← Chapters

သူက ပိုလိုချင်နေတာများလား

Vol. 83 Ch. 1231

သူက ပိုလိုချင်နေတာများလား

Vol. 83 Ch. 1231

ရှန်းရှုရီ ပြုံးရုံမျှ ပြုံးလိုက်ပြီး လင်းရီ၏ စကားကို ဘာမျှ ပြန်မပြောချေ။ ထိုအစား သူမ ခေါင်းမော့၍ ချင်ရင်ယွဲ့ကို မသိမသာ ကြည့်လိုက်၏။

အကြည့်တို့မှာ သူမသားက မြှာပွေသူဟု ပြောလို့နေ သယောင်ယောင်…။

သို့သော် ချင်ရင်ယွဲ့မှာ မည်သို့မျှ မတုံ့ပြန်ချေ။ သူမ ခေါင်းကိုသာ ငုံ့လျက် ရှန်းရှုရီ၏ အကြည့်ကို မျက်ကွယ်ပြုထားလိုက်၏။

လင်းရီ သူ့အရှေ့ရှိ အမျိုးသမီးနှစ်ယောက်ကို ကြည့်ရင်း လေထုက အနည်းငယ် ကြောင်တောင်တောင် နိုင်သည်ဟု ခံစားနေရ၏။

ဒီနှစ်ယောက်က ဘာလို့ အကြည့်တွေနဲ့ ကျီစယ်နေကြတာတုန်းဟ…

နေ့လည်စာ စားသောက်ပြီးနောက် သုံးယောက်သား အောက်ထပ်သို့ အတူဆင်းလာခဲ့ကြသည်။

“ အသီးလည်း ပို့ပြီးပြီ နေ့လည်စာလည်း စားပြီးပြီ ဆိုတော့ နင့်အလုပ် နင်သွားလုပ်တော့…”

ကုမ္ပဏီ ဝင်ပေါက်ဝတွင် ရှန်းရှုရီမှ လင်းရီကို ပြောလိုက်သည်။

“ ကောင်းပြီ… ကျွန်တော် သွားနှင့်ပြီ…”

လင်းရီ လက်ရမ်းပြ နှုတ်ဆက်၍ ကားထံ လျှောက်သွားလိုက်၏။

ချင်ရင်ယွဲ့မှာမူ နေရာတွင် မလှုပ်မယှက် ရပ်နေလျက်ရှိကာ လင်းရီကို ငေးကြည့်ရင်း အချိန်အတော်ကြာသည်အထိ ထွက်ခွာရန် ဆန္ဒမရှိ ဖြစ်နေသည်။

ခရစ်စတယ်ကဲ့သို့ ဖောက်ထွင်းကြည်လင်သည့် မျက်ရည်စက်များ မျက်ဝန်းနှစ်ဖက်ထောင့်တွင် တွဲလဲခိုလာခဲ့၏။ ဤဘဝတွင် သူမသားနှင့် စားပွဲတစ်ဝိုင်းတည်း အတူထိုင်ပြီး တစ်ကြိမ်တစ်ခါမျှ စားသောက်လိုက်ရသည်ကပင် သူမအဖို့ ရွှင်မြူးမဆုံး ဖြစ်မိ၏။ ယင်းက ထမင်းတစ်နပ်စာလေး ဆိုလျှင်တောင်မှပင်…။

ရှန်းရှုရီ သူမကို တစ်သျှူးကမ်းပေးလိုက်၏။

“ ဟိုက သွားပြီ.. နင့်မျက်ရည်တွေ အမြန်သုတ်လိုက်တော့.. နင်တို့ချင်း တစ်သက်လုံး ခွဲရမှာလည်း မဟုတ်ဘဲနဲ့ကို နင် သူ့ကို မြင်တွေ့နိုင်သေးတာပဲမလား…”

“ ဟုတ်တယ်… ဒါပေမယ့် နောင်ကျ ဒီလို အခွင့်အရေးမျိုး ထပ်ရှိမလားဆိုတာ ပြောမရဘူးလေ… “ ချင်ရင်ယွဲ့ ပြုံးလျက် “ ဒါပေမယ့် ဒီလောက်နဲ့တင် ငါကျေနပ်ပါတယ်..”

“ ကဲ ကဲ… အဲ့ ခံစားချက်တွေကို အခု ဘေးချိတ်ထားလိုက်… ငါတို့တွေ ရှော့ပင်းထွက်ကြမယ်လို့ ကတိပေးထားတာ နင်မမေ့သေးဘူးမလား… လာ .. ခုပဲ သွားကြစို့…”

သို့နှင့် ချင်ရင်ယွဲ့မှာ ရှန်းရှုရီ၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေတော့သည်။

…………………..

လင်းရီ လမ်းဘေးကို ကပ်လျှောက်လာရင်း တက္ကစီ တစ်စင်း ငှားရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင်ပဲ ကျောက်လေ့ သူ့နောက်မှ ရောက်လာခဲ့လေသည်။

“ ဟယ်လို ဥက္ကဌလင်း…”

ကျောက်လေ့ဖြစ်မှန်း သိတော့ လင်းရီ ပြုံးလိုက်သည်။

“ ကျုပ်ကို ဒီလီပို့တဲ့ ကောင်လေးလို့ ထင်နေတာ မဟုတ်ဘူးလား… ဆက်ပြီး မွေးစားမေမေရော မလုပ်ချင်တော့ဘူးလား… ဖြစ်ချင်တော့ ကျုပ်လည်း ခုတလော ဘိုင်ပြတ်နေတာနဲ့ အတော်ပဲ… ကိုင်း ကျုပ်ကို တစ်လ ဘယ်လောက် ထောက်ပံ့ဖို့ စီစဉ်ထားလဲ…”

ကျောက်လေ့ မျက်နှာ ရှက်ရွံ့စွာဖြင့် နီရဲသွားခဲ့၏။

“ ဥက္ကဌလင်း… ကျွန်မကို လာပြီး လှောင်မနေပါနဲ့… ခုနက အထင်လွဲသွားခဲ့လို့ပါ.. တကယ်လို့ ရှင်က လင်းယွင် အုပ်စုရဲ့ ဥက္ကဌကြီးမှန်း သိရင် ကျွန်မ အဲ့လို စကားမျိုး ဘယ်လိုလုပ်ပြီး ပြောရဲမှာလဲ…”

“ ဒါဆို အခု ဘာဖြစ်လို့ ကျုပ်ကို လာရှာနေတာ…”

ကျောက်လေ့ သူမ၏ အမူအရာကို ချက်ချင်း တည်တံ့လိုက်ပြီး သူမ၏ အဆိုပြုလွှာကို ထုတ်ယူလိုက်၏။

“ ဥက္ကဌလင်း… ကျွန်မကိုယ်ကျွန်မ ထပ်ပြီးတော့ မိတ်ဆက်ပေးပါရစေ… ကျွန်မက ဟွာရှင်း အုပ်စုရဲ့ အထွေထွေမန်နေဂျာပါ… ကျွန်မတို့ ကုမ္ပဏီက semiconductor ချိန်းကြိုး ကွင်းဆက်ကြီးရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ချစ်ပ် ထုပ်ပိုးရေးမှာ အထူးပြုပါတယ်… ဒါက ကျွန်မတို့ရဲ့ ပရောဂျက် အောင်မြင်မှုတွေနဲ့ ဘဏ္ဍာရေး အဆိုပြုလွှာပါ… ရှင် တစ်ချက် ကြည့်ပေးလို့ရမလားဟင်…”

လင်းရီ အဆိုပြုလွှာကို ယူလိုက်ပြီး လှန်လောဖတ်ရှုကြည့်လိုက်၏။

“ မင်းတို့က ဘယ်လောက်လိုချင်တာ…”

“ အမ်…” ကျောက်လေ့ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ လင်းရီ ယခုလိုမျိုး တိုက်ရိုက်ဆန်သည့် မေးခွန်းမျိုး မေးမြန်းလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

“ ကျွန်မတို့ မျှော်မှန်းထားတဲ့ ဘဏ္ဍာရေး ရန်ပုံငွေကတော့ ၃.၈ ဘီလီယမ် ရရှိဖို့… ဒါပေမယ့် ကျွန်မတို့ ဘယ်လောက် ရနိုင်မလဲဆိုတာ ဥက္ကဌလင်း ကျွန်မတို့ အပေါ် ဘယ်လို မြင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်…”

“ ၃.၈ ဘီလီယမ်အတွက် ရှယ်ယာ ၁၄ ရာခိုင်နှုန်း…. အချိုးကတော့ မဆိုးဘူး…”

လင်းရီ အဆိုပြုလွှာကို ပြန်လည်ကမ်းပေးလိုက်ရင်း “ ကုမ္ပဏီကို သွားပြီး ချီရှန်းကျောက်ကို သွားရှာလိုက်… ကျုပ် သူ့ကို ရင်းနှီးမြုပ်နှံခိုင်းလိုက်တယ်လို့ ပြောလိုက်…”

“ ဟင်… ဥက္ကဌလင်းက တကယ်ကြီး ကျွန်မတို့ဆီမှာ ရင်းနှီးမြုပ်နှံတော့မှာပေါ့နော်.. အစည်းအဝေးတွေ ဘာတွေ ထိုင်ပြီးတော့ တိုင်ပင်ဆွေးနွေးစရာ မလိုတော့ဘူးလား…”

“ ပမာဏက မများပါဘူး… အားလပ်ရက် ဘောနပ်စ် နည်းနည်းလောက် လျှော့လိုက်တာနဲ့ ပြန်ကာမိတယ်.. ရင်းနှီးမြုပ်နှံမယ့် ကိစ္စကို ချီရှန်းကျောက်နဲ့သာ သွားဆွေးနွေးလိုက်…”

အားလပ်ရက် ဘောနပ်စ် နည်းနည်းလျှော့လိုက်တာနဲ့ ပြန်ကာမိပြီတဲ့လား….

ထိုစကားကြားတော့ ကျောက်လေ့ သူမနား သူမပင် မယုံကြည်နိုင်တော့ချေ။

ဒိတ်ဒိတ်ကျဲ ကုမ္ပဏီကြီးများက အမှန်ပင် ထူးခြားလှ၏။

ယွမ် ၄ ဘီလီယမ်လောက်က သူတို့အတွက် မုန့်ဖိုးသာသာ ဖြစ်နေသည်လော။

“ ဟုတ်ကဲ့ ဟုတ်ကဲ့… ကျေးဇူးနော် ဥက္ကဌလင်း..” ကျောက်လေ့ စိတ်တအား လှုပ်ရှားလွန်း၍ စကားပင် ဗလုံးဗထွေး ဖြစ်သွားခဲ့တော့သည်။ လင်းရီကတော့ ဥက္ကဌလင်း ဆိုသည့် တစ်ခွန်းကိုသာ ကောင်းကောင်းကြားလိုက်ရ၏။

“ ရှင် ခုလေးတင် လက်ပြနေတာ ကျွန်မ မြင်လိုက်တယ်… တက္ကစီငှားမလို့လား မသိဘူး…”

“ ဟုတ်တယ်… ကျုပ်က ဒီကို ကားငှားပြီး ရောက်လာခဲ့တာ…”

“ ကျွန်မကားက ဟိုနားလေးမှာတင်ပဲ… တကယ်လို့ စိတ်မရှိဘူးဆိုရင် ကျွန်မ ဥက္ကဌလင်းကို လိုက်ပို့ပေးမယ်လေ…”

“ အဲ့လိုလည်း ရတာပဲ… အလုပ်ရှုပ်စေမိပြီ…”

“ ဘယ်နားကသာ … ဥက္ကဌလင်းကို လိုက်ပို့ပေးနိုင်တာနဲ့တင် ဒီက ဝမ်းသာလှပြီ…”

လင်းရီ ကျောက်လေ့ အနောက်သို့ လိုက်သွားပြီး သူမကားထဲ ဝင်ထိုင်လိုက်သည်။

ယင်းက အဖြူရောင် မာစီးတီးဖြစ်ပြီး ကျီချင်းရန်၏ ကားနှင့် မော်ဒယ် အတူတူပင်။ ယွမ်တစ်သန်းလောက်သာလျှင် ပေးရပြီး ဈေးနည်းသည် များသည်တော့ မဆိုသာချေ။

လင်းရီ ကျောက်လေ့ကို လိပ်စာပြောပြလိုက်၏။ တစ်ဖက်သူလည်း GPS ဖွင့်၍ ကျုံးဝေ့တပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းသို့ မောင်းနှင်လာသည်။

“ ဥက္ကဌလင်း… ရှင် ဒီနေ့ညအား မသိဘူး..”

“ ဟမ်… ဘာလို့တုန်း… ကျုပ်ကို မွေးစားချင်နေတုန်းလား…”

“ မဟုတ်တာ မဟုတ်တာ…”

ကျောက်လေ့ အလျင်အမြန် ရှင်းပြလိုက်ပြီး “ အဲ့သဘောမျိုး မဟုတ်ပါဘူး… ကျွန်မက ကျေးဇူးတင်တဲ့ အနေတဲ့ ထမင်း တစ်နပ်လောက် ဖိတ်ကျွေးချင်ရုံတင်ပါပဲ…”

“ ဪ…. ဒီတိုင်း ထမင်း တစ်နပ်ဆိုရင်တော့ ကျုပ် ငြင်းရတော့မှာပဲ…”

‘ဟင်…’

သူက အဲ့ထက်ပိုလိုချင်နေတာများလား…

ဒါကြီးကတော့ မဖြစ်နိုင်လောက်ဘူးမလား…

“ ဒါဆို ကျွန်မ အခုပဲ အခန်း ယူထားလိုက်တော့မလား…”

“ အာ…”

ရင့်ကျက်တဲ့ အမျိုးသမီးတွေက သိပ်ကောင်းတယ်ဆိုတာ ဒါကို ပြောတာ… အရိပ်ပြ အကောင်မြင်တယ်… ပွင့်ပွင့်လင်းလင်းနဲ့ ဘယ်လောက် အဆင်ပြေထားလဲ….

ဒီနေ့ခေတ် ယောက်ျားသားတွေ ရင့်ကျက်တဲ့ အမျိုးသမီး မမတွေနဲ့ ငယ်ရွယ်တဲ့ အိမ်ထောင်သည် မိန်းကလေးတွေကို နှစ်သက်ကြတာ မဆန်းတော့ပါဘူး… သူတို့လည်း သူတို့ကောင်းခြင်းနဲ့ သူတို့ကိုး….

ဥပမာ မိန်းမလှလေးတွေ လူရှုပ်လူပွေ နှစ်သက်ကြသလိုမျိုးပေါ့….

သူတို့လေးတွေ စိတ်အလိုမကျလို့ မကျေမနပ် နှုတ်ခမ်းစူထော်ထားမယ်… စားနေကြ ကြောင်ပါးကြီးတွေက ဘယ်လို အနမ်းပေးရမယ်ဆိုတာ သူတို့ သိတယ်…

သူတို့လေးတွေ လက်မောင်းပင့်တာနဲ့ ကြောင်ပါးကြီးတွေက ပွေ့ဖက်ပေးရမယ်ဆိုတာ သိတယ်…

စိတ်ဆိုးတာနဲ့ စိတ်ကောက်တာ မတူဘူးဆိုတာကိုလည်း သူတို့နားလည်တယ်...

ဟိုရဲ့ ဖိုးသခွားတွေလို ရေနွေးများများသောက်ခိုင်းပြီး သူတို့ကို ဒယ်ဒီ အိုပါး ခေါ်ခိုင်းနေကြတဲ့ကောင်တွေနဲ့ မတူဘူး….

“ ကျုပ် ဒီရက်ပိုင်း နည်းနည်းပင်ပန်းထားတော့ နောင်ကျ အခွင့်အရေးရှိရင် စဉ်းစားလိုက်မယ်လေ…”

“ အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးနော် ဥက္ကဌလင်း… ကျွန်မ ရှင့်ရဲ့ ဖုန်းကို မျှော်နေမယ် သိလား..” ကျောက်လေ့ ဖုန်းပြောသည့် လက်ဟန်ပြု၍ အပြုံးလေးဖြင့် ပြောလိုက်၏။

နာရီဝက်ခန့်ကြာအောင် ဆက်လက် မောင်းနှင်လာပြီးနောက် ကျောက်‌လေ့ ကားကို ကျုံးဝေ့တပ်ဖွဲ့၏ ဝင်ပေါက်ဝထံ မောင်းနှင်လာသည်။

ခေတ္တမျှ စကားပြောပြီးနောက် လင်းရီ ကားထဲမှ ထွက်၍ လျိုဟုန်၏ ရုံးခန်းထဲ ရောက်လာခဲ့သည်။

“ ရောက်လာပြီလား… ထိုင်ဦး..”

လင်းရီ ဝင်လာသည်ကို မြင်တော့ လျိုဟုန် သွား သုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ပြုံးဖြီးပြထားသည်။

“ ဘာလို့ ခင်များ တစ်ယောက်တည်းတုန်း… ဟိုနှစ်ယောက်က ဘယ်တွေရောက်နေတာ… “

“ သူတို့က လူရွေးပွဲ ကိစ္စနဲ့ အလုပ်ရှုပ်နေကြတာ ဆိုတော့ ငါ့နေရာကိုလာဖို့ အချိန်မရကြဘူး…”

“ အဲ့တာ သူတို့ကို တာဝန်ပေးထားလို့လား…”

“ သူတို့က သူတို့ အသင်းသား သူတို့ ရှာနေကြတာ… မင်းလိုမျိုး ဘာကိုမှ သောက်ဂရုမစိုက် အကြောင့်ကြမဲ့တဲ့ ကောင်လို့များ ထင်နေလား…”

လျိုဟုန် မည်သည်ကို သွယ်ဝိုက်ပြီး ပြောချင်နေမှန်း လင်းရီ သိသည်။ ကောလိပ် ဝင်ခွင့်စာမေးပွဲတွင် ထိပ်ဆုံး အမှတ် ရသူများမှာ မည်သည်ကိုမှ လျှောက်ထားနေစရာ မလိုချေ။ တက္ကသိုလ်များက လာရောက်သင်ကြားရန် ကမ်းလှမ်းလာကြမည် ဖြစ်သောကြောင့် ဖြစ်၏။

ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း ယခု ထိုကဲ့သို့ ပြုလုပ်နေကြခြင်းပင်။ သူမတို့က လူရွေးပွဲတွင် အရည်အချင်း ကောင်းမွန်သူများကို အဆင်ပြေချောမွေ့မှုများ ရှိအောင် ပံ့ပိုးထောက်ပံ့ပေးမည်။ သို့ပေမယ့် သူမတို့ အသင်းထဲ အရင် ဝင်ရမည် ဖြစ်၏။

“ တရားဝင် လူရွေးပွဲက ဘယ်တော့စမှာ… ဆိုင်းငံ့ထားတာတောင် တော်တော်လေးကြာပြီနဲ့ တူတယ်.. ဟုတ်တယ်ဟုတ်…”

“ မနက်ဖြန် စမယ်…”

လျိုဟုန် စီးကရက် နှစ်လိပ်ထုတ်၍ လင်းရီကို တစ်လိပ်ကမ်းလိုက်သည်။ သို့သော် လင်းရီ ငြင်းလိုက်၏။

သို့နှင့် သူ့ဘာသူ ဆေးလိပ်မီးညှိပြီး မီးခိုးလုံးကြီးများအား မှုတ်ထုတ်လိုက်သည်။

“ အခုဆို မင်းက အသင်း ၁ ရဲ့ အသင်းခေါင်းဆောင် ဖြစ်နေပြီ… လူရွေးပွဲပြီးရင် မင်းက အသင်းသားတွေကို အရင်ဆုံး ရွေးချယ်ခွင့် ရမယ်…”

“ မကောင်းဘူး ထင်တယ်… ချိုးယွီလော့နဲ့ နင်ချဲ့တို့လည်း လူရွေးဖို့ လိုတာပဲလေ…”

“ အဆင်ပြေတယ်… ဒီကိစ္စမှာ ငါ့ရဲ့ ဆုံးဖြတ်ချက်က အခရာပဲ… မင်း ဒီကိစ္စကို သေချာလေး အာရုံစိုက်… ကပြက်ကချော်တွေ မလုပ်နဲ့…” လျိုဟုန် ပြောလိုက်ပြီး “ သေချာလုပ်… ဒါဆို အနည်းဆုံး သုံးနှစ်က‌နေ ငါးနှစ်အတွင်း ဌာနဒါရိုက်တာ ရာထူးကို ရနိုင်မယ်… အဲ့ခါကျ မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပြီ…”

“ သုံးနှစ်ကြီးက နည်းနည်းလေး မများလွန်းဘူးလား.. သည့်ထက် ပိုမြန်လို့ရော မရဘူးလား….”

“ ရတယ်… ဒါပေမယ့် ငါ တစ်ခုခု ဖြစ်မှပဲ ရမှာ… အဲ့လို ဖြစ်ရင် ကျုံးဝေ့တပ်ဖွဲ့မှာ ရာထူးတစ်နေရာ လစ်လပ်သွားပြီး အထက်ကနေပြီးမှ မင်းကို ငါ့ရာထူး ပေးလိုက်ကြမှာ…”

လင်းရီ မေးစေ့ပွတ်လျက် လေးလေးနက်နက် စဉ်းစားနေဟန်ဖြင့် “ အဲ့အကြံ မဆိုးဘူးပဲ…”

“ ငိုးပဲ… ငါ တစ်ခုခု ဖြစ်လို့ကတော့ အဲ့တာ မင်းလက်ချက်ပဲ…”

“ ဟဟား… အဲ့လို မပြောနဲ့လေ… ခင်များရဲ့ ကံတရားလည်း ဖြစ်ရင် ဖြစ်မှာပေါ့…” လင်းရီ နှစ်သိမ့်ပေးလိုက်ပြီး “ ဒီရက်ပိုင်း နားနားနေနေ နေ… ကိုယ်စားချင်သာ စားထား… သောက်ချင်တာတွေ သောက်ထား… တကယ်လို့ ကားတွေ ဘာတွေ အရစ်ကျနဲ့ ဝယ်ထားတာတွေ ရှိရင် တစ်ခါတည်းချေထား.. ကျုပ် ခင်များကို နောင်တမရှိဘဲ အေးအေးချမ်းချမ်းနဲ့ ထွက်ခွာသွားရအောင် လုပ်ပေးမယ်..”

“ သေစမ်း… ငါ့ သေနတ် ဘယ်နားထားလိုက်ပါလိမ့်…”

All Chapters