။
ဘယ်လိုငနဲတုန်းဟ… လေသံကိုက မြှောက်ကြွမြှောက်ကြွနဲ့… စကားပြောတာ အချိုးကို မပြောဘူး..
လင်းရီ၏ အေးစက်သည့် အကြည့်ကို သတိထားမိတော့ ရန်စီ တစ်ခုခုမှားယွင်းနေပြီမှန်း သတိပြုမိလိုက်ပြီး အလျင်အမြန် လမ်းကြောင်းလွှဲလိုက်သည်။
“ ရှစ်ချီ… နင်တို့ ဘာလုပ်ဖို့ငါ့ကို လာရှာကြတာလဲ…”
“ ရှင် ဒီလာတာ မြင်မိလို့ ကျွန်မ လိုက်လာခဲ့လိုက်တာလေ…” ကျောက်ရှစ်ချီ ပြောလိုက်ပြီး “ သူက ဖန်လုံအိမ်ရဲ့ ပိုင်ရှင် ဖြစ်မယ်လို့ ထင်တော့ ထင်သား… ဒါကြောင့်မို့ သူ့နားကနေ အသီးနည်းနည်းလောက် ဝယ်ချင်လို့…”
“ အသီးလား…”
“ ဟုတ်တယ် ဟုတ်တယ်…” ကျောက်ရှစ်ချီ ခေါင်းညိမ့်လိုက်ပြီး “ မနေ့က ဒါရိုက်တာရန် ကျွန်မကို ဒီဖန်လုံအိမ်ထဲက မက်မွန်သီးတစ်လုံး ယူလာပေးတယ်လေ… လူရဲ့ အသားအရေကို အားဖြည့်ပေးပြီး လှပစေတဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့တောင် ပြောတယ်… စစချင်းတော့ ကျွန်မလည်း ဘယ်ယုံနိုင်မှာ… ဒါပေမယ့် စားကြည့်ပြီးတော့ အကျိုးသက်ရောက်မှုက တကယ်ကြီးကို ကောင်းတယ်… ဒါကြောင့်မို့ နည်းနည်းလောက် ပိုဝယ်ချင်လို့…”
ထိုသို့ ပြောပြီးနောက် ကျောက်ရှစ်ချီ ပြုံးပြလိုက်ပြီး “ ကျွန်မတို့ချင်း ဒါရိုက်တာရန်ကနေ တဆင့် ရင်းနှီးတယ် သတ်မှတ်လို့ရတယ်နော်… ပြီးတော့ ရှင့်ရဲ့ ဖန်လုံအိမ်ရှေ့မှာ လာဝယ်တာကို ဈေးလျှော့ပေးပြီး လက်ကားဈေးနဲ့ ပေးသင့်တယ် မထင်ဘူးလား…”
“ ပြဿနာ မရှိဘူး…” လင်းရီ ပြောလိုက်ပြီး “ ပုံမှန်ဆို ငါ မြို့ထဲမှာ သွားရောင်းရင် တစ်ကတ်တီကို ယွမ် ၃,၀၀၀နဲ့ … ဒါပေမယ့် ငါမင်းကို လူရင်းဈေး တစ်ကတ်တီ ယွမ် ၂,၅၀၀ နဲ့ ပေးလိုက်မယ်… မင်း ကြိုက်တဲ့ အသီးကို ရောပြီး ယူလို့ရတယ်… အဆင်ပြေလား..”
ယခု လင်းရီ ပိုက်ဆံကို အရေးတကြီး လိုအပ်နေသည့် အခြေအနေတွင် မရှိနေသဖြင့် တစ်ကတ်တီကို ယွမ် ၂,၅၀၀ ဖြင့် ရောင်းပေးလိုက်လို့လည်း စိုးရိမ်စရာ မရှိပါချေ။
“ အာ… တစ်ကတ်တီကို ယွမ် ၂,၅၀၀ ဟုတ်လား…”
ဈေးနှုန်းကိုကြားတော့ ကျောက်ရှစ်ချီနှင့် ဝူဝန်ကျွင်းတို့ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ကြ၏။
“ ရှင်ဘာပြောလိုက်တယ်.. တစ်ကတ်တီကို ယွမ် ၂,၅၀၀ … ပြီးတော့ အဲ့တာက လျှော့ဈေးနဲ့ပေါ့ ဟုတ်လား…”
“ အမှန်ပဲ… မင်းလည်း ငါ့အသီးကို စားဖူးတယ် ဆိုတော့ ပစ္စည်းရဲ့ အရည်အသွေး ဘယ်လိုရှိလဲ သိနေတာပဲ… ဒါကြောင့်မို့ ငါ သူများကို ယွမ် ၃,၀၀၀ နဲ့ ရောင်းတာ….”