အမေနှင့်သား တွေ့ဆုံခန်း
Vol. 82 Ch. 1228
ထိုအခိုက်တွင် ချင်ရင်ယွဲ့မှာ ပွယောင်းယောင်း အနက်ရောင် ခေါင်းလောင်းဘောင်းဘီနှင့် three-quarter sleeve top အဖြူရောင် ဝတ်ဆင်ထား၏။
သူမ၏ ကိုယ်ရောင်ကိုယ်ဝါက ရှန်းရှုရီကဲ့သို့ ပြင်းထန်နေခြင်း မရှိပါဘဲ အိမ်ထောင်ရှင်မကောင်း တစ်ယောက် ပီသမှုနှင့်အတူ ငြိမ်ဆိတ်အေးချမ်းမှုကို ခံစားရရှိစေသည်။
“ အဲ့တုန်းက နင်နဲ့ အဘိုးကြီးလျန်တို့ လက်ထပ်ကြတော့မယ်ဆိုတော့ နင် ငါ့ကို နေ့တိုင်းနီးပါး ရှော့ပင်ထွက်ဖို့ ဆွဲခေါ်သွားတာ မှတ်မိပါသေးတယ်…”
ချင်ရင်ယွဲ့ ပါးစပ်ကို လက်ဖြင့် ကွယ်လျက် တခစ်ခစ် ရယ်မောရင်း “ နင်ရွေးတဲ့ အဝတ်အစားနဲ့ အိပ်ရာခင်းတွေဆို ဖက်ရှင်ဟောင်းလွန်းလို့ နင်နဲ့ အတူလာတာပါလို့ ပြောရမှာတောင် ရှက်မိတယ် သိလား..”
“ ကျွတ်… ငါသာ အမြင်ကောင်းရှိရင် နင့်ရဲ့ အဘိုးကြီးလင်းကိုပဲ ယူပစ်လိုက်တော့မှာပေါ့… အဲ့ခါကျ လင်းရီဆိုတာ ငါ့သားဖြစ်ရင် ဖြစ်နေတော့မှာ…”
“ နင့် အိပ်မက်ထဲမှာလား…”
အပြင်လူများ မရှိသည့် အချိန်တွင် အသက် ၅၀ ကျော်ပြီးဖြစ်သည့် အန်တီကြီး နှစ်ယောက်မှာ အချင်းချင်း တွတ်ထိုး စနောက်နေကြပြီး နှစ်ယောက်စလုံးကလည်း ခေါင်းမာပုံကြခြင်း တူညီကြ၏။
“ နင် ဒီရက်ပိုင်း ဘယ်တွေလဲ ရောက်နေတာ…”
“ ခရီးထွက်နေတာပေါ့… ငါ့ဘာငါ မောင်းပြီး ဒေသတွင်းက ကောင်တီသေးသေးလေးတွေဆီ အလည်သွားတယ်… သူတို့တွေရဲ့ နေ့စဉ် ဘဝ ရှင်သန်လှုပ်ရှားတဲ့ ပုံရိပ်ကို ကြည့်ရတာ စိတ်ဝင်စားဖို့ သိပ်ကောင်းတယ်…” ချင်ရင်ယွဲ့ ပြောပြီးနောက် ရေနွေးကြမ်း တစ်ကျိုက်ခန့် စုပ်သောက်လိုက်သည်။
“ အားကျလိုက်တာ… ငါဆို အလုပ်ကိစ္စနဲ့ ခရီးထွက်တာကလွဲရင် ဘယ်မှကို မရောက်ဖြစ်သလောက်ပဲ…”
“ နင်က မိသားစုကြီး တစ်ခုလုံးရဲ့ စီးပွားရေး ကိစ္စတွေကို ပခုံးထမ်းထားရတာကိုး… ငါ့လိုလူစားမျိုးနဲ့ ဘာလို့ လာပြီး နှိုင်းယှဉ်နေတာ…” ချင်ရင်ယွဲ့ ပြုံးကာပီကာ ဆိုလိုက်ပြီး “ ပြီးတော့ ခုဆို နင်တို့ လျန်မိသားစုက နာမည်ကြီးနေပြီ… လုမိသားစုကလွဲရင် နင်တို့ကို ဖိနှိပ်နိုင်တဲ့ ဘယ်သူရှိတော့လို့… ဒေသတွင်း ဘယ်မိသားစုကမှ နင်တို့ကို လက်ညိုးထိုးရဲကြတော့မှာ မဟုတ်ဘူး…”
“ အဲ့ဒီ ရက်တွေတုန်းက ငါနဲ့ လောင်လျန်တို့ နှစ်ယောက်လုံး ဆက်တိုက် အိပ်လို့ကို မပျော်ဘူး.. ဒီလိုခံစားချက်မျိုး မရခဲ့တာ ဘယ်နှနှစ် ရှိပြီမှန်းတောင် မသိတော့ဘူး..” ရှန်းရှုရီ ပြောလိုက်ပြီး “ ဒါပေမယ့် ထပ်ပြီးတော့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး လင်းရီကို တကယ် ကျေးဇူးတင်ရမှာ… တကယ်လို့ သူသာ အခွင့်အရေး မဖန်တီးပေးဘူးဆိုရင် လျန်မိသားစုက စွန့်စားဖို့ အခွင့်ရေးတောင် ရှိမှာမဟုတ်ဘူး…”
“ လက်ရှိ ဝမ်မိသားစုကရော ဘယ်လို ဖြစ်သွားပြီလဲ… သူတို့ လှုပ်ရှားလာခဲ့သေးလား..” ချင်ရင်ယွဲ့ မေးမြန်းလိုက်၏။
“ ခုထိတော့ ငြိမ်ကုပ်နေသေးတုန်းပဲ… ဘယ်အချိန် ပြန်ထောင်မလဲဆိုတာတော့ ငါလည်း သေချာမသိဘူး… လောလောဆယ်တော့ အကုန် အေးအေး ဆေးဆေးလေးနဲ့ သွားနေကြတာပါပဲ…”ရှန်းရှုရီ ပြောပြီးနောက် အတန်ငယ် ရပ်တန့်၍ “ ဒါပေမယ့် ငါ အရင်ရက်တွေတုန်းက ကြားမိတာတော့ လင်းရီ ချွမ်းကျွိတဲ့မှာ ချင်ရန်လင်းကို ရိုက်နှက်လိုက်သေးတယ်တဲ့နော်… ဒါပေမယ့် ပြင်းပြင်းထန်ထန်ကြီးတော့ ဖြစ်မသွားပါဘူး.. ချင်ရန်လင်းရဲ့ လက်ကောက်ဝတ် ကျိုးသွားရုံလောက်ပါပဲ…”
“ သူတို့က ဘာကိစ္စနဲ့ ရန်ဖြစ်ကြတာ…”
“ လင်းရီ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ပြီး ချင်ရန်လင်းရဲ့ ရည်စားနဲ့ ရဲဘော်ရဲဘက် ဖြစ်လာခဲ့တာကို မှတ်မိတယ်မလား… နင့် တူလေးက သူတိူ့နှစ်ယောက်ကြား တစ်ခုခု ရှိတယ်ထင်ပြီး ရန်စဖြစ်ကြတော့တာပဲ…”
“ ထူးတော့ ထူးဆန်းတယ်… အရင်တုန်းက လင်းကျင်ကျန့် နင့်အစ်ကို နှစ်ယောက်ကို ရိုက်နှက်ပြီးတော့ ခု သူ့သားကလည်း နင့် ဒုတိယအစ်ကိုရဲ့ သားကို ရိုက်နှက်နေပြန်တယ်… ဒီ နှစ်ယောက်ကတော့ တရားကိုလွန်ပါတယ်ဟယ်..”
“ ငါလည်း အဲ့နှစ်ယောက်ကို တကယ် မနိုင်တာ..” ချင်ရင်ယွဲ့ ခါးသီးစွာ ပြုံးလိုက်ပြီး “ သူတို့တွေက လူကို စိတ်ပူအောင် လုပ်ဖို့ပဲ သိကြတာ…”
ဒေါက် ဒေါက် ဒေါက်
နှစ်ယောက်သား ရယ်မောပြောဆိုနေတုန်းမှာပဲ ရုံးခန်း တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
“ နင့် အတွင်းရေးမှူး ရောက်လာပြီထင်တယ်.. စာချုပ်ဖတ်ပြီးရင် တို့တွေ သွားစားကြတာပေါ့….”
“ ဝင်ခဲ့…”
ချလပ်…
ရုံးခန်း တံခါး တွန်းပွင့်လာခဲ့၏။ ချင်ရင်ယွဲ့ သူမ၏ အတွင်းရေးမှူး ဖြစ်မည်ဟု အတွေးမျိုးနှင့် လှည့်ကြည့်လိုက်လိုက်သည်။
သို့သော် ချင်ရင်ယွဲ့ ကြက်သေသေသွားခဲ့၏။
သူမ အချစ်တော်ကြီး၏ အမူအရာကို မြင်တော့ ရှန်းရှုရီ မသိစိတ်အရ လှည့်ကြည့်လိုက်သည်တွင် လင်းရီ အထဲ ဝင်လာနေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။
ရှန်းရှုရီ၏ အမူအရာမှာ အေးခဲသွားခဲ့ပြီး ဆိုရန်စကား ကင်းမဲ့နေတော့၏။
တစ်ဖက်ရှိ ချင်ရင်ယွဲ့၏ အမူအရာမှာ ထိုအခိုက်အတန့်တွင် မည်သို့ မျက်နှာ ထားရကောင်းနိုးနိုး ဖြစ်ပေါ်နေသည်။
သူမ လင်းရီကို ယခုလို အချိန်မျိုးတွင် တွေ့ဆုံရန် အဆင်သင့် မဖြစ်သေးချေ။
ရှန်းရှုရီသည်လည်း အတူတူပင် ဖြစ်၏။ ဤသည်ကတော့ သူမ မျှော်လင့်မထားသည့် တစ်စုံတစ်ရာ ဖြစ်သွားခဲ့ချေပြီ။
သို့သော်ငြားလည်း သူမ၏ အမူအရာမှာတော့ ချင်ရင်ယွဲ့ထက် တည်ငြိမ်နေခဲ့၏။
တဒင်္ဂမျှ လင်းရီ၏ အကြည့်နှင့် ချင်ရင်ယွဲ့တို့ လေထဲတွင် အကြည့်ချင်း ဆုံသွားခဲ့သည်။
အဆိုပါ ပြောမပြတတ်သည့် ခံစားချက်က သူတို့နှစ်ယောက်လုံးကို ထူးဆန်းသည့် ခံစားချက်များ ပေးစွမ်းနေသည်။
သွေးဆိုသည်မှာ ရေထက်ပျစ်၏။ ကိုးလလွယ်ပြီး ဆယ်လဖွားခဲ့ရသည့် ဒီအမေနှင့် ဒီသားတို့၏ မမြင်ရသည့် သံယောဇဉ်ကို မည်သည်နှင့်ဖြတ်၍ ပြတ်နိုင်လိမ့်မည်နည်း။
သို့သော် ချင်ရင်ယွဲ့၏ ရင်ဘက်ထဲ၌ ခါးသီးပြီး အပြစ်ရှိသည့် စိတ်တို့က ပိုနေသည်။ သူမ ရင်ဘက်ကြီး တစ်ခုလုံး ကဆုန်ပေါက် ပြေးလွှားနေပြီး အင်မတန် နေရခက်နေတော့၏။
သူမ မည်သို့ပင် ကြိုးစားပြီး ထိန်းချုပ် ထိန်းချုပ်၊ သူမ ရင်ဘက်ထဲရှိ တဒုတ်ဒုတ် ခုန်ပေါက်နေသည့် နှလုံးခုန်သံကို မည်သို့မျှ မထိန်းချုပ်နိုင်ချေ။
သူမ နေ့စဉ်ရက်ဆက် နေ့ညမပြတ် တွေးတောနေခဲ့သည့် သားဖြစ်သူမှာ ယနေ့ သူမရှေ့တည့်တည့် ရောက်ရှိလို့ လာခဲ့ပြီဖြစ်၏။
သူမလိုမျိုး ကိုယ်တိုင်ကြုံတွေ့ ခံစားဖူးသည့်သူသာလျှင် သူမရင်ထဲရှိ စိတ်လှုပ်ရှားမှုကို ကိုယ်ချင်းစာနာ ပေးနိုင်လိမ့်မည်။ ထိုအခိုက်အတန့်တွင် သူမ၏ နှလုံးက ဆက်တိုက်ဆိုသလို ခုန်ပေါက်နေပြီး အသက်ရှူမဝချင်သလိုတောင် ဖြစ်လာခဲ့တော့၏။
အနှစ် ၂၀ ကျော်လွန်ပြီးနောက်….
သူမ၏သား သူမရှေ့ ရောက်လာပြန်တော့လည်း ချင်ရင်ယွဲ့ စိတ်ထဲ အဆင်သင့်မဖြစ်ခဲ့သေးချေ။
သူမ ဖျစ်ညစ်၍သာ ခေါင်းကို အတင်းလွှဲလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ငေးမောကြည့်နေလိုက်၏။
သူမ မျက်ရည်ကျမိမှာကို စိုးရိမ်မိသည်။
တစ်ဒင်္ဂမျှ အကြည့်ချင်း ဆုံခဲ့ရသော်လည်း သူမစိတ်ထဲ လိပ်ပြာမလုံမိချေ။ မျက်လုံးတို့ စိုစွတ်လာချင်သယောင် ဖြစ်လာခဲ့၏။
“ နင် ဘာလို့ ဒီရောက်လာတာ… အောက်ကလူတွေကလည်း နင်ရောက်လာတာကို ငါ့ အသိမပေးဘူးရော်…”ရှန်းရှုရီ အပြုံးကြီးကြီး တစ်ခုပြုံး၍ ပြောလိုက်၏။
“ အန်တီရှန်းလို အမှုဆောင်အရာရှိကြီးတွေက အမြဲ အလုပ်နဲ့ပဲ ရှုပ်နေကြတာဆိုတော့ အသီးနည်းနည်းလောက် ပေးဖို့ လာခဲ့တာ…” လင်းရီ ပြုံးလျက် သူ့လက်ကို မြှောက်ပြလိုက်သည်။
“ ကျွန်တော်ကိုက သူတို့ကို မပြောခိုင်းလိုက်တာ.. အန်တီရှန်းကို စပရိုက် လုပ်ရအောင်လို့ပေါ့… ဒါပေမယ့် ကြည့်ရတာ ဧည့်သည်ရောက်နေတယ်နဲ့ တူပါတယ်… အသီးတွေ ဒီမှာပဲ ထားခဲ့လိုက်တော့မယ်နော…”
“ နေဦး…”
ရှန်းရှုရီ သူမနာရီကို တစ်ချက် ကြည့်၍ “ နေ့လည်တောင် ရောက်တော့မယ်… မပြန်ခင် တစ်ခါတည်း စားသွားလိုက်…”
“ ဟမ်… ကျွန်တော့်ကို ထမင်းအတူစားဖို့ ပြောနေတာလား…” လင်းရီ ပြောလိုက်ပြီး ကျီစယ်ချင်နေသည့် လေသံဖြင့် “ ကျွန်တော်က အန်တီ့ကို ယောက္ခမဆိုပြီး ခေါ်တော့မလို့ကို အဲ့လောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ… အန်တီ့မှာ ဧည့်သည် ရှိနေတယ်မဟုတ်ဘူးလား… ကျွန်တော်တို့ အတူစားလို့ အဆင်ပြေပါ့မလား..”
ရှန်းရှုရီ လင်းရီကို မျက်လုံးလှန် ကြည့်လိုက်၏။ “ သူက ငါ့မိတ်ဆွေ… အပြင်လူမဟုတ်ဘူး.. ပြီးတော့ နင့်ကိုလည်း အပြင်ဆိုင် လိုက်ကျွေးဖို့ စိတ်မကူးထားပါဘူး… ငါတို့ ကုမ္ပဏီ ကန်တင်းမှာပဲ စားကြမှာ…”
စစချင်းတုန်းကတော့ ရှန်းရှုရီ ချင်ရင်ယွဲ့နှင့်အတူ အပြင်ထွက်စားရန် စီစဉ်ထားသည်။
သို့သော် ယခု လင်းရီက ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့သည့် အတွက် ထိုအစီအစဉ်ကို ဖျက်သိမ်းရုံသာ ရှိတော့၏။
ကမ္ဘာပေါ်ရှိ အသေးစိတ် အကျနဆုံးသော စီစဉ်ပေးမှုကြီးပင် ဤမျှ တိုက်ဆိုင်သည့် ဖြစ်ရပ်ဆန်းကြီးကို မဖန်တီးပေးနိုင်ချေ။
အကယ်၍ သူမကသာ ချင်ရင်ယွဲ့ကို လင်းရီနှင့်တွေ့ဖို့ စီစဉ်ပေးမည် ဆိုပါက တစ်ဖက်သူမှာ အဆင့်သင့် မဖြစ်သေးဟု ပြောလာမည်ကို သူမတပ်အပ်သိသည်။
သို့သော် ယခု လင်းရီမှာ သူမ ရှေ့တည့်တည့် ထွက်ပေါ်လာခဲ့ချေပြီ။
ယင်းက ကောင်းကင်မှ ပေးပို့လိုက်သည့် လက်ဆောင်တစ်ခုဟု ယူဆ၍ရ၏။
သူတို့တတွေ ပြန်လည် မဆုံစည်းနိုင်လင့်ကစား ခေါက်ဆွဲ အတူစားရင်း ခေတ္တ ငေးမောကြည့်နိုင်မည်ဆိုလျှင်လည်း ကောင်းသည်။
“ မကောင်းဘူးထင်တယ်… ကျွန်တော်တို့ချင်းက ရင်းနှီးကြတာလည်း မဟုတ်ဘူး… “ လင်းရီ ပြောလိုက်ပြီး “ ကျွန်တော်က စိတ်မရှိပေမယ့် သူက ရှက်နေရင် ဘယ်လိုလုပ်မှာ…”
“ ငါတို့နှစ်ယောက်လုံးက အသက်ငါးဆယ်ကျော်တွေချည်းပဲ… နင့်အမေ အရွယ်တွေလို့ ပြောလို့ရတယ်… ဘာ ရှက်စရာ ရှိလို့…”
“ ဟင်…”
လင်းရီ စိတ်ထဲ ယခုလို ရေရွတ်လိုက်၏။ ‘ ဘယ်လိုတောင် ထူးဆန်းတဲ့ အတွေးအခေါ်ကြီးလဲ…’
ယင်းက သူ၏ အတွေး ဖြစ်သော်လည်းပဲ လင်းရီ ထို့ထက်ပို၍တော့ များများစားစား တွေးတောမနေတော့ချေ။
“ ကောင်းပြီလေ ဒါဆိုလည်း အန်တီရှန်း ပြောတဲ့ အတိုင်းပဲပေါ့…”
လင်းရီ ရှန်းရှုရီကို အင်မတန် ရိုသေလေးစား၏။ သူမ တစ်ယောက်တည်းကသာလျှင် သူ ထွင်းဖောက် မမြင်နိုင်သည့် တစ်ဦးတည်းသော လူဟုတောင် သူ တွေးထင်မိလောက်သည်အထိပင်။
မငြင်းဆန်နိုင်မှတော့ သဘာဝ အလျောက် နာနာခံခံနှင့်သာ သဘောတူလိုက်လေတော့၏။
“ သွားစို့… နေ့လည်စာ စားချိန်တောင် ရောက်တော့မယ်… အတူသွားစားကြတာပေါ့…”
ချင်ရင်ယွဲ့ မသိမသာ မျက်မှောင်ကြုတ်သွားခဲ့ပြီး ရှန်းရှုရီကို တိုးတိုးတိတ်တိတ် စိုက်ကြည့်လိုက်၏။
သို့သော် ရှန်းရှုရီကတော့ မမြင်ချင်ယောင် ဆောင်နေခဲ့ကာ သူမအိတ်ကို လွယ်လျက် ရုံးခန်းထဲမှ ဆွဲခေါ်လာခဲ့လေသည်။
သူမ မထွက်ခွာမီ ထမင်းစားပြီး အချိုတည်းရန် ချယ်ရီသီး လက်တစ်ဆုပ်စာခန့် နှိုက်ခဲ့လိုက်သေး၏။
နှစ်ယောက်သား ရုံးခန်းထဲမှ အတူထွက်လာခဲ့သည့် အချိန်တွင် ရှန်းရှုရီ၏ အတွင်းရေးမှူး ဖြစ်သူမှ ရောက်လာခဲ့၏။
“ ဥက္ကဌရှန်း … ကျွန်မ သံမဏိ မိုင်းတွင်း စာချုပ်ကို ပြင်ဆင်ခဲ့ပြီးပါပြီ… “
“ ငါ့စားပွဲပေါ် ထားခဲ့လိုက်.. မနက်ဖြန်ကျ ကြည့်လိုက်မယ်…”
“ အိုး… ဟုတ်ကဲ့ရှင့်…”
စာချုပ်က တော်တော်လေး အရေးကြီးသည်ဆိုသော်လည်းပဲ ရှန်းရှုရီ ဆက်လက် ကိုင်တွယ်လိုစိတ် မရှိတော့ချေ။
နောက်မှ လိုက်လာနေရင်းဖြင့် လင်းရီ မသိမသာ မျက်မှောင်ကြုတ်လိုက်မိ၏။
သူ၏ အကြည့်က ရှေ့ရှိ အမျိုးသမီးနှစ်ယောက်ထံ ရောက်ရှိနေပြီး အထူးသဖြင့် အမည်မသိရသည့် အမျိုးသမီးကိုပင်။ လင်းရီ တော်တော်လေး သိချင်နေမိခဲ့၏။
ရှန်းရှုရီကဲ့သို့ ပုံမှန်ဆို အင်မတန် ချေမိုးလှသည့် အမျိုးသမီး တစ်ယောက်ကို သူမ၏ ကုမ္ပဏီစာချုပ်ကိုပါ လျစ်လျူရှု၍ ယခုလို ပြုမူဆက်ဆံပေးရလောက်သည်အထိ ဤအမျိုးသမီးနှင့် မည်မျှ နီးကပ်သည့် ဆက်ဆံရေးမျိုး ရှိနေသနည်း။
ထို့ပြင် အဆိုပါ အမျိုးသမီးက သူ့ကို ထူးဆန်းသည့် အကြည့်တို့ဖြင့် ကြည့်နေသည်ဟုရော အဘယ်ကြောင့် စိတ်က ခံစားနေရသနည်း....။