← Chapters

ကျွန်တော် သူ့ကို တိုင်ချက်ဖွင့်ချင်တယ်

Vol. 82 Ch. 1225

ကျွန်တော် သူ့ကို တိုင်ချက်ဖွင့်ချင်တယ်

Vol. 82 Ch. 1225

“ဝူဝန်ကျွင်း ….”

ဤနာမည်ကို ကြားသည်တွင် လင်းရီ စိတ်ထဲ ရင်းနှီးနေသယောင် ခံစားလိုက်ရ၏။

စက္ကန့်အနည်းငယ် ကြာအောင် စဉ်းစားပြီးနောက် ထိုငနဲက သူ နေ့ခင်းတုန်းက အချိုးမပြေသဖြင့် ခြေထောက်စာကျွေးလိုက်သည့် ဆယ်လီငနဲ ဖြစ်ပုံရလေသည်။

လင်းရီ ပြုံးပြီး စိတ်ထဲတွင် ယခုလို ပြောလိုက်မိသည်။

‘ ဒီလောက် သေချင်ဇော ပြင်းပြနေတဲ့ သောက်ရူးတစ်ကောင်ကို ဒါ ပထမဆုံး မြင်ဖူးတာပဲ…’

တစ်ချိန်တည်းတွင် ပတ်ပတ်လည်ရှိ လူတိုင်းကလည်း ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့ကြသည်။

ထို့ပြင် ဝူဝန်ကျွင်း မည်သူဖြစ်သည် ဆိုတာကိုလည်း သူတို့အကုန် သိကြ၏။

သို့ပေမယ့်လည်း မရေမတွက်နိုင်အောင် များပြားသည့် ဖန်ဘေ့စ်တစ်ခုကို ပိုင်ဆိုင်ထားသည့် အဆိုတော် တစ်ယောက်က ယခုလို လုပ်ရပ်မျိုးကို ပြုလုပ်လိမ့်မည်လို့ သူတို့ ထင်မှတ်မထားခဲ့ကြချေ။

အခြေအနေက မကောင်းတော့သည်ကို မြင်တော့ နှစ်ယောက်သား အလျင်စလို ပြေးထွက်လာခဲ့ကြ၏။

လီယွီကျယ် သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်၍ ချင်းဟန်ရှေ့တွင် ရပ်တန့်ပြီး နှုတ်ဆက်ရန် လက်အရင် ဆန့်တန်းပေးလိုက်လေသည်။

“ ကျွန်မ တောင်းပန်ပါတယ်နော် သခင်လေးချင်း.. ကျွန်မတော့ ရှင့်အရှေ့မှာ ကိုယ့်အရှက်ကိုယ် ခွဲမိပြီနဲ့ တူပါတယ်လေ…”

ချင်းဟန် မျက်ခုံးပင့်၍ “ မင်းက သူ့မန်နေဂျာလား…”

“ ဟုတ်တယ် ဟုတ်တယ်.. “ လီယွီကျယ် အလျင်အမြန် ခေါင်းညိမ့်လိုက်ပြီး “ အစက ဒီလိုမျိုး ဖြစ်မယ် မထင်ထားဘူး… သူ့ရဲ့ စကေးတွေက ဒီလောက်ထိ ကောင်းနေလိမ့်မယ်လို့လည်း ဘယ်သူက ထင်ထားခဲ့မှာ… ကျွန်မတော့ သခင်လေးချင်းရဲ့ ကြင်နာမှုတွေကို အလဟဿ ဖြစ်စေမိပြီရှင်…”

“ ဘယ်နားက ကြင်နာမှုကိုတုန်း…” ချင်းဟန် မေးမြန်းလိုက်၏။ သူ အမှန်ပင် နားဝေတိမ်တောင် ဖြစ်နေမိသည်။

ငါ ဒီကောင်မကို ဘယ်တုန်းက အကြင်နာတွေ ပေးလိုက်မိပါလိမ့်…..

“ ရှင်… ဟီးဟီး… သခင်လေးချင်းက ဘယ်လို ဟာသလုပ်ရမလဲဆိုတာ သိပ်သိတာပဲနော်… ကျွန်မတို့ ဘယ်သူလဲ ဆိုတာ မှတ်မိသွားတယ် မဟုတ်ဘူးလား… ဒါကြောင့်မို့ ကျွန်မတို့ သင်ခန်းစာ ပေးလို့ရအောင် အခွင့်အရေး ဖန်တီးပေးလိုက်တယ်လေ… ဒါပေမယ့် ကိစ္စတွေက ဒီလိုမျိုး အဆုံးသတ်သွားမယ်လို့တော့ ထင်မထားဘူး…” လီယွီကျယ် အပြုံးလေးဖြင့် ပြောဆိုလျက် “ သခင်လေးချင်းကို နောက်ထပ် အကူအညီ တစ်ခုလောက် တောင်းချင်လို့ရမလား… ရှင့်လူတွေ‌ ခေါ်ပြီး သူ့ကို သင်ခန်းစာ ပေးပေးပါလားလို့… ပြီးရင် ကျွန်မတို့ကနေပြီး ပွဲကြေညာသူ တဖြစ်လဲ သခင်လေးချင်းရဲ့ ဒီနေ့ ကိစ္စတွေကို ကိုင်တွယ်ပေးမယ်လေ…”

“ မင်း ဘာတွေ လာရူးထနေတာ… မင်းတို့ နှစ်ယောက်က ငါ့ကို ဘယ်လိုလူစားလို့များ ထင်နေလဲ…” ချင်းဟန် ပြောလိုက်ပြီး “ လင်းရီဆိုတာ ငါ့ညီအစ်ကို.. အဲ့တာတောင် မင်းက ငါ့လူတွေနဲ့ ငါ့ရဲ့ ညီကို,ကို သင်ခန်းစာ ပေးချင်နေတယ်ပေါ့…. မင်း ဦးနှောက်ထဲ ရေဝင်နေတာလား…”

“ အာ….”

ဝူဝန်ကျွင်းနှင့် လီယွီကျယ်တို့ အံ့အားသင့်သွားခဲ့ကြသည်။

သူတို့၏ ဦးနှောက်က တွေးခေါ်နိုင်စွမ်း တချို့ ချွတ်ယွင်းသွားသည်ဟုတောင် ခံစားလိုက်ရလေသည်။

အပင်စိုက်စားတဲ့ သောက်ငမွဲက ဘယ်လိုလုပ်ပြီး သခင်လေးချင်းနဲ့ မိတ်ဆွေတွေ ဖြစ်နိုင်မှာလဲတဲ့…

ဒါကြီးက ရယ်စရာ ကောင်းလွန်းသွားပြီ…

“ သ… သခင်လေးချင်း… ရှင် ဘာပြောလိုက်တယ်…သူက ရှင့်ရဲ့ ညီကို ဟုတ်လား…” ဝူဝန်ကျွင်း တုန်ခါနေသည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ ဒါပေမယ့် သူက အပင်စိုက်တဲ့ လူကြီးလေ…”

“ အဲ့တော့ ဘာဖြစ်တုန်း… ငါ့ညီကိုက အပင်စိုက်လို့ မရဘူးလား… အဲ့လိုမရဘူးလို့ မင်းတို့ကောင်တွေက သတ်မှတ်ထားတာလား…” ချင်းဟန် ပြောလိုက်ပြီး “ ပြီးတော့ မင်းတို့ သိအောင် ပြောပြလိုက်မယ်… ငါ ခုနက လူတွေ ချဲခိုင်းလိုက်တယ်ဆိုတာ မင်းတို့နှစ်ယောက်ကို ကူညီပေးတာ မဟုတ်ဘူး… ငါ့ညီကို လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရမှာကို စိုးရိမ်လို့… မင်းတို့ကိုယ်မင်းတို့ အရမ်း အထင်ကြီးမနေကြနဲ့…”

“ ဒါက……”

ဝူဝန်ကျွင်း၊ လီယွီကျယ်နှင့် ဘော်ဒီဂတ် လေးယောက်မှာ စိတ်လေဟာနယ်ထဲ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

ချင်းဟန် လူအုပ်ကို ချဲခိုင်းသည်က သူတို့နှင့် ဘာမှမသက်ဆိုင် ဖြစ်နေလေသည်။

“ အိုး နောက်ပြီးတော့ တလက်စတည်း ပြောရဦးမယ်… “ ချင်းဟန် လင်းရီကို ကြည့်လိုက်ပြီး “ သူ ဟွမ်ရှီးကျေးရွာမှာ အသီးပင်တွေ စိုက်နေတယ်ဆိုတာက စိတ်ကို လေ့ကျင့်နေတာ… ပိုက်ဆံ မရှိလို့ မဟုတ်ဘူး… သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ .. သူ့ရဲ့ ပိုင်ဆိုင်မှုက ယွမ် ဘီလီယမ် ရာနဲ့ချီတယ်.. အပြင်မှာ ပါကင်ထိုးထားတဲ့ အကန့်အသတ်နဲ့ ထုတ်တဲ့ Bugatti La Voiture Norie ကို မင်းတို့ မြင်လား… အဲ့တာ သူ့ကား… ဒီလိုလူကို မင်းတို့ အထင်သေးချင်တိုင်း သေးလို့ရတဲ့ လူလို့ မင်းတို့ ထင်လား…”

“ ယွမ် ဘီလီယမ် ရာချီပြီး ချမ်းသာတယ်…”

ထိုစကားက နှစ်ယောက်၏ နားစည်ဝသို့ ဗုံးလာဖောက်ခွဲလိုက်သကဲ့သို့ပင်။

အကြားအာရုံတို့ ဆူဝေသွားခဲ့ပြီး မည်သည်ကိုမျှ ဆက်လက် နားထောင်နိုင်ခြင်း မရှိတော့ပါချေ။

အချိန်အတန်ငယ်ကြာမှ သတိပြန်လည်လာခဲ့ပြီး

“ သူ.. သူက ယွမ် ဘီလီယမ် ရာချီတန်တဲ့ ကုမ္ပဏီ ပိုင်ရှင် သူဌေးကြီးပေါ့……”

“ မင်းတို့က ဘာထင်နေတာ.. ဆင်းရဲတဲ့ အသီးရောင်းသမားလေး ဆိုပြီလား…”

နှစ်ယောက်သား ပြန်မချေပရဲကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ စစချင်းတုန်းက ထိုသို့ ထင်ထားခဲ့သောကြောင့် ဖြစ်လေသည်။

“ ချင်းကြီး… မင်းဘာလို့ အဲ့နှစ်ယောက်ကို လေကုန်ခံပြီး စကားတွေ ပြောနေတာ…” လျန်ကျင်းမင်မှ ပြောလိုက်ပြီး ငါ ဒီဝူဝန်ကျွင်းကို သိတယ်… သူ တတ်တာဆိုလို့ လူနားမလည်တဲ့ သီချင်းတွေ သုံးလေးပုဒ်လောက် ဆိုနိုင်တာပဲ… ငါ့ အဆက်အသွယ်တစ်ချို့ကို ဖုန်းဆက်လိုက်ပြီး ဒီကောင့်ကို ပယ်စာရင်း သွင်းခိုင်းလိုက်မယ်…”

“ ကောင်းပြီလေ… မင်း ကြိုက်သလိုသာလုပ်… လောလောဆယ်တော့ အရင်ဆုံး သွားသောက်ကြစို့…”

“ သွားစို့ သွားစို့… သွားသောက်ကြမယ်…” လူတိုင်း စိတ်အားတက်ကြွစွာဖြင့် ဟစ်ကြွေးလိုက်ကြလေသည်။

ဝူဝန်ကျွင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့တော့၏။

ခယောင်းလမ်းကို လျှောက်၍ B အဆင့် အနုပညာရှင် စာရင်းသို့ တက်လှမ်းလာသည့် ခရီးလမ်းက သူ့အတွက် လွယ်ကူခြင်း မရှိခဲ့ချေ။ ထို အောင်မြင်မှု အသီးအပွင့်လေးကို ဝဝလင်လင် မစားသုံးနိုင်ခင်တွင်ပဲ ယနေ့ ဤနေရာတွင် သေဆုံးရတော့မည်လော…။

“ သခင်လေးလင်း.. ကျွန်တော်မှားမှန်း သိပါပြီ… ကျေးဇူးပြုပြီ ကျွန်တော့်ကို နောက်တစ်ကြိမ် အခွင့်အရေးလေး ပေးပါ… “

ဝူဝန်ကျွင်း လင်းရီ၏ လက်မောင်းကို ပြေးဖက်၍ တောင်းပန်လိုက်၏။

လင်းရီ သကောင့်သား၏ ပခုံးကို ပုတ်လိုက်ပြီး “ ငါတို့အားလုံးက လူကြီးတွေ ဖြစ်နေကြပြီ… ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ် တာဝန်ယူတတ်ရတယ်… နောင်တရနေလို့လည်း မထူးဘူး… ငါမင်းကို မကူညီပေးနိုင်ဘူး… ဖြေရှင်းနိုင်မယ့် နည်းလမ်းကို မင်းဘာမင်း စဉ်းစား…”

လင်းရီ ဝူဝန်ကျွင်း၏ လက်ကို ဖြုတ်ချ၍ “ မင်းကိုယ်မင်း အဖြေရှာ…”

“ သွားစမ်း သွားစမ်း… ဒီမှာ အချိန်လာဖြုန်းမနေနဲ့…” လျန်ကျင်းမင်မှ မောင်းထုတ်လိုက်ပြီး “ ညီကိုလင်း … သွားသောက်ကြစို့…”

လင်းရီနှင့် ကျန်သူများအားလုံး ဘားထဲရှိ စားပွဲဝိုင်းများထံ ဦးတည်လိုက်ကြသည်။

ဝူဝန်ကျွင်းနှင့် လီယွီကျယ်တို့ နှစ်ယောက်မှာမူ နေရာတွင် အချိန်အတော်ကြာသည်အထိ သစ်ငုတ်တိုကြီးများသဖွယ် ရပ်နေကြပြီး မထွက်ခွာချင် ဖြစ်နေကြလေသည်။

“ ဟင်း… ဒီ ဆယ်လီတွေကလည်း တရားကို လွန်ပါတယ်ကွာ… မလှုပ်ရှားခင် တစ်ဖက်လူ ဘယ်သူဆိုတာကို စုံစမ်းပါ့လား… သူတို့ ပြဿနာ ရှာချင်တယ်ဆိုရင်တောင် ဦးနှောက်လေး ဘာလေး နည်းနည်း သုံးကြလေ…”

“ ဟေ့ကောင်… မင်းသွားမပြောနဲ့… နာမည်လေး နည်းနည်းကြီးရင်ကို ကိုယ့်ကိုယ်ကို အဓိက ဇာတ်ကောင်လို့ ထင်နေတဲ့ကောင်တွေက အများကြီး … ငါတော့ဖြင့် ဒီကောင်တွေ သခင်လေးလင်း အပေါ် အဲ့လို ကြံဝံ့နေကြတယ်ဆိုတာ အံ့ပါ့… ရှုထောင့်ပြောင်းပြီး ကြည့်ရင်တော့ ဒီကောင်တွေကို သတ္တိခဲတွေဆိုပြီး နာမည်ပေးထားသင့်တယ်…”

“ လူချမ်းသာတွေရဲ့ မျက်လုံးထဲမှာ သူတို့လို ဆယ်လီတွေက အရုပ်တစ်ခုထက် မပိုဘူး… ငါတို့လို လူသာမန်တွေရဲ့ မျက်လုံးထဲမှာတော့ ကိုးကွယ်ရာ ပုဂ္ဂိုလ်ထူးကြီး ဖြစ်ရင် ဖြစ်နေလိမ့်မယ်… အမှန်တော့ ဘာမှလည်း မဟုတ်ပါဘူး…”

“ ကဲပါ ကဲပါ.. အဲ့တာတွေ မေ့ထားလိုက်တော့… သွားပြီး သခင်လေးလင်းနဲ့ ကျန်တဲ့သူတွေကို တို့စ်သွားလုပ်ရအောင်… ဘယ်သူသိနိုင်မှာ… ဒီည တို့ကောင်တွေ အမြတ်ထွက်ရင်လည်း ထွက်သွားနိုင်တာပဲလေ…”

“ ဟီးဟီး ဟုတ်တယ် သွားကြစို့…”

ဘားထဲရှိ ပါတီမှာ ည ဆယ်နာရီကျော်သည်အထိ မပြီးဆုံးနိုင်သေးချေ။

လင်းရီအပါအဝင် လူတိုင်းက တော်တော်များများ သောက်ခဲ့ကြလေသည်။

သိုသော်လည်း ဤမျှ အယ်ကိုဟောလောက်ကတော့ သူ့အဖို့ ရီဝေ ရီဝေ ဖြစ်ရုံမှလွဲပြီး ဘာမျှ ထပ်ဖြစ်မလာခဲ့ချေ။

“ မင်း ဒီည ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ…. တကယ်လို့ မရှိဘူးဆိုရင် ငါတို့နဲ့ လိုက်ခဲ့လေ…”

ချင်းဟန် အလန်းလေး နှစ်ယောက်ကို လက်မောင်းထဲ ဖက်ထားပြီး လင်းရီကို မူးကြောင် မူးကြောင် လေသံဖြင့် ပြောလိုက်သည်။

“ ငါ မနက်ဖြန် ရန်ကျင်းသွားဖို့ ရှိတယ်… ဒီည မင်းတို့နဲ့ မလိုက်နိုင်တော့ဘူး… ငါ ဟိုတယ်မှာ မင်းဖို့ အခန်း ကြိုမှာ ပေးထားမယ်… အဲ့တော့ ကိုယ်ဘာကိုယ်ပဲ သွားလိုက်…”

“ ကောင်းပြီလေ… ဒါဆိုလည်း မင်းကို ခေါ်မထားတော့ဘူး…”

လင်းရီ မပြန်ခင် ကားသော့ထုတ်၍ လျန်ကျင်းမင် လက်ထဲ ထည့်ပေးလိုက်ပြီး “ မင်း ငါ့ကား ယူသွား… မင်းရဲ့ cullinan ငါ့ပေး…”

“ ဟားဟား… ထီပေါက်တာပဲ… အရင်တစ်ခေါက် မင်းဆီက ငှားပြီးကတည်းကရင် နောက်တစ်ကြိမ် ပြန်ငှားဖို့ချောင်းနေတာ… ဘယ်အချိန် ကောင်းမလဲပေါ့…”

“ ငိုးမ… မင်းကောင်းတဲ့ကောင် မဟုတ်ဘူးဆိုတာ ငါသိသားပဲ….”

နှစ်ယောက်သား ကားသော့များ ဖလှယ်လိုက်ကြပြီး လင်းရီ လျန်ကျင်းမင်၏ Rolls Royce Cullinan ထဲဝင်ပြီး ထွက်ခွာသွားခဲ့လေသည်။

La Voiture Noire ၏ နိမ့်ပါးသည့် suspension က ရွာလမ်းလေးကိုပင် မောင်းပြုလို့ အဆင်မပြေချေ။ မုန့်လင်မယားဒယ်ထက်ပင် ဆိုးရွားနေသည့် ဟွမ်ရှီး ကျေးရွာ လမ်းကလေးဆိုလျှင်တော့ ဆိုဖွယ်ရာပင် ရှိတော့မည် မဟုတ်ချေ။

ကားထဲသို့ ဝင်ပြီးနောက် လင်းရီ နာရီကို တစ်ချက် ငုံ့ကြည့်လိုက်၏။

အချိန်က ၁၁ နာရီ မိနစ် ၂၀ ဖြစ်ပြီး လမ်းတွင် ကားများလည်း ရှင်းနေသဖြင့် ၁၂ နာရီလောက်ဆို သူ ရွာသို့ ရောက်နှင့်လောက်ချေသည်။ တိုင်မင်က ကွက်တိဖြစ်နေသဖြင့် လင်းရီ ယခုထက်ပို၍ အချိန်ဆက်ဖြုန်းလို့ မဖြစ်တော့ချေ။

လင်းရီ ထွက်ခွာသွားပြီးနောက် ချင်းဟန်နှင့် ကျန်သူများလည်း ၎င်းတို့၏ ကိုယ်စီ ကားများထဲသို့ ဝင်ပြီး ထွက်ခွာသွားခဲ့ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် တိုရိုတာ အဲဖာ့တစ်စင်းမှ ဘားအဝင်ဝတွင် ပြတင်းပေါက်မှန်ကို ဖြည်းညင်းစွာ ချလိုက်၏။ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် တစ်ယောက်က ဝူဝန်ကျွင်းပင်။

“ နင် ဒီလိုမျိုး လုပ်ချင်တာ သေချာပြီလား..” လီယွီကျယ်မှ မေးမြန်းလိုက်၏။

“ ကျွန်တော့် အနာဂတ်က သူ့ကြောင့် ပျက်စီးသွားခဲ့ပြီ… ဒီတိုင်း လွယ်လွယ်နဲ့တော့ အလွှတ်မပေးနိုင်ဘူး… မဟုတ်ရင် ကြိုးစားထားသမျှ အကုန် သဲထဲ ရေသွန် ဖြစ်သွားတော့မှာပေါ့….”

ဝူဝန်ကျွင်း သူ၏ ဖုန်းကို ကောက်ကိုင်၍ ရဲစခန်း နံပါတ်ကို နှိပ်လိုက်သည်။

“ ဟယ်လို… ကျွန်တော် တိုင်ချက်ဖွင့်ချင်လို့ပါ… လိုင်စင်နံပါတ် A68888 နဲ့ အနက်ရောင် rolls Royce Cullinan တစ်စင်း မူးပြီး မောင်းနေပါတယ်ဗျ… ဒရိုင်ဘာက လင်းရီဆိုတဲ့ သူပါ.. ကျေးဇူးပြုပြီး တစ်ယောက်ယောက်ကို သူ့ကို လာဖမ်းပေးကြပါဦး…”

All Chapters