← Chapters

မင်းတို့ သတ်ချင်သဆိုလည်း သတ်ကြ

Vol. 82 Ch. 1224

မင်းတို့ သတ်ချင်သဆိုလည်း သတ်ကြ

Vol. 82 Ch. 1224

ချင်းဟန်၊ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ အားလုံး ကျန်းရွှင့်ကို ကြည့်လိုက်ကြသည်။

ထို ငထွားကြီးက သေဆုံးရန် သိပ်မလိုတော့ဟု သူတို့ စိတ်ထဲ ခံစားနေရ၏။ မီးသဂြိုဟ်စက်တွင် နေရာတစ်နေရာ စာရင်းကြိုပေးထားရမည့်ပုံပင်။

လင်းရီ ကျန်းရွှင့်ကို မျက်ခုံးပင့်၍ ကြည့်လိုက်သည်။ “ ငါတို့ချင်း မသိကြဘူးလို့ ထင်တာပဲ…”

ကျန်းရွှင့် ပြုံးလိုက်ပြီး “ အမှန်ပဲ… ငါ မင်းနဲ့ မသိဘူး… ဒါပေမယ့် မင်းနဲ့ ပြောစရာ စကားတစ်ချို့တော့ ရှိတယ်… ဒီမှာ လူတွေ အများကြီး ရှိနေတာဆိုတော့ အပြင်ထွက်ပြီး သွားပြောကြစို့… ငါ မင်းကို မျက်နှာသာ တစ်ချို့ ပေးလိုက်မယ်…”

“ ဟမ်… “ လင်းရီ အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် “ အကုန်လုံးက ယောက်ျားတွေချည်းပဲ… ပြောစရာရှိရင် ဒီမှာတင် တည့်ပြောလိုက်… ဘာမျက်နှာသာမှ ပေးနေစရာ မလိုဘူး…”

အပေါ်ထပ်ရှိ သီးသန့်စားပွဲဝိုင်းတွင် ဝူဝန်ကျွင်းမှ ခြေတင်ချိတ်ထိုင်နေပြီး တစ်ဖက်သို့လှည့်၍ အပြုံးလေးဖြင့် “ ဟွမ်ရှီး ကျေးရွာမှာတုန်းက သတိမထားခဲ့မိဘူးဆိုပေမယ့် ဒီကောင်က စိတ်ဝင်စားဖို့တော့ ကောင်းသား… ကျားဆိုမှ တကယ့်ကျားဗိုလ်…”

“ ကျေးတောရွာက လူတိုင်း အဲ့လိုပါပဲ… ငွေလေး နည်းနည်း ရှာလာနိုင်တာနဲ့ ကိုယ့်ကိုယ်ကို သူဌေးကြီးဆိုပြီး သွေးနားထင် ရောက်ကုန်ကြတာ… ဘယ်ကောင့်မှ လူမထင်တော့ဘူး ဆိုတဲ့ ပုံစံမျိုးလေ… ငါ့ မွေးရပ်မြေကလည်း အဲ့လို နေရာမျိုးကဆိုတော့ ဒီလိုမြင်ကွင်းတွေက ရိုးနေပါပြီ…”

“ ကျစ် ကျစ် ကျစ်… စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ… အဲ့လိုဆိုရင်တော့ ဒီနေ့ရှိုးမတိုင်ခင် စိတ်အပန်းဖြေတဲ့ ဖျော်ဖြေပွဲလို့ပဲ သဘောထားလိုက်တော့မယ်…”

တံခါးပေါက်ဝနားတွင်တော့ …

လင်းရီသည် သူနှင့် အတူ အပြင်မထွက်ဝံ့လောက်သည်အထိ ထက်မြက်နေလိမ့်မည်လို့ ကျန်းရွှင့် ထင်မှတ်မထားခဲ့ချေ။

ထိုသို့ ဖြစ်လာပြီ ဆိုပါကလည်း သူ အပျော်လင် ရုပ်နှင့်ကောင်ကို သင်ခန်းစာပေးနိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် နည်းနည်းကြာအောင် ထပ်နေခိုင်းလိုက်ရန် ဆုံးဖြတ်လိုက်၏။

“ တကယ်လို့ ဒီနေ့ကသာ သာမန်ပွဲဆိုရင်တော့ ငါ ဂရုစိုက်မနေဘူး…” ကျန်းရွှင့် ပြောလိုက်ပြီး “ဒါပေမယ့် ဒီနေ့က သခင်လေးချင်း ဦးစီးတဲ့ ပွဲဖြစ်နေတယ်…. ငါမင်းကို ဒီမှာ ရိုက်နှက်လိုက်ရင် သခင်လေးချင်းကို မယဉ်ကျေးရာ ကျသွားလိမ့်မယ်… ဒါကြောင့်မို့ မင်း ကံကောင်းသွားတယ်မှတ်…”

“ စိတ်ရှုပ်ခံနေစရာ မလိုဘူး…” ချင်းဟန်မှ ဝင်ထောက်လိုက်ပြီး “ ဒီနေ့ပွဲကို ငါက စီစဉ်ကျင်းပတယ်ဆိုပေမယ့် ငါ့ကို အာရုံထားနေစရာ မလိုဘူး… မင်းတို့ လုပ်စရာရှိတာလုပ်… မင်းတို့ချင်း သတ်ချင်သပဆိုလည်း သတ်ကြ…”

စားပွဲဝိုင်းတွင်တော့ ဝူဝန်ကျွင်းနှင့် လီယွီကျယ်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ချင်းဟန်၏ စကားလုံးများက သူတို့ စိတ်ကူးထားသည်နှင့် လွဲချော်နေသည်။

“ အစ်မလီ… သခင်လေးချင်း အဲ့လိုစကားမျိုး ပြောလိုက်တာ ကျန်းရွှင့်က ကျွန်တော်တို့လူမှန်း သိနေလို့လား…”

“ ဖြစ်နိုင်တယ်…” လီယွီကျယ်‌ ပြောလိုက်ပြီး “ ဘာပဲပြောပြော နင်က အခုဆို နာမည်ကြီး အနုပညာရှင် တစ်ယောက် ဖြစ်နေပြီလေ.. သခင်လေးချင်းရဲ့ မျက်လုံးထဲမှာ နင့်ရဲ့ တန်ဖိုးက မသေးလောက်ဘူး… အဲ့ကောင်လို အပင်စိုက်စားတဲ့ ကောင်အတွက်နဲ့တော့ ငါတို့နဲ့ ရန်သူ ဖြစ်ချင်မှာ မဟုတ်ဘူး… အဲ့တာကြောင့် ဒီလိုစကားမျိုး ပြောလိုက်တာဖြစ်မယ်…”

“ ကျစ် ကျစ် ကျစ်… စိတ်မကောင်းစရာပဲ… ချမ်းသာတဲ့ အသိုင်းအဝိုင်းက ပေါက်ဖွားလာတဲ့ သူဌေးသားတွေဆိုတာ တကယ့်ကို ထူးကဲသာလွန်လွန်းတယ်… အခြေအနေကို ရှင်းရှင်းလင်းလင်းနဲ့ ကိုင်တွယ်သွားခဲ့တာများ အံ့ဩဘနန်း ဖြစ်လောက်စရာပါပဲ…”

“ သေချာပေါက်ပဲပေါ့…” လီယွီကျယ် ပြောလိုက်ပြီး “ အင်တာနက်ပေါ်မှာ လူတွေက ချမ်းသာတဲ့ သခင်လေးဆို ဆန်ကုန်မြေလေးလို့ ပြောကြပေမယ့် အမှန်တော့ မဟုတ်ဘူး… အဲ့လို ပြောတဲ့လူတွေက ချမ်းသာတဲ့ လူတွေကို မနာလိုလို့ ပြောနေကြတဲ့ အရှုံးသမားတွေ… အစဉ်အလာကြီးတဲ့ မိသားစုကြီးတွေက မွေးထုတ်ပေးလိုက်တဲ့ လူက ဘယ်လိုလုပ်ပြီး ဆန်ကုန်မြေလေး ဖြစ်နေနိုင်မှာလဲ…”

ဝူဝန်ကျွင်း မျက်လုံး ကျဉ်းမြောင်းသွားခဲ့ပြီး မေးစေ့ကို ပွတ်သပ်နေလျက်ရှိ၏။

“ သခင်လေးချင်း ကျွန်တော့်ကို အဲ့လောက်ထိ မျက်နှာသာ ပေးလိမ့်မယ်လို့တောင် ထင်မထားဘူး… ခဏနေကျရင် သူ့နား သွားပြီး တစ်ခွက်လောက်တော့ သွားသောက်ဦးမှပါ…”

“ သခင်လေးချင်းကတောင် ရည်ရွယ်ချက်ကောင်းတွေ ပြသနေပြီကို ငါတို့ဘက်က လောကဝတ် မကြေပွန်လို့ မရဘူး… နင် ခဏနေ ဖျော်ဖြေတဲ့ အချိန်ကျ သေချာလေး အားစိုက်ထုတ်… ပြီးရင် သူနဲ့ သွားပြီး တို့စ်လုပ်လိုက်… အဲ့လိုဆိုရင် နင်နဲ့ သခင်လေးချင်းရဲ့ ဆက်ဆံရေးက ပိုပြီး ခိုင်မာသွားတော့မှာ…”

“ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ နားလည်ပါတယ်…”

“ အဲ့လိုစကားပဲ ကြားချင်တယ်…”

တစ်ချိန်တည်းတွင် တံခါးဝတွင် ရှိနေကြသည့် လူတိုင်း လူချဲသွားကြပြီး လင်းရီနှင့် ကျန်းရွှင့်တို့အတွက် နေရာလုပ်ပေးလိုက်ကြ၏။

ကျန်းရွှင့်သည်လည်း အံ့အားသင့်သွားခဲ့သည်။ ချင်းဟန်က ဤမျှ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်လို့ သူ မမျှော်လင့်ထားခဲ့ပါချေ။

သူ၏ အတွေးများသည်လည်း လီယွီကျယ်နှင့် ထပ်တူကျနေလျက်ရှိ၏။

ချင်းဟန်က ဝူဝန်ကျွင်းကို မျက်နှာသာ ပေးနေသည်ဟု တွေးထင်နေခဲ့လေသည်။ မဟုတ်ပါက ယခုလိုစကားမျိုး ပြောထွက်လာမည် မဟုတ်ချေ။

ကျန်းရွှင့် ချင်းဟန်အပေါ် သူ၏ ရိုသေ တမှုကို ပြသသည့် အနေဖြင့် လက်သီးလက်ဝါးဆုပ်ပြီး နှုတ်ဆက်လိုက်၏။

“ သခင်လေးချင်း… ဒီနေ့အတွက် ကျေးဇူးပါပဲ…”

“ မင်းတို့နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ထားလဲ ငါမသိဘူး… ဒါပေမယ့် မင်းတို့ ရှင်းစရာ ရှိရင် မြန်မြန်လေး ရှင်းကြတာကောင်းမယ်.. အချိန်မဖြုန်းနဲ့…”

“ နားလည်ပါပြီ သခင်လေးချင်း…”

ကျေးဇူးတင်စကား ပြောပြီးနာက် ကျန်းရွှင့် လင်းရီကို အထင်သေးသည့် အပြုံး၊ လှောင်ပြုံးပြုံးပြီး ကြည့်လိုက်သည်။

“ သခင်လေးချင်းက ဒီလောက်ထိ လိုက်လျောပေးမယ်လို့ မင်း ထင်မထားဘူးလား…”

“ အင်း … ငါတကယ်ကြီး မထင်ထားခဲ့ဘူး…”

“ မင်း တောင်းတဲ့ ဆုတွေ မပြည့်နိုင်တော့ဘူး ထင်တယ်… ဒီနေ့ မင်း ဒီမှာ နေပြီး အပြင် မထွက်သွားဘူး ဆိုရင်တောင် ငါမင်းကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်တုန်းပဲ…”

“ ဒါပေမယ့် ငါ နားမလည်တာ ငါတို့ချင်းလည်း မသိ၊ တစ်ခါမှလည်း မတွေ့ဖူးတာကို ဘာလို့ ငါ့ လာရှာနေရတာလဲ…”

“ မင်း လုပ်ခဲ့တဲ့ မိုက်ပြစ်ကို မင်းက မသိဘူးပေါ့… ငါ မင်းကို ပြန်ပြောပြစေချင်နေသေးတာလား…”

“ အာ…. ငါတကယ်ကြီးကို မသိတာ…”

“ မင်းက မသိဘူး ဆိုမှတော့ သိနေစရာလည်း မလိုတော့ဘူး…”

“ ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ် ထွေထူး ကြီးကြီးမားမား ဟုတ်မှာမှ မဟုတ်ဘဲနဲ့….”

ကျန်းရွှင့် သူ၏ ကိုယ်ဟန်ကို အဆင်သင့် ပြင်ထားပြီး လင်းရီမှာ သူ့ထံ တစ်လှမ်းချင်း လျှောက်လှမ်း၍ လာနေသည်။

“ သခင်လေးလင်းတော့ အန္တရာယ် ကျပြီထင်တယ်..” လင်းရီ၏ အထောက်အထားကို သိရှိသူ တစ်ချို့မှ အချင်းချင်း တီးတိုး ပြောလိုက်ကြ၏။

“ မပူနဲ့… အဲ့လို မဖြစ်နိုင်ဘူး… သခင်လေး လင်း အရင်က သူများကို ဓားနဲ့ထိုးတာ ငါမြင်ဖူးတယ်.. အဲ့တာတောင် သူ မျက်တောင်တစ်ချက် ခတ်တာမဟုတ်ဘူးနော်…”

နှစ်ယောက်ကြား တစ်မီတာလောက်သာ ဝေးကွားတော့သည့် အချိန်၌ ကျန်းရွှင့်ဘက်မှ ရုတ်တရက် စတင် တိုက်ခိုက်လာသည်။

သူ ခြေတစ်လှမ်းစော၍ လင်းရီထံ တိုးဝင်လာခဲ့၏။

သို့သော် လင်းရီက သူ့ထက်ပင် ပို၍ လျင်မြန်နေသည်။

လျင်မြန်လွန်း၍ ကျန်းရွှင့်ပင် တုံ့ပြန်ချိန် မရလိုက်ချေ။

လင်းရီ ရုတ်တရက် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး ကျန်းရွှင့်၏ ရှင်းပြောင်နေသည့် မျက်ခွက်ထက်သို့ တိတိကျကျ ဆင်းသက်သွားခဲ့၏။

“ အား….”

ကျယ်လောင်သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ကျန်းရွှင့် သူ၏ နှာခေါင်းအား အုပ်လျက် မြေပြင်တွင် လူးလိမ့်နေသည်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းမှ မြင်တွေ့လိုက်ရလေသည်။

သေချာကြည့်လိုက်တော့ ကျန်းရွှင့်၏ နှာခေါင်းရိုး ကျိုးသွားခဲ့ပြီး အတွင်းသို့ပင် ချိုင့်ဝင်နေသည်။ မျက်နှာတစ်ခုလုံးလည်း သွေးများ ပေကျံနေလျက် ရှိကာ တော်တော်ကြီးကို ရုပ်ပျက် ဆင်းပျက် ဖြစ်နေလေသည်။ အလွန်အင်မတန် ကြောက်ဖို့ ကောင်းလှ၏။

“ ဘယ်… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

ဝူဝန်ကျွင်းနှင့် လီယွီကျယ်တို့ မတိုင်ပင်ထားဘဲ နှုတ်မှ သံပြိုင် ပြောမိသွားခဲ့ကြသည်။

သူတို့၏ မျက်လုံးအကြည့်တို့ထဲတွင် အံ့အားသင့်မှုတို့က ပြည့်နှက်နေလျက် ရှိ၏။ သူတို့နှစ်ယောက် ကျန်းရွှင့်၏ အရည်အချင်းကို ကောင်းစွာ နားလည်ထားကြပြီး ထိုသူက သက်တမ်းတစ်လျှောက်တွင် လူတစ်ယောက်ကို လက်သီးနှစ်ချက်ထိုးပြီး အမှောက်သိပ်ရသည့် အချိန်က ခပ်ရှားရှားပင်။

အခြေအနေ မဟန်သည်ကို မြင်တော့ ဝူဝန်ကျွင်း အနီးရှိ ဘော်ဒီဂတ်သုံးယောက်မှ ပြေးထွက်လာခဲ့ကြလေသည်။

“ အစ်ကိုရွှင့်… အဆင်ပြေလား… တောင့်ခံနိုင်တယ်မလား…”

ကျန်းရွှင့် အံကို ကြိတ်လျက် အနားရောက်လာသူများကို အားယူ မတ်တပ်ရပ်လိုက်သည်။ သူလင်းရီကို ဒေါမာန်အပြည့်နှင့် လက်ညိုးထိုးလိုက်ပြီး “ ငိုးမသား…. အဲ့ကောင်ကို ရိုက်စမ်း..”

ကျန် သုံးယောက်သည်လည်း ချီတုံချတုံ ဖြစ်နေချင်း အလျင်းမရှိ။ ကျန်းရွှင့်၏ စကားကို မြေဝယ်မကျ နားထောင်ပြီး လင်းရီထံ ပြေးဝင်လာကြလေသည်။

“ ချီးပဲ… ပျော်ရအောင် ဒီလာပါတယ်ဆိုနေမှ ဘာလို့ သောက်ရူးတစ်သိုက်နဲ့ လာတိုးနေပါလိမ့်…”

လင်းရီ ကြိတ်ပြီး မြည်တမ်းလိုက်သည်။

သူ အရင်ဆုံး နာချင်နေသည့် တစ်ယောက်ကို နောက်သို့ လွင့်ထွက်သွားသည်အထိ ကန်ကျောက်ပေးလိုက်၏။

တစ်ယောက်ကို ကန်ပြီးနောက် ဒုတိယ တစ်ယောက်ကို လင်းရီ မျက်နှာ ဖြတ်ရိုက်လိုက်သည်။

နာကြင်စွာ ညည်းညူသံက ထပ်မံပေါ်ပေါက်လာပြီး တစ်ဖက်သူ၏ မေးရိုးကြီး ရွဲ့စောင်းသွားခဲ့လေသည်။

နောက်ဆုံး တစ်ယောက်သည်လည်း သက်ညှာပေးခံရခြင်း မရှိ။ လင်းရီ အနီးဝိုင်းမှ အရက်ပုလင်းကို ဖျတ်ခနဲ ကောက်ယူပြီး နောက်ဆုံးလူ၏ ခေါင်းကို ဖောင်းကနဲ ရိုက်ခွဲပစ်လိုက်သည်။

မြည်သံပင် မပေးလိုက်နိုင်ပါဘဲနှင့် တစ်ဖက်လူသည် တုံ့ခနဲ ကြမ်းပြင်သို့ လဲကျသွားခဲ့လေသည်။

လူအုပ်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်ဟောင်းလောင်းကြီးများ ဖြစ်နေခဲ့ကြ၏။

ဝူဝန်ကျွင်းနှင့် လီယွီကျယ်တို့ဆို ယခုအချိန်ထိ ပါးစပ်ပင် ပြန်မစေ့နိုင်ကြသေးချေ။ သူတို့ မေးရိုးကြီးများ ကြမ်းပြင်နှင့် ထိစပ်လုနီးနီး ဖြစ်နေကြချေပြီ။

သူက ဒီတိုင်း အပင်စိုက်စားတဲ့ကောင် မဟုတ်ဘူးလား..

ဘာလို့ ဒီလောက်တောင် ကြမ်းနေရတာလဲ…

ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်တွေတောင် သူနဲ့ ဖက်ပြိုင်ပြီး မတိုက်ခိုက်နိုင်ကြဘူးတဲ့လား….

လင်းရီ ကွဲကြေနေပြီး ဖြစ်သည့် ပုလင်းကို လက်ထဲကိုင်ထားရင်း ကျန်းရွှင့်ထံ လျှောက်လှမ်းသွားသည်။

သန်မာအားကောင်းသည့် အရှိန်အဝါသည် ထိုအခိုက်အတန့်တွင် နေရာတစ်ဝိုက်ကို စိုးမိုးနေလျက် ရှိပြီး ကျန်းရွှင့် ခြေထောက်များ ယိုင်နဲ့ ချိနဲ့သွားခဲ့ကာ ကြမ်းပြင်တွင် ဒူးထောက်လျက်သား ဖြစ်သွားခဲ့လေသည်။

လင်းရီ တစ်ဖက်လူ၏ လည်ပင်းသွေးလွတ်ကြောကို ဖန်ပုလင်းကွဲဖြင့် ထောက်ထားလျက် ရှိပြီး “ မင်း ငါ့ရှေ့မှာ ရှိုးထုတ်လို့ ပြီးပြီဆိုတော့ ခု ဘာဖြစ်နေလဲ ပြောရမယ့် အချိန်ပဲမလား…”

“ ဟုတ် - ဟုတ်ကဲ့.. လီယွီကျယ်က သင်ခန်းစာ ပေးခိုင်းလိုက်လို့ပါ…”

“လီယွီကျယ်လား…”

လင်းရီ ရေရွတ်လိုက်ပြီး “ ဘယ်သူတုန်း… ငါလည်း သူ့ကို မသိရပါလား…”

“ သူ… သူက ဝူဝန်ကျွင်းရဲ့ မန်နေဂျာပါ…”

ကျန်းရွှင့် ထိတ်လန့်တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်ပြီး “ သူပြောတာ မင်းက ဝူဝန်ကျွင်းကို နေ့ခင်းတုန်းက ကန်ခဲ့လို့တဲ့…. ဒါကြောင့်မို့ ငါ့ကို မင်းဆီလာပြီး သင်ခန်းစာ ပေးခိုင်းခဲ့တာ…”

All Chapters