သူ အသက်ရှင်သေးသရွေ့
Vol. 82 Ch. 1223
“ ငိုးပဲ .. တော်စမ်း…”
အခန်းထဲရှိ လူတိုင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ လင်းရီ၏ ရောက်ရှိလာမှုက စားပွဲဝိုင်း၏ လေထုကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေသည်။
“ လာကြ လာကြ… ခွက်တွေ ဖြည့်ကြမယ်..” ကောင်းကျုံးယွမ် သူ၏ ခွက်ကို မြှောက်လိုက်ပြီး “ ညီကိုလင်းနဲ့ လျန်ကြီးတို့ နှစ်ယောက် ဂျပန်ကနေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာကို ဂုဏ်ပြုပေးလိုက်ကြစို့…”
“ သခင်လေး လင်း… သခင်လေးလျန်… ဂုဏ်ပြုပါတယ်... ”
လူတိုင်းက ခွက်ကို မြှောက်လိုက်ကြပြီး လိင်ခွဲခြားမှု မရှိပါဘဲ လူတိုင်းက သူတို့၏ ဤတစ်ခွက်ကို တစ်ကျိုက်တည်း အပြတ်ဖြတ်လိုက်ကြသည်။
“ လင်းကြီး… မင်းတို့နှစ်ယောက် ဂျပန်မှာ ဘာတွေ ဖြစ်ခဲ့ကြတာလဲ…”
“ ငါ လျန်ကြီးကို မေးလည်း ဒီကောင်က ပါးစပ်နဲ့ ကော်နဲ့ ကပ်ထားသလိုကို ဘာမှ ထွက်မလာဘူး..”
“ ငါလည်း မင်းတို့ကို ပြောပြလို့ မရဘူး…”
“ ဟေ့ကောင်.. မင်းက ညီအစ်ကို အချင်းချင်းတွေကို ဒီစကားမျိုး ပြောနေတယ်ပေါ့… မင်း ငါတို့ကို ညီကိုလို့တောင် သတ်မှတ်သေးရဲ့လား..”
“ အဲ့တာ တကယ်ကြီး လျှို့ဝှက်ထားရမယ့်ဟာမို့ပေါ့ကွာ…”
ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့စိတ်ထဲ တစ်ခုခု မူမမှန်နေသည်ကို ခံစားလိုက်ရလေသည်။
“ ဖြစ်နိုင်တာ မင်းမှာ တခြား အထောက်အထား တစ်ခုများ ရှိနေတာလား…”
“ အင်း… ဆိုပါတော့…”
“ အဲ့တာက ဘယ်လောက်တောင် သောက်ကြမ်းကြီးမို့လို့…”
“ ကြမ်းတာမှ ငါသာ သေလမ်းမရှာရင် လုံးဝကို အင်မော်တယ်ပဲကွာ…”
“ သောက်ကျိုးနည်း…”
ချင်းဟန်နှင့် လျန်ကျင်းမင်တို့ အံ့အားတကြီး ဆဲရေးတိုင်းထွာမိလိုက်ကြသည်။
သူ့ဘေးနားရှိ ဒါဇင်ကျော်သော မိန်းမလှလေးများဆို မျက်ဝန်းလေးများ ပြူးကျယ်လို့ သွားခဲ့ကြလေသည်။
ဒါ တကယ့် ဒိတ်ဒိတ်ကျဲကြီးပဲ..
လူ ဘယ်နှစ်ယောက်လောက်ကပဲ ဒီလို လျှို့ဝှက်ချက်ကြီးကို သိဖို့ ထိုက်တန်တာပါလိမ့်…
လူအများစု ဦးနှောက်ထဲ တွေးထားကြသည်မှာ ကျိုးဟိုင်ရှိ ချမ်းသာသည့် လူငယ်သခင်လေးများ အသိုင်းအဝိုင်းအတွင်း၌ ချင်းဟန်က ဩဇာအကြီးဆုံး လူဆိုတာကိုပင်…။
အကယ်၍များ သူတို့ရှေ့ရှိ အနှီ သိုသိုသိပ်သိပ်နေသည့် သခင်လေးလင်းကသာ တကယ့် စစ်မှန်သည့် အာဏာရှင်မှန်း နည်းနည်းလေးလောက်သာ သိရှိခဲ့မည် ဆိုပါက…..
သူနှင့် နှိုင်းယှဉ်လိုက်လျှင် သခင်လေးချင်းဆိုသည်မှာ အဝေးကြီး လိုနေသေး၏။
ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ ဆက်ပြီး စကားမနှိုက်ကြတော့ချေ။
အမေးသန်သည်က မကောင်းမှန်းကို သူတို့ နားလည်သည်။
သီးသန့် ကြိုဆိုပွဲလေး၏ လေထုမှာ ပျော်ရွှင်ဖွယ် ကောင်းနေပြီး ည ရှစ်နာရီထိုးတော့မှသာ အဆုံးသတ်သွားခဲ့၏။
၎င်းနောက် သူတို့တွေ မက်ထရိုပိုလစ်ဘားသို့ ထွက်လာခဲ့ကြသည်။
ချင်းဟန်နှင့် ကျန်သူများ ရောက်လာမည်ကို သိရှိထားကြသဖြင့် မက်ထရိုပိုလစ်သည်လည်း ယခင်ကထက်ကိုပို၍ အထူးတလှယ် လူစည်ကားနေလျက် ရှိသည်။
လေးယောက်သား ကားထဲမှ ထွက်လာကြသည်ကို မြင်တော့ နှစ်ဆယ်ကျော်သော ယောက်ျား မိန်းမတို့မှာ သူတို့နား ဝိုင်းအုံလာ၍ နှုတ်ဆက်ကြ ၊ ပြုံးပြကြပြီး အမြင်တစ်ချို့ ထင်ကျန်နိုင်အောင် ကြိုးပမ်းကြတော့သည်။
တစ်ချိန်တည်းတွင် မက်ထရိုပိုလစ်၏ အတွင်းပိုင်းသည်လည်း အင်မတန်ကို လှုပ်ရှား အသက်ဝင်နေလျက် ရှိ၏။
ယင်းက ချင်းဟန်နှင့် ကျန်သူများ ရောက်လာမည် ဆိုသောကြောင့်သာ မဟုတ်ပဲ အလွန် နာမည်ကြီးသည့် rapper တစ်လက်၊ ဝူဝန်ကျွင်းကို စောင့်ဆိုင်းနေသောကြောင့်လည်း ဖြစ်သည်။
ချင်းဟန်နှင့် ကျန်သူများ မရောက်ရှိစဉ်က သူက ဤနေရာရှိ စတားတစ်ပွင့် ဖြစ်၏။
အမျိုးသား အမျိုးသမီးတိုင်း၏ အကြည့်က သူ့ထံတွင် ရောက်လို့နေပြီး လက်မှတ်တောင်းခံချင်သူများကြောင့်လည်း လေထုက ပိုပြီး အသက်ဝင်လာနေသည်။
၎င်းတို့ကို ပိတ်ဆို့ထိန်းသိမ်းထားသည့် ဘော်ဒီဂတ်များကြောင့်သာ မဟုတ်ပါက လူနင်းခံရသဖြင့် နာမည်ကြီးသွားသည့် rapper တစ်လက် အသစ် ထွက်ပေါ်လာနိုင်လေသည်။
“ အစ်မလီ ဟိုတောသားကို ကိုင်တွယ်ဖို့ ပြင်ဆင်ပြီးသွားပြီလား…” သီးသန့်စားပွဲဝိုင်းတွင် ဝူဝန်ကျွင်း လေသံ ခပ်ပျော့ပျော့ဖြင့် မေးမြန်းလိုက်၏။
“ မနက်ဖြန် ရောက်တဲ့အထိ စောင့်လိုက်ဦး… ငါ အသေးစိတ် စီစဉ်ဖို့ လိုအပ်တဲ့ တစ်ချို့တွေ ရှိသေးတော့ ဒါရိုက်တာရန်နဲ့လည်း စကားပြောရဦးမှာ… ပြီးရင် လူ လေးငါးယောက်လောက် ရှာပြီး အဲ့ကောင်ကို သင်ခန်းစာ ပေးခိုင်းလိုက်မယ်…”
“ ကောင်းပြီလေ.. အဲ့လိုပဲ လုပ်ကြတာပေါ့…”
ဝူဝန်ကျွင်း အရက် တစ်ကျိုက်မျှ စုပ်သောက်လိုက်ရင်း” သေစမ်း… ဘာမဟုတ်တဲ့ကောင်ကများ ငါ့ကို ကန်လားပြုလား လုပ်ဝံ့နေတယ်.. ဒင်းကို လုံး၀ ခွင့်မလွှတ်နိုင်ဘူး..”
“ နင် စိတ်အေးအေးထားစမ်းပါ… ငါနဲ့ လွှဲထားလိုက်…”
“ ကြည့်… အဲ့မှာ သခင်လေးချင်းမလား…”
နှစ်ယောက်သား စကားပြောဆိုနေတုန်းမှာပဲ အံ့အားတကြီး တုံ့ပြန်လာသည့် အသံများကို သူတို့ ကြားလိုက်ရလေသည်။
မသိစိတ်အရ လှည့်ကြည့်လိုက်မိတော့ လူလေးယောက် အုပ်စု တစ်ခုမှာ အထဲသို့ ဝင်ရောက်လာနေသည်ကို သူတို့ မြင်တွေ့လိုက်ကြရ၏။
ရှေ့ဆုံးမှ လမ်းလျှောက်လာနေသူကတော့ ချင်းဟန်မှလွဲပြီး အခြားသူ မဟုတ်ချေ။
“ ချင်းဟန်ဆိုတဲ့အတိုင်း တစ်ချက်ကြည့်လိုက်တာနဲ့ ထူးခြားတဲ့ လူမှန်း သိတာတာပဲ…” လီယွီကျယ် သက်ပြင်းချလျက် ပြောလိုက်ပြီး “ သာမန် ချမ်းသာတဲ့ သူဌေးသားလေးတွေဆို သူ့လို ကိုယ်ရောင်ကိုယ်ဝါမျိုး မရှိကြဘူး…”
ဟိတ်ဟန်ထုတ် ဝင့်ကြွားရသည်ကို နှစ်သက်သည့် လူငယ်တစ်ယောက် ဖြစ်သည့် အလျောက် ချင်းဟန်ကလည်း ယခုလို ရွှေရောင် အခွင့်အလမ်းကြီးကို လက်လွတ်မခံပါချေ။ သူ ခေါင်းကို မော်နေအောင် မော့လျက် ရှေ့မှ ဦးဆောင်လာခဲ့၏။
လင်းရီက လေးယောက်အုပ်စုတွင် အထင်ကြီးစရာ အကောင်းဆုံး ဖြစ်သော်လည်းပဲ နာမည်ကြီး ရေပန်းစားမှု အပိုင်းတွင်တော့ ချင်းဟန်က အသာလွန်ဆုံးဖြစ်၏။
ပထမ တစ်ချက်ကတော့ ချင်းဟန်မှာ အမြဲတစေ ထင်ထင်ပေါ်ပေါ် နေလျက်ရှိပြီး ဝေ့ပေါ်၌ သူ့ ပရိတ်သတ်ကပင် ဆယ်သန်းကျော် ရှိသည်။
ထို့ပြင် လက်ရှိ ရောက်နေကြသူများက စစ်မှန်သည့် ထိပ်တန်းလွှာ အသိုင်းအဝိုင်း အကြောင်းကို မသိရှိသူများ ဖြစ်လေရာ ရလဒ်အနေဖြင့် ချင်းဟန်သည် လူအများ၏ ပုံရိုက် ကိုးကွယ်ရာ လူပုဂ္ဂိုလ်ထူးကြီး တစ်ယောက် ဖြစ်လာလေတော့သည်။
အမြဲတစေ သိုသိုသိပ်သိပ် နေလျက် ရှိသည့် လင်းရီကို မဆိုထားဘိ၊ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ပင်လျှင် အနှီလူများ၏ မျက်လုံးထဲ၌ ချင်းဟန်နှင့် ယှဉ်ပါက နိမ့်ကျသူများ ဖြစ်နေလေသည်။
အမှန်တော့ ၎င်းတို့ချင်း ကွာဟမှုက ပြောပလောက်သည်အထိ ကွာခြားနေခြင်းမျိုး မရှိချေ။
ဤအတိုင်း အနှီလူများက ၎င်းတို့ မည်မျှ ပါဝါရှိသည်ကို သိရှိနိုင်သည်အထိ လက်လှမ်းမမှီကြသောကြောင့်သာ ဖြစ်၏။
“ ရှီးပဲ… အဲ့ သောက်တောသား ကလေကဝက ဘာလို့ ဒီရောက်နေရပြန်တာတုန်း…”
“ ဘာဖြစ်လို့လဲ…”
“ သခင်လေးချင်း နောက်ကလူကို အစ်မလီ မြင်လား…” ဝူဝန်ကျွင်း လင်းရီကို လက်ညိုးထိုးပြလိုက်၏။
“ သူ့နောက်က လူဒါဇင်လောက် ရှိတယ်လေ.. နင်က ဘယ်တစ်ယောက်ကို ပြောနေတာတုန်း…”
“ FOG ရှပ် လက်ပြတ်နဲ့ တစ်ယောက်…”
“ အိုး… ငါမြင်ပြီ…”
“ အဲ့ကောင်က ကျွန်တော့်ကို နေ့ခင်းတုန်းက ပိတ်ကန်သွားတဲ့ သောက်တောသားပဲ…”
“ သောက်တောသားလား… ငါတော့ မထင်ဘူးနော်.. FOG ဆိုတာ ထိပ်တန်း ဖက်ရှင် ဘရန်းထဲမှာ ပါတယ်… ဈေးမပေါဘူး… အပင်စိုက်တဲ့ လူက ဘယ်လိုလုပ်ပြီး အဲ့လို အဝတ်အစားမျိုး ဝယ်ဝတ်နိုင်မှာလဲ… နင်မှားနေပြီ ထင်တယ်…”
“ ဘယ်သူသိနိုင်မှာ .. အဲ့လို ဘရန်းတွေကို ဝတ်ပြီးသား ပြန်ရောင်းတဲ့ ဆိုင်ကနေ ဝယ်ထားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့…” ဝူဝန်ကျွင်း ပြောလိုက်ပြီး “ ပြီးတော့ သူ ရောင်းတဲ့ အသီးက တစ်ကတ်တီကို ယွမ် ၂,၅၀၀ တည်းရယ်… ဒီလို ဘရန်းမျိုး အသစ်ဂျတ်ချွတ် ဝယ်ဝတ်နိုင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး…”
“ စိတ်ဝင်စားစရာပဲ… သူလည်း ချင်းဟန်ပွဲကို လာပြီး နွှဲနေတယ်ပေါ့…” လီယွီကျယ် ပြုံးလျက် ပြောလိုက်၏။
“ အစ်မလီ… ကျွန်တော်ကတော့ မနက်ဖြန်ထိ စောင့်နေစရာ မလိုဘူးလို့ ထင်တယ်.. ဘော်ဒီဂတ်တွေကလည်း ဒီမှာ အဆင်သင့်ပဲ… သူတို့ကို တိတ်တိတ်လေး သွားပြီး ကိုင်တွယ်ခိုင်းလိုက်ရင် ရနေပြီပဲ…”
“ အင်း.. ဟုတ်ပြီ…”
လီယွီကျယ် သူမ လက်ကို ဝှေ့ရမ်း၍ ဘော်ဒီဂတ်တစ်ယောက်အား လှမ်းခေါ်လိုက်ပြီး “ လောင်ကျန်း… ဒီကို ခဏလာစမ်းပါဦး…”
“ အစ်မလီ… ဘာကိစ္စ ရှိလို့တုန်း…”
ဘော်ဒီဂတ် လေးယောက်ထဲမှ အသန်မာဆုံး ဖြစ်သူ ကျန်းရွှင့်မှ ရောက်လာပြီး မေးမြန်းလိုက်၏။ သူက ပြည်တွင်း ဘောက်ဆင် ထိုးသတ်ပွဲတွင် ငွေတံဆိပ် ဆုရထားသူလည်း ဖြစ်လေသည်။ ထို့ကြောင့် ကျွမ်းကျင်သူ တစ်ယောက်အဖြစ် သတ်မှတ်၍ရ၏။
“ သခင်လေးချင်းနောက်က FOG လက်တို ဝတ်ထားတဲ့ တစ်ယောက်ကို နင်တွေ့လား… “
ကျန်းရွှင့် တစ်ချက် ကြည့်လိုက်ပြီး “ အချောဆုံး တစ်ယောက်ကို ပြောနေတာလား…”
“ ဟုတ်တယ် သူပဲ…” လီယွီကျယ် ပြောလိုက်ပြီး” ငါတို့ ဟွမ်ရှီးကျေးရွာမှာ ရိုက်ကူးရေး လုပ်တုန်းက သူ တို့ဝန်ကျွင်းကို ကန်ကျောက်သွားခဲ့တယ်.. နေ့ခင်းဘက်ကြီးဆိုတော့ သူ့အတွက် လက်တုံ့ပြန်လို့ကလည်း မကောင်းဘူး… ခု နင်နဲ့ လူတစ်ချို့ ခေါ်သွားပြီး သူ့ကို အပြင်မှာ ပညာသွားပေးလိုက်…”
“ သွားကြားထိုးသံ သာသာ ရှိတဲ့ အဲ့လိုကောင်ကို လူခေါ်နေစရာ မလိုပါဘူး… ကျုပ် တစ်ယောက်တည်းနဲ့တင် ဖြစ်တယ်…”
“ အဲ့လိုလည်း ရတယ်… နင် ဘယ်လိုလုပ်မလဲဆိုတာ နင့်ဘာနင် ဆုံးဖြတ်… သူ့ကို သင်ခန်းစာ ပေးနိုင်ရင် ရပြီ..”
“ ဒါပေမယ့် အစ်မလီ.. ဒီည ဒီလာနိုင်တဲ့လူတွေက သာမန် မဟုတ်ဘူးနော်… ကျုပ်တို့ သူ့ကို ရိုက်နှက်လိုက်ရင် တစ်ခုခု ဖြစ်သွားမလားပဲ…”
“ အဲ့ကိစ္စ မပူနဲ့… သူက ဒီတိုင်း သောက်ငမွဲ အပင်တွေ စိုက်စားတဲ့ကောင်… ငါတို့ သူ့ကို ဟွမ်ရှီးကျေးရွာမှာ တွေ့ခဲ့တာ… ဒီကောင် ဒီလာတယ်ဆိုတာလည်း ဒီတိုင်းလာပြီး ပျော်ပါးရုံပဲ… နင်တို့ သူ့ကို လုပ်ချင်သလိုသာလုပ်… မသေရင် ပြီးရော…”
“ ကျုပ်သိပါတယ်… ကျုပ်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေကို မရိုက်ရဲဘူးဆိုပေမယ့် သာမန် အပင်စိုက်တဲ့ကောင်ကိုတော့ ပြဿနာ မရှိဘူး.. ဟီးဟီး.. ကျုပ် သူ့ကို သေလုမြောပါး ရိုက်နှက်ပေးလိုက်မယ်… အစ်မလီ စောင့်ကြည့်နေလိုက်…”
ပြောပြီးနောက် ကျန်းရွှင့် တံခါးဝသို့ ပြည့်လျှံနေသည့် ယုံကြည်ချက်တို့ဖြင့် လျှောက်လှမ်းလိုက်တော့၏။ ထိုသို့ လျှောက်လှမ်းရင်းလည်း လက်ဆစ်များ တချိုးချိုးနှင့် နှုတ်ခမ်းတို့က ကျီစယ်ချင်သည့်ဟန် တွန့်ကွေးနေလျက် ရှိလေသည်။
ချင်းဟန်ကို ကျော်ပြီးနောက် ကျန်းရွှင့် လူအုပ်ကြားထဲရှိ လင်းရီကို မြင်တွေ့သွားခဲ့၏။
“ ဟိုကောင်… မင်း ငါနဲ့ အပြင် ခဏလိုက်ခဲ့စမ်း…”
တစ်စုံတစ်ယောက်မှ လင်းရီအား ခေါ်နေသည့် အသံကြားတော့ လူတိုင်း ရပ်တန့်၍ ကျန်းရွှင့်ကို နားဝေတိမ်တောင်ဖြစ်စွာ ကြည့်လိုက်ကြသည်။
ဤ လူကောင် ထွားထွားကြီး၏ အမူအရာမှတဆင့် အကဲဖြတ်ကြည့်ရသလောက်တော့ လူတစ်ယောက်ကို စကားပြောဖို့ ခေါ်နေတာသည်မှာ မည်သို့မျှ မဖြစ်နိုင်။ အကြီးတန်း ကျောင်းသားများမှ သူငယ်တန်း ကလေးအား အနိုင်ကျင့်ဖို့ ဂျောင်တစ်ခုထဲ ခေါ်သွားသည့်ပုံနှင့်ပင် ပို၍ ဆင်တူနေသည်။
သို့ပေမယ့်လည်း အနှီ လူချောလေးက သခင်လေးချင်းနှင့်အတူ လိုက်ပါလာခဲ့သည့်သူပင်။ သူက သခင်လေးချင်း၏ လူကို ထိပါးဝံ့နေသည်လော။