← Chapters

သခင်လေးလင်းလို ရိုးရှင်းတဲ့လူ

Vol. 82 Ch. 1222

သခင်လေးလင်းလို ရိုးရှင်းတဲ့လူ

Vol. 82 Ch. 1222

“ ဒီလိုမျိုး ချဉ်းကပ်တဲ့ နည်းလမ်းက နင့်ကို အောင်နိုင်တယ်ဆိုတာ သိသားပဲ…”

“ ဒါကို စိတ်ဝိဉာဏ်ချင်း ပဲ့တင်ထပ်တယ်‌ ခေါ်တယ်… အဲ့တာက ကိုယ့်ရဲ့ အသိစိတ်ကို တိုးတက်အောင် ကူညီပေးတယ်လေ…” လင်းရီ ထိုစကားကို ယခုလိုပဲ ပြန်လည်တုံ့ပြန်လိုက်၏။

ရန်စီ လင်းရီကို မျက်လုံးလှန်၍သာ ကြည့်လိုက်သည်။

“ ကလိမ်ကျတဲ့ လောဂျစ်တွေချည်းပဲ…”

ကလင် ကလင် ကလင် …

လင်းရီ စကား ပြန်ပြောရန် ဟန်ပြင်နေတုန်းမှာပဲ သူ့အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာခဲ့သည်။ ချင်းဟန်မှ ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

“ မင်း ဘယ်မှာလဲ…”

“ ငါ ဟွမ်ရှီး ကျေးရွာမှာ .. ဘာကိစ္စတုန်း…”

“ လျန်ကြီး ပြန်ရောက်လာပြီဆိုတော့ ငါတို့ကောင်တွေ မင်းတို့နှစ်ယောက်ကို ကြိုဆိုပွဲလေး ကျင်းပပေးမလို့… ညနေ ခြောက်နာရီကျရင် ငါ့ ဘာဘီကျူးဆိုင်ကို လာခဲ့… စားပြီးရင် မက်ထရိုပိုလစ်ကို သွားကြမယ်…”

လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်ရင်း “ ခြောက်နာရီလား… ကောင်းပြီလေ… ငါ အဲ့ချိန် ရောက်အောင် လာခဲ့မယ်…”

“ သေချာပါစေနော် ဟေ့ကောင်…”

သေချာလေး သတိပေးပြီးနောက် ချင်းဟန် ဖုန်းချသွားခဲ့သည်။ ရန်စီ လင်းရီကို ပြင်းပြတောက်လောင်နေသည့် အကြည့်တို့ဖြင့် ကြည့်လျက် “ နင် ဒီည တစ်ခုခု သွားစရာ ရှိတာလား…”

“ အင်း… ငါ့ကို ညစာ ဖိတ်ကျွေးနေလို့ … သူတို့ ပြောတာတော့ ကြိုဆိုပွဲ ပါတီဆိုပဲ…”

“ ဒါဆို နင် ည ပြန်လာနိုင်ပါ့မလားနော်…”

လင်းရီ သူမအား အစုန်အဆန် ကြည့်လိုက်ပြီး “ ကျိန်းသေပေါက် လာနိုင်တာပေါ့… ရေမိုးချိုး၊ အိပ်ရာနွေးအောင် လုပ်ပြီး ငါ ပြန်လာတာကို စောင့်နေ…”

“ လူယုတ်မာကြီး..” ရန်စီ မျက်နှာလေး နီရဲသွားပြီး လင်းရီကို တွန်းထုတ်တော့၏။ “ နင် သွားစရာ ရှိတာ သွားတော့… ငါလည်း ပြန်သွားတော့မယ်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး သူ၏ Lexus ထဲဝင်၍ မြို့ထဲ မောင်းထွက်သွားလေသည်။ ရန်စီသည်လည်း သူမ၏ ရိုက်ကွင်းသို့ ပြန်လာခဲ့၏။

Variety show များက အမြဲတမ်း ယခုလို ပုံစံချည်းပင်။ နေ့ခင်းပိုင်းတွင် နှစ်နာရီ ၊ သုံးနာရီခန့် ရိုက်ကူးရေး လုပ်ပြီး ညပိုင်းတွင် နာရီအနည်းငယ် ပြန်ရိုက်ကြ၏။ အကြို ရိုက်ကူးရေး ပြီးဆုံးတော့မှ နေ့ခင်းဘက် ရိုက်ထားသည်များကို ပြန်လည် edit လိုက်ပြီး လူတို့အား တစ်နေကုန် ရိုက်ကူးထားသည်ဟူသော အမြင်မျိုးကို ဖြစ်ပေါ်စေသည်။

“ ဘာဖြစ်လို့တုန်း မျက်နှာကြီး မသာမယာနဲ့…. ကျောက်ရှစ်ချီက နင့်ကို တစ်ခုခု ပြောလိုက်ပြန်ပြီလား…”

ထိုသို့ ပြောလာသည့်သူက အသက်သုံးဆယ် အရွယ်ဟု ထင်ရသည့် အမျိုးသမီး တစ်ယောက်ဖြစ်၏။ သူမ၏ နာမည်က လီယွီကျယ် ဖြစ်ပြီး ဝူဝန်ကျွင်း၏ မန်နေဂျာ ဖြစ်သူပင်…။

“ ပြောမနေစမ်းနဲ့… ခုလေးတင် သောက်ချိုးမပြေတဲ့ တောသားတစ်ကောင်နဲ့ တွေ့လာခဲ့လို့… ကျောက်ရှစ်ချီက အသီးလေး ဝယ်ချင်လို့ သွားမေးတာကို တစ်ကတ်တီ ယွမ် ၂,၅၀၀ နဲ့ရောင်းပြီး အဲ့တာကို လျှော့ဈေးနဲ့ ပေးတာပါတဲ့… အဲ့တာနဲ့ပဲ သူနဲ့ စကားများခဲ့တာ အဲ့သောက်တောသားက ကျွန်တော့်ကို ကန်တောင် ကန်လိုက်သေးတယ်… ချီးပဲ… ပြောရင်းနဲ့ ဒေါသထွက်လာပြီ…”

“ ဘာ… တကယ်ကြီး အဲ့လိုတွေ ဖြစ်ခဲ့တယ်ပေါ့… အဲ့လူက တော်တော် သတ္တိကောင်းနေတာပဲ… နင် ဘော်ဒီဂတ်တွေ ခေါ်မသွားဘူးလား..” လီယွင်ကျယ် ဒေါသူပုန်ထသွားခဲ့ပြီး “ ဒါနဲ့ နင် သူနဲ့ ရန်ရောဖြစ်ခဲ့သေးလား…”

“ မဖြစ်ခဲ့ဘူး… ဒါရိုက်တာရန် တားလိုက်လို့ပေါ့…”

“ အဲ့တာကောင်းတယ်…” လီယွင်ကျယ် ခေါင်းညိမ့်လိုက်ပြီး “ နင်က B အဆင့် စာရင်းထဲ တက်လာနိုင်တာ မကြာသေးဘူးဆိုတော့ မတော်လို့ တစ်ယောက်ယောက်များ နင်အဲ့လိုလုပ်တာ ဗွီဒီယိုရိုက်ပြီး တင်လိုက်မယ်ဆိုရင် နင့် အလုပ်ကို ထိခိုက်လာနိုင်တယ်…”

“ ကျွန်တော်လည်း သိတယ်… အဲ့ဒါကြောင့် စိတ်ပြန်ထိန်းပြီး အဲ့ ခွေးသူတောင်းစားရဲ့ အသက်ကို ချမ်းသာပေးလိုက်တာပေါ့… “ ဝူဝန်ကျွင်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် ပြောလိုက်သည်။

“ ဒါပေမယ့် အဲ့ကောင်ကို ဒီတိုင်း လွှတ်ပေးထားဖို့ အစီအစဉ်မရှိဘူး.. ဒီနေ့က ရှုတင်ရိုက်ရတဲ့ နောက်ဆုံးနေ့ပဲ … ပြီးရင် သူ့ကို သင်ခန်းစာပေးဖို့ တစ်ယောက်ယောက် လုပ်ခိုင်းလိုက်မယ်…”

“ အဲ့ကိစ္စ ငါ ကြည့်စီစဉ်လိုက်မယ်…” လီယွီကျယ်‌ေ ပြာလိုက်ပြီး “ နင့်မှာ တခြား လုပ်ရမယ့် ကိစ္စတွေ ရှိတယ်…”

“ ဘာလဲလုပ်ရမှာ… နောက် ပရိုဂရမ် တစ်ခု ထပ်ရိုက်ရမှာလား..”

“ မဟုတ်ဘူး..” လီယွီကျယ် ပြောလိုက်ပြီး “ နင် ချင်းဟန်ကို သိတယ်မလား…”

“ ဒါပေါ့… မသိဘဲ ဘယ်နေမှာ… သူက ဟွာရှရဲ့ နာမည်ကြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပဲလေ.. ကျိုးဟိုင်က သခင်လေးတွေထဲမှာ ဒိတ်ဒိတ်ကျဲကြီး တစ်ယောက်ကိုပဲ… သူ့ကို မသိတဲ့လူ ဘယ်သူရှိလို့…”

“ နင် သိတာ ကောင်းတယ်…” လီယွီကျယ် ပြောလိုက်ပြီး “ ငါ ကြားတာ ဒီည ကျိုးဟိုင်က မက်ထရိုပိုလစ် ဘားမှာ သူ့သူငယ်ချင်းတွေနဲ့ ပါတီလုပ်ဖို့ ရှိတယ်ဆိုပဲ… ငါ နင့်အတွက် သူတို့နဲ့ ဆက်သွယ်ပေးထားတယ်.. နင် ရှုတင်ပြီးရင် အဲ့သွားပြီး သီချင်း တစ်ပုဒ် နှစ်ပုဒ်လောက် သွားဆိုပေးလိုက်… သူ့လိုမျိုး ဥစ္စာကြွယ်ဝတဲ့ နောက်ခံကနေ ဆင်းသက်လာတဲ့ သူတွေက ပိုက်ဆံတွေ အလျှံအပယ် ရှိရုံတင် မကဘူး… အသိုင်းအဝိုင်းကလည်း ကောင်းတယ်… နင်သာ သူနဲ့ အဆက်အသွယ် တည်ဆောက်ထားနိုင်မယ်ဆိုရင် နင့် အနာဂတ်အတွက်လည်း အကျိုးရှိနိုင်တယ်…”

“ အစ်မလီက လုံးဝ အမေးဇင်းပဲ… အဲ့လို ဒိတ်ဒိတ်ကျဲကြီးနဲ့တောင် အဆက်အသွယ် လုပ်ထားနိုင်နေတယ်ပေါ့… “ ဝူဝန်ကျွင်း လီယွီကျယ်ကို ပွေ့ ဖက် နမ်းရှုံ့ ပြုလုပ်လိုက်ပြီး “ အစ်မလီက အရမ်း အံ့ဩဖို့ ကောင်းတာပဲ…”

သူတို့နှစ်ယောက်က မန်နေဂျာနှင့် အနုပညာရှင် ဖြစ်ကြသော်လည်းပဲ လီယွင်ကျယ် ယခုလို ခန္ဓာကိုယ်ချင်း နှီးနှောမှုကို ကြည်နူးသာယာမိလေသည်။

“ ဟက်… နင့် အစ်မက ဒီနယ်ပယ်ထဲမှာ ကျင်လည်လာတာ ဆယ်နှစ် မကတော့ဘူး… ဒီလောက်လေးမှ မလုပ်နိုင်ရင် ဘယ်လိုလုပ်ပြီး ရပ်တည်နေနိုင်မှာလဲ..” လီယွင်ကျယ် ဘဝခိုက်နေသည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ ဒီညအတွက် နင့်ကိုယ်နင် ပြင်ဆင်ထား… အဲ့ အပင်စိုက်တဲ့ ကောင်ကိုတော့ စိတ်မပူနဲ့ … နင့်အစ်မ ကြည့်ကြပ်ကိုင်တွယ်လိုက်မယ်…”

“ ကျေးဇူးပါ အစ်မလီ…”

………………………

မွန်းလွဲပိုင်း၊ လင်းရီ ထမင်းစားပြီးတော့ သူ သစ်သီးခြင်း အနည်းငယ် ဝယ်၍ ဖန်လုံအိမ်ထဲ လာပို့ထားလိုက်သည်။

ထို့နောက် သူ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲ ဝင်ပြီး အပင်များကို ရေသွင်းလေသည်။ ကြီးထွားနေသည့် ပေါင်းပင်များကို ဖြတ်ထုတ်ရှင်းလင်းပြီး အိမ်စားရန် အသီးအရွက်တစ်ချို့ကိုလည်း နှုတ်ယူလိုက်သေး၏။

သူ ထိုအချင်းအရာများ လုပ်ပြီးသွားသည့်အချိန်တွင် ရန်စီကို ဖုန်းဆက်လိုက်ပြီး သူ အရင်ပြန်နှင့်ပြီ ဖြစ်ကြောင်း လှမ်း၍ အသိပေးလိုက်သည်။

ဟွမ်ရှီး ကျေးရွာမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကျိုးဟိုင်သို့ ပြန်လာခဲ့သည်။ သူ ကျိုကျုံးဗီလာသို့ ပြန်ရောက်လာသည့် အချိန်တွင် ညနေ ငါးနာရီကျော်နေပြီး ဖြစ်၏။ သို့သော် ကျီချင်းရန်မှာမူ အိမ်တွင် ရှိမနေချေ။

နေ့လည်နေ့ခင်းတုန်းက သူ ကျီချင်းရန်ကို ယနေ့ည အိမ်ပြန်လာမည် မဟုတ်ကြောင်း ဖုန်းထဲ ပြောထားပြီး နောက်တစ်နေ့တွင်လည်း ရန်ကျင်းသို့ သွားရန်က ရှိနေသေး၏။ ထို့ကြောင့် ကျီချင်းရန်မှာ သူမ အမေအိမ်၌သာ နေရန် ဆုံးဖြတ်လိုက်တော့သည်။

သို့သော်လည်းပဲ လင်းရီ ကျီချင်းရန်ကို သူ ယခု အိမ်ပြန်ရောက်နေကြောင်း အသိပေးရန် ရည်ရွယ်ချက် မရှိ။ ညစ်ပတ်နေသည့် သူ၏ အဝတ်အစားများကို လဲပြု၍ ရေချိုးပြီး ချင်းဟန်ပိုင်သည့် ဘာဘီကျူးဆိုင်သို့ ကားမောင်း၍ ထွက်လာသည်။

ချင်းဟန် ပိုင်သည့်ဆိုင် ဆိုသော်လည်းပဲ လင်းရီ မှတ်မှတ်ရရ ဤနေရာတွင် တစ်ကြိမ်သာလျှင် စားဖူး၏။ သေချာပြန် စဉ်းစားကြည့်လိုက်တော့ သူ ဤနေရာသို့ မရောက်ဖြစ်သည်မှာ တစ်နှစ်နီးပါးပင် ရှိနေချေပြီ။

ယခင် ဖွင့်ပွဲတုန်းကကဲ့သို့ ဝင်ပေါက်၏ တစ်ဖက်တစ်ချက်စီတွင် စူပါကား ဆယ်စင်းခန့် ထိုးရပ်ထား၏။ မြင်ကွင်းက အမြင်ဖမ်းစရာကြီးပင်။

အနှီကားများရှေ့တွင် ရပ်ပြီး ဆယ်လ်ဖီရိုက်နေကြသည့် အင်တာနက် ဆယ်လီ မောင်မယ်များကိုလည်း လင်းရီ မြင်တွေ့နေရလေသည်။

“ သောက်ပဲ.. ကြည့်စမ်း… အဲ့တာ La Voiture Noire မလား…”

လင်းရီကား မောင်းလာသည်ကို မြင်တော့ တံခါးဝတွင် စောင့်ဆိုင်းနေသည့် လူများမှ ကျယ်လောင်စွာ လက်ညိုးထိုးပြီး ပြောဆိုကြတော့သည်။

မည်သည့် အချိန်တွင်မဆို စူပါကားများနှင့် မိန်းမလှလေးတို့က ယောက်ျား ဟော်မုန်းများကို လှုံ့ဆော်ပေးနိုင်လေသည်။

“ ဒါ ကမ္ဘာပေါ်မှာ တစ်စင်းတည်းသောကား… ပြီးတော့ ကျိုးဟိုင်က သခင်လေးလင်းရဲ့ ကားဆိုလည်း ဟုတ်တယ်…”

“ အထင်ကြီးစရာပဲ… ကြည့်ရတာတော့ သခင်လေးချင်းနဲ့ ထမင်းအတူစားဖို့ လာခဲ့တာနဲ့ တူတယ်…”

“ သူက သိပ်ချောတာပဲနော်.. တို့သာ သခင်လေးလင်းရဲ့ ကားထဲ တစ်ကြိမ်လောက်လေးပဲ ဖြစ်ဖြစ် ဝင်ထိုင်နိုင်ရင် သေပျော်ပါပြီ…”

ကားမောင်းလာသည့် လင်းရီကို မြင်တော့ တံခါးဝတွင် စောင့်နေသည့် လူမှာ ကားဘေးသို့ အလျင်အမြန် ရောက်လာခဲ့ပြီး ပြတင်းပေါက်နား ကပ်၍ “ သခင်လေးလင်း… သခင်လေးချင်းက သီးသန့် ပါကင်ထိုးဖို့ တစ်နေရာ ချန်ထားပေးပါတယ်… ဒီဘက်က ကြွပါ…”

“ ကောင်းပြီ … ကျေးဇူးပဲ…”

ကြိုဆိုရေး တာဝန်ကျသည့် ဝန်ထမ်းမှ အဓိက ဝင်ပေါက်ဝ ညာဘက်ရှိ ကားပါကင်တွင် ကာရံထားသည့် အတားအဆီးများကို ဖယ်ရှားလိုက်ပြီး လင်းရီကားကို အထဲသို့ ရပ်ရန် လက်ဟန်ပြလိုက်သည်။ ကင်မရာမီးရောင် တဖျပ်ဖျပ်၏ အောက်တွင် လင်းရီ ချင်းဟန်၏ ဘာဘီကျူးဆိုင်ထဲ ရောက်ရှိလာလေသည်။

“ သခင်လေးလင်း ကားကို လက်တစ်ဖက်တည်း မောင်းတဲ့ပုံက သိပ်လန်းတာပဲနော်… ဒီလိုမျိုး ရိုးရှင်းပြီး ဝင့်ဝါမှုတွေမရှိတဲ့ လူကိုပဲ ငါ သဘောကျတာ… သူလေးနဲ့သာ အတူရှိနေနိုင်မယ်ဆိုရင် ဆန်ပြုတ်လေးပဲ စားရ စားရပါအေ…”

“ နင် ရူးနေတာလား… သခင်လေးလင်းကို ရိုးရှင်းပြီး ဝင့်ဝါမှုမရှိတဲ့ လူလို့ ခေါ်နေတယ်ပေါ့…. နင် ယားနေတာလား ဒါမှမဟုတ်ရင် တစ်ခုခုပဲ…”

“ ဒီလိုလူမျိုးနဲ့ တွေ့ရင် ဘယ်သူက မ,ယားပဲ နေမလဲ…”

တစ်ချိန်တည်းတွင် လင်းရီ သီးသန့်ခန်းတံခါးဝ ရှေ့သို့ ရောက်လာခဲ့ပြီး တွန်းဖွင့်လိုက်၏။

ချင်းဟန်၊ ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်တို့အပြင် အခန်းထဲ၌ မိန်းကလေး ဆယ်ယောက်ကျော် ရှိနေလေသည်။

အကုန်လေးက ခါး သေးသေးသိမ်သိမ် ၊ ခြေတံ သွယ်သွယ်လျလျတို့နှင့် အချိုးအစား ပြေပြစ်လှပနေပြီး ပေါ့ပါးစွာ ဝတ်ဆင်ထားကြ၏။

ဤနေရာတွင် ဘောင်းဘီရှည်များ ဝတ်ပြုခြင်းက လူကို စော်ကားခြင်း တစ်မျိုးပင်။

“ သခင်လေးလင်း…”

လင်းရီ ဝင်လာသည်ကို မြင်တော့ မိန်းကလေး ဆယ်ယောက်ကျော်မှ မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်ကြ၏။

လင်းရီ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်သည်။ “ ထိုင်ကြ ထိုင်ကြ… ဒီနေ့ ငါတို့... လူတိုင်း အဝသောက်သွားရမယ်… မင်းတို့ရဲ့ အစ်ကိုကြီးချင်း ကျွေးမှာ ဆိုတော့ ဘာမှ အားမနာကြနဲ့…”

“ ကျေးဇူးပါ အစ်ကိုကြီးလင်း…”

“ ငိုးမ… ဒီနေ့ ကျွေးမှာက ငါလေ… ဘာလို့ အဲ့ကောင်ကို ကျေးဇူးသွားတင်နေတာတုန်း…”

“ငါက မင်းထက် ရုပ်ပိုချောလို့ ဖြစ်မယ်… အဲ့တာကြောင့်လေ…”

All Chapters